သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်
Vol. 63 Ch. 888
အခန်း (၈၈၈) သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အကြား တိုက်ပွဲသည် အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ တို့ကြား အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတစ်ခု ဖြစ်သည်။
သို့သော် တာ့ရွှမ်တိုင်းပြည်နောက်ကွယ်တွင်ရပ်နေသည့် ‘ချင်းယွမ်ဧကရာဇ်’ က ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း ယခင်ကတည်းက အရိပ်အယောင်များစွာ ဖော်ပြခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းထိပ်တန်းအရှင်သခင်’ကျွမ်းရှန်’ နှင့် တောင်ပိုင်း မီးတောက်ကောာင်းကင်ပြည်နယ်က တိုက်ပွဲတွင် အသာစီးရနေသောကြောင့် ဖြစ်၏။
အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က ချင်းယွမ်ဧကရာဇ်၏ ပိတ်ဆို့ခြင်းကိုခံရပြီး တိုက်ပွဲတွင်ပါဝင်ခြင်းကို တားဆီးခံရပါက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကို တားဆီးနိုင်မည့်သူ တစ်ယောက်မှ မရှိတော့ပေ။
အခြေအနေတစ်ခုလုံကို ခြုံငုံကြည့်မည်ဆိုလျှင် ကိစ္စရပ်များက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်အတွက် များစွာအားသာချက်မရှိပေ။ ဤသည်က ကျူတောပင်လယ်ဒေသတွင်ရှိနေသည့် ရန်ကျောက်ကဲတို့အတွက်လည်း အကျိုးမရှိနိုင်ပေ။
ဝါဒတောင်ကို တာ့ရွှမ်တိုင်းပြည်က တိုက်ခိုက်ခြင်းအား ရန်ကျောက်ကဲနှင့် ဝါဒတောင်မှသိုင်းသမားများက တားဆီးနိုင်ခဲ့သည်။
သို့သော် တာ့ရွှမ်တိုင်းပြည်ပြဿနာကို ဖြေရှင်းပြီးနောက် ရန်ကျောက်ကဲအနေဖြင့် ဖြစ်လာနိုင်ခြေရှိသော ဤခြိမ်းခြောက်မှုကို မည်သို့ကိုင်တွယ်မည်ကို စဉ်းစားရတော့၏။
ကောင်းကင်အက်ကွဲကြောင်းကို မည်ကဲ့သို့ ဖျက်ဆီးရမည်ကို ဆန်းစစ်ရမည်မှာလည်း ရှုထောင့်တစ်ခု ဖြစ်သည်။
ကောင်းကင်အက်ကွဲကြောင်းကို ဖျက်ဆီးလိုက်ခြင်းဖြင့် အောက်ဘုံကမ္ဘာမှ သိုင်းသမားများ အထက်ဘုံကမ္ဘာသို့ တက်လှမ်းလာနိုင်မည် မဟုတ်တော့ပေ။
အောက်ဘုံကမ္ဘာမှ သိုင်းသူတော်စင် စတုတ္ထအဆင့်အောက်ရှိသော သိုင်းကျင့်ကြံသူများအနေဖြင့် ပြင်ပရတနာပစ္စည်းများအကူအညီဖြင့် အထက်ဘုံကမ္ဘာသို့ လာရောက်ခြင်း ရပ်တန့်သွားမည် ဖြစ်သည်။
သိုင်းသူတော်စင် စတုတ္ထအဆင့်အောက်ရှိ ဤကမ္ဘာနိမ့်သိုင်းသမားများသည် ပြင်ပရတနာများအကူအညီဖြင့် ကမ္ဘာကိုကျော်လွန်၍ ကမ္ဘာသို့ခရီးသွားခြင်းမှ ရပ်တန့်သွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များ အောက်ဘုံကမ္ဘာသို့ ဆင်းသက်ခြင်းကို ကာကွယ်နိုင်ပေမည်။
ဤသည်က ရေတိုဖြစ်ပေါ်လာနိုင်သည့် ပြဿနာတစ်ခုပင်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က ကျူတောပင်လယ်ဒေသကို သိမ်းပိုက်ခဲ့ပါက ဝါဒတောင်အနေဖြင့် ဤနေရာမှ ထွက်ခွာသွားရမည်ဖြစ်သည်။ ထိုအခါ ဝိညာဉ်နယ်မြေတွင်ရှိနေသော အစွန်းရောက်ရှစ်ပါးကမ္ဘာသို့သွားရောက်သည့် ကောင်းကင်အက်ကွဲကြောင်းက ပြဿနာရှိလာနိုင်သည်။
ဇာမဏီနယ်မြေတွင်ရှိသော သမုဒ္ဒရာကမ္ဘာသို့သွားရောက်သည့် ကောင်းကင်အက်ကွဲကြောင်းကတော့ အဆင်ပြေသည်ဟု ဆိုနိုင်သည်။ ပြီးတော့ သမုဒ္ဒရာကမ္ဘာက အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ ဝါဒတောင်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပေ။
ဝိညာဉ်နယ်မြေမှ ကောင်းကင်အက်ကွဲကြောင်းကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ တိုက်ရိုက်ဦးတည်နေသည်။
သို့ဖြစ်ရာ အထက်ဘုံကမ္ဘာမှ ဝါဒတောင်အနေဖြင့် နေရာရွှေ့ပြောင်းမည်ဆိုလျှင် ဤနေရာကို ရန်သူ့လက်ထဲတွင် ဤအတိုင်း မထားခဲ့နိုင်ပေ။
ဟုတ်ပေ၏။
ရန်ကျောက်ကဲက မတူညီသည့် ပြင်ဆင်မှု (၂)ခု ပြုလုပ်ထားသည်။
ကောင်းကင်အက်ကွဲကြောင်း လုံးဝပိတ်သွားမည့်နည်းလမ်းကို ခွဲခြားစိတ်ဖြာလေ့လာခြင်းအပြင် ကောင်းကင်ချိတ်ဆက်ကျောက်စိမ်းနှင့်ဆင်တူသော ရတနာပစ္စည်းတစ်ခု အမြန်ပြုလုပ်ရန် ပစ္စည်းများ စုဆောင်းနေခဲ့သည်။
ဤရတနာပစ္စည်းများက အလွန်ရှားပါးပြီး ဝယ်လိုအားလည်းများသဖြင့် စုစည်းရန် အလွန်ခဲယဉ်းလှသည်။
ယွမ်ကျန်းဖုန်း နယ်ခြားဒေသသို့ရောက်သွားသည်နှင့် သူက တိုက်ပွဲအခြေအနေကို သေသေချာချာ အာရုံစူးစိုက်ပြီး သတင်းများကို အချိန်နှင့်တပြေးညီ ဝါဒတောင်သို့ ပေးပို့ခဲ့သည်။
သို့သော် ရန်ကျောက်ကဲက သတင်းများရရှိပြီးသည့်နောက်တွင် မိုးမြေတစ်ခွင်အခြေအနေသည်လည်း ရုတ်ချည်းစတင်ပြောင်းလဲသွားတော့သည်။
မိုးမြေတစ်ခွင်မှ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုများ သိသိသာသာပြောင်းလဲသွားပြီး ပရမ်းပတာနှင့် အစီအစဉ်တကျမရှိ ဖြစ်လာသည်။
ရန်ကျောက်ကဲ အခန်းထဲမှ ထွက်လိုက်ပြီး ဝါဒတောင်ထိပ်တွင်မတ်တတ်ရပ်ကာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် တိုက်ပွဲဖြစ်နေရာ အနောက်ဘက်သို့ လှမ်းကြည့်လိုက်၏။
အနောက်ဘက်ကောင်းကင်သည် တုန်လှုပ်စရာကောင်းလောက်အောင် နီရဲသည့်မီးရောင်များ တောက်ပနေသည်။ အပူလှိုင်းများ တဟုန်းဟုန်း တောက်လောင်လျှက် ရှိ၏။
သူ့ဘေးနားမှအားဟူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...
“သခင်လေး... တောင်ပိုင်းထိပ်တန်းအရှင်သခင် ရောက်လာတာလား ၊ မြန်လှချည်လား”
ရန်ကျောက်ကဲက အနောက်ဘက်သို့ကြည့်ရင်း...
“အင်း... သူ နယ်ခြားဒေသကိုရောက်လာပြီထင်တယ် ၊ ဒီတစ်ခါတော့ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကိုယ်တိုင် လှုပ်ရှားတာပဲ”
အားဟူက မျက်လုံးများပြူးကျယ်သွားပြီး...
“ကျွန်တော်တို့က နယ်ခြားဒေသနဲ့သိပ်မဝေးဘူး ၊ ဒါပေမဲ့ နယ်ခြားဒေသနဲ့ ကျွန်တော်တို့ကြားထဲမှာ ကန္တာတောင်နယ်မြေနဲ့ သဘာဝပသာဒနယ်မြေခြားနေသေးတယ် ၊ သူက နယ်ခြားဒေသမှာ တိုက်ခိုက်တယ်ဆိုရင် ကျွန်တော်တို့ ဒီနေရာက မြင်ရနိုင်ပါ့မလား”
“မင်းက ဘာကိုမျှော်လင့်နေတာလဲ”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“သိုင်းသူတော်စင် ဒဿမအဆင့်... လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်လေ ၊ ဒါက လူ့လောကမှာ တကယ့်ကို ထိပ်တန်းအဆင့်ပဲ ၊ လူသားတွေနဲ့ နတ်ဘုရားတွေကြားကအဆင့်ပဲ ၊ ကျင့်ကြံခြင်းတစ်ဆို့တာကိုသာ ကျော်ဖြတ်နိုင်ရင် သူတို့က နတ်ဘုရားလောကကို သွားလို့ရနိုင်ပြီ”
“ဘာလို့ သူ့ကို အထွတ်ထိပ်လို့ ခေါ်ရတာလဲ...”
အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ပြီး ဇက်တစ်ချက်ပုသွားသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောရင်း...
“မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းသူတော်စင် ဒဿမအဆင့်ကို လူသားနတ်ဘုရား ဒါမှမဟုတ် ပကတိနတ်ဘုရားလို့ ခေါ်ကြတယ် ၊ အဓိပ္ပါယ်ကတော့ တကယ့်နတ်ဘုရားတစ်ပါးဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့လို့ပဲ”
“ငါတို့တွေ သိုင်းကျင့်ကြံသူတွေဖြစ်လာကြတော့ နတ်ဘုရားသိမြင်ခြင်းအဆင့်ကိုရောက်တာနဲ့ သွေးကြောဆုံချက်တွေက စကြာဝဠာထဲက ကြယ်စင်တွေနဲ့ထိတွေ့မြင် နတ်ဘုရားသိမြင်ခြင်းကို ရရှိတယ် ၊ အဲဒီကနေစပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ပိုပြီးစွမ်းအားကြီးမားလာလေပဲ”
“သေချာတဲ့ အမြင့်တစ်နေရာဖြစ်တဲ့ သိုင်းသူတော်စင် သတ္တမအဆင့်ကိုရောက်ပြီဆိုရင် နတ်ဘုရားတံခါးဝကို အရိပ်အယောင်တွေ့မြင်နိုင်ပြီ ၊ နတ်ဘုရားအဆင့်ကိုတက်လှမ်းဖို့ ပေါင်းကူးတံတားတစ်ခုကို တွေ့မြင်နိုင်ပြီ ၊ ဒါကြောင့် အဲဒီအဆင့်ကို အမတကူးပြောင်းခြင်းအဆင့်လို့ ခေါ်တာပေါ့”
ရန်ကျောက်ကဲက အနောက်ဘက်ရှိ သွေးနီရောင်အလင်းတန်းဆီသို့ လက်ညှိုးညွှန်ပြလိုက်ရင်း...
“တစ်ချိန်တည်းမှာပဲ... သိုင်းသူတော်စင် ဒဿမအဆင့်ကိုရောက်ပြီဆိုရင် ကြီးမားတဲ့ပြီးပြည့်စုံခြင်းကိုရရှိတဲ့ သူတော်စင်တစ်ယောက်လို့လည်း ဆိုနိုင်တယ် ၊ အဲဒါက သိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ သွေးကြောဆုံချက်တွေအားလုံးက နတ်ဘုရားသိမြင်ခြင်းကို အောင်မြင်သွားပြီး တကယ့်စကြာဝဠာထဲက ကြယ်စင်တွေနဲ့ ပဲ့တင်ထပ်သွားနိုင်ပြီ ၊ သူတို့ခန္ဓာကိုယ်ကလည်း တကယ့်စကြာဝဠာအစစ်နဲ့မခြားတော့ဘူး”
သိုင်းသူတော်စင် ဒဿမအဆင့်ကျင့်ကြံသူများသည် အမတကူးပြောင်းခြင်းအဆင့်အဆုံးသတ်တွင်ရှိနေပြီး နတ်ဘုရားဖြစ်ခြင်းတံခါးဝသို့ရောက်ရှိသူများဖြစ်သည်ဟု သတ်မှတ်နိုင်သည်။
အကယ်၍ သူတို့သာ ထိုတံခါးကို တွန်းဖွင့်နိုင်မည်ဆိုလျှင် သူတို့ကိုခေါ်ဆိုသော “လူသားနတ်ဘုရား” ဆိုသည့်အမည်မှ “လူသား” ဆိုသည့်စာလုံး ပြုတ်သွားပေမည်။
ကိစ္စရပ်များကို နားလည်သွားဟန်ရှိသော အားဟူကို ရန်ကျောက်ကဲက ကြည့်လိုက်ရင်း...
“ဒါဆို စကြာဝဠာတစ်ခုလုံးက ကြယ်စင်တွေနဲ့ သွေးကြောဆုံချက်အားလုံး ပဲ့တင်ထပ်သွားပြီဆိုရင် ကျင့်ကြံသူတစ်ယောက်က လုံးဝ နတ်ဘုရားတစ်ပါးလိုဖြစ်လာမှာပေါ့ ၊ ပြီးတော့ ဒါက နတ်ဘုရားတံခါးကိုဖွင့်ဖို့အတွက် ပြင်ဆင်ခြင်းလည်း ဖြစ်တယ်”
သွေးကြောဆုံချက်တစ်ခု သန့်စင်ရန်ကျန်ရှိနေလျှင် ကြီးမားသည့်အတားအဆီးဖြစ်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် ဤအချက်က သိုင်းသူတော်စင် နဝမအဆင့်နှင့် သိုင်းသူတော်စင် ဒဿမအဆင့်အကြားမှ ကြီးမားသောခြားနားချက် အမှန်ဖြစ်သည်။
ထိုအဆင့် (၂)ခုကွာခြားချက်က သိုင်းပညာရှင်အဆင့်နှင့် သိုင်းဆရာသခင်အဆင့် ခြားနားချက်ထက်ပင် မြင့်မားသည်။
သိုင်းသူတော်စင် ဒဿမအဆင့်ကျင့်ကြံသူများက နတ်ဘုရားများဖြစ်ပြီး ထိုအဆင့်အောက်တွင် ရှိနေသူများအားလုံးက လူသားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို ‘လူသားနတ်ဘုရား’ ဟု ခေါ်ဆိုခြင်း ဖြစ်၏။
“လူသားနတ်ဘုရား” ဆိုသည့် အခေါ်အဝေါ်မှတစ်ဆင့် “လူသားအထွတ်ထိပ်” ဟု ဖြစ်ပေါ်လာသည်။
ရန်ကျောက်ကဲက...
“စကြာဝဠာက ကြယ်စင်တွေနဲ့ ပဲ့တင်ထပ်ဖို့အတွက် အရမ်းခက်ခဲတဲ့ သွေးကြောဆုံချက်တွေ လူသားခန္ဓာကိုဘ်မှာ ရှိတယ် ၊ ဒါကြောင့် ဒီအဆင့်ရောက်အောင်ကျင့်ကြံနိုင်ဖို့ အရမ်းခက်တယ် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေမှာတောင် မသန့်စင်နိုင်သေးတဲ့ သွေးကြောဆုံချက်တွေအများကြီး ရှိနိုင်တယ် ၊ အဲဒီလို သွေးကြောဆုံချက်တွေအားလုံးကို သန့်စင်ဖို့ဆိုတာကလည်း ကောင်းကင်ဘုံကိုတက်ရသလောက် ခက်ခဲတယ်”
အားဟူက စိတ်ရှုတ်ထွေးစွာဖြင့်...
“သခင်လေး... ဒါဆို ဂိုဏ်းချုပ်ဟောင်းယွမ်ကျန်းဖုန်း တစ်ခုခုများဖြစ်နိုင်မလား”
ရန်ကျောက်ကဲက မိုးထိတောင်ထွတ်မှ ဂိုဏ်းချုပ်နေထိုင်ရာ ခန်းမဆောင်သို့ လမ်းလျှောက်လာရင်း...
“မဖြစ်နိုင်ဘူး ၊ ယင်စန်းတောင်ဓားဘုရင်နဲ့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က တခြားတန်ခိုးစွမ်းအားရှင်တွေ ပြန်ဆုတ်လာမယ်ဆိုရင် ဆရာဘိုးဘိုးလည်း အချိန်မီလှုပ်ရှားနိုင်မှာပဲ ၊ အဲဒါက ပြဿနာ မရှိပါဘူး”
ထိုစကားကြားမှ အားဟူကစိတ်သက်သာရာရသွားသည်။
သူက ...
“သခင်လေး... ဒီမှာ ထူးခြားတာတစ်ခုခု ဖြစ်နိုင်မလား”
ရန်ကျောက်ကဲက...
“တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်က ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ကျင့်ကြံထားတာဆိုတော့ အရမ်းစွမ်းအားမြင့်မားတယ် ၊ ဒါပေမဲ့ သူ့ကိုထိန်းချုပ်ထားတဲ့အခြေနေတွေ အများကြီးရှိတယ်”
သူက ဆကပြောသည်။
“ဝူထုန်တောင်စောင်းမှာ အရုဏ်ဦးမြူခိုးသမာဓိမီးတောက်ကိုကျင့်ကြံနိုင်ဖို့ နည်းလမ်းမရှိဘူး ၊ ဒါက လျစ်လျူရှုလို့မရတဲ့အချက်ပဲ”
“ပြီးတော့ တောင်ပိုင်းထိပ်တန်းအရှင်သခင်က သန့်စင်သောရေလှိုင်းသမာဓိမီးတောက်ကို ကျင့်ကြံထားသလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး ၊ သူ ကျင့်ကြံထားတယ်ဆိုရင် အားနည်းတဲ့သူကိုအနိုင်ကျင့်တယ်ဆိုတဲ့လုပ်ရပ်မျိုးကို တတ်နိုင်သမျှမလုပ်ဖို့ သူ့ကိုယ်သူ ထိန်းချုပ်ရလိမ့်မယ်”
“သူက အဖြူရောင်သမာဓိမီးတောက်ကို ကျင့်ကြံထားတယ်ဆိုရင် သူ့အသက်ဓာတ်စွမ်းအားကို မရဏတရားနဲ့အမြဲတမ်း ဆေးကြောနေရမယ် ၊ ဒါပေမဲ့ လူတွေအတွက် အသက်ရှူပေါက်မထားဘဲ ဖိအားပေးတိုက်ခိုက်တာမျိုး လုပ်နိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ရင်း...
“တကယ်တော့ သူမလုပ်နိုင်တာမဟုတ်ဘူး ၊ အဲဒီလိုလုပ်လို့ သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အကျိုးမရှိတာပါ ၊ သူအတင်းအကျပ်လုပ်မယ်ဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့် နှောင့်နှေးရုံသာမက လုံးလုံးလျားလျား နောက်ပြန်ဆုတ်သွားတဲ့အထိ ထိခိုက်နိုင်တ်ယ် ၊ အနာဂတ်ကျင့်ကြံခြင်းလည်း နှောင့်နှေးသွားနိုင်တယ်”
“သမာဓိငါးပါးနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာမှန်သမျှ သူ့အနေနဲ့ ချိန်ဆဆုံးဖြတ်ပြီးမှ လုပ်ကြရလိမ့်မယ်”
ဤစကားကိုကြားတော့ အားဟူက ခေါင်းညိတ်လိုက်သည်။
“ယင်စန်းတောင်ဓားဘုရင်ပဲဖြစ်ဖြစ် ၊ ဆရာဘိုးဘိုးပဲဖြစ်ဖြစ် သူသေကိုယ်သေတိုက်ခိုက်တာမျိုးမလုပ်ဘူးဆိုရင် တောင်ပိုင်းထိပ်တန်းအရှင်သခင်ကလည်း ရက်ရက်စက်စက် သတ်ဖြတ်မှာမဟုတ်ဘူးပေါ့”
ရန်ကျောက်ကဲ မိုးထိတောင်ထွတ်မှ ပင်မခန်းဆောင်သို့ရောက်လာသည့်အခါ အနောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
အနောက်မိုးကုပ်စက်ဝိုင်းသည် အနီရောင်တောက်ပနေပြီး လမ်းကြောင်းအတိုင်းတဟုန်ထိုးလွင့်မျောလာသည့် တန်ခိုးစွမ်းအားများကို အာရုံခံနိုင်သည်။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ငါ့ဆီလာတာများလား ၊ သူတကယ် လှုပ်ရှားတော့မယ်ထင်တယ်”