ကျူတောပင်လယ်ဒေသမှအသစ်သောသြဇာလွှမ်းမိုးမှု
Vol. 63 Ch. 885
အခန်း (၈၈၅) ကျူတောပင်လယ်ဒေသမှအသစ်သောသြဇာလွှမ်းမိုးမှု
ထိပ်တန်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည့် ကွမ်းလီတဲ့ ၊ ရှန်လင်ကျီ ၊ ဧကရာဇ်ရွှမ်ချန်နှင့် ခန်းဖင်းတို့အားလုံး တိုက်ပွဲတွင် သတ်ဖြတ်ခံခဲ့ရသည်။
တာ့ရွှမ်တိုင်းပြည်ဘက်မှ ဦးဆောင်တိုက်ခိုက်ရန်အတွက် တာအိုဆရာ’ရှီ’ ၊ ဟယ်တုန်းချန်နှင့် ကုကျန်းတို့ ကျန်ရှိနေသေးသော်လည်း တိုက်ပွဲရလဒ်က သိသာထင်ရှားနေပေပြီ။
တစ်ချိန်ကဆိုလျှင်တော့ တာအိုဆရာ’ရှီ’ ၊ ဟယ်တုန်းချန်နှင့် ကုကျန်းတို့၏ ပေါင်းစည်းအားက ကျူတောပင်လယ်ဒေသမှ မည်သည့်အင်အားစုကိုမဆို သုတ်သင်ပစ်ရန် လုံလောက်ပေမည်။
တာအိုဆရာ’ရှီ’ ၏ အစီအရင်ပညာကျွမ်းကျင်မှုနှင့်ဆိုလျှင် ကျူတောပင်လယ်ဒေသ၏ နံပါတ်(၁) ခံစစ်အစီအရင်များဖြစ်သော ကြေးနီကျွန်းသည်ပင် တာ့ရွှမ်တိုင်းပြည်၏ ထိုးစစ်ဆင်မှုကို ခက်ခက်ခဲခဲ တွန်းလှန်ရမည် ဖြစ်၏။
သို့သော် တာ့ရွှမ်တိုင်းပြည်သည် ဝါဒတောင်၏ခြေရင်းတွင် ကျဆုံးခဲ့ရပြီ ဖြစ်သည်။
ရန်ကျောက်ကဲက စောစောကတိုက်ပွဲပြီးသည့်နောက် စွမ်းအားပြန်လည်ဖြည့်တင်းရန် ယာယီနောက်ပြန်ဆုတ်သွားရသော်လည်း ရန်တိနှင့်အတူ ဝါဒတောင်မှ အခြားသော သိုင်းကျင့်ကြံသူများက အခြားရန်သူများကို သုတ်သင်ရန် လုံလောက်နေပြီ ဖြစ်သည်။
တာအိုဆရာ’ရှီ’ နှင့် ဟယ်တုန်းချန်တို့က ဒဏ်ရာရရှိထားပြီဖြစ်ရာ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။ ဤသို့ အကျပ်အတည်းအခြေအနေတွင် ကုကျန်းလွတ်မြောက်ရန်သာ သူတို့က ကူညီပေးကြသည်။
ကုကျန်းသည်လည်း အချိန်ရေစီးကြောင်းဓားသိုင်းကို ကျင့်ကြံထားသူဖြစ်လေရာ သူ၏ဓားဝိညာဉ်က အလွန်အမင်း လျှင်မြန်သည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကုကျန်းထက် မလျော့သော အရှိန်အဟုန်ဖြင့် သူ့ကိုတားဆီးလိုက်ပြီး ရွှမ်ဧကရာဇ်လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။
ရန်တိက စစ်မြေပြင်တစ်လျှောက် စိုးမိုးနိုင်ခဲ့ပြီး မရေမတွက်နိုင်သော ဝိညာဉ်များကို သူ၏ဓားဖြင့် ရိတ်သိမ်းခဲ့သည်။
“ဝါဒတောင်ကိုကျူးကျော်လာသူမှန်သမျှ တစ်ယောက်မှပြေးဖို့မစဉ်းစားနဲ့” ဆိုသော ရန်ကျောက်ကဲ၏စကားသည်လည်း ပြီးပြည့်စုံသွားခဲ့လေ၏။
အရာအားလုံး ပြီးဆုံးသွားသည့်နောက် ဝိညာဉ်နယ်မြေ၏ မိုးမြေတစ်ခွင်သည်လည်း ပြန်လည်ငြိမ်သက်စပြုလာသည်။ သို့သော် နေရာတစ်ခုလုံးက ပရမ်းပတာ ဖရိုဖရဲဖြင့် ရှုတ်ထွေးလျှက် ရှိသည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာရှိ ဝိညာဉ်စွမ်းအားများက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့ကဲ့သို့သော အောက်ဘုံကမ္ဘာများထက် သာလွန်ပြီး တည်ငြိမ်မှု ရှိသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဖျက်ဆီးပစ်ရန်လုံလောက်သောစွမ်းအားသည် အထက်ဘုံကမ္ဘာတိုက်ပွဲတွင်တော့ အရှိန်အဟုန်တစ်ခုအထိသာ ပြင်းထန်သည်။
သို့ပေသိ လက်ရှိဖြစ်ပွားခဲ့သော ဝါဒတောင်တိုက်ပွဲတွင် တန်ခိုးစွမ်းအားရှင်များစွာ ပါဝင်ခဲ့ကြသည်။
ထို့ကြောင့် ကျူတောပင်လယ်ဒေသမှ အခြားသူများသည် ဝိညာဉ်နယ်မြေတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲလှိုင်းလုံးများ ရပ်စဲသွားသည်ကို အာရုံခံမိသည်နှင့် အခြေအနေလေ့လာရန် ရောက်လာကြသောအခါ သူတို့မျက်စိရှေ့မှ မြင်ကွင်းများက ကမ္ဘာအဆုံးသတ်မြင်ကွင်းများပမာ ဖြစ်နေကြောင်း တွေ့မြင်လိုက်ကြရသည်။
လှိုင်းထန်နေသော ပင်လယ်ရေများအလယ် ရေဝဲဂယက်များ ပြင်းထန်နေပြီး ပင်လယ်လှိုင်းလုံးများက ကောင်းကင်ထိတိုင် မြင့်တက်နေသည်။
ပင်လယ်အောက်ခြေရှိ သတ္တာကျောက်တန်းများအားလုံးနီးပါး အက်ကွဲလျှက် သွေးနီရောင်အလင်းတန်းများ အဆက်မပြတ်စီးဆင်းနေပြီး ပင်လယ်ရေအောက်တွင် မီးလျှံသွေးကြောများ ပေါက်ပြဲကာ လောင်ကျွမ်းလျှက် ရှိသည်။
များပြားလှစွာသော ဗလာနယ်ကအက်ကွဲကြောင်းများကို ကောင်းကင်ထက်တွင် တွေ့မြင်နိုင်သည်။
လက်ရှိတွင် ထိုအက်ကွဲကြောင်းများက ထိတ်လန့်စရာမြင်ကွင်းတစ်ခုပမာ ပုံပျက်ပန်းပျက်ရှိနေသည့်တိုင် တဖြည်းဖြည်း ပြန်လည်ပျောက်ကင်းသွားမည် ဖြစ်သည်။
သူ့အရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“အခု ကိစ္စရပ်တွေက သဘာဝပသာဒနယ်မြေက အဆုံးမဲ့သံလိုက်မုန်တိုင်းတွေထက်တောင် ကြောက်ဖို့ကောင်းသေးတယ် ၊ ကျင့်ကြံခြင်းအဆင့် မလုံလောက်တဲ့သူတွေ တိုက်ပွဲနယ်မြေထဲရောက်သွားတာနဲ့ ချက်ချင်း သေကြေပျက်ဆီးရမှာပဲ”
သူ့နံဘေးတွင် မြောက်ပင်လယ်ဓားခန်းမ အရှင်သခင် ‘ကုဟုန်’ မတ်တတ်ရပ်နေသည်။
“ပြင်ပအကူအညီလုံးဝမပါဘဲ ဝါဒတောင်က ဒီတိုက်ပွဲကိုဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ တွေးကြည့်ဖို့တောင်ခက်တယ်”
ကျိုးဟောက်ရှန်းက ခဏမျှ တိတ်ဆိတ်သွားပြီးမှ...
“အဲဒါက ဧကရာဇ်မင်းချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းကြောင့်လို့ ထင်သလား”
ကုဟုန်က...
“မသိဘူးလေ...”
သူက ဆက်ပြောသည်။
“ယုတ္တိကျကျပြောရရင်တော့ ဝါဒတောင်မှ အမတမှော်ဝင်ပစ္စည်းကို ထုတ်ဖော်အသုံပြုနိုင်တဲ့သူ တစ်ယောက်မှ မရှိနိုင်ဘူး ၊ ဒါပေမဲ့ ဝါဒတောင်ကိုရော နေဝန်းထက်ယံသခင်လေးကိုရော သာမန်စံနှုန်းနဲ့ တိုင်းတာလို့တော့ မရနိုင်ဘူး”
ရန်ကျောက်ကဲက ‘နေဝန်းထက်ယံသခင်လေး’ ဆိုသော နာမည်နှင့်ပတ်သက်ပြီး သိပ်ပြီးအလေးမထားခဲ့သည့်တိုင် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှာတော့ ထိုနာမည်က ပျံ့နှံ့နေဆဲ ဖြစ်၏။
အရင်တုန်းက သူ့ကို ထိုသို့ခေါ်ဆိုသူ အများစုက ကျင့်ကြံခြင်းအဆင့်နည်းပါးပြီး နောက်ခံမရှိသော ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့သော် ယခုတော့ ကုဟုန်ကဲ့သို့သော လူမျိုးကပင် ထိုအမည်ကို အသုံးပြုနေပြီ ဖြစ်သည်။
ကျိုးဟောက်ရှန်းသည်လည်း ထိုနာမည်ကိုကြားသောအခါတွင် အလွန်သဘာဝကျသည်ဟု ခံစားရပြီး သင့်လျော်မှု မရှိဟု မထင်ခဲ့မိပေ။
မြောက်ပင်လယ်ဓားခန်းမနှင့် ယိုးမင်ဂိုဏ်းတို့ ကျရှုံးသွားခဲ့သော်လည်း ကုဟုန်နှင့် ကျိုးဟောက်ရှန်းတို့ကို ဝါဒတောင်က ပုံမှန်အတိုင်း လက်ခံဆဲ ဖြစ်သည်။
ဝါဒတောင်သို့ ရောက်ရှိပြီးနောက် အသေးစိတ်အကြောင်းအရာများကို ကြားရသည့်အခါ သူတို့ (၂)ယောက် ပို၍ပင် တုန်လှုပ်သွားရသည်။
ဝါဒတောင်သည် တာ့ရွှမ်တိုင်းပြည်၏ထိုးနှက်မှုကိုခံရပြီး ရှင်သန်နိုင်သည်ဆိုရုံမျှ ကျန်ရစ်ခဲ့သည်ဟု မူလက သူတို့ထင်မှတ်ခဲ့ကြသည်။
သို့သော် ဝါဒတောင်သည် ဤကပ်ဘေးမှ လွတ်မြောက်ခဲ့ရုံသာမက ကပ်ဘေးကိုပင် ခြေထောက်ဖြင့် ဆောင့်နင်းခဲ့ကြောင်း သိရှိခဲ့ရသည်။
အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့်ရှိသော ‘ဟယ်တုန်းချန်’။
အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့်ရှိသော ‘ကုကျန်း’။
အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့်ရှိသော ‘ခန်းဖင်း’ နှင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’။
အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့်ရှိပြီး လောကပထမ အစီအရင်ပညာကျွမ်းကျင်သူဖြစ်သော တာအိုဆရာ’ရှီ’။
အမတကူးပြောင်းခြင်း အလယ်ဆင့် ၊ သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော မီးငါးသွယ် ရတနာခုနစ်သွယ်ချပ်ဝတ်ပိုင်ဆိုင်သည့် ‘ဧကရာဇ်ရွှမ်ချန်’။
မြောက်ပင်လယ်ဓားခန်းမနှင့် ယိုးမင်ဂိုဏ်းတို့ကို ဓားချက်တစ်ချက်တည်းဖြင့် အမြစ်ပြုတ်တိုက်ခိုက်ခဲ့သည့် ကြောက်မက်ဖွယ်ရာအိပ်မက်ဆိုး ‘ရှန်လင်ကျီ’။
ထိုသူများအပြင်...
သူတို့အားလုံးမျှော်လင့်ထားသည်ထက် ကျော်လွန်သည်မှာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ စွမ်းအားအကြီးမားဆုံး ကျင့်ကြံသူ ၊ သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ သည်လည်း ဝါဒတောင်လက်ချက်ဖြင့် သေဆုံးသွားရခြင်းပင် ဖြစ်၏။
ဤသို့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခွင်မှ စွမ်းအားကြီးမားလှသော ကျင့်ကြံသူများအားလုံး ပေါင်းစည်းလိုက်လျှင် ကျင်းထင်တောင်သည်ပင် တောင့်ခံနိုင်ပါမည်လား။
သို့သော် ထိုတန်ခိုးစွမ်းအားရှင်များအားလုံးကို ဝါဒတောင်မှ ရန်ကျောက်ကဲ ၊ ရန်တိနှင့် အခြားသူများက သတ်ဖြတ်ပစ်ခဲ့ကြသည်။
ဝါဒတောင်သို့ ကျူးကျော်လာသူများအားလုံး ခြွင်းချက်မရှိ သုတ်သင်ခံခဲ့ရသည်။
ကျူတောပင်လယ်ဒေသ ၊ တာ့ရွှမ်တိုင်းပြည်၏ အထွတ်ထိပ်ကျင့်ကြံသူများအားလုံး တစ်ချက်တည်းဖြင့် ရှင်းလင်းခံလိုက်ရသည်။ ဝါဒတောင်က ဆန္ဒရှိသည်ဆိုလျှင် တာ့ရွှမ်တိုင်းပြည်မြို့တော်သို့ သွားရောက်ဖျက်ဆီး၍ပင် ရနိုင်သည်။
ကုဟုန်နှင့် ကျိုးဟောက်ရှန်းတို့ ထိုအချက်ကို သဘောပေါက်သွားသည့်အခါ အချိန်တစ်ခုကြာအောင် မှင်တက်သွားကြသည်။
ယခု တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ သိုင်းကျင့်ကြံသူများနှင့် ရင်ဆိုင်နေသည့် လင်ဟန့်ဟွာက သူတို့ (၂)ယောက်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
မူလက ဝါဒတောင်ကျရှုံးသွားမည်ကို သူတို့နှစ်ယောက်လုံး စိုးရိမ်နေခဲ့ကြသည်။
သို့သော် ယခုတော့ အရာအားလုံးက သူတို့မျှော်လင့်ထားသည်နှင့် လုံးဝမတူကွဲပြားနေသည်။
ဝါဒတောင်သည် ကွမ်းလီတဲ့နှင့် တာ့ရွှမ်တိုင်းပြည်အတွက် ကပ်ဘေးတစ်ခု ယူဆောင်လာသည်ဟုပင် ဆိုနိုင်သည်။
သတိပြန်ဝင်လာချိန်မှာတော့ အတိတ်တစ်ချိန်က ကျူတောပင်လယ်ဒေသ၏ ထိပ်တန်းအဆင့်ကျင့်ကြံသူများဖြစ်ကြသော ကုဟုန်ရော ကျိုးဟောက်ရှန်းပါ ထူးဆန်းစွာပြုံးရင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျူတောပင်လယ်ဒေသ မူလနေရာတွင် သူတို့၏သိုင်းဂိုဏ်းများ ပြန်လည်ခြေချမည်ဆိုလျှင် ဝါဒတောင်အနေဖြင့် မည်သို့သောသဘောထားရှိမည်ကို စုံစမ်းမေးမြန်းရမည် ဖြစ်၏။
ဝါဒတောင်က... ကျူတောပင်လယ်ဒေသတွင် အာဏာတည်ထောင်ထားသော သိုင်းဂိုဏ်းအသစ်တစ်ခု ဖြစ်သည်။
သို့သော် ယခင်တစ်ချိန်က အင်အားကြီးမားခဲ့ဖူးသော တာ့ရွှမ်တိုင်းပြည်ထက်ပင် လွှမ်းမိုးနိုင်စွမ်း မြင့်မားခဲ့သည်။
ဤနှစ်များအတွင်း ကျူတောပင်လယ်ဒေသတွင် အပြောင်းအလဲများစွာဖြစ်ပျက်ခဲ့ပြီး အရာအားလုံးက အမြဲတမ်း ပြောင်းလဲလျှက် ရှိသည်။
သို့သော် ယခုတော့ ရှေးယခင်တစ်ချိန် တာ့ရွှမ်တိုင်းပြည်တည်ထောင်ခဲ့စဉ်ကလိုပင် အခြေအနေများက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ဟိုစဉ်တစ်ချိန်က ပင်လယ်ကိုဖြတ်သန်းလာသည့် နဂါးတစ်ကောင်ပမာ အင်အားကြီးမားလှသော တာ့ရွှမ်တိုင်းပြည်နှင့်နှိုင်းယှဉ်လျှင် အောက်ဘုံကမ္ဘာမှတက်လာပြီး အချိန်တိုအတွင်း အပြောင်းအလဲများစွာကို ပြုလုပ်နိုင်ခဲ့သည့် ဝါဒတောင်က ပိုပြီးတုန်လှုပ်စရာကောင်းခဲ့သည်။
ထို့ကြောင့် ကုဟုန်စိတ်ထဲ ပိုပြီးလေးစားအားကျမှုများကို ခံစားနေရသည်။
သူတို့ မြောက်ပင်လယ်ဓားခန်းမက ရန်ကျောက်ကဲတို့ဝါဒတောင်နှင့် အမြဲတမ်း ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့သည်။
ပြီးတော့ ဝါဒတောင်က တာ့ရွှမ်တိုင်းပြည်လောက် သဘောထားတင်းမာခြင်းမရှိလေရာ သူတို့ဂိုဏ်းပြန်လည်တည်ထောင်ခြင်းအတွက် တားဆီးမည် မဟုတ်ပေ။
အခြားဘက်တွင်တော့ ကျိုးဟောက်ရှန်းမှာ အတော်လေး အူကြောင်ကြောင်ခံစားနေရသည်။
တိုက်ပွဲတစ်ခုလုံးကို ဝါဒတောင်က ဖိနှိပ်အနိုင်ယူခဲ့ခြင်းမှာ ယိုးမင်ဂမ္ဘီရစက်ဝန်းကြောင့်များဖြစ်လေသလားဟု သူက သံသယဝင်နေမိသည်။
သို့သော် သူ့စိတ်ထဲတွင် သိပ်ပြီးမတွေးဝံ့သဖြင့် ဤသံသယများကို ရင်ထဲမှာပင် နက်ရှိုင်စွာ မျိုသိပ်ထားရသည်။
ထို့ပြင် ကွမ်းမင်ဂိုဏ်း ထာဝရဖျက်ဆီးခံလိုက်ရပြီး လော့ကျီးထောင်သည်လည်း ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်သေဆုံးသွားသည်ကို ကြားသိရသည့်အခါ သူ့စိတ်ထဲ ကြီးမားသည့် ခံစားချက်များ ဖြစ်ပေါ်လာရသည်။
ကွမ်းမင်ဂိုဏ်းက သူတို့ယိုးမင်ဂိုဏ်းနှင့် နှစ်ပေါင်းရှည်ကြာ ရန်သူဖြစ်ခဲ့ပေသည်။ ဘဝတစ်လျှောက်လုံး ရန်သူအဖြစ် တိုက်ခိုက်ခဲ့သော ရန်သူတစ်ယောက် ဤသို့အသက်သေဆုံးသွားခြင်းက ကျိုးဟောက်ရှန်းကို အတော်လေး စိတ်ရှုတ်ထွေး ခံစားစေသည်။
ပျော်ရွှင်ခြင်း ၊ စိတ်လှုပ်ရှားခြင်း ၊ ဆုံးရှုံးခြင်းအပြင် ဝမ်းနည်းသလိုပင် ခံစားရသည်။
သို့သော် လက်ရှိတွင် ထိုအတွေးများကိုရပ်တန့်ပြီး တွဒတောင်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန်သာ အာရုံစိုက်ရမည် ဖြစ်သည်။
တိုက်ပွဲအပြီး အခြေအနေငြိမ်သက်သွားသည်နှင့် ကျူတောပင်လယ်ဒေသတစ်ခွင်နှင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခွင်သို့ အဖြစ်အပျက်သတင်းများ ပျံ့နှံ့သွားပြီး လူတိုင်း ယုံမှားသံသယဝင်ခဲ့ကြသည်။
ကျူတောပင်လယ်ဒေသရှိ အလယ်ဆင့်အင်အားစုနှင့် အဆင့်နိမ့်အင်အားစုများစွာသည် သူတို့၏အုပ်စိုးရှင်အသစ်ကို ဂါဝရပြုရန်အတွက် ဝိညာဉ်နယ်မြေ ၊ ဝါဒတောင်ရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။
အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ အခြားဒေသများတွင်ရှိကြသော ဆည်းဆာကျွန်းစု ၊ ကျောက်စိမ်းနေဝန်းတောင်တန်းနှင့် အခြားသောနေရာများကလည်း အသစ်ပေါ်ထွန်းလာသည့် သူတို့၏အိမ်နီးချင်းသိုင်းဂိုဏ်းဖြစ်သော ဝါဒတောင်ကို အာရုံစူးစိုက်နေကြသည်။
ဝါဒတောင် ၊ တာအိုဝါဒ၏အရှေ့ဘက်တောင်ထွတ်။
ထိုနာမည်ကိုကြားရသည့်အခါ လူတိုင်းစိတ်ထဲတွင် ယခင်ကနှင့်မတူညီသည့် ထူးခြားသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ကြရလေသည်။