တိုက်ပွဲကရတဲ့ပစ္စည်းတွေကအမြဲတမ်းအကောင်းဆုံးပဲ
Vol. 63 Ch. 886
အခန်း (၈၈၆) တိုက်ပွဲကရတဲ့ပစ္စည်းတွေကအမြဲတမ်းအကောင်းဆုံးပဲ
ဝိညာဉ်နယ်မြေတိုက်ပွဲအပြီးတွင် ကုဟုန်နှင့် ကျိုးဟောက်ရှန်းတို့အပြင် ကျူတောပင်လယ်ဒေသမှ အခြားသော အင်အားကြီးသိုင်းဂိုဏ်းများသည်လည်း ဝါဒတောင်သို့ လာရောက်ဂါရဝပြုခဲ့ကြသည်။
ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ရင်ဆိုင်ခဲ့ရသည့်တိုင် ဝါဒတောင်က ရောက်ရှိလာသည့်ဧည့်သည်တော်များကို သင့်လျော်သည့် ကြိုဆိုနှုတ်ဆက်မှုပြုလုပ်နိုင်ဆဲဖြစ်လေရာ ဧည့်သည်များမှာ ပို၍ပင် ကြောက်ရွံ့ရိုသေလာကြသည်။
သို့သော် ဧည့်သည်တော်များကို ဧည့်ဝတ်ပြုရင်းဖြင့်ပင် ရန်ကျောက်ကဲနှင့် ဝါဒတောင်က အနောက်ဘက်မှ တိုက်ပွဲကို ပိုပြီးအာရုံစိုက်နေကြသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တို့၏ နယ်ခြားဒေသတွင် ဝါဒတောင်တိုက်ပွဲထက်ပိုမိုကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလျှက် ရှိ၏။
ရန်ကျောက်ကဲနှင့် ဝါဒတောင်မှလူများမှာ ဤတိုက်ပွဲ မည်သို့အဆံးသတ်မည်ကို အလွန်စိုးရိမ်နေခဲ့ကြသည်။
ဝါဒတောင်ဌာနချုပ်တည်ရှိရာ ဝိညာဉ်နယ်မြေက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ နယ်ခြားဒေသတည်ရှိသော ကျူတောပင်လယ်ဒေသ အနောက်ဘက်စွန်းတွင် တည်ရှိသည်။
နယ်ခြားတိုက်ပွဲတွင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ရှုံးနိမ့်သွားခဲ့ပါက ကျူတောပင်လယ်ဒေသ မတည်မငြိမ်ဖြစ်လာမည်မျာ အမှန်ပင်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ သိုင်းကျင့်ကြံသူများ နယ်ခြားမှတစ်ဆင့် အများအပြားကျူကျော်ဝင်ရောက်လာပါက ကျူတောပင်လယ်ဒေသ၏ အခြေအနေသည်လည်း တစ်ဖန်ပြောင်းလဲသွားမည် ဖြစ်သည်။
ထို့ပြင် ရန်ကျောက်ကဲနှင့် ဝူထုန်တောင်စောင်းမှ တောင်ပိုင်းထိပ်တန်းအဆက်အနွယ်များကလည်း မပြေနိုင်သည့်သွေးကြွေးများ ရှိနေကြသည်။
ရန်ကျောက်ကဲက တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်တစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီး ဇာမဏီအရိုးအား ရယူခြင်းကိုလည်း ဖျက်ဆီးနှောက်ယှက်ခဲ့သည်။
ဤရန်ငြိုးက ကြီးမားသည် အမှန်ပင်။
ကျင်းထင်တောင် နောက်ပြန်ဆုတ်သွားရပြီး ကျူတောပင်လယ်ဒေသသာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် သိမ်းပိုက်သည်ကို ခံလိုက်ရမည်ဆိုလျှင် ရန်ကျောက်ကဲနှင့် ဝါဒတောင်သည်လည်း ဤနေရာတွင် ဆက်လက်နေထိုင်၍ မဖြစ်တော့ဘဲ အန္တရယ်ကိုရှောင်ရှားရန်အတွက် အဝေးသို့ဦးတည်ရန် စဉ်းစားရပေမည်။
ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ဒီအဘိုးကြီး သူတို့ကို တိုက်ပွဲမှာသွားကူလိုက်မယ် ၊ ရန်တိ... မင်းက ဝါဒတောင်ကို စောင့်ရှောက်ပါ”
လိုအပ်နေချိန် ကူညီပံ့ပိုးပေးခြင်းက အရာအားလုံးပြည့်စုံနေချိန် လက်ဆောင်ပေးခြင်းထက် ပိုပြီးတန်ဖိုးရှိသည် အမှန်ပင်။
သို့သော် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကြား တိုက်ပွဲ၏ အစောပိုင်းအဆင့်များ ပြီးဆုံးသွားပြီဖြစ်သော်လည်း အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်ကျယ်’နှင့် တောင်ပိုင်း ထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ တို့ ကိုယ်တိုင်ဆုံးဖြတ်ရမည့်အရာများ ရှိနေသေးသည်။
ထိပ်တန်းအရှင်သခင် (၂)ပါး၏ တိုက်ပွဲတွင်အနိုင်ရရှိခြင်း ၊ သို့မဟုတ် ပိုမိုအဆင့်မြင့်သည့်ပုဂ္ဂိုလ်တစ်ယောက်က ကြားဝင်စွက်ဖက် အဆုံးအဖြတ်ပေးမည်ဆိုပါက တိုက်ပွဲက အဆုံးသတ်သွားပေမည်။
ထို့သို့သောအခြေအနေမျိုးတွင် သွားရောက်သူမှာ ရန်တိပဲဖြစ်ဖြစ် ၊ အခြားမည်သူပဲဖြစ်ပါစေ သိပ်ပြီး အရေးမကြီးလှပေ။
အရေးကြီးသည်မှာ ဝါဒတောင်သည် ကျင်းထင်တောင်နှင့်အတူ ဆုတ်ခွာမည်ဖြစ်သလို ကျင်းထင်တောင်နှင့်အတူ တိုက်စစ်ဆင်မည်ဆိုသော သူတို့၏ရပ်တည်ချက်ကို ပြသရန်သာ ဖြစ်သည်။
လက်ရှိ ဝါဒတောင်တွင် လုံလောက်သောအဆင့်အတန်းရှိပြီး အရေးပါသူများမှာ ရန်ကျောက်ကဲ ၊ ရန်တိနှင့် ယွမ်ကျန်းဖုန်းတို့ ဖြစ်ကြသည်။
ရန်တိက ဝါဒတောင်ဌာနချုပ်ကို တိုက်ခိုက်လာသည့်ရန်သူများကို စောင့်ကြည့်နေချိန်တွင် ရန်ကျောက်ကဲသည်လည်း သူ၏တန်ခိုးစွမ်းအားများ ပြန်လည်ရရှိလာခဲ့သည်။
တာ့ရွှမ်တိုင်းပြည်၏အထွတ်ထိပ်အဆင့်ကျင့်ကြံသူများ အားလုံး အချိန်တိုအတွင်း သတ်ဖြတ်ခံခဲ့ရသည်ဖြစ်ရာ အင်အားကြီးမားသော ရန်သူများ ထပ်မံပေါ်ပေါက်လာတော့မည် မဟုတ်ပေ။
ရန်တိက ယိုးမင်ဂမ္ဘီရစက်ဝန်းကို ပစ်မှတ်ထားရန် ရောက်ရှိလာမည့်သူများကို စောင့်ကြပ်ရန် နောက်တန်းတွင်နေရစ်ခဲ့သည်။
ရန်တိက...
“ဆရာ... ဂရုစိုက်ပါ”
ယွမ်ကျန်းဖုန်းက ခေါင်းညိတ်ရင်း...
“မင်းတို့ ဒီမှာကျန်ခဲ့တဲ့လူတွေလည်း ဂရုစိုက်ကြပါ”
ရန်ကျောက်ကဲက...
“ဆရာဘိုးဘိုး... ‘အရုဏ်ဦးကြယ်စင်သရဖူ’ ကိုလည်း ယူသွားပါလား ၊ အချိန်တိုအတွင်း အသုံးမပြုနိုင်ဘူးဆိုရင်တောင်မှ နေ့တိုင်း နည်းနည်းစီအချိန်ယူပြီး ပြုပြင်လို့ ရပါတယ် ၊ ပြီးတော့... အဲဒီသရဖူကိုတွေ့ရင့် ယင်စန်းတောင်ဓားဘုရင်နဲ့ တခြားသူတွေကိုလည်း ကွမ်းလီတဲ့အကြောင်း အစပျိုးသတိပေးထားတဲ့ပုံစံမျိုးဖြစ်တာပေါ့”
ယွမ်ကျန်းဖုန်းက ပြုံးရင်း...
“ဒီအဘိုးကြီးလည်း ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်”
ဝါဒတောင်တိုက်ပွဲအကြောင်းကို ကျင်းထင်တောင်က လိုက်လံစုံစမ်းမည်ဆိုလျှင် ကွမ်းလီတဲ့အကြောင်း သိရှိသွားပါက မီးထဲလောင်စာထည့်လိုက်သည့်ပမာ ဒေါသတဟုန်းဟုန်း တောက်လောင်လာမည် ဖြစ်သည်။
သို့သော် အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် လင်ဟန့်ဟွာတို့က ဤကိစ္စကို လျစ်လျူရှုကာ မသိချင်ယောင်ဆောင်ထားပြီး ရန်ကျောက်ကဲ၏ရှင်းပြချက်ကိုသာ လက်ခံမည်ဖြစ်ကြောင်း (၉၀)ရာနှုန်း သေချာသည်။
ကျင်းထင်တောင်သည် လက်ရှိတွင် ဝူထုန်တောင်စောင်းနှင့် အဓိက တိုက်ပွဲဝင်နေသည်။
ကွမ်းလီတဲ့က သူတို့ကို မကူညီရုံသာမက နောက်ပိုင်းတွင် ပြဿနာများကို နှိုးဆော်နေခဲ့သည်။ ထိုအခြေအနေနှင့်ပတ်သက်ပြီး ကျင်းထင်တောင်က သေချာပေါက် ကျေနပ်မည် မဟုတ်ပေ။
ဤအကြောင်းရင်းမှတစ်ဆင့် သူတို့အနေဖြင့် ကောလဟလများထွက်ရှိလာသော ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ အပေါ် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ ရပ်တည်ချက်ကိုလည်း သိမြင်နိုင်မည် ဖြစ်သည်။
ထို့ပြင် ချောင်ကျယ်က ယိုးမင်ဧကရာဇ်ယင်ထျန်းရှအပေါ် လေးစားမှု ရှိပုံရသည်။
ထို့ကြောင့်သာ သူ၏ပြည်နယ်ဖြစ်သော အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ယိုးမင်ဂမ္ဘီရဂိုဏ်း၏လက်ကျန်များဖြစ်သော ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းတို့ကို လက်ခံထားခဲ့ခြင်း ဖြစ်သည်။
သို့တိုင် သူက ယိုးမင်ဧကရာဇ်ဂူဗိမာန်အတွင်းမှ ရတနာပစ္စည်းများကိုတော့ စိတ်ဝင်စားခဲ့ခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင် ယိုးမင်ဂမ္ဘီရဂိုဏ်းနှင့် မသက်ဆိုင်ပါဘဲ ယိုးမင်ဧကရာဇ်ဂူဗိမာန်မှ ရတနာပစ္စည်းများကို ရယူလိုသူများအား မကျေမနပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။
ထို့ကြောင့် လင်ဟန့်ဟွာက ယိုးမင်ဂိုဏ်းကို ကွမ်းလီတဲ့လကမှ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
ယိုးမင်ဧကရာဇ်ဂူဗိမာန်မှ ရတနာပစ္စည်းအများစုကို ရန်ကျောက်ကဲ ရရှိသွားခြင်းကိုတော့ ချောင်ကျယ်က မကျေမနပ်ဖြစ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော ရွှယ်ချူးချင်နှင့် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ပတ်သက်မှုက အတော်လေး နက်ရှိုင်းကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။
ထိုအတောအတွင်းဖြစ်ပျက်ခဲ့သည့် ကိစ္စအချို့ကို ချောင်ကျယ်သည်လည်း ယောင်ဝါးဝါးသိရှိထားပုံရသည်။ ထိုကိစ္စရပ်များက ယိုးမင်ဂိုဏ်းနှင့် ရန်ကျောက်ကဲကြားဆက်ဆံရေးအပေါ် မူတည်နေသည်ဟုလည်း ဆိုင်နိုင်သည်။
ထို့ကြောင့် အရှေ့တောင် ထိပ်တန်းအရှင်သခင်က ရန်ကျောက်ကဲ ယိုးမင်ဂမ္ဘီရဂူဗိမာန်အတွင်းဝင်ရောက်ခြင်းကို တိတ်တဆိတ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းသည် သန္ဓေတည်ဆဲဖြစ်သော အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော်လည်း အလွန်တရာ တန်ဖိုးရှိလှ၏။
ကျင်းထင်တောင်မှ အဆက်အနွယ်များက သူတို့၏ တန်ခိုးစွမ်းအားနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှုဖြင့် အမြဲတမ်းကျော်ကြားသော်လည်း ရန်ကျောက်ကဲအနေဖြင့် အပြည့်အဝ အန္တရယ်ကင်းသည်ဟု မမှတ်ယူရဲပေ။
ယခုတော့ လော့ကျီးထောင်ကြောင့် သတင်းပေါက်ကြားသွားခဲ့ပြီး ဝါဒတောင်အနေဖြင့် ကွမ်းလီတဲ့၏ပြဿနာကိုအသုံးချကာ ဤကိစ္စနှင့်ပတ်သက်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်၏သဘောထား မည်သို့ရှိကြောင်း စစ်ဆေးနိုင်သည်။
ယွမ်ကျန်းဖုန်း ထွက်ခွာသွားပြီးနောက် ရန်တိက ဝါဒတောင် အရေးကိစ္စများကို ကိုင်တွယ်ရန် ကျန်ရစ်ခဲ့ပြီး ရန်ကျောက်ကဲကတော့ သူ၏အခြေအနေပြန်လည်ကောင်းမွန်လာစေရန် ချိန်ညှိရင်း တိုက်ပွဲမှရရှိခဲ့သည့် ရတနာပစ္စည်းများကို စီစစ်နေသည်။
“စစ်ပွဲပေါက်ကွဲပြီးတာနဲ့ ရွှေတွေရောက်လာတာပဲ”
ရန်ကျောက်ကဲ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
“တိုက်ပွဲကရတဲ့ ရတနာပစ္စည်းတွေကအမြဲတမ်း အကောင်းဆုံးပဲ ၊ ဒါပေမဲ့ တိုက်ပွဲအနိုင်ရဖို့တော့ လိုတာပေါ့”
ဝိညာဉ်နယ်မြေတွင် ဖြစ်ပွားခဲ့သော ဝါဒတောင်တိုက်ပွဲမတိုင်ခင် ဇာမဏီနယ်မြေတွင် ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာသို့တက်လာပြီးနောက်ပိုင်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ၏ ‘အရုဏ်ဦးကြယ်စင်သရဖူ’ အပြင် အခြားသော အဖိုးတန်ပစ္စည်းများစွာကို ရရှိခဲ့သည်။
ရှန်လင်ကျီကို သတ်ဖြတ်ပြီးနောက် သူ၏ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကိုလည်း ရရှိခဲ့သည်။
ဧရာဇ်ရွှမ်ချန်ကို သတ်ဖြတ်ခဲ့ပြီးနောက် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘မီးငါးသွယ်ရတနာခုနစ်သွယ်သံချပ်ကာ’ ကိုလည်း ရရှိခဲ့သည်။
ခန်းဖင်းကို သတ်ဖြတ်ပြီးနောက် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’ ကို ရရှိခဲ့သည်။
ထို့ပြင် ကွမ်းလီတဲ့ကို သတ်ဖြတ်ပြီးသည့်နောက် သူ့ထံမှ လော့ကျီးထောင်၏ ရတနာပစ္စည်းဖြစ်သော နေလစကြာမှ နေစကြာကို ရရှိခဲ့သည်။ ထိုနေစကြာက တစ်ချိန်က ကွမ်းလင်ဂိုဏ်းတွင် အတော်လေး ကျော်ကြားခဲ့သောရတနာပစ္စည်းဖြစ်လေရာ အလွန်တရာ အဖိုးတန်သည်။
ဗလာနယ်အာကာသထဲတွင် လစကြာပျောက်ဆုံးသွားခဲ့သော်လည်း ကျန်ရှိနေသည့် နေစကြာက အဖိုးမဖြတ်နိုင်သော ရတနာပစ္စည်းတစ်ခု ဖြစ်နေဆဲပင်။
တာအိုဆရာ’ရှီ’ တွင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိသော်လည်း သူ့တွင် အခြားသော ထူးဆန်းသည့် ရတနာပစ္စည်းများ ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲ သတ်ဖြတ်ခဲ့သော မုန်တိုင်းမွှေလိပ်၏ လိပ်ခွံထက်မှာပင် များပြားလှစွာသော ဝိညာဉ်သင်္ကေတများ ရှိနေခဲ့သည်။
ပန်ပန်သာမက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအတွက်လည်း ကျင့်စဉ်လမ်းလျှောက်လှမ်းရာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲ ပိုပြီးစိတ်ဝင်စားသည်ကတော့ တာအိုဆရာ’ရှီ’ ထံမှ သူရရှိခဲ့သည့် အစီအရင်မူကြမ်းများပင် ဖြစ်သည်။
မိုးမြေနက္ခတ်အစီအရင်ကဲ့သို့ များပြားစွာသောအစီအရင်များကိုတွေ့ရှိရသည်။ သို့သော် ထိုအစီအရင်များသည် မြေပြင်အနေအထားကန့်သတ်ချက်များရှိသဖြင့် ဝိညာဉ်နယ်မြေတိုက်ပွဲတွင် အသုံးပြုနိုင်ခြင်း မရှိပေ။ သို့တိုင် ထိုအစီအရင်များ၏ အဖိုးတန်မှုက တိုင်းတာမရနိုင်ပေ။
အစီအရင်မူကြမ်းများတင် မဟုတ်ပေ။
ချီဝေ၏ဆရာဖြစ်သော ထိပ်တန်းအဆင့် အစီအရင်ပညာကျွမ်းကျင်သူ ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင် တာအိုဆရာ’ရှီ’ သည် အလွန်တရာ များပြားသော ရတနာပစ္စည်းများကိုလည်း စုဆောင်းထားသေးသည်။
ရန်ကျောက်ကဲက ထိုပစ္စည်းများကို ဂရုတစိုက်အကဲဖြတ်ရင်း မျက်ဝန်းများတောက်ပလာသည်။
ထိုပစ္စည်းများထဲမှ သူ၏စိတ်အာရုံကို ဖမ်းစားနိုင်ဆုံးအရာမှာ သစ်ရွက်တစ်ရွက်ဖြစ်သည်။
“ပေလိပ်သစ်ရွက်”။
ထိုသစ်ရွက်ကိုမြင်တော့ ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
ရန်ကျောက်ကဲက သစ်ရွက်ကိုလေဖြင့်မှုတ်လိုက်ရာ သူ၏လက်ထဲမှသစ်ရွက်လေးက အဖျားလေးများ လှုပ်ခတ်သွားသည်။
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“မိုးမြေနက္ခတ်အစီအရင်ကို တွေ့ပြီးကတည်းက ငါ သံသယဝင်နေတာ ၊ အခုတော့ တာ့ရွှမ်တိုင်းပြည်နောက်ကွယ်က ရှိနေတဲ့သူက ချင်းယွမ်ဧကရာဇ်ဆိုတာ သေချာသွားပြီပေါ့”
“ချင်းယွမ်ဧကရာဇ်”။
သူ့ကို ချန်းဧကရာဇ်ဟုလည်းခေါ်ဆိုကြသည်။
သူက လက်ရှိအထက်ဘုံကမ္ဘာရှိ တာအိုကျင့်ကြံသူလောကတွင် အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး ပိုးသားဧကရာဇ်နှင့်အတူ ဧကရာဇ် (၅)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။