အက်ရှလွန်တိုက်ပွဲများ
Vol. 82 Ch. 1143
မန်ဟိုသည် အနက်ရောင်ဝတ်ပါရာဂွန်နှင့် သေခြင်းတရားကို ကိုယ်စားပြုနေဟန်တူသော သူ၏လူသတ်ငွေ့များကို ကြည့်နေမိ၏။ ထိုပုဂ္ဂိုလ်သည် အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော အံ့ဩချီးကျူးဖွယ် ဖြောင့်မတ်တည်ကြည်မှုတို့ဖြင့် ပြိုင်ဘက်ကင်းပါရာဂွန်တစ်ဦး ဖြစ်ပေလိမ့်မည်။ သူ၏ထူးဆန်းသောအခြေအနေကား သူ၏မိုးမြေတုန်ခါဟည်းစေနိုင်သည့် တန်ခိုးကို လျှော့ကျသွားစေနိုင်ခြင်းမရှိပေ။
သူသည် ဝေးသထက် ဝေးသွားပြီး နောက်ဆုံး အာကာသဟင်းလင်းပြင်ထဲ ရောက်ရှိသွားသည်။ ဤအခိုက်အတန့်တွင် တာအိုကောင်းကင်၏ ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာ၏။
“မန်ဟို ငါ့ ပါရာဂွန်မှော်သိုင်းကို ပြန်ပေးစမ်း။ ငါ့ ဆရာကို ပြန်ပေးစမ်း” အမျက်ဒေါသများကြောင့် မျက်နှာကြီးရှုံ့မဲ့အရုပ်ဆိုးနေလျက် တာအိုကောင်းကင်က လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ရင်း အနက်ရောင်မီးတောက်များအား သူ့ခန္ဓာကိုယ်တစ်လျှောက် တဟုန်းဟုန်း တောက်သွားစေကာ မန်ဟို့ဆီ ပြေးဝင်လာသည်။ မီးတောက်များက အနက်ရောင်မီးပင်လယ်တစ်စင်းကို ဖော်ဆောင်ရင်း သူ့ပတ်ပတ်လည်တွင် ပျံ့နှံသွား၏။ အဆိုပါမီးပင်လယ်အတွင်းမှ ကမ္ဘာဦးသားရဲများသဖွယ် ရက်စက်ခက်ထန်စွာ ဟိန်းဟောက်ရင်း ဧရာမသားရဲကြီးများ ထွက်လာကြသည်။
သားရဲစုစုပေါင်း ၁၈ ကောင်က တာအိုကောင်းကင်နောက်မှ လိုက်လာကြသည်။ သူ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သားရဲ ၁၈ ကောင်သည် အရာအားလုံး စုတ်ပြတ်သပ်သွားလောက်အောင် မိုးနှင့်မြေကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသော ကြောက်ခမန်းလိလိ ဟိန်းသံများပြုလိုက်ကြ၏။ ၎င်းတို့ကား မန်ဟို့ကို ဖျက်စီးသတ်ဖြတ်ဖို့ ရှေးခေတ်မှ ခုန်ထွက်လာနေကြသည့်အလားပင်။
တစ်ချိန်တည်းမှာပင် လင်းချုံက အံတင်းတင်းကြိတ်၍ ထပ်ရှုံး၍မဖြစ်ကြောင်း သူ့ကိုယ်သူ ထပ်မံသတိပေးလိုက်သည်။ အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းရပြီးနောက်မှတော့ သူ့တွင် ရှုံးစရာအကြောင်းရင်းမရှိပေ။
သူသည် အင်အားကြီးမားစေမည့်လမ်း၊ သူ၏တာအိုကို အခိုင်မာဆုံးဖြစ်စေမည့်လမ်းကို ရှာတွေ့ခဲ့လေပြီ။
“ငါ မရှုံးစေရဘူး
“မြစ်ဝါမြစ်တာအို ၊ မြေအောက်ကမ္ဘာကို ဖွင့်လိုက်စမ်း” သူက လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်ရင်း ဘေးနှစ်ဖက်သို့ ကားလိုက်ရင်း ဟိန်းဟောက်လိုက်သည်။ လေထု စုတ်ပြဲသွားသဖြင့် ဗြိခနဲ စုတ်ပြဲသွားသံကဲ့သို့ အသံတစ်သံအားကြားလိုက်ရ၏။ မြစ်ဝါမြစ်တစ်စင်းသည် မိုးကောင်းကင်တစ်လျှောက် စီးဖြာသွားလေပြီ။ မြစ်ဝါမြစ်ထဲ၌ သွေးပျက်စွာ အော်ဟစ်နေကြသော အစိမ်းဝိညာဉ်များ ရှိနေသည်။
မြစ်၏အဆုံးတွင်မူ အလွန်တရာချောက်ချားဖွယ်ကောင်းသော ပုံပန်းသွင်ပြင်နှင့် အရိပ်မြို့တစ်မြို့ရှိသည်။ ၎င်းကား မယုံနိုင်လောက်အောင် ရှေးကျပြီး ၎င်း၏ပင်မဂိတ်အပေါ်တွင် စာလုံးသုံးလုံးအား ရေးသားထားသည်။
ဖုန်းတူးသရဲမြို့တော်
မြို့သည် ခံ့ခံ့ညားညား မားမားမတ်မတ် တည်ရှိနေပြီး မြစ်ဝါမြစ်က ၎င်းကို ရစ်ပတ်စီးဆင်းနေသည်။ မြေအောက်ကမ္ဘာပွင့်လာခဲ့၍ ၎င်း၏စွမ်းအားအလုံးစုံ ထုတ်လွှတ်ခံနေရသကဲ့သို့ အဆုံးမဲ့ဖိအားကြီးသက်ရောက်လာ၏။ လင်းချုံက မြစ်ဝါမြစ်ကို ကြာပွတ်သဖွယ် ဆုပ်ကိုင်၍ သူ့ခေါင်းအထက်သို့ မြှောက်ကာ ကြောက်ခမန်းလိလိ ဖိအားကြီးအား မန်ဟို့အပေါ် သက်ရောက်သွားစေသည်။
ဘေးတွင် ဟန်ချင်းလဲ့သည် ပါးစပ်မှ သွေးများကို သုတ်ကာ ကြိမ်းဝါးလိုက်၏။ “မန်ဟို မင်း သေဖို့ အချိန်ကျပြီ”
အစိမ်းရောင်မိုးကြိုးက သူ့ကို သိုင်းပတ်လိုက်ရာ သူ့တစ်ကိုယ်လုံးသည် မိုးကြိုးတန်းသဖွယ် ဖြစ်လာ၏။ သူ၏အသွေးအသားများသည် အရိုးပေါ်အရေတင်သည်အထိ ခြောက်လာခဲ့သဖြင့် သူ့မှာ အရိုးစုကြီးထက် မပိုတော့ပေ။
သူသည် သူ့အသွေးအသားအင်အားအကုန်လုံးကို အရိုးထဲသို့ စုပ်ယူပြီးနောက် အစိမ်းရောင်မိုးကြိုးတန်းကို ဝှေ့ယမ်းလိုက်၏။ သူ့စွမ်းအားက တဖွေးဖွေးလှုပ်လာပြီး သူ မန်ဟို့ထံ ပြေးဝင်သွားစဉ် လျှပ်စီးများ လင်းလက်သွားလေသည်။ ဤအရာအားလုံးအပြင် အဆိပ်ငွေ့များက မန်ဟို့ဝိညာဉ်ကို နုတ်ယူတော့မည့်အလား သူ့ခေါင်းပေါ် ထိုးဆင်းလာနေသည်။
အက်ရှလွန်သုံးယောက်ကား မည်သည့်အရာကိုမှ မထိမ်ချန်ဘဲ စွမ်းအားများကို ရူးရူးမိုက်မိုက် ထုတ်လွှတ်ရင်း ပေါင်းတိုက်နေကြသည်။
တာအိုကောင်းကင်သည် သူ့ကိုယ်သူ နောက်ဆုတ်ခွင့် ပြုမည်မဟုတ်ပေ။ မန်ဟို့ကို ရိုးတွင်းခြင်ဆီအထဲထိ သူ မုန်းတီး၏။
လင်းချုံကား နောက်တစ်ကြိမ်ရှုံးမည်ကို လက်မခံနိုင်ပေ။ သူသည် သူ့နှလုံးသားကို စိုးမိုးနေသော မန်ဟို့အရိပ်ကို ဖယ်ရှားချင်၏။
ဟန်ချင်းလဲ့၏ ဂုဏ်သိက္ခာနှင့် မာနက လက်ရှိအခြေအနေဖြင့် ထပ်မံ့ရှုံးခွင့်ပြုမည်မဟုတ်ပေ။ သူသည် အနိုင်ရချင်ပြီး အဆုံးသတ်တွင် မန်ဟို့သွေးကို သောက်သုံးချင်၏။
ကျင့်ကြံသူသုံးယောက်လုံး ချဉ်းကပ်လာသဖြင့် တဂျိန်းဂျိန်း ဆူညံနေသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့မျက်လုံးများသည် အေးစက်စက် တောက်ပသွား၏။ သူက ညာခြေကို လေပေါ်မြှောက်ကာ ဝတ်ပြုကျောင်းအပြင်တွင် ခြေချလိုက်သည်။ ဝတ်ပြုကျောင်းမှာ သိမ့်သိမ့်ခါတုန်၍ ပြိုကျလာသည်။
မန်ဟိုက အပြင်ထွက်လာရန် ထိုခြေလှမ်း၏အင်အားကို အသုံးချလိုက်သည်။ သူသည် ရွှေရောင်သိမ်းငှက်ကြီးအသွင် ပြောင်းရင်း အလွန်လျင်မြန်စွာ ရွေ့လျားလာသဖြင့် ပုံရိပ်များသာ နောက်ချန်ခဲ့၏။
ရွှေရောင်သိမ်းငှက်ကြီးက လေကိုခွင်းလာနေစဉ် တဖျတ်ဖျတ် လင်းလက်ရင်း မိုးပြာရောင်ပြောင်းသွားသည်။ ယခုတွင် ၎င်းကား မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် ဟန်ချင်းလဲ့၏အရှေ့တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။ မန်ဟိုက အစိမ်းရောင်မိုးကြိုးကို အဖက်မလုပ်ဘဲ သူ့ခြေသည်းများဖြင့် ပိုင်းချလိုက်သည်။
ဖောင်းခနဲ မိုးကြိုးသည် ပြိုကွဲသွား၏။ ဟန်ချင်းလဲ့မျက်လုံးများ ပြူးကျယ်နေစဉ် မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် မန်ဟိုက ဟန်ချင်းလဲ့၏ရင်ဘတ်ကို ချွန်မြသောခြေသည်းများဖြင့် စုတ်ဖြဲလိုက်လေပြီ။
ဟန်ချင်းလဲ့က မာန်သွင်းဟိန်းဟောက်၍ မုဒြာလက်ကွက်နှစ်ကွက် ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် မီးဟုန်းဟုန်းတောက်သွားပြီး သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားက တဟုန်ထိုးမြင့်တက်လာ၏။ သို့သော် သူ့စွမ်းအားမြင့်တက်လာသည့်အခိုက်အတန့်မှာပင် သိမ်းငှက်အသွင်ဖြင့် မန်ဟိုက အင်အားကြီးမားသောအော်သံကြီးကို ပြု၍ နတ်ဘုရားအာရုံအား ဟန်ချင်းလဲ့ခေါင်းထဲ စိုက်ဝင်သွားစေသည်။
ဟန်ချင်းလဲ့မှာ သွေးပျက်မတတ် အော်လိုက်ရပြီး သွေးများအန်လိုက်ရသည်။ သူ နောက်ဆုတ်တော့မည့်အချိန် မန်ဟိုက တစ်ဖန်ချဉ်းကပ်လာပြီး မိုးပြာရောင်ခြေသည်းများဖြင့် သူ့ငယ်ထိပ်ကို ကုတ်ခြစ်လိုက်သည်။
မင်းက ငါ့ဝိညာဉ်ကို သုတ်သင်ချင်တယ်လား၊ မင်းဝိညာဉ်ကို ငါ သုတ်သင်ပေးရင်ရော ဘယ်လိုလဲ
ဟန်ချင်းလဲ့ခေါင်းမှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည်လည်း ဆန့်ငင်ဆန့်ငင်တုန်ရီကာ တစစီ ပေါက်ကွဲသွားသည်။
မန်ဟို သူ့ကို နောက်တစ်ကြိမ် ထပ်သတ်တော့မည့်အချိန် တာအိုကောင်းကင်၏ တာအိုမှော်သိုင်း၊ ကမ္ဘာဦးသားရဲ ၁၈ ကောင်က အနားရောက်လာသည်။ မန်ဟို့အနေဖြင့် ဟန်ချင်းလဲ့နှင့် လင်းချုံကိုပင် လျစ်လျူရှုထားနိုင်သည်။ သူ့အတွက် သူတို့က ဖုတ်လေတဲ့ငါးပိ ရှိသည်ဟုပင် မထင်ရပေ။ သို့သော် မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်တော့သည့်တိုင် တာအိုကောင်းကင်သည် သုံးယောက်အထဲ အန္တရာယ်အများဆုံးဖြစ်နေသေး၏။
မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ရင်း ရိပ်ခနဲ တာအိုကောင်းကင်ထံ ပြေးဝင်သွားသည်။ ချွန်ထက်သောခြေသည်းများက ကမ္ဘာဦးသားရဲ ၁၈ ကောင်ထံသို့ ပိုင်းချလိုက်သည်။
သူနှင့်သားရဲများအကြား အုန်းခနဲ ရိုက်ညောင်းသွားပြီး တုန်ခါလှိုင်းတစ်လှိုင်း လိမ့်ထွက်လာသည်။ မန်ဟို့တိုက်ကွက်တစ်ကွက်က သားရဲ ၁၈ ကောင်လုံးကို ရှင်းပစ်လိုက်လေပြီ။ သူကား ၎င်းတို့ကို မြက်ခြောက်များသဖွယ် အလွယ်တကူ နင်းခြေပစ်လိုက်သော မိုးပြာရောင်အလင်းတန်းတစ်တန်းအလားပင်။
နောက်ဆုံးတော့ မိုးပြာရောင်သိမ်းငှက်သည် လင်းခနဲ လက်သွားပြီး မန်ဟို၏ လူအသွင် ပြန်ပေါ်လာကာ သူက ညာလက်ကို ဆန့်ထုတ်၍ တာအိုကောင်းကင်ဆီသို့ တွန်းထုတ်လိုက်သည်။
တာအိုကောင်းကင်က ဟိန်းဟောက်၍ လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မီးတောက်များသည် မန်ဟို့ကို ရိုက်ချလိုက်သော ဧရာမလက်ကြီးတစ်ဖက်အသွင်ပြောင်းရင်း ဖြာထွက်လာ၏။
အဝေးမှကြည့်လျှင် မန်ဟိုမှာ အဆိုပါလက်မည်းကြီးနှင့် ယှဉ်ပါက မပြောပလောက်အောင် သေးငယ်နေသည်။ အမှန်တွင် နှိုင်းယှဉ်၍ပင် မရပေ။ သို့သော် လက်မည်းကြီး အနားရောက်လာစဉ် မန်ဟို့မျက်လုံးများ ဝင်းလဲ့သွားလေသည်။
မိစ္ဆာချုပ်နှောင်ခြင်း ပဉ္စမမန္တန်
အတွင်းအပြင်မန္တန်
ဆန့်တန်းထားသော သူ့လက်ဝါးအသားထဲတွင် အကွဲကြောင်းတစ်ကြောင်းပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ဒါဇင်များစွာ ကျယ်လာသည်။ ၎င်းကား ကျုံ့သွားပြီး လျင်မြန်စွာ ကျယ်လာသော မျက်လုံးတစ်လုံးနှင့် တူ၏။
ဒုန်းးးးးးးးးးး
၎င်း ကျယ်သွားသည့်အခါ လာနေသော မဟူရာမီးလက်သည် ပေါက်ကွဲသွားပြီးနောက် မီးတောက်များမှာ လေပြင်းတစ်ချက်၏ ဆောင့်တိုက်ခြင်းခံလိုက်ရသကဲ့သို့ တာအိုကောင်းကင်ဆီ ပြန်လိမ့်ထွက်သွား၏။
တာအိုကောင်းကင်မှာ မျက်နှာပျက်သွားပြီး ကပျာကယာ နောက်ဆုတ်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် မန်ဟိုက ဘယ်လက်ကို ဝှေ့ယမ်းရင်း ဟန်ချင်းလဲ့၏ အစိမ်းရောင်မိုးကြိုးကို ကာရန် မိုးပြာရောင်အလင်းတန်းတစ်တန်းအား စေလွှတ်၍ ရုတ်တရက် ရှေ့တက်လာသည်။ ထို့နောက် သူသည် လင်းချုံ၏ မြေအောက်ကမ္ဘာဖိအားကို ထိုးဖောက်၍ တာအိုကောင်းကင်၏အရှေ့၌ တစ်ဖန်ပေါ်လာကာ ညာလက်ဖြင့် ရိုက်ချလိုက်လေ၏။
မန်ဟို့လက်ဝါးက ရုတ်တရက် နတ်ဘုရားသုတ်သင်ခြင်းလက်သီးအဖြစ် ပြောင်းသွားသဖြင့် တာအိုကောင်းကင်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။
အုန်းးးးးးးးး ။ တာအိုကောင်းကင်မှာ ဒဏ်ရာအမျိုးမျိုးမှ သွေးများစီးကျနေလျက် တင်းမာခက်ထန်သောမျက်နှာထားဖြင့် နောက်ဆုတ်လိုက်သည်။ ဤအချိန်တွင် မန်ဟို့လက်သီးက သေစေလိုစိတ်ဖြင့် တာအိုကောင်းကင်ဆီ ဝှေ့ယမ်းလိုက်သော လက်ချောင်းတစ်ချောင်းဖြစ်လာသည်။ တာအိုကောင်းကင်၏မျက်လုံးများမှာ နီရဲသွားပြီး သူ့လက်သည် ရုတ်တရက် မြွေလိမ်မြွေကောက်ထွက်လာကာ မန်ဟို့လက်မောင်းကို ဖမ်းဆုပ်လိုက်၏။
“ကောင်းကင်ဘုံလာ မိစ္ဆာစားသုံးခြင်း” တာအိုကောင်းကင်က ရူးမိုက်မှု၊ သတ်ဖြတ်လိုမှုတို့ မျက်ဝန်းထဲတွင် တောက်ပနေလျက် အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟန်ချင်းလဲ့ သေဆုံးသွားခဲ့သော နေရာတွင် အချိန်နောက်ပြန်စီးဆင်းနေသလို ဖြစ်လာသည်။ သွေးများ၊ အသားများ လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာကာ ဟန်ချင်းလဲ့သည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ပြန်ပေါ်လာ၏။ သူ့မှာ ပေါ်လာလျှင်ချင်း မန်ဟို့ကို ကြောက်လည်းကြောက်၊ သတ်လည်း သတ်ချင်နေသောဟန်ပန်ဖြင့် ကြည့်ရင်း နောက်ဆုတ်သွားသည်။
တာအိုကောင်းကင် မန်ဟို့ကို ချုပ်ထားနေသည့်ပုံပေါ်သည်ကို မြင်လျှင် ဟန်ချင်းလဲ့သည် အံတင်းတင်းကြိတ်၍ မာန်သွင်းဟိန်းဟောက်ရင်း ပြေးတက်လာပြန်လာ၏။
လင်းချုံလည်း ထိုနည်းတူပင်။ ကျင့်ကြံသူနှစ်ယောက်လုံးသည် အခြေအနေကို အခွင့်ကောင်းယူရင်း လျှပ်စီးတန်းများသဖွယ် မန်ဟို့ဆီ ပြေးဝင်သွား၏။ နှစ်ယောက်အနက် အမြန်ဆုံးမှာတော့ အစိမ်းရောင်မိုးကြိုးတန်းသဖွယ် တဟုန်ထိုးသွားနေသော ဟန်ချင်းလဲ့ပင်။
လင်းချုံက လျှာထိပ်ကို ကိုက်၍ သွေးတစ်လုပ်ထွေးလိုက်ရာ သူ၏မြေအောက်ကမ္ဘာအား ရုတ်တရက် သွေးရောင်သမ်းသွားစေပြီး မန်ဟို့ကို ရက်ရက်စက်စက် ဖိချလိုက်စေသည်။
“သေလိုက်စမ်း”
ဤအခိုက်အတန့်တွင် ပဉ္စမတောင်မှ ကျင့်ကြံသူ၊ ဝဖိုင့်ဖိုင့်လူငယ်သည် အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းရရှိသွား၏။
သူ့အရွယ်အစားက လျင်မြန်စွာ ကြီးမားလာသည်။ သူ့အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားပြီး စွမ်းအားများ တဟုန်းဟုန်းထကြွလာသည်။ သူက မျက်လုံးများ တဖြတ်ဖြတ် လင်းလက်နေလျက် မန်ဟို့ကို တိုက်ခိုက်ဖို့ ကျန်အက်ရှလွန်သုံးယောက်ဆီ ချက်ချင်း ဦးတည်သွားသည်။
သူသည် ယခင်က မန်ဟိုနှင့် ထိပ်တိုက်မတွေ့ခဲ့ဖူးသည့်အပြင် တကယ်တမ်း တာအိုကောင်းကင်ကို ရန်သူအဖြစ် မြင်သင့်သော်လည်း ... လက်ရှိတွင် အစွမ်းထက်ဆုံးက တာအိုကောင်းကင်မဟုတ်တော့ကြောင်း ပြောနိုင်၏။ သူတို့ မန်ဟို့ကို ယခုချက်ချင်း မရှင်းလျှင် သူတို့တစ်ယောက်မှ ထိုဥသျှောင်ကမ္ဘာအနှစ်သာရကို ရရှိတော့မည်မဟုတ်ပေ။
သို့သော် ပဉ္စမတောင်၏ အက်ရှလွန်ကျင့်ကြံသူ လှုပ်ရှားလိုက်သည့်အချိန်မှာပင် ယွီဝမ်ကျန်းက အလွန်ကျယ်လောင်သော ဟိန်းဟောက်သံကြီးအား ပြုလိုက်၏။ သူသည် ကောက်ကျစ်စွာ ပြုံးရင်း လေပေါ် ခုန်တက်၍ ရှေးဟောင်းရတနာ၊ စစ်ပုဆိန်ကို ဆင့်ခေါ်ကာ ဝဖိုင့်ဖိုင့်လူငယ်အား ချက်ချင်း ပိုင်းချလိုက်၏။
ဒုန်းခနဲ ပဲ့တင်ထပ်သွားပြီး ပဉ္စတောင်၏ အက်ရှလွန်ကျင့်ကြံသူက ဘေးရှောင်လိုက်သည်။
“ယွီဝမ်ကျန်း မင်း ဘာလုပ်နေတာလဲ”
“အာ ဘာမှမလုပ်ပါဘူး ဒီတိုင်း မင်းကြောင့် စိတ်ကသိကအောက် ဖြစ်ရလို့” ယွီဝမ်ကျန်းက ကျယ်လောင်စွာရယ်ရင် ပြန်ဖြေသည်။ သူသည် အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းမရသေးသည့်တိုင် ဆင်ခြင်သုံးသပ်ခြင်းကို ရပ်ဖို့ ဆုံးဖြတ်ခဲ့၏။ သူက စကားထပ်မဆိုတော့ဘဲ ပုဆိန်ကို ထပ်မံလွှဲရမ်းလိုက်ရာ သူနှင့် ပဉ္စမတောင်၏အက်ရှလွန်အကြားတွင် တိုက်ပွဲ ချက်ချင်း ဖြစ်လာတော့သည်။
ထိုစဉ် ဟန်ချင်းလဲ့နှင့် လင်းချုံတို့နှစ်ယောက်လုံး အနားရောက်လာကြခဲ့လေပြီ။ တာအိုကောင်းကင်၏ညာလက်က မန်ဟို့လက်မောင်းကို ဆုပ်ကိုင်ထားပြီး ကောင်းကင်ဘုံလာမိစ္ဆာစားသုံးခြင်းအစွမ်းကို ထုတ်လွှတ်နေ၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက သူ့လက်ချောင်းများကို ဆန့်၍ လက်ဝါးဖြန့်ကာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် တာအိုကောင်းကင်၏လက်အပေါ် ရိုက်ချလိုက်သည်။
တာအိုကောင်းကင် ကောင်းကင်ဘုံလာမိစ္ဆာစားသုံးခြင်းကို ထုတ်လွှတ်နေသည့်အချိန်မှာပင် မန်ဟိုက အေးစက်စက် ပြောလိုက်သည်။ “သွေးမိစ္ဆာမဟာမှော်သိုင်း”
မန်ဟို့ခန္ဓာကိုယ် ခြောက်ကပ်လာစဉ် တဝေါဝေါမြည်သံများ ကြားလာရသည်။ သူ၏အသက်စွမ်းအား၊ အသွေးနှင့်အသား၊ အရာရာတိုင်းသည် တာအိုကောင်းကင်၏ လျင်မြန်စွာ စုပ်ယူခြင်းကို ခံနေရ၏။ သို့သော် သွေးမိစ္ဆာမဟာမှော်သိုင်းအား ထုတ်လွှတ်လိုက်သောအခါ တာအိုကောင်းကင်၏အသက်စွမ်းအား၊ အသွေးအသားနှင့် အရာရာတိုင်းမှာလည်း မန်ဟို့လက်ဝါးအတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။
အလွန်ဆင်တူသော တာအိုမှော်သိုင်းနှစ်ခုလုံးမှာ တစ်ပြိုင်တည်း ထုတ်လွှတ်ခံနေရရာ တာအိုကောင်းကင်၏မျက်နှာအား ရိပ်ခနဲ ဖြစ်သွားစေသည်။ မန်ဟိုနှင့် တိုက်ခိုက်ခဲ့သောအချိန်များအတွင်း ဤသည်မှာ သူ၏ကောင်းကင်ဘုံလာမိစ္ဆာစားသုံးခြင်းနှင့် ဆင်သော တာအိုမှော်သိုင်းတစ်ခုကို မန်ဟို့ထံတွင် ပထမဆုံးမြင်တွေ့ရခြင်း မဟုတ်ပါလော။
အမှန်တွင် ကောင်းကင်ဘုံလာမိစ္ဆာစားသုံးခြင်းမှာ မန်ဟို၏ သွေးမိစ္ဆာမဟာမှော်သိုင်းနှင့် မယှဉ်နိုင်ကြောင်း တွေ့လိုက်ရသဖြင့် တာအိုကောင်းကင်မှာ ထိတ်လန့်သွားလေသည်။ သူ့မျက်နှာပျက်သွားပြီး သူက သူ့ကျင့်ကြံခြင်းအခြေခံ နောက်ပြန်လည်ပတ်နေစဉ် ဟိန်းဟောက်လိုက်ကာ ပေါက်ကွဲအားတစ်ရပ်အား သူ့လက်မောင်းထဲတွင် စုစည်းလာစေ၏။
ကောင်းကင်ဘုံလာမိစ္ဆာစားသုံးခြင်းသိုင်းကွက်နှင့် ရင်းနှီးထားသူဖြစ်သည်နှင့်အညီ သူသည် ဤကဲ့သို့မှော်သိုင်းများကို မည်သို့တွန်းလှန်ရမည်လဲ သိ၏။ သူနှင့်မန်ဟို့အကြားတွင် တဝေါဝေါမြည်သံများ ဆူညံလာပြီး သူက ရုတ်တရက် နောက်ဆုတ်လိုက်သည်။ အဖိုးအခအနေဖြင့် သူ့ညာလက်မှာ တစစီ ပေါက်ကွဲသွားလေသည်။ တာအိုကောင်းကင်က မျက်နှာဖြူဖပ်ဖြူလျော်နှင့် ဆုတ်ရင်း တောင်ပင်လယ်လောကမှ ကျင့်ကြံသူတစ်ယောက်ကို ဝင်တိုက်မိလိုက်၏။ သူသည် ထိုလူမတုံ့ပြန်နိုင်ခင် ကောင်းကင်ဘုံလာမိစ္ဆာစားသုံးသိုင်းအား ထပ်မံသုံးရင်း သူ့လက်ဝါးကို ထိုလူ့ရင်ဘတ်ပေါ် တင်လိုက်၏။ ထိုလူမှာ တစ်ကိုယ်လုံးခြောက်ကပ်လာသဖြင့် ငိုကြွေးအော်ဟစ်နေရတော့သည်။ တစ်ချိန်တည်းမှာပင် တာအိုကောင်းကင်၏ညာလက်သည် လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာ၏။