ကြယ်ခြွေလက်ဝါးသခင်ကိုစိန်ခေါ်ခြင်း
Vol. 63 Ch. 883
အခန်း (၈၈၃) ကြယ်ခြွေလက်ဝါးသခင်ကိုစိန်ခေါ်ခြင်း
ရန်ကျောက်ကဲ၏ လက်ဖဝါးကြားတွင် အလင်းနှင့်အမှောင်ဖြတ်သန်းသွားကာ ပရမ်းပတာဖြစ်တည်မှုတစ်ခု ယောင်ဝါးဝါး ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အဖြူရောင်အလင်းတန်းများက ကောင်းကင်ယံဆီသို့ လွင့်ပျံသွား၏။
ဝါဒတောင်မှ ထိုက်ယီချိုးဖျက်အစီအရင်က ရန်ကျောက်ကဲရှိရာသို့ အပြည့်အဝ အာရုံစူးစိုက်ထားသည်။
အစီအရင်က ပိုမိုအားကောင်းလာပြီး ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကိုအကာအကွယ်ယူပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အသုံးပြုကာ သူ၏လက်ဖဝါးဖြင့် ပေါက်ကွဲထွက်လာမည့် ဝဲဂယက်ကြီးကို ကာကွယ်လိုက်သည်။
ထိုခဏတွင် ပရမ်းပတာအခြေအနေက နောက်ပြန်ဆုတ်သွားသည်။ အရာအားလုံး အတွင်းထဲသို့ ပြိုကျသွားပြီး မရှိမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုခဏတွင် ကွမ်းလီတဲ့၏ ခန္ဓာကိုယ်က ယာယီပိတ်လှောင်ခံလိုက်ရသည်။
သူ၏လက်ဖဝါးစွမ်းအားက ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် တားဆီးခံလိုက်ရပြီး ရှေ့တိုး၍လည်းမရသလို နောက်ဆုတ်၍လည်း မရတော့ပေ။
ဤသည်က ခဏတာမျှသာဖြစ်သော်လည်း တစ်ခုခုမှားနေပြီဟု ချက်ချင်းပင် ကွမ်းလီတဲ့ ခံစားလိုက်ရသည်။
သူ၏ တိုက်ကွက်မပြောင်းလဲခင်မှာပင် ရန်ကျောက်ကဲ၏မျက်တန်းများထဲမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ကွမ်းလီတဲ့ကို အေးစက်စွာစူးစိုက်ကြည့်နေစဉ် သူ၏ ညာဘက်မျက်လုံးအတွင်းမှ ခရမ်းရောင်မိုးကြိုးအလင်းတန်းတစ်ခု လက်ခနဲ ထွက်ပေါ်လာသည်။
ထို့နောက် ရန်ကျောက်ကဲ၏ဘယ်ဘက်မျက်လုံးတွင် ခရမ်းရောင်မိုးကြိုးအလင်းတန်း လင်းလက်လာသည်။
ပြီးတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင်မိုးကြိုးအလင်းတန်းများ လင်းလက်လာသည်။ ထိုအခိုက်အတန့်တွင် မိုးမြေတစ်ခွင်မှ ရှိသမျှအလင်းရောင်များအားလုံး မှေးမှိန်သွားပုံရသည်။
ထိုခဏတွင် မိုးမြေတစ်ခွင်ကို ထိတ်လန့်တုန်လှုပ်စေသော မိုးကြိုးပစ်သံများသာ ရှိနေသည်။
အကန့်အသတ်မရှိ မရေမတွက်နိုင်သော မိုးကြိုးပစ်သံများနှင့် တောက်လောင်နေသော မိုးကြိုးအလင်းတန်းများအားလုံး တပြိုင်တည်း ထုတ်လွှတ်လိုက်သည့်ပမာပင်။
ဤသည်က “ပကတိမိုးကြိုးစွမ်းအား” ဖြစ်၏။
ဤတန်ခိုးစွမ်းအားကို ထုတ်လွှတ်နိုင်သည်မှာ ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲတွင် ကွယ်ဝှက်ထားသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ စွမ်းအားတစ်ခုတည်းမျှသာ မဟုတ်ပေ။ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများအားလုံး ပကတိမိုးကြိုးစွမ်းအားဖြင့် လောင်မြိုက်သွားခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ထုတ်လွှတ်လိုက်သည့်အခါ သူ့ထံမှတန်ခိုးစွမ်းအားက လျော့နည်းသွားခြင်း မရှိပေ။
အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစမှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သွားပြီးနောက် ထိုပစ္စည်းက ပြန်လည်ငြိမ်သက်သွားသည့်တိုင် ရန်ကျောက်ကဲ၏ ကိုယ်ပိုင်စွမ်းအားကို ထိခိုက်မည် မဟုတ်ပေ။
သို့သော် ယခုတော့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းသာမဟုတ်ဘဲ ရန်ကျောက်ကဲကိုယ်တိုင်က ‘ပကတိမိုးကြိုးစွမ်းအား’ ကို အပြည့်အဝ အသုံးပြုလိုက်ခြင်း ဖြစ်၏။
ယင်ယန်ကောင်းကင်ကျမ်းစာမှ ချီစွမ်းအားပြန်လည်ြည့်တင်းပေးနိုင်သော နည်းစနစ်များ ၊ ထိုက်ကျိယင်ယန်လက်ဝါးသိုင်း ၊ မိုးကြိုးတုန်လှုပ်သိုင်းကွက်များသည်ပင် ဤသို့ စွမ်းအားပေါက်ကွဲထွက်မှုကို အချိန်တိုအတွင်း စွမ်းအားပြန်လည်ဖြည့်တင်းပေးရန် မဖြစ်နိုင်ခဲ့ပေ။
တိုက်ခိုက်မှုပြီးသည်နှင့် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့် ဝိညာဉ်စွမ်းအားများ အလွန်အမင်း လျော့နည်းသွားမည် ဖြစ်သည်။
သို့သော် ဤသို့ ဆုံးရှုံးခံလိုက်သည်နှင့် သူ၏ အဆုံးစွန်သော တိုက်ခိုက်မှုစွမ်းအားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
ကြောက်မက်ဖွယ်ရာ မိုးကြိုးစွမ်းအားများက မိုးမြေတစ်ခွင်လင်းလက်တောက်ပစွာထွက်ပေါ်လာပြီး ကြီးမားသော အလင်းတိုင်လုံးကြီးတစ်ခု ဖြစ်တည်လာသည်။
ထိုက်ယီချိုးဖျက်အစီအရင်မှ စွမ်းအားများအားလုံးက ရန်ကျောက်ကဲဆီသို့ ဦးတည်လာသည်။
ရန်ကျောက်ကဲက သူ၏လက်ဖဝါးကို အသုံးပြုကာ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို ထုတ်ဖော်လိုက်၏။
အစီအရင်၏အကူအညီဖြင့် ပကတိမိုးကြိုးစွမ်းအားပေါက်ကွဲထွက်သွားပြီး ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုက ကွမ်းလီတဲ့ထက် ခြေလှမ်းတစ်ဝက်ခန့် ပိုမိုမြန်ဆန်သွားခဲ့သည်။
သို့သော် ဤသို့ ခြေလမ်းတစ်ဝက်ခန့် မြန်ဆန်ခြင်းကပင် မိုးမြေအစွန်းတစ်ခုအထိ ကွာခြားသကဲ့သို့ ဖြစ်နေပေပြီ။
အရာခပ်သိမ်းကို သုတ်သင်ပစ်နိုင်သော ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းက ဖန်ဆင်းခြင်းအားလုံး၏ အဆုံးသတ်တွင် ထင်ရှားပေါ်လွင်လာသည်။
ပကတိမိုးကြိုးစွမ်းအား၏ တောက်လောင်နေမှုက နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်နှင့် ပေါင်းစည်းသွားပြီး ထူထဲသော အဖြူရောင်ဓားချီက မိုးမြေတစ်ခွင်လုံးသို့ လွှမ်းခြုံသွားသည်။
ကြိုတင်သတိပေးခြင်းမရှိဘဲ ထုတ်လွှတ်လိုက်သော ဓားဝိညာဉ်က ရန်ကျောက်ကဲ၏ အစွမ်းထက်ဆုံးနှင့် အပြင်းထန်ဆုံးသော နတ်ဘုရားအဆုံးသတ်ဓားသိုင်းပင် ဖြစ်၏။
အဆုံးမဲ့ဓားချီက အလင်းတန်းတစ်ခုအဖြစ်သိပ်သည်းသွားသည်။
ဓားအလင်းတန်းက အပြည့်အဝ အာရုံစူးစိုက်မှုရှိနေပြီး သာမန်ဓားဝိညာဉ်ထက်ပင် ပိုမိုလျှင်မြန်သည်။
ကွမ်းလီတဲ့က အခြေအနေများကို နားမလည်နိုင်သေးသော်လည်း သူက ခြေလှမ်းတစ်ဝက်ခန့် နောက်ကျနေပေပြီ။
ရက်စက်ကြမ်းတမ်းသော ဓားချီသည် ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင်ရှိနေသည့် ကြယ်စင်ပင်လယ် ဝဲဂယက်အတွင်း ထိုးဖောက်ဝင်ရောက်သွားပြီး ကွမ်းလီတဲ့ကို တိုက်ရိုက်ထိုးစိုက်ချလိုက်သည်။
ကွမ်းလီတဲ့က ဓားချက်ကိုပိတ်ဆို့ရန် လက်ကိုမြှောက်လိုက်သည်။
သို့သော် ဓားဝိညာဉ်က ကြယ်များကိုဆွတ်ခြူပြီး လင်းကိုဖမ်းဆုပ်တော့မည့် လက်ဖဝါးတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ကွမ်းလီတဲ့၏ ကြေကွဲဖွယ်ရာ အော်ဟစ်ညည်းညူသံကြီးက မိုးမြေတစ်ခွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
သို့သော် သွေးစများ လုံးဝလွင့်ပျံထွက်သွားခြင်း မရှိပေ။
သူ၏ဒဏ်ရာမှ အသွေးအသားများက ဓားဝိညာဉ်၏တိုက်စားသွားခြင်းကို ခံရပြီး မည်သည့်အရာမှ ကျန်ရစ်ခဲ့ခြင်း မရှိတော့သောကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲ၏ အဖြူရောင်ဓားချီက ကွမ်းလီတဲ့၏လက်ဖဝါးကို ထိုးဖောက်ပြီးနောက် ပျက်ဆီးမသွားဘဲ ဆက်လက်တည်ရှိနေပြီး ရင်ဘတ်မှတစ်ဆင့်ဖြတ်ကျော်ကာ ညာဘက်လက်မှတစ်ဆင့် ဖောက်ထွက်သွားသည်။
ကွမ်းလီတဲ့ အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ထုတ်ဖော်ကာ ဒဏ်ရာကို ဖိနှိပ်ကုသရန် ကြိုးစားလိုက်၏။
သို့သော် ဒဏ်ရာကိုကုသရန် ထုတ်ဖော်လိုက်သည့် ကြယ်တာရာချီစွမ်းအားအနှစ်သာရက ဒဏ်ရာကို လာရောက်ထိတွေ့သည်နှင့် ထိုချီစွမ်းအားများပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ပျောက်ကွယ်သွားရသည်။
ကွမ်းလီတဲ့မှာ တုန်လှုပ်သွားသလို ဒေါသလည်းထွက်သွားပြီး ‘အရုဏ်ဦးကြယ်စင်သရဖူ’ ကို ဝှေ့ယမ်းကာ ရွှေရောင်ဥက္ကာပျံအလင်းတန်းများဖြင့် ရန်ကျောက်ကဲကို ပစ်မှတ်ထားတိုက်ခိုက်လိုက်သည်။
လက်ရှိအချိန်တွင် ရန်ကျောက်ကဲက အလွန်တရာ အားနည်းသည့်အခြေအနေတွင်ရောက်ရှိနေသော်လည်း ‘အရုဏ်ဦးကြယ်စင်သရဖူ’ ၏ တိုက်ခိုက်မှုကိုတားဆီးရန် ထူးကဲယန်သရဖူကို ဆွဲကိုင်ထားနိုင်ဆဲ ဖြစ်၏။
ဒါကိုမြင်တော့ ကွမ်းလီတဲ့ ဒေါသပေါက်ကွဲသွားသည်။
အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်သည် ရန်ကျောက်ကဲလက်ထဲတွင် ဤသို့သောအရှုံးတရားဖြင့် ရင်ဆိုင်ရမည်ဟု ဘယ်သောအခါမှ ထင်မထားခဲ့မိပေ။
သို့သော် ယခုအချိန်မှာတော့ သူလည်း ဆက်လက်လှုပ်ရှားရဲခြင်း မရှိတောပေ။
သူ ရရှိထားသည့် ဒဏ်ရာများက အလွန်ပြင်းထန်နေချိန် ရန်တိက ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ’ရှီ’ တို့ကို သုတ်သင်သတ်ဖြတ်လိုက်ပေပြီ။
တာအိုဆရာ’ရှီ’ သည် မိုးမြေနက္ခတ်အစီအရင်အပြင် အခြားသော အစီအရင်များကို တည်ဆောက်ပြီး သူ့ကိုယ်သူကာကွယ်ရန်ကြိုးစားသော်လည်း ရန်တိ၏ ပြိုင်ဘက်ကင်းဓားဝိညာဉ်ကို ခုခံနိုင်ခဲ့ခြင်း မရှိပေ။
သူ့ကိုကာကွယ်ရန် မုန်တိုင်းမွှေလိပ်မရှိတော့သဖြင့် သူ၏နည်းလမ်းများစွာကို ထုတ်ဖော်ရန်လည်း ခက်ခဲသွားသည်။
ထိုအချိန် ရန်တိက ရန်ကျောက်ကဲအခြေအနေကို အကဲခတ်လိုက်၏။
တာအိုဆရာ’ရှီ’ အား ဒဏ်ရာအပြင်းအထန်ရစေရန် ဓားဖြင့်ခုတ်ပိုင်းချလိုက်ပြီးနောက် ရန်တိက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရန်ကျောက်ကဲကိုကူညီရန် ကွမ်းလီတဲ့ရှိရာသို့ ဝင်ရောက်သွားသည်။
ဓားသွားအလင်းတန်းများက အဆုံးမရှိသည့်ရေစီးကြောင်းများပမာ ဆင်းသက်လာပြီး ဒဏ်ရာအပြင်းအထန်ရနေသည့် ကွမ်းလီတဲ့ထံသို့ဝင်ရောက်လာသည်။ ကွမ်းလီတဲ့မှာ သူ့ကိုယ်သူကာကွယ်ရန် ‘အရုဏ်ဦးကြယ်စင်သရဖူ’ ကိုသာ အားကိုးရတော့သည်။
ဤ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ထိုးစစ်ဆင်ရာတွင်ပြင်းထန်သော်လည်း ခံစစ်တွင်တော့ အားနည်းသည်။ ထို့ကြောင့် ရန်တိ၏ဓားချက်ကျရောက်လာသည်နှင့် တောင့်ခံနိုင်ခြင်းမရှိဘဲ ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရသည်။
ထိုအချိန် ရန်ကျောက်ကဲက ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ၏ အစိမ်းရင့်ရောင်ဝါးကိုင်းကို ပစ်လွှတ်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲပစ်လွှတ်လိုက်သော ဝါးကိုင်းကို လှမ်းယူလိုက်ပြီး ကွမ်းလီတဲ့၏ဦးခေါင်းထက်သို့ မညှာမတာ ရိုက်ချလိုက်လေသည်။
ကွမ်းလီတဲ့မှာ ဒွါရ (၇)ပေါက်မှ အငွေ့များပျံလာသည်အထိ ဒေါသချောင်းချောင်းထွက်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲထက်အားနည်းသော်လည်း သူ၏လက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းကတော့ ကွမ်းလီတဲ့၏ဦးခေါင်းထက်မှ ‘အရုဏ်ဦးကြယ်စင်သရဖူ’ အား ထိုးနှက်နိုင်ဆဲ ဖြစ်သည်။
ကွမ်းလီတဲ့မှာ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ရန်တိ၏ဓားချက်ကိုလည်း ခက်ခက်ခဲခဲ ရှောင်တိမ်းလိုက်ရသည်ဖြစ်ရာ ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းကို တားဆီးနိုင်ခြင်း မရှိတော့ပေ။
သူ၏ ‘အရုဏ်ဦးကြယ်စင်သရဖူ’ မှာ ထူးဆန်းသော အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်နှက်ခံရပြီး ကြယ်ရောင်အလင်းတန်းများ မှေးမှိန်သွားသည်ကို မည်သို့မှမတတ်နိုင်စွာ ကြည့်နေရတော့သည်။
သူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းသာမက သူ၏ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများသည်လည်း ဝါးကိုင်းဖြင့် တစ်ချက်ထိမှန်ရုံဖြင့် ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။
စောစောက ရှန်လင်ကျီသေဆုံးသွားခြင်းအတွက် ကွမ်းလီတဲ့ တုန်လှုပ်ချောက်ချားစွာခံစားခဲ့ရသော်လည်း သူ၏ ကိုယ်ပိုင်တန်ခိုးစွမ်းအားအပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့၏ တန်ခိုးစွမ်းအားက သူထင်မှတ်ထားသည်ထက် ကျော်လွန်နေသည့်တိုင် ကွမ်းလီတဲ့စိတ်ထဲ အဆိုးဆုံးတွေးထားသည်မှာ သူ့အနေဖြင့် အမတမှော်ဝင်ပစ္စည်းကို ရယူနိုင်ခြင်းမရှိသည့်တိုင် လွတ်အောင်ထွက်ပြေးနိုင်မည်ဟု ယူဆထားသည်။
ထိုမှတစ်ပါး သူ့အတွက် အခြားသောထိခိုက်မှုရှိမည်ဟု ထင်မထားခဲ့ပေ။
သို့သော် ယခုတော့ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူသည် သူ့အပေါ်ကျရောက်လာသည့် သေမင်းခြိမ်းခြောက်မှုကို အမှန်တကယ် ခံစားနေရပေပြီ။
ထိုသေမင်းခြိမ်းခြောက်မှုမှာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ပင်မရှိသေးသည့် သိုင်းဂိုဏ်းတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်၏။
ယခင်တစ်ချိန်က ထိုသို့သောသိုင်းဂိုဏ်းမျိုးကို ကွမ်းလီတဲ့က လက်ဖဝါးတစ်ဖက်လှန်လိုက်ရုံဖြင့် ဖျက်ဆီးပစ်နိုင်သည်ပင်။
ဥပမာပေးရလျှင် ယိုးမင်ဂိုဏ်း ဖြစ်၏။
ယိုးမင်ဂမ္ဘီရဂိုဏ်း၏ ရှည်လျားသောအမွေအနှစ်ကို ဆက်ခံခဲ့သော ယိုးမင်ဂိုဏ်းကို သူဖျက်ဆီးရန်ကြိုးစားခဲ့ပြီး လင်ဟန့်ဟွာသာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက တစ်ဂိုဏ်းလုံး အမြစ်ပြတ်သွားပေမည်။
သို့သော် ယနေ့မှာတော့ ဝါဒတောင်တွင် ပြင်းထန်သည့် တိုက်စစ်ကိုခံစားခဲ့ရပြီး လုံးဝ အကူအညီမဲ့ခဲ့ရသည်။
အဆုံးသတ်မှာတော့ သူ၏ဦးခေါင်းထက်မှ ‘အရုဏ်ဦးကြယ်စင်သရဖူ’ သည် ရန်ကျောက်ကဲ၏ ဝါးကိုင်းဖြင့်ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
မိုးမြေတစ်ခုလုံးကို တုန်လှုပ်စေသော ရန်တိ၏ဓားက တစ်ဖန်ပြန်လည်မြင့်တက်လာပြီး ဒဏ်ရာအပြင်းအထန်ရရှိထားသော ကွမ်းလီတဲ့ကို ဖိနှိပ်ထားလိုက်သည်။ ကွမ်းလီတဲ့မှာ ခုခံရန်ခက်ခဲပြီး သူ၏လက်တစ်ဖက်ခုတ်ပိုင်းခံရကာ လေထဲသို့ လွင့်ထွက်သွားသည်။
သူက ထိုက်ယီချိုးဖျက်အစီအရင်ထဲသို့ ဝင်ရောက်သွားပြီး အောက်ဘက်သို့ဆင်းသက်သွားသော ရန်ကျောက်ကဲကို မုန်းတီးစွာ စူးစိုက်ကြည့်လိုက်သည်။
လက်ရှိတွင် ရန်ကျောက်ကဲက လူတိုင်း၏အကာအကွယ်အောက်သို့ ရောက်ရှိနေပြီး အေးအေးဆေးဆေး တင်ပျဉ်ခွေထိုင်ကာ ချီစွမ်းအားပြန်လည်ပြည့်ဝလာစေရန် အားဖြည့်ကျင့်ကြံနေသည်။
ကွမ်းလီတဲ့ သူ့ကိုလှမ်းကြည့်သည်ကိုမြင်တော့ ရန်ကျောက်ကဲက ပျော်ရွှင်စွာရယ်မောရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
“ဆရာကြီး... ကြည့်ရတာ မင်းအရည်အချင်းနဲ့ဆိုရင် အမတမှော်ဝင်ပစ္စည်း မင်းကိုပေးလိုက်ရင်တောင် အဲဒါကို သိပ်ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး ၊ ဒီလိုဆိုမှတော့ ငါပဲ ယူထားလိုက်တော့မယ်”