ဓားတစ်လက်ဖြင့်မိုးအောက်မြေပြင်တစ်ခုလုံးကိုခြေမှုန်း
Vol. 63 Ch. 879
အခန်း (၈၇၉) ဓားတစ်လက်ဖြင့်မိုးအောက်မြေပြင်တစ်ခုလုံးကိုခြေမှုန်း
ခန်းဖင်းက ရှန်လင်ကျီ အများကြီးမျှော်လင့်ထားသော အရည်အချင်းအရှိဆုံး မြေးတပည့်ဖြစ်သည်။ ယခုတော့ သူ့မျက်စိရှေ့မှာပင် ရန်သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့်အခါ ရှန်လင်ကျီ အလွန်အမင်း ဒေါသထွက်သွားသည်။
သူက လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခုက အပြင်ဘက်သို့ လွင့်စင်ထွက်လာသည်။
ထိုအလင်းတန်းက မိုးကုတ်စက်ဝိုင်းထိတိုင်ရောက်ရှိသွားပြီး လျှင်မြန်စွာကျယ်ပြန့်လာကာ မြင်ကွင်းများသည်လည်း ဝေဝါးလာသည်။ ထို့နောက် တောက်ပသည့်အလင်းမှုံများထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်ကို လွှမ်းခြုံသွားသည်။
ထိုခဏတွင် ကမ္ဘာလောကတစ်ခုလုံး၏ အချိန်စီးဆင်းမှုက အတင်းအကျပ် ပြောင်းပြန်ဖြစ်သွားပုံရသည်။
အလင်းခြေရာခံနတ်ကျောက်တုံး။
အတိတ်ကိုခြေရာခံပြီး အချိန်ကိုပြောင်းပြန်လှည့်ပတ်သွားစေသည်။
မိုးမြေတစ်ခွင်မှ မြင်ကွင်းများပြောင်းလဲသွားကာ သွေးများစွန်းထင်းနေသည့် ခန်းဖင်း၏အသွင်ပျောက်ကွယ်သွားသည်။ ရန်ကျောက်ကဲ၏သတ်ဖြတ်ခြင်းကိုမခံရသေးဘဲ ဘေးကင်းနေသေးသည့် ခန်းဖင်း၏အသွင်က တဖန်ပြန်လည် ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲက အေးစက်စွာဖြင့်...
“ဒီ’ရန်’ က သူ့ကို သုံးကြိမ်တိတိသေစေချင်တယ်ဆိုရင် သူ့ကိုဘယ်သူက ငါးကြိမ်အသက်ပြန်သွင်းနိုင်မလဲ”
သူက ဝင်ရောက်လာသော ရှန်လင်ကျီကို ထူးကဲယန်စည်းတံဆိပ်ဖြင့် တားဆီးလိုက်ပြီး အစိမ်းရင့်ရောင်ဝါးကိုင်းကို ကိုင်ဆောင်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သွေးနီရောင်ဓားအလင်းတန်းက မိုးကုတ်စက်ဝိုင်းတစ်လျှောက် မြင့်တက်လာသည်။
သွေးနီရောင်အလင်းတန်း ဖြတ်သန်းသွားစဉ် လေထုကအက်ကွဲသွားပြီး အချိန်စီးဆင်းမှုက ပြိုကွဲသွားသည်။
မိုးမြေတစ်ခွင်တွင် သွေးနီရောင်ဓားအလင်းတန်းသာ ကျန်ရစ်ခဲ့ပြီး အလင်းခြေရာခံနတ်ကျောက်တုံးမှ ဖြစ်ပေါ်လာသော အလင်းမှုံများက ချက်ချင်းသန့်စင်သွားသည်။
တောက်ပသောအလင်းမှုံများ၏ အံ့သြဖွယ်အစွမ်းသတ္တိက လုံးဝချေမှုန်းခံလိုက်ရသည်။
ထို့နောက်...
အချိန်စီးဆင်းမှုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
ခန်းဖင်း၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး သွေးမှုံများအဖြစ်ပြောင်းလဲ ပျောက်ကွယ်သွားသည်။
အဆုံးသတ်မှာတော့ ခန်းဖင်းမှာ ရှန်လင်ကျီ၏ရှေ့မှာပင် ရန်ကျောက်ကဲလက်ချက်ဖြင့် သတ်ဖြတ်ခံရဆဲ ဖြစ်၏။
ရန်ကျောက်ကဲ၏ဓားချက်က အလင်းခြေရာခံနတ်ကျောက်တုံး၏စွမ်းရည်ကိုချေမှုန်းပြီး ခန်းဖင်းကို ထပ်မံသတ်ဖြတ်နိုင်ခဲ့ကြောင်းတွေ့မြင်ရသည့်အခါ ရှန်လင်ကျီ ထိတ်လန့်သွားသည်။
သို့သော် ခဏအကြာမှာတော့ အနည်းငယ် ပြန်လည်တည်ငြိမ်သွားသည်။
“နတ်ဘုရားထောင်ချောက်ဓားသိုင်း ၊ စန့်ချင်အဆက်အနွယ်ရဲ့ နတ်ဘုရားထောင်ချောက်ဓားသိုင်းပဲ”
ရှန်လင်ကျီ မှိုင်းမှောင်စွာ ရေရွတ်လိုက်သည်။
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က တကယ့်ကို ဝပ်နေတဲ့ကျားတွေ ပုန်းကွယ်နေတဲ့နဂါးတွေနဲ့ ပြည့်နက်နေတာပဲကိုး...”
ထို့နောက် ရှန်လင်ကျီထံမှ ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ရုတ်တရက်တောက်ပသွားပြီး ရန်ကျောက်ကဲထံသို့ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။
သူက ထူးကဲယန်စည်းတံဆိပ်ကို အရေးစိုက်ခြင်းမရှိတော့ပေ။ ယင်စွမ်းအားအလင်းစည်းတံဆိပ်၏ပစ်မှတ်မှာ ရန်ကျောက်ကဲလက်ထဲတွင်ကိုင်ဆောင်ထားသည့် အစိမ်းရင့်ရောင်ဝါးကိုင်းသို့ ဦးတည်သွားသည်။
ရှန်လင်ကျီ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “ယင်စွမ်းအားအလင်းစည်းတံဆိပ်” မှာ အခြားသူများ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ချိတ်ပိတ်နိုင်သည့် ထူးခြားသော လုပ်ဆောင်ချက်ကို ပိုင်ဆိုင်သည်။
သူ၏အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှင့် ရန်ကျောက်ကဲ၏ဝါးကိုင်း မည်သူကသာလွန်သည်ကို ရှန်လင်ကျီ သိချင်မိသည်။
ရန်ကျောက်ကဲက အကြောက်အလန့် ကင်းမဲ့စွာပင် အစိမ်းရင့်ရောင်ဝါးကိုင်းကို ပင့်မြှောက်လိုက်ရာ သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုသွေးနီရောင်အလင်းတန်းက အချိန်နှင့်ဗလာနယ်ကို အက်ကွဲသွားစေပြီး အချိန်စီးဆင်းမှုကို ထိုးဖောက်သွားသည်။
နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ထုတ်ဖော်လိုက်ခြင်းပင်။
နတ်ဘုရားထောင်ချောက်ဓားသိုင်းက အချိန်ရေစီးကြောင်းဓားအလင်းထဲတွင် ပျံ့နှံ့သွားချိန် အစိမ်းရင့်ရောင်ဝါးကိုင်းက ယင်စွမ်းအားအလင်းစည်းတံဆိပ်နှင့် ထိပ်တိုက်တွေ့မိသည်။
ထိုအခါ အစိမ်းရင့်ရောင်ဝါးကိုင်းထက်တွင် ထူးဆန်းသော အင်းသင်္ကေတတစ်ခု ပေါ်လာပြီး ဝါးကိုင်းက လေထုထဲတွင် အနည်းငယ် တုန်ခါသွားသည်။
‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ရတနာပစ္စည်းကတော့ အနည်းငယ် အရောင်မှေးမှိန်သွားသည်။
ရန်ကျောက်ကဲ၏လက်မှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဝါးကိုင်းထက်မှ အင်းသင်္ကေတ ပျောက်ကွယ်သွားသည်။
ထို့နောက်မှတော့ အစိမ်းရင့်ရောင်ဝါးကိုင်းက တစ်ချက်တုန်ခါသွားပြီး ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ကို ရိုက်ချလိုက်၏။
“ခရက်...”
အက်ကွဲသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ရှန်လင်ကျီမှာ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားလုမတတ် ခံစားလိုက်ရ၏။
ရန်ကျောက်ကဲက ယင်စွမ်းအားအလင်းစည်းတံဆိပ်ကို ထပ်မံရိုက်နှက်ရန် လေထဲတွင် ဝါးကိုင်းကိုလွှဲလိုက်သည်။
ရှန်လင်ကျီ မျက်နှာတစ်ခုလုံးမဲမှောင်သွားပြီး ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ကိုအသုံးမပြုတော့ဘဲ ချက်ချင်းသိမ်းဆည်းလိုက်သည်။
“ဒါက ဘာပစ္စည်းလဲ...”
တာ့ရွှမ်တိုင်းပြည်မှလူများ ဤ ဝါးကိုင်းအကြောင်း သူ့အားပြောပြထားဖူးသည်။
သို့သော် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုသာ ဤဝါးကိုင်းက ဖျက်ဆီးပစ်နိုင်ပြီး အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုတော့ ဘာမှမတတ်နိုင်ဟု သတင်းကြားဖူးသည်။
ထို့ကြောင့် ရှန်လင်ကျီက အစပိုင်းတွင် အရေးမစိုက်ခဲ့ခြင်းပင်။
သို့သော် ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ဤဝါးကိုင်းက တိမ်လွှာအလင်းဓားနှင့် ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်တို့ကို အနိုင်ယူနိုင်မည်ဟု မည်သူထင်ပါမည်နည်း။
ရှန်လင်ကျီ အသက်တစ်ချက် ရှူထုတ်ရင်း သူ့စိတ်ကိုတည်ငြိမ်စေလိုက်ကာ သူ၏ဓားတာအို တန်ခိုးစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းအသုံးပြုလျှင် သူ၏စွမ်းအားက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်နှင့် ညီမျှသည်။
အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိလျှင်တော့ သူက အမတကူးပြောင်းခြင်း အလယ်ဆင့် ကျင့်ကြံသူ ဖြစ်၏။
ထို့ပြင် သူက အမတကူးပြောင်းခြင်း အလယ်ဆင့် ဆိုသော်ငြား အခြားသော ကျင့်ကြံခြင်းအဆင့်တူညီသူများထက် သာလွန်သူဖြစ်ပြီး အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များကိုပင် ကောင်းကောင်းယှဉ်ပြိုင်နိုင်သူ ဖြစ်သည်။
ယခု ရှန်လင်ကျီက သူ၏ဓားအလင်းတန်းကိုအမြင့်ဆုံးအဆင့် ထုတ်လွှတ်လိုက်သည်။
ထိုအခါ မိုးမြေတစ်ခွင်တွင် မရေမတွက်နိုင်သော ရှန်လင်ကျီ၏ရုပ်ပုံများထွက်ပေါ်လာပြီး အားလုံးက ရန်ကျောက်ကဲကို ဓားဖြင့်ထိုးစိုက်ချလိုက်ကြသည်။
ထိုရှန်လင်ကျီပုံရိပ်များက ပုံရိပ်ယောင်များမဟုတ်ပေ။ အားလုံးက အစစ်အမှန်များ ဖြစ်ကြသည်။
အချိန်ရေစီးကြောင်းဓားကို အမြင့်ဆုံးအဆင့် ထုတ်လွှတ်လိုက်ရာ ရှန်လင်ကျီ၏မြန်နှုန်းက အချိန်နှင့်နေရာ၏ နယ်နိမိတ်မျဉ်းကို ကျော်လွန်သွားပြီး အချိန်တိုင်း နေရာတိုင်းကို တပြိုင်နက်တည်း သိမ်းပိုက်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ထိုပုံရိပ်များက ပုံရိပ်ယောင်များမဟုတ်ဘဲ အနည်းငယ်မျှကွာဟသွားသော အချိန်တစ်ခဏအတွင်း အဆုံးမရှိထွက်ပေါ်လာသော အစစ်အမှန်ပုံရိပ်များဖြစ်ပြီး အားလုံးက တူညီသောအချိန်ကာလတွင် ရှိမနေကြပေ။
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များသည်ပင် ဤတိုက်ကွက်ကို ရင်ဆိုင်ရန်ခက်ခဲကြပြီး ရှန်လင်ကျီပုံရိပ်ပေါင်းများစွာ၏တိုက်ခိုက်မှုက အချိန်တိုတောင်းလွန်းသည်။
ထို့ကြောင့် မရေမတွက်နိုင်သော ရှန်လင်ကျီများကြားတွင် အချိန်အနည်းငယ် တုံ့ဆိုင်းသွားသည်နှင့် အသက်ပျောက်ရမည်ဖြစ်သလို အချိန်ကာလတိုတောင်းမှုကြောင့် ရှန်လင်ကျီများအားလုံးက တပြိုင်တည်းတိုက်ခိုက်လိုက်သည်ဟု ထင်မှတ်ရသည်။
မရေမတွက်နိုင်သော ရှန်လင်ကျီအစစ်များက ရန်သူတစ်ယောက်တည်းကို အဆက်မပြတ် ဝိုင်းဝန်းတိုက်ခိုက်နေခြင်းပင်။
ဤတိုက်ကွက်က ရှန်လင်ကျီ၏ အပြင်းထန်ဆုံးတိုက်ကွက်ဖြစ်ပြီး မိုးမြေတစ်ခွင်ကိုဖျက်ဆီးက ကမ္ဘာတစ်ခုလုံးကိုပင် သုတ်သင်နိုင်စွမ်း ရှိသည်။
ရန်ကျောက်ကဲကတော့ ထိုဓားကွက်ကိုရင်ဆိုင်ရသည်နှင့် လှုပ်ရှားမှုတစ်ခုသာ ပြုလုပ်လိုက်၏။
သူ၏ဘယ်ဘက်လက်ဖြင့် ဓားစည်းတံဆိပ်တစ်ခု ထုတ်ဖော်လိုက်ပြီး ညာဘက်လက်မှာတော့ အစိမ်းရင့်ရောင်ဝါးကိုင်း ကိုင်ဆောင်ထားပြီး ဗလာနယ်ထဲတွင် ဓားတစ်လက်က ကန့်လန့်ဖြတ်အနေအထား ဖြစ်တည်လာသည်။
အနီးပတ်ဝန်းကျင်တစ်ခုလုံး အဆုံးမရှိသော အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရန်ကျောက်ကဲထံတွင် ဗဟိုချက်အဖြစ် စုရုံးဆုံစည်းသွားသည်။
ရန်ကျောက်ကဲက သူ့ဓားကိုဆွဲထုတ်လိုက်ပြီး အနီရောင်အလင်းတန်းက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။
အနီရောင်အလင်းတန်းများက များပြားလှစွာသော ရှန်လင်ကျီများကို ရိုက်ခတ်မိသွားပြီး အိပ်မက်ထဲမှ ပုံရိပ်ယောင်များပမာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားတော့သည်။
ပုံရိပ်တစ်ခုတည်းအဖြစ် ကျန်ရစ်ခဲ့သော ရှန်လင်ကျီ၏တိုက်ခိုက်မှုက ရန်ကျောက်ကဲရှိရာသို့ ဝင်ရောက်လာသည်။
တစ်ဆက်တည်းပင် ရန်ကျောက်ကဲ၏ဓားက ရှန်လင်ကျီ၏ဓားအလင်းတန်းနှင့် ရိုက်ခတ်မိသွားသည်။
ဓားသွားနှစ်ခု ရိုက်ခတ်မိသည်နှင့် ထိန်းမနိုင်သိမ်းမရသော ဒီရေစီးကြောင်းများက ပတ်ဝန်းကျင်သို့ ချက်ချင်းပျံ့နှံ့သွားသည်။
ရှန်လင်ကျီ၏ မျက်ဝန်းများက ခါတိုင်းနှင့်မတူ တည်ကြည်လေးနက်နေပြီး...
“မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ဒီအဘိုးကြီးထက် အများကြီးနိမ့်တယ် ၊ မင်းက နတ်ဘုရားထောင်ချောက်ဓားသိုင်း ကျွမ်းကျင်တယ်ဆိုရင်တောင် ဒီလိုမျိုးတော့ မဖြစ်သင့်ဘူး”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဒါက ရိုးရှင်းပါတယ် ၊ ငါနဲ့မင်းက ကျင့်ကြံခြင်းအဆင့်ကွာခြားပေမယ့် တန်ခိုးစွမ်းအားက သိပ်မကွာခြားလို့ပါ”
စက်တန်းသံသယာကောင်းကင်ကျမ်းစာ ကျင့်ကြံခြင်းမှရရှိသော ပြင်းထန်သည့် ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ယင်ယန်ကောင်းကင်ကျမ်းစာ၏အကူအညီဖြင့် အဆက်မပြတ် ထုတ်ဖော်နိုင်သည်ဖြစ်ရာ ရန်ကျောက်ကဲ၏တိုက်ခိုက်စွမ်းအားက လျော့ကျသွားခြင်း မရှိပေ။
ထို့ပြင် စန်းချင်း (၃)ပါး၏ ကျင့်ကြံခြင်းများပေါင်းစည်းထားသော နိမိတ်လက္ခဏာကြောင့် ကျင့်ကြံခြင်းပင်မရင်းမြစ်မှ အံ့သြဖွယ်ရာတန်ခိုးစွမ်းအားများသည်လည်း အဆက်မပြတ် ထွက်ပေါ်လျှက် ရှိသည်။
ရန်ကျောက်ကဲက ရှန်လင်ကျီ၏ဓားချက်ကို ခုခံလိုက်စဉ်မှာပင် ထူးကဲယန်စည်းတံဆိပ်က ရှန်လင်ကျီ၏ဦးခေါင်းထက်သို့ ကျရောက်လာသည်။
ရှန်လင်ကျီမှာ ထိုစည်းတံဆိပ်အား ရင်ဆိုင်ရန်မတတ်နိုင်သဖြင့် နောက်သို့သာဆုတ်သွားရသည်။
သို့ပေသိ ရန်ကျောက်ကဲ၏ နတ်ဘုရားထောင်ချောက်ဓားသိုင်းက နောက်တစ်ကြိမ်ထိုးနှက်လာပြီး ရှန်လင်ကျီ၏အရှိန်အဟုန်ကို တားဆီးထားလိုက်သည်။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ထူးကဲယန်စည်းတံဆိပ်၏အကူအညီဖြင့် ရန်ကျောက်ကဲသည် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရှန်လင်ကျီကို လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားသွားစေသည်အထိ နှိမ်နင်းနိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ရှန်လင်ကျီမှာ စိတ်ပျက်လက်ပျက်ဖြစ်နေသလို ဒေါသလည်းအလွန်ထွက်နေသော်လည်း စိတ်ခံစားချက်များကို ထိန်းသိမ်းထားသည်။
သူက အမတကူးပြောင်းခြင်းအလယ်ဆင့် ဖြစ်လေရာ နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့်ဖြစ်သည့် ရန်ကျောက်ကဲကို အနိုင်မယူနိုင်ခြင်းအတွက် မချင့်မရဲဖြင့် မယုံကြည်နိုင် ဖြစ်နေပြီး ထိုလူငယ်ကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ချင်မိသည်။
သို့သော် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ၊ စက်ဝန်းသံသယာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် ထိုက်ကျိယင်ယန်လက်ဝါးသိုင်း အခြေခံအုတ်မြစ်များကြောင့် ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားအနှစ်သာရက ရှန်လင်ကျီထက် လျော့နည်းခြင်း မရှိခဲ့ပေ။
ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထုတ်ဖော်အသုံးပြုနိုင်ခြင်းတွင် ရန်ကျောက်ကဲက ရှန်လင်ကျီထက်ပင် သာလွန်ခဲ့သည်။
အဆုံးသတ်မှာတော့ သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရှန်လင်ကျီသည် သိုင်းသူတော်စင် ပဉ္စမအဆင့်ရှိသော ရန်ကျောက်ကဲကို အမှန်တကယ်ပင် အနိုင်မယူနိုင်တော့ကြောင်း သိလိုက်ရသည်။
ဤသည်က လုံးဝရယ်စရာကောင်းပြီး ယုတ္တိမတန်သည့်တိုင် ငြင်းလို့မရသောအမှန်တရားလည်း ဖြစ်၏။
ထို့ကြောင့် ကျူတောပင်လယ်ဒေသနှင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် မှတ်တမ်းတင်ခံရနိုင်သည့် တုန်လှုပ်ဖွယ်ရာ တိုက်ပွဲမြင်ကွင်းတစ်ခုက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် အလွန်တရာ ကျော်ကြားသွားမည်မှာ အမှန်ပင်။
လက်ထဲတွင်ဓားတစ်လက်တည်းဖြင့် ရန်ကျောက်ကဲက သိုင်းသူတော်စင် နဝမအဆင့်ကိုပင်ယှဉ်နိုင်စွမ်းရှိသည့် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသည့် ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်ကို ကျူတောပင်လယ်ဒေသ တောင်ပိုင်းမှ အနောက်ပိုင်းသို့ မရပ်မနားလိုက်လံတိုက်ခိုက်ခဲ့သည်။
သူ့ဓားသွားသွားရာ လမ်းမှာ ဘာတစ်ခုမှ မရပ်နိုင်။
တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ဖြင့် နောက်ဆုံးမှာတော့ ဝါဒတောင်တည်ရှိရာ ဝိညာဉ်နယ်မြေဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြလေ၏။