← Chapters

အရည်အချင်းရှိရင်လာတိုက် ၊ သောက်စကားမများနဲ့

Vol. 63 Ch. 878

အရည်အချင်းရှိရင်လာတိုက် ၊ သောက်စကားမများနဲ့

Vol. 63 Ch. 878

အခန်း (၈၇၈) အရည်အချင်းရှိရင်လာတိုက် ၊ သောက်စကားမများနဲ့

ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းက ခန်းဖင်းလက်ထဲမှ တိမ်လွှာအလင်းဓားကို တိုက်ရိုက်ထိမိချိန် အခြားလက်တစ်ဖက်က ဓားတစ်လက်ကိုထုတ်ယူကာ ခန်းဖင်း၏လည်ပင်းကို ထိုးစိုက်ချလိုက်သည်။

ထိုအခါ ခန်းဖင်း၏ခန္ဓာကိုယ်ထက်တွင် ရတနာအလင်းတန်းတစ်ခု တောက်ပလာပြီး အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ဝတ်ရုံတစ်ခု ထွက်ပေါ်လာကာ ပင်လယ်ရေလှိုင်းလုံးကြီးများနှင့်တူညီသည့် အတားအဆီးတစ်ခု ဖြစ်တည်လာသည်။

ထိုအတားအဆိးက ရန်ကျောက်ကဲ၏ဓားချက်ကို ပိတ်ဆို့ထားလိုက်၏။

လှိုင်းထနေသော ရေလှိုင်းများကဲ့သို ဝတ်ရုံက အားနည်းဟန်ရှိသော်လည်း ခန်းဖင်းကဲ့သို့ တန်ခိုးစွမ်းအားရှင်တစ်ယောက် ဝတ်ဆင်လိုက်သည့်အခါ တန်ခိုးစွမ်းအားနိမ့်ပါးခြင်းမရှိတော့ဘဲ ပိုမိုအစွမ်းထက်လာသည်။

သို့သော် အစိမ်းရင့်ရောင်ဝါးကိုင်း ကျဆင်းလာသည်နှင့်အမျှ ရေလှိုင်းဝတ်ရုံက အသံတိတ် အက်ကွဲသွားသည်။ ထို့နောက် အကာအကွယ်ပေးသည့် ရေလှိုင်းလုံးတစ်လုံးပင် မြင့်တက်ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ခန်းဖင်း၏ဝတ်ရုံက ချက်ချင်းအက်ကွဲသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ၏ ဝါးကိုင်းက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအား တစ်ချက်တည်းဖြင့် ရိုက်နှက်ဖျက်ဆီးလိုက်သည် မဟုတ်ပါလား။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး လေသံဖြင့်...

“မင်းမှာ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေ ဘယ်လောက်ရှိသေးလဲ”

ခန်းဖင်းက မည်သည့်စကားမှမဆိုဘဲ သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး ဓားဖြင့် ထိုးစိုက်ချလိုက်သည်။ ဓားအလင်းတန်းက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

နေရာတိုင်းတွင် အလင်းရောင်များတောက်ပသွားပြီး ရန်ကျောက်ကဲ၏လှုပ်ရှားမှုများက နှေးကွေးသွားပုံရကာ ခန်းဖင်း၏အရှိန်အဟုန်က ရုတ်တရက်မြင့်တက်လာသည်။

သူက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲဘေးနားသို့ ချက်ချင်းရောက်ရှိလာသည်။ သူက ဓားကိုအသုံးပြုပြီး ရန်ကျောက်ကဲခန္ဓာကိုယ်အား ထိုးစိုက်ချလိုက်သည်။

အစိမ်းရင့်ရောင်ဝါးကိုင်းက အဆင့်မြင့်အထွတ်ထိပ်ရတနာပစ္စည်းများကို နှိမ်နင်းရာတွင် အလွန်တရာထက်မြက်သော်လည်း ခန်းဖင်းကဲ့သို့ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ကို တိုက်ခိုက်ရာတွင်တော့ စွမ်းအားအကန့်အသတ်ရှိပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို တိုက်ခိုက်ရသလောက် ကောင်းမွန်ခြင်း မရှိပေ။

ထိုအချက်ကိုသတိပြုမိသည့်အခါ ခန်းဖင်းက ချက်ချင်းပင်တည်ငြိမ်သွားပြီး တန်ပြန်တိုက်စစ်ဆင်လာသည်။

တိမ်လွှာအလင်းဓား လက်ထဲတွင်မရှိသည့်တိုင် သူက ပါရမီရှင်များကြားမှ ပါရမီရှင်ဖြစ်သော အမတကူးပြောင်းခြင်း ကနဦးအဆင့်သိုင်းသူတော်စင်ဖြစ်လေရာ သာမန်ကျင့်ကြံသူများထက်သာလွန်သဖြင့် ကိုယ်တိုင်တန်ခိုးစွမ်းအားဖြင့်လည်း ရန်ကျောက်ကဲကို အနိုင်ယူနိုင်မည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက ဓားအစား ဝါးကိုင်းကိုအသုံးပြုပြီး လက်တစ်ဖက်ကိုညင်သာစွာဝှေ့ယမ်းလိုက်ရာ အနီရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့ကိုလွှမ်းခြုံထားသော အချိန်ရေစီးကြောင်းဓားအလင်းတန်းက ချက်ချင်းအက်ကွဲသွားသည်။

ရန်ကျောက်ကဲလက်ထဲမှဝါးကိုင်းထိပ်နှင့် ခန်းဖင်း၏ဓားဝိညာဉ်တို့ ထိပ်တိုက်ဆုံတွေ့ပြီး ဝါးကိုင်းက ခန်းဖင်း၏လက်ချောင်းများထိပ်သို့ ကျရောက်သွားသည်။

သွေးနီရောင်ဓားအလင်းတန်းတောက်ပသွားသည်နှင့် လေထုကိုဖြတ်ကျော်ပြီး အချိန်ကာလကိုပေါက်ကွဲထွက်စေသော ဓားသွားတစ်လက်အဖြစ်ပြောင်းလဲသွားပြီး ခန်းဖင်း၏လက်ညှိုးနှင့်လက်ခလယ်မှ သွေးများပျံ့ကျဲထွက်ပေါ်လာည်။

သွေးရောင်များကြောင့် နတ်ဘုရားထောင်ချောက်ဓားအလင်းတန်းမှ သွေးနီရောင်အလင်းတန်းက ပိုမိုတောက်ပလာသည်။ ထို့နောက်မှာတော့ ခန်းဖင်း၏လက်ဖျားမှလက်ဖဝါး ၊ လက်ကောက်ဝတ်မှလက်မောင်းရင်း ပခုံးထက်အထိ လက်တစ်ခုလုံး ကွဲကြေသွားသည်။

သွေးစက်များက လေထုထဲတွင် ပျံ့ကျဲသွားပြီး အချိန်နှင့်ဗလာနယ်က ခိုင်မာနှေးကွေးသွားသဖြင့် သွေးစများက အနှေးပြကွက်တစ်ခုပမာ ဖြာထွက်သွားသည်။

ခန်းဖင်း ညည်းညူရင်းနောက်ပြန်ဆုတ်လိုက်၏။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“မင်းရဲ့အကြံအစည်ကတော့ မဆိုးပါဘူး ၊ ဒါပေမဲ့ အခု ကျုပ်တို့နှစ်ယောက်လုံးက လက်ဗလာနဲ့တိုက်နေတာနော် ၊ ဒါတောင် မင်းက ကျုပ်ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး”

ထိုအချိန် အဝေးတစ်နေရာမှ မိုးမြေတစ်ခုလုံး ရုတ်တရက်တုန်ခါသွားပြီး အဆုံးမရှိသောဓားအလင်းတန်းတစ်ခုက ဒီရေစီးကြောင်းတစ်ခုပမာ တစ်ခဏအတွင်း အနားသို့ ရောက်ရှိလာသည်။

“မင်းက ရန်ကျောက်ကဲလား”

ရှေးကျသည့်အသံတစ်သံထွက်ပေါ်လာသည်။

အခြားသူမဟုတ် ၊ ခန်းဖင်း၏ဆရာဘိုးဘိုး ရှန်လင်ကျီပင်။

ကျင်းထင်တောင်မှ လင်ဟန့်ဟွာတို့အုပ်စု ဝင်ရောက်စွက်ဖက်မည်ကို စိုးရွံ့သဖြင့် ရှန်လင်ကျီက ကျူတောပင်လယ်ဒေသတစ်ဝိုက် ကင်းလှည့်နေခဲ့ပြီး လိုအပ်ပါက ဝိညာဉ်နယ်မြေ သို့မဟုတ် ခန်းဖင်းဆီသို့ လိုသလို စစ်ကူပြုလုပ်အားဖြည့်ပေးရန် အသင့်ပြင်ထားခဲ့သည်။

ရန်ကျော်ကဲက နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ရောက်ရှိပြီး သွေးကြောဆုံချက်များကို သန့်စင်ကာ သိုင်းသူတော်စင် စတုတ္ထအဆင့်သို့တက်ရောက်ခဲ့သည့်တိုင် ၊ ထူးကဲယန်စည်းတံဆိပ်သည်လည်းသူနှင့်အတူ ရှိနေသည့်တိုင် ခန်းဖင်း၏ပြိုင်ဘက်မဖြစ်နိုင်ဟု ရှန်လင်ကျီက ယုံကြည်ထားသည်။

ခန်းဖင်းသည် တူညီသောကျင့်ကြံခြင်းအဆင့်ရှိသည့် ပြိုင်ဘက်များကိုပင် အနိုင်ယူသူဖြစ်ရုံသာမက သူ့ထက်ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကိုပင် တိုက်ခိုက်အနိုင်ယူရန် အရည်အချင်းပြည့်မီသည် မဟုတ်ပါလား။

သို့သော် ခန်းဖင်းက ရန်ကျောက်ကဲ၏ဓားချက်ကို ခံနိုင်ရည်မရှိ ရှုံးနိမ့်သွားမည်ဟု ရှန်လင်ကျီသည် အိပ်မက်ပင်မမက် ၊ စိတ်ကူးပင်မယဉ်ခဲ့မိပေ။

ထို့ကြောင့် ရှန်လင်ကျီ အလွန်တရာ အံ့သြတုန်လှုပ်သွားပြီး ခန်းဖင်းကိုကယ်တင်ရန် အလျှင်အမြန် ရောက်လာခြင်း ဖြစ်သည်။

ရန်ကျောက်ကဲလက်ထဲမှ ဝါးကိုင်းနှင့် ထောင့်တစ်နေရာတွင် အလင်းရောင်မှိန်ဖျော့ဖျော့ဖြင့် ငြိမ်သက်စွာရှိနေသော တိမ်လွှာအလင်းဓားကို သူ သတိပြုလိုက်မိသည်။

ဖြစ်ပျက်သမျှကို အခြေခံအားဖြင့်မှန်းဆရင်း သူ့ခေါင်းထဲသို့ အတွေးပေါင်းများစွာ လျှင်မြန်စွာ ဖြတ်သန်းသွားသည်။

ရှန်လင်ကျီက အခြေအနေကိုထိတ်လန့်သွားသော်လည်း သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကို ယုံကြည်သဖြင့် ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို အသုံးပြုတိုက်ခိုက်ခြင်းမရှိဘဲ အချိန်ရေစီးကြောင်းဓားကိုသာ ထုတ်ဖော်လိုက်သည်။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်ဖြစ်သော ရှန်လင်ကျီ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားက မိုးမြေတစ်ခွင်လုံးသို့ လွှမ်းခြုံလာသည်။

“ရန်ကျောက်ကဲ... မင်းက ငါတို့အဆက်အနွယ်တွေရဲ့ အရေးကြီးကိစ္စကိုလည်းဖျက်ဆီးတယ် ၊ ငါတို့အဆက်အနွယ်က တပည့်တွေကိုလည်း သတ်ဖြတ်ပစ်တယ် ၊ မင်းက တော်တော်မာန်တက်နေတယ်ပေါ့ ဟုတ်လား”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ရယ်မောရင်း...

“လွန်ခဲ့တဲ့ရက်က ငါတို့ဝါဒတောင်ဌာနချုပ်ကို မင်းလာတိုက်သွားတာ ပျော်စရာမှကောင်းရဲ့လား”

မိုးမြေတစ်ခွင်ကိုလွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းကိုရင်ဆိုင်ရင်း ရန်ကျောက်ကဲက အေးစက်စွာရယ်မောလိုက်ပြီး အဆုံးမရှိသော တောက်ပသည့်အလင်းတန်းတစ်ခုက သူ၏ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။

ကြီးမားသောရွှေရောင်စည်းတံဆိပ်တစ်ခု လေထဲတွင်မြင့်တက်လာပြီး ၎င်း၏ ကြမ်းတမ်းသော သြဇာအာဏာရှိသော ရောင်ဝါက လူ့လောက်သို့ဆင်းသက်လာသည့် ကပ်ဘေးတစ်ခုအလားထင်မှတ်ရသည်။

တစ်ဆက်တည်းပင် ရန်ကျောက်ကဲ၏ မျက်ဝန်းများတွင် နေရောင်ပမာ အလင်းရောင်များ တောက်ပလာ၏။

ပြင်းထန်သော ထူးကဲယန်စည်းတံဆိပ်က မထင်မှတ်စွာပင် ရှန်လင်ကျီထံသို့ ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိပြီဖြစ်သဖြင့် ယခင်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက် ထူးကဲယန်စည်းတံဆိပ်ကိုထိန်းချုပ်ရာတွင် ပိုပြီးအစွမ်းထက်သည်။

သူ့အနေဖြင့် ဤအဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏တန်ခိုးစွမ်းအားကို အပြည့်အဝမထုတ်ဖော်နိုင်သေးပေ။ သို့သော် ထူးကဲယန်စည်းတံဆိပ်သည် အခြားသောအဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများထက် သာလွန်သည်ဖြစ်လေရာ ယခုအခြေအနေမှာပင် အတော်လေး စွမ်းအားမြင့်မားနေပေပြီ။

စွမ်းအားအပြည့်ထွက်ပေါ်လာခြင်းမရှိသေးသည့်တိုင် ရှန်လင်ကျီကဲ့သို့ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ကို တစ်ချက်တည်းဖြင့် ထိန်းထားနိုင်ရန် လုံလောက်နေပြီ ဖြစ်၏။

စွမ်းအားအပြည့်အဝ မသုံးစွဲရသေးသည့်တိုင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။

ရွှေရောင်နေဝန်းအလင်းတန်းများက ရေစီးကြောင်းပမာဓားအလင်းတန်းနှင့် ရိုက်ခတ်မိသွားပြီး နှစ်ဖက်စလုံး လက်ရည်ညီနေပုံရသည်။

အချိန်ကစီးဆင်းသွားပြီး နေမင်းကိုတားဆီးရန်ရှာဖွေနေသည်။

နေဝန်းကတော့ ကောင်းကင်ထက်တွင် မြင့်မားစွာတောက်ပနေပြီး အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်နေစေသည်။

ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ထူးကဲယန်စည်းတံဆိပ်ကို အချိန်အတန်ကြာအောင် ထိန်းထားနိုင်ခြင်း မရှိသေးပေ။

သို့သော် အခြားကိစ္စများပြုလုပ်ရန် သူ့အတွက် အချိန်အလုံအလောက် ရရှိပေသည်။

ထူးကဲယန်စည်းတံဆိပ်က ရှန်လင်ကျီကို ယာယီတားဆီးထားချိန်တွင် ရန်ကျောက်ကဲက ‘ယင်ယန်လက်ချောင်းသိုင်း’ ကိုထုတ်ဖော်လိုက်ပြီး ယင်နှင့်ယန်ကိုထိန်းချုပ်ပြိး ဖြစ်ပေါ်လာမည့်သက်ရောက်မှုများကို ရွေ့လျားစေလိုက်သည်။

ထိုအခါ ရှန်လင်ကျီ၏ဓားအလင်တးန်းက ခန်းဖင်းဆီသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။

ခန်းဖင်းသည်လည်း အချိန်ရေစီးကြောင်းဓားသိုင်းကို ကျွမ်းကျင်စွာကျင့်ကြံထားသူတစ်ယောက်ဖြစ်သော်လည်း ဝင်ရောက်လာသည့်ဓားအလင်တန်းက သူ့ကို သေစေလောက်သည့်ခြိမ်းခြောက်မှုဖြစ်စေကာ ဒဏ်ရာအပြင်းအထန်ရရှိသွားစေရန် လုံလောက်သည်။

ခန်းဖင်း မျက်နှာပျက်လျှက် အလျင်အမြန်ရှောင်တိမ်းရန်ကြိုးစားလိုက်၏။ သို့သော် နဂိုကပင်ဒဏ်ရာအပြင်းအထန်ရထားသဖြင့် ထိုဓားအလင်းတန်းကို ရှောင်တိမ်းနိုင်ခြင်း မရှိပေ။

ဒါကိုမြင်တော့ ရှန်လင်ကျီ မျက်မှောင်ကြုံ့လိုက်သည်။

နောက်ဆုံးတော့ သူက ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ကိုထုတ်လိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ကို တားဆီးလိုက်သည်။

သူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ သည် ထူခြားသောစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုစည်းတံဆိပ်က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပ္စည်းများ ၊ ကျင့်ကြံသူများကို ယာယီစည်းတံဆိပ်ခတ်ထားနိုင်ပြီး တန်ခိုးစွမ်းအားကို ခဏမျှ ရပ်တန့်သွားစေသည်။

ထူးကဲယန်စည်းတံဆိပ်ကဲ့သို့ စွမ်းအားကြီးမားသည့် ရတနာပစ္စည်းတစ်ခုသည်ပင် ခဏမျှ ထိန်းချုပ်ခံလိုက်ရသည်။

သို့သော် ထိုအချိန်ခဏတာသည် ရှန်လင်ကျီအတွက် လုံလောက်နိုင်ပေ၏။

ထိုခဏတွင် ရန်ကျောက်ကဲက ရှန်လင်ကျီရှေ့သို့ရောက်ရှိလာပြီး ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ကို တိုက်ခိုက်လိုက်သည်။

ရှန်လင်ကျီ၏မျက်ဝန်းများအေးစက်သွားပြီး ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကိုသိမ်းဆည်းလိုက်ကာ လက်ညိုးနှင့်လက်ခလယ်ကိုဓားအသွင်ဖန်ဆင်းပြီး ရန်ကျောက်ကဲအား ထိုးစိုက်ချလိုက်သည်။

ရှန်လင်ကျီက ခန်းဖင်းထက်ပိုမိုလျှင်မြန်သည်။

သို့သော် ရန်ကျောက်ကဲ၏ နတ်ဘုရားထောင်ချောက်ဓားသိုင်းက အချိန်ရေစီးကြောင်းဓားသိုင်းကို တန်ပြန်တိုက်ခိုက်ရန် အကောင်းဆုံးသိုင်းပညာ ဖြစ်နေ၏။

ရှန်လင်ကျီက ရန်ကျောက်ကဲထက် တန်ခိုးစွမ်းအားမြင့်မားသူဖြစ်သည့်တိုင် နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့် ထိန်းချုပ်ခံနေရဆဲပင်။

ရှန်လင်ကျီ၏ ဓားအလင်းတန်းကို ဖယ်ရှားပြီးနောက် ရန်ကျောက်ကဲက ယင်ယန်လက်ချောင်းသိုင်းကို နောက်တစ်ကြိမ်ထုတ်ဖော်ကာ ရှန်လင်ကျီ၏ အချိန်ရေစီးကြောင်းဓားဝိညာဉ်ကို ခန်းဖင်းထံ ဦးတည်သွားစေလိုက်သည်။

ခန်းဖင်းမှာ ဓားချက်ကို ခက်ခက်ခဲခဲ ခုခံရန်ကြိုးစားရင်း ခံယူလိုက်ရသည်။

“မင်းလုပ်ရဲသလား...”

ရှန်လင်ကျီက သူ၏တန်ခိုးစွမ်းအားကို အပြည့်အဝအသုံးချကာ ထူးကဲယန်စည်းတံဆိပ်ကို ဘေးသို့တွန်းထုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရန်ကျောက်ကဲက ကျယ်လောင်စွာရယ်မောရင်း...

“မလုပ်ရဲတာ ဘာမှမရှိဘူး”

ထို့နောက် သူက ရုတ်တရက်လှည့်လိုက်ပြီး ခန်းဖင်းဆီသို့ ရောက်ရှိသွားသည်။

နတ်ဘုရားထောင်ချောက်ဓားသိုင်းက ဗလာနယ်၏နက်နဲသောသဘောတရားများနှင့် ဆက်စပ်မှုရှိလေရာ အချိန်ရေစီးကြောင်းဓားသိုင်းထက်ပင် ပိုမိုလျှင်မြန်သည်။

ရန်ကျောက်ကဲက ချက်ချင်းပင် ခန်းဖင်းရှေ့သို့ရောက်ရှိသွားသည်။

“သူများကိုသတ်ချင်တဲ့သူက ကိုယ်တိုင်လည်းသေမှာပဲ ၊ ဒါက လူတိုင်းအတွက်နိယာမပဲ”

ပြောပြီးသည်နှင့် သူက ဓားတစ်လက်ဖြင့် ခန်းဖင်း၏ခန္ဓာကိုယ်တည့်တည့်သို့ ထိုးစိုက်ချလိုက်သည်။

“ငါ့အတွက်လည်းအတူတူပဲ ၊ မင်းဇနီးအတွက်လည်းအတူတူပဲ ၊ မင်းအတွက်လည်း အတူတူပဲ”

ခန်းဖင်း ရုန်းကန်လိုက်သည်။

နောက်ဆုံးကျန်ရှိသည့် တန်ခိုးစွမ်းအားကိုအသုံးပြုပြီး သူ ရုန်းထွက်ချင်ခဲ့၏။

ရန်ကျောက်ကဲက မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်လိုက်သည်။

ရှန်လင်ကျီက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“ရန်ကျောက်ကဲ...”

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...

“အရည်အချင်းရှိရင်လာတိုက် ၊ သောက်စကားမများနဲ့”

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က တစ်ချက်ပင်မတုံ့ဆိုင်းဘဲ ဆင်းသက်လာပြီး ခန်းဖင်း၏ဦးခေါင်းခွံတစ်ခုလုံး ကွဲကြေသွားကာ နေရာတိုင်းတွင် သွေးရည်များ ဖြာဆင်းစီးကျလာလေတော့၏။

All Chapters