ရန်ကျောက်ကဲကိုယ်တိုင်တီထွင်ထားသည့်သိုင်းပညာ
Vol. 63 Ch. 880
အခန်း (၈၈၀) ရန်ကျောက်ကဲကိုယ်တိုင်တီထွင်ထားသည့်သိုင်းပညာ
ရှန်လင်ကျီ ကျင့်ကြံခဲ့သော အချိန်ရေစီးကြောင်းဓားသိုင်းက အလွန်တရာလျှင်မြန်သည်။
သို့သော် ရန်ကျောက်ကဲ၏ နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့် ချုပ်နှောင်ခံထားရသဖြင့် အရှိန်လုံးဝ မမြှင့်တင်နိုင်တော့ပေ။
ရန်ကျောက်ကဲတစ်ယောက်တည်းတိုက်ခိုက်ရလျှင် အဆင်ပြေကောင်းပြေမည် ဖြစ်သော်လည်း ၊ ယခုတော့ ပြဿနာရှိနေသည်မှာ ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုထုတ်ဖော်ရင်း ထူးကဲယင်စည်းတံဆိပ်ကိုပါ ထိန်းချုပ်အသုံးပြုနေခြင်း ဖြစ်၏။
ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို အသုံးမပြုနိုင်သော ရှန်လင်ကျီမှာ နတ်ဘုရားထောင်ချောက်ဓားသိုင်းနှင့် ထူးကဲယန်စည်းတံဆိပ်ပေါင်းစည်းမှုအတွက် မည်သို့မှမတတ်နိုင်စွာ ကူရာကယ်ရာမဲ့ ဖြစ်နေရသည်။
ဤသည်က အလွန်ရယ်စရာကောင်းသည်ဟုလည်း သူ ခံစားရသည်။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏တန်ခိုးစွမ်းအားကို အပြည့်အဝထုတ်ဖော်နိုင်သည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည့်တိုင် ရန်သူကို လက်ဗလာဖြင့် ရင်ဆိုင်နေရသည်။
ထိုအချိန် သူ၏ရန်သူကတော့ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်သည့်တိုင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုအသုံးပြုကာ သူ့ကို မရမနေ လိုက်ပါတိုက်ခိုက်လျှက် ရှိ၏။
ပို၍ပင် ဒေါသဖြစ်စေသောအချက်မှာ ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် မဟုတ်ရုံမျှမက ထိုလူငယ်သည် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့် အလယ်ဆင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာကိုလည်း ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ရှန်လင်ကျီ၏ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်သည် အခြားသော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများတွင်ပင် ထူးခြားသောပစ္စည်းတစ်ခု ဖြစ်၏။ သို့သော် ခန်းဖင်း၏တိမ်လွှာအလင်းဓားကဲ့သို့ ကံကြမ္မာမျိုး ရင်ဆိုင်ရမည်စိုးရိမ်သဖြင့် သူ့မှာ အသုံးပြုဝံ့ခြင်း မရှိပေ။
အမှန်တော့ တိမ်လွှာအလင်းဓားဆိုသည်က ခန်းဖင်းကို သူပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ရန်ကျောက်ကဲ၏ဝါးကိုင်းဖြင့် ရိုက်နှက်ခံရပြီး အသင်္ချေနဂါးနန်းတော်ထဲသို့ သိမ်းဆည်းခံလိုက်ရသည်။
ဤအဖြစ်အပျက်က ရှန်လင်ကျီကို စိတ်ပျက်လက်ပျက်ဖြစ်စေရုံသာမက အမှိုက်တစ်စပမာ အသုံးမဝင်သလို ခံစားလိုက်ရသည်။
တောင်ပိုင်းမှ အနောက်ပင်လယ်အထိ တစ်လျှောက်လုံးတိုက်ခိုက်ခဲ့ပြီးနောက် ရှန်လင်ကျီ၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာပရပွရရှိနေပေပြီ။
ဒဏ်ရာတစ်ချက်ချင်းက ပြင်းထန်သည်မဆိုနိုင်သော်လည်း ထိုဒဏ်ရာများကို ချက်ချင်းပြန်လည်ကုသရန် သူ့တွင် အချိန်မရှိခဲ့ပေ။
ထို့ကြောင့် ဒဏ်ရာများ များပြားလာသည့်အခါ ရှန်လင်ကျီ ခံနိုင်ရည်မရှိ ဖြစ်လာရသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုဒဏ်ရာများက အားနည်းချက်တစ်ခုပမာ ဖြစ်လာပြီး တန်ခိုးစွမ်းအားနှင့် အရှိန်အဟုန်ကို ထိခိုက်လာစေသည်။
ရှန်လင်ကျီသည် ဒေါသနှင့်အမုန်းတရားများကို ပြင်းထန်စွာဖိနှိပ်ထားသည့်တိုင် သူ၏အတွေးများက ရှင်းလင်းတည်ငြိမ်နေဆဲပင်။
သူက တာ့ရွှမ်တိုင်းပြည်သို့ မပြန်ခဲ့ပေ။
တာ့ရွှမ်တိုင်းပြည်သို့ ပြန်မည်ဆိုလျှင် ပင်မအစီအရင်အကာအကွယ် ၊ မြေပြင်အနေအထားအားသာချက်ကိုအသုံးပြုပြီး အန္တရယ်ကင်းစွာ နေထိုင်နိုင်ပေမည်။
သို့သော် ဝိညာဉ်နယ်မြေတွင်ရောက်ရှိနေသည့် တာအိုဆရာ’ရှီ’ နှင့် ဧကရာဇ်ရွှမ်ချန်တို့အတွက် ရန်ကျောက်ကဲက ဆိုးဆိုးရွားရွားဖြစ်လာစေမည့် ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုဖြစ်လေသည်။ ရန်ကျောက်ကဲသာ ဝါဒတောင်သို့ ပြန်သွားပါက ဝါဒတောင်မှ အခြားသူများနှင့်ပူးပေါင်းမိပြီး ပြင်းထန်စွာ တိုက်ပွဲဝင်မည် ဖြစ်၏။
ထို့ကြောင့် ရှန်လင်ကျီက တာ့ရွှမ်တိုင်းပြည်သို့မပြန်ဘဲ တာအိုဆရာ’ရှီ’ နှင့် ဧကရာဇ်ရွှမ်ချန်တို့ကိုကူညီရန် အနောက်ပင်လယ်ရှိ ဝိညာဉ်နယ်မြေသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်ကို မဆုံဖြတ်ခင် သူတို့အင်အားများ ပူးပေါင်းကြရပေမည်။
တာအိုဆရာ’ရှီ’ ကဲ့သို့ အစီအရင်ပညာကျွမ်းကျင်သူတစ်ယောက် ကျောထောက်နောက်ခံပြုထားလျှင် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ရန် ဖြစ်နိုင်ခြေ ရှိသည်ပင်။
ရန်ကျောက်ကဲ၏ လိုက်လံတိုက်ခိုက်ခြင်းကိုခံရပြီး ကြီးမားသောတန်ဖိုး ပေးဆပ်ခဲ့ရသော်လည်း ဝိညာဉ်နယ်မြေသို့ရောက်ရှိသည့်အခိုက်မှာတော့ ရှန်လင်ကျီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။
ထိုနေရာတွင် တာအိုဆရာ’ရှီ’ ၏ မိုးမြေနက္ခတ်အစီအရင် တည်ရှိနေပြီး ဝါဒတောင်မှ ထိုက်ယီချိုးဖျက်အစီအရင်ကို ချိုးဖျက်တိုက်ခိုက်နေပြီး ဝိညာဉ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားကြောင်း တွေ့လိုက်ရသည်။
ဧကရာဇ်ရွှမ်ချန် ၊ တာအိုဆရာ’ရှီ’ နှင့် အခြားသော တာ့ရွှမ်တိုင်းပြည် ကျင့်ကြံသူများအပြင် အစီအရင်ထဲတွင် နောက်ထပ်လူတစ်ယောက် ရှိနေသည်။
ထိုသူက ဦးခေါင်းထက်တွင် ကြယ်စင်သရဖူဆောင်းနှင်းထားပြီး စာပေသမားတစ်ယောက်နှင့်ဆင်တူသည့် လူရွယ်တစ်ယောက် ဖြစ်သည်။ သူ့အသွင်သဏ္ဌန်က ကြယ်များကိုဆွတ်ခြူပြီး လမင်းကို ဖမ်းဆုပ်တော့မည့်ဟန်ပင်။
အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့ဖြစ်ပြီး သူကလည်း ဝါဒတောင်ကို ပစ်မှတ်ထား တိုက်ခိုက်နေဟန်ပင်။
ဒါကိုမြင်တော့ ရှန်လင်ကျီ အတော်လေး စိတ်ချသွားသည်။
ဤပုဂ္ဂိုလ်က ဝါဒတောင်ကို ဆန့်ကျင်ပြီး တာ့ရွှမ်တိုင်းပြည်အတွက် အားဖြည့်ပေးခြင်းဖြင့် ကစားပွဲ ပြောင်းပြန်လှည့်နိုင်မည်ဟု ရှန်လင်ကျီ ယုံကြည်မှုရသွားသည်။
ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက သူ၏ကျင့်ကြံခြင်းအဆင့်ထက် များစွာသာလွန်နေသည့်အပြင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ထူးကဲယန်စည်းတံဆိပ်လည်း ရှိနေသည်။ အဆိုးဆုံးမှာ အချိန်ရေစီးကြောင်းဓားသိုင်းကို တန်ပြန်တိုက်ခိုက်နိုင်သည့် နတ်ဘုရားထောင်ချောက်ဓားသိုင်း၏ကျေးဇူးကြောင့် ရှန်လင်ကျီမှာ ထွက်ပြေးရန်သာ တတ်နိုင်ခဲ့သည်။
အကောင်းဆုံးအခြေအနေများရှိနေစဉ်တွင် ကွမ်းလီတဲ့သည် ရှန်လင်ကျီထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိပေ။
သို့သော် ကွမ်းလီတဲ့ ကျင့်ကြံခဲ့သော သိုင်းပညာက ထာဝရအလင်းကောင်းကင်ကျမ်းစာကဲ့သို့ နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့် တိုက်ခိုက်ဖိနှိပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ရှန်လင်ကျီနှင့်မတိုက်ခိုက်ဘဲ ကွမ်းလီတဲ့နှင့်တိုက်ခိုက်ရမည်ဆိုပါက တိုက်ပွဲရလဒ်က ချက်ချင်းပြောင်းပြန်ဖြစ်သွားနိုင်သည်။
သူတွေးသည့်အတိုင်းပင် ရှန်လင်ကျီလည်း တွေးမိလေသည်။ ထိုအခါ သူ့ရင်ထဲတွင် လှိုင်းထန်နေသည့် အမုန်းတရားနှင့် အမျက်ဒေါသများ သက်သာရာရသွားသည်။
ဝိညာဉ်နယ်မြေတွင် တိုက်ခိုက်နေသူတိုင်းက ရန်ကျောက်ကဲနှင့် ရှန်လင်ကျီတို့ ချဉ်းကပ်လာသည်ကို တွေ့ရှိလိုက်ကြသည်။
ခန်းဖင်းကို မမတွေ့ရသဖြင့် အနည်းငယ်ပဟေဠိဖြစ်မိကြသော်လည်း ရန်ကျောက်ကဲအနေဖြင့် ရှန်လင်ကျီအား မည်သို့မှ ယှဉ်နိုင်မည်မဟုတ်ဟု တွေးမိကြသဖြင့် ထိုအကြောင်းကို မည်သူမှ သိပ်ပြီးမစဉ်းစားဖြစ်ကြပေ။
တာအိုဆရာ’ရှီ’ က မိုးမြေနက္ခတ်အစီအရင်ကို ဖြန့်ကျက်လျှက် အတွင်းသို့ ရှန်လင်ကျီ ဝင်ရောက်နိုင်ရန် ပြင်ဆင်ပေးလိုက်ပြီး ရန်ကျောက်ကဲ၏လမ်းကြောင်းကိုတော့ ပိတ်ဆို့ထားလိုက်သည်။
ရှန်လင်ကျီနောက်သို့လိုက်လာသော ရန်ကျောက်ကဲက ရုတ်တရက် အရှိန်မြှင့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ အဓိကကိုယ်တွင်းအင်္ဂါ (၅)ခုဖြစ်သော နှလုံးသား ၊ အသဲ ၊ အဆုတ် ၊ သည်းခြေ ၊ ကျောက်ကပ်တို့မှ ရောင်စဉ် (၅)သွယ် ခပ်မှိန်မှိန်အလင်းတန်း တောက်ပလာသည်။
အလင်းရောင်ကလှည့်ပတ်သွားပြီး အသည်းနေရာတွင် စုစုံသွားသည်။
ထိုအလင်းရောင်က ထိတွေ့မရသော သဏ္ဌန်မဲ့အဖြစ်ပြောင်းလဲသွားပြီးနောက် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ အသည်းနေရာထက်တွင် ရှိနေသည့် နတ်ဘုရားမီးတောက်က မျက်လုံးဖွင့်ကြည့်လိုက်သည့်ပမာ ထင်မှတ်ရသည်။
မီးလျှံများတောက်ပနေသည့် မိုးကြိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မီးတောက်နှင့် မိုးကြိုးသွားများမှတစ်ဆင့် ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုး ပေါက်ကွဲထွက်လာကာ ရန်ကျောက်ကဲထံမှ အဆုံးမရှိသောမီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။
ပြင်းထန်သော ပေါက်ကွဲစွမ်းအားနှင့်အတူ ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားနှင့် အရှိန်အဟုန်က အချိန်တိုအတွင်း ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာသည်။
သူက ရှန်လင်ကျီနောက်သို့ရောက်လာပြီး ဖြတ်ကျော်တက်သွားကာ နတ်ဘုရားထောင်ချောက်ဓားဖြင့် ထိုးစိုက်ချလိုက်သည်။
ရှန်လင်ကျီ တစ်ချက်တုံ့ဆိုင်းလိုက်သည်နှင့် ရန်ကျောက်ကဲ၏ဓားချက်က သူ့ကိုထိုးဖောက်ဝင်ရောက်သွားနိုင်သည်။
ရှန်လင်ကျီ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကိုတားဆီးရန် ဓားဖြင့်လှည့်ပြီး ခုခံလိုက်သည်။
ထူးကဲယန်စည်းတံဆိပ်က အောက်သို့ကျဆင်းလာပြီး ရှန်လင်ကျီမှာ ရှိသမျှစွမ်းအားကုန်သုံးကာ သီသီလေးလွတ်အောင် ရှောင်တိမ်းလိုက်ရသည်။
ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး ရှန်လင်ကျီကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
လက်သီးချက်ကျရောက်လာသည်နှင့် ရှန်လင်ကျီ၏မျက်လုံးရှေ့တွင် အလင်းရောင်မှိန်ဖျော့ဖျော့ တောက်ပသွားသည်။
အဆုံးမရှိသော ပကတိအမှောင်ထုကြားထဲတွင် တောက်ပသောအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အဆုံးစွန်အထိ တောက်လောင်နေသည်။
ထိုအလင်းတန်းက ရန်ကျောက်ကဲ၏ လက်သီးချက်ပင် ဖြစ်သည်။
ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်သီးက သဏ္ဌန်မဲ့နယ်နိမိတ်ကို နှစ်ပိုင်းကွဲသွားစေသည်။
တစ်ခြမ်းက တောက်ပနေပြီး ကျန်တစ်ခြမ်းကတော့ မှောင်မိုက်နေသည်။
ထိုလက်သီးချက်က တောက်ပမှုမရှိသလို မှေးမှိန်ခြင်းလည်းမရှိဘဲ တည်ငြိမ်သော ရောင်ခြည်အလင်းလွှာတစ်ခုဖြင့် လွှမ်းခြုံထားသည်ကို ရှန်လင်ကျီ တွေ့မြင်လိုက်ရသည်။
သို့သော် တည်ငြိမ်မှုထဲတွင် ပရမ်းပတာဖြစ်စဉ်တစ်ခုက အနည်းငယ် ထင်ရှားနေသည်။
ထိုလက်သီးချက်၏ ဇာစ်မြစ်ကို ရှန်လင်ကျီ ချက်ချင်း သဘောပေါက်လိုက်သည်။
“ယိုးမင်ဧကရာဇ်ရဲ့ သိုင်းပညာ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ပဲ”
နတ်ဘုရားထောင်ချောက်ဓားသိုင်းနှင့် ထူးကဲယန်စည်းတ့ဆိပ်တို့၏ဒဏ်ကို အဆက်မပြတ်ခံစားခဲ့ရသော ရှန်လင်ကျီသည် အတော်လေးအားအင်ကုန်ခမ်းနေပြီဖြစ်သည်။ ယခုတော့ လက်ကျန်တန်ခိုးစွမ်းအားကို စုစည်းကာ ရန်ကျောက်ကဲ၏ထိုးနှက်ချက်ကိုကာကွယ်ရန်အတွက် ဓားအလင်းတန်းတစ်ခု ထုတ်ဖော်လိုက်သည်။
သို့ပေသိ ပရမ်းပတာဆန်သော လက်သီးချက်နှင့် ထိတွေ့လိုက်ရုံမျှဖြင့် ဓားအလင်းတန်းက လွင့်စင်သွားပြီး မရှိမှုတစ်ခုပမာ ပျောက်ကွယ်သွားသည်။
နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့် ရင်ဆိုင်ရစဉ်က ရှန်လင်ကျီ၏ဓားအလင်းတန်းမှာ မှေးမှိန်သွားခြင်းမျှသာ ဖြစ်သည်။ သို့သော် ယခုတော့ ဓားအလင်းတန်းက ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ ပရမ်းပတာတန်ခိုးစွမ်းအား အခြေခံမူများကို သိရှိထားသည့် ရှန်လင်ကျီသည် ရန်ကျောက်ကဲ၏ လက်သီးချက်ကို တွေ့မြင်လိုက်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။
သို့သော် သူ၏ဓားအလင်းတန်းကို အပြည့်အဝ ပျောက်ကွယ်သွားစေသည်အထိ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်က စွမ်းဆောင်နိုင်ခြင်း မရှိသည်မှာ သေချာသည်။
ထိုသို့ဆိုလျှင် ရန်ကျောက်ကဲလက်သီးချက်အတွင်းမှ ပရမ်းပတာတန်ခိုးစွမ်းအားက သူ ခန့်မှန်းနိုင်သည်ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း ရှန်လင်ကျီ သိရှိလိုက်သည်။
ပရမ်းပတာ တန်ခိုးစွမ်းအားများ ကျယ်ပြန့်လာသည်နှင့် အရာခပ်သိမ်းက ငြိမ်သက်သွားသည်။
ကမ္ဘာလောကတစ်ခုလုံး မိုးမြေမမွေးဖွားမီ အချိန်ကာလသို့ ပြန်ရောက်သွားပြီး ဖြစ်စဉ်များအားလုံးသည်လည်း တည်ရှိမနေတော့ပေ။
ယင်မရှိ ၊ ယန်မရှိ ၊ အတိတ်မရှိ ၊ အနာဂတ်မရှိ ၊ အစမရှိ ၊ အဆုံးမရှိ...။
အရာခပ်သိမ်းကို ချုပ်ကိုင်နိုင်ပြီး အရာခပ်သိမ်းကို ငြိမ်သက်စေနိုင်စွမ်းရှိသော အဆိုပါ ပရမ်းပတာစွမ်းအားသည် ရှန်လင်ကျီ၏ ဓားအလင်းတန်းကို ပျောက်ကွယ်သွားအောင် ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်မှာ ပရမ်းပတာတန်ခိုးစွမ်းအားက ပေါက်ကွဲထွက်သွားပြီး စကြာဝဠာအသစ်တစ်ခု ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။
ပြင်းထန်သောစွမ်းအားသည် ရှန်လင်ကျီ၏ အကာအကွယ်ဓားအလင်းတန်းကို ထိုးဖောက်ဝင်ရောက်သွားပြီး ခန္ဓာကိုယ်ထက်သို့ အပြင်းအထန် ကျရောက်သွားသည်။
ရှန်လင်ကျီ၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်နှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာတန်ခိုးစွမ်းအားသည်ပင် သူ၏ရင်ဝသို့ ကျရောက်လာသော ထိုးနှက်ချက်ကို ခံနိုင်ရည် မရှိခဲ့ပေ။
သိုင်းသူတော်စင် အဋ္ဌမအဆင့် တန်ခိုးစွမ်းအားရှင်၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး လေထဲသို့ လွင့်စင်ကျသွားသည်။
“ရှန်လင်ကျီ... ငါကျွေးတဲ့ ကြေမွတောက်လောင်လက်သီးချက်ကို စားလိုက်စမ်း...”
ရန်ကျောက်ကဲက တိုက်ခိုက်မှုကို မရပ်တန့်ဘဲ အလင်းနှင့်အမှောင်ရောယှက်နေသော တန်ခိုးစွမ်းအားများ ထပ်မံထွက်ပေါ်လာသည်။
အဆုံးမရှိသော အမှောင်ထုက မှိန်ဖျော့သွားပြီး အတိုင်းအဆမရှိသော တောက်ပမှုအဖြစ် ပြောင်းလဲသွားသည်။
တောက်ပမှုအတွင်းရှိ ဗလာနယ်ထဲတွင် မိုးကောင်းကင်စက်ဘီး (၁၂)ခု လှည့်ပတ်နေပြီး အဆုံးမရှိသည့် ဗလာနယ်ထဲတွင် ထွန်းလင်းနေသည့် နတ်ဘုရားအလင်းတန်း (၁၂)ခု နှင့် ဆင်တူသည်။
ထို့နောက်မှာတော့ ဤတောက်ပသည့် တန်ခိုးစွမ်းအား (၁၂)ခု အဆက်မပြတ် ပြိုကွဲသွားသည်။
အဆုံးမရှိသော တောက်ပမှုသည်လည်း အက်ကွဲသွားသည်။
အမြင်ဆုံးအဆင့်တွင်ရောက်ရှိနေသည့် တန်ခိုးစွမ်းအားသည် ဘယ်တော့မှ ပြန်မရတော့မည့်အနေအထားဖြင့် အက်ကွဲသွားသည်။
တောက်ပမှု၏အဆုံးသတ်တွင် အမှောင်ထုက မွေးဖွားလာခြင်း မဟုတ်ပေ။
ထိုအစား အလွန်အမင်းတောက်ပခြင်းနှင့် မှောင်မိုက်ခြင်းတို့က တစ်ပြိုင်နက်တည်းထွက်ပေါ်လာပြီး အကန့်အသတ်မရှိသော ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးကို ဖြစ်ပေါ်လာစေသည်။
ဤသည်က ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်နှင့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ အနှစ်သာရတို့ပေါင်းစပ်ကာ ရန်ကျောက်ကဲကိုယ်တိုင်တီထွင်ထားသည့် “ကြေမွတောက်လောင်လက်သီးသိုင်း” ပင် ဖြစ်သည်။
ထိုလက်သီးချက်အောက်တွင် ဖန်ဆင်းခြင်းရော ပျက်ဆီးခြင်းပါ အလိုအလျှောက် ငြိမ်းသတ်သွားသဖြင့် အစွန်းနှစ်ဖက်သည်လည်း မရှိတော့ပေ။
ပထမလက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော ရှန်လင်ကျီ၏ ရင်ဝမှ သွေးများစွန်းထင်းနေသော အပေါက်ကြီးဆီသို့ ဒုတိယလက်သီးချက်က ထပ်မံထိုးဖောက်ဝင်ရောက်သွားသည်။
တာအိုဆရာ’ရှီ’ ၊ ဧကရာဇ်’ရွှမ်ချန်’ နှင့် အခြားသူများမဆိုထားနှင့် ကွမ်းလီတဲ့သည်ပင် မြင်ကွင်းကိုကြည့်ရင်း စကားမပြောနိုင်ဘဲ မှင်တက်လျှက် ရှိလေတော့၏။