တောင်ပိုင်းထိပ်တန်းအရှင်သခင်
Vol. 63 Ch. 889
အခန်း (၈၈၉) တောင်ပိုင်းထိပ်တန်းအရှင်သခင်
ခန်းမကြီးထဲတွင် ရန်တိက အနောက်ဘက်၏ ပုံရိပ်အလင်းမြင်ကွင်းကို ကြည့်ရှုနေသည်။
မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်သွားသော သွေးနီရောင်အလင်းတန်းကိုကြည့်ရင်း ရန်တိက မေးလိုက်၏။
“တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်က ကိုယ်တိုင်လှုပ်ရှားနေတာလား”
ရန်ကျောက်ကဲက...
“ဒီလို လွှမ်းမိုးနိုင်စွမ်းမြင့်မားတဲ့မြင်ကွင်းမျိုးဖန်တီးနိုင်တာ တောင်ပိုင် မီးတောက်ကောင်းကင်ပြည်နယ်မှာ သူကလွဲလို့ ဘယ်သူမှ မရှိနိုင်ဘူး”
သူက လက်ပိုက်လိုက်ရင်း...
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က ချောင်ကျယ်ကိုယ်တိုင်မလှုပ်ရှားဘူးဆိုရင် သူ့ကိုဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး”
“ကျူတောပင်လယ်ဒေသ ကျသွားပြီး အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ရဲ့ ခံစစ်က နောက်ပြန်ဆုတ်သွားရလိမ့်မယ်”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို ခပ်သာသာပွတ်သပ်လိုက်ရင်း...
“ဒါပေမဲ့... သူက အရှိန်အဟုန်နဲ့ဝင်ရောက်ပြီး ကျင်းထင်တောင်က ထန်ယုံဟောင်ကို ထုတ်ပေးအောင် ဖိအားပေးနိုင်တဲ့အထိ တိုက်ခိုက်မှာပဲ”
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အဆုံးစွန်သောဦးတည်ချက်မှာ ထန်ယုံဟောင်နှင့် အရုဏ်ဦးမြူခိုးသမာဓိမီးတောက် ပါရှိသော ဇာမဏီအရိုး ဖြစ်သည်။
ထိုအချက်နှင့်နှိုင်းယှည်လျှင် အခြားအရာများက အရေးမကြီးလှပေ။
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဟုတ်တယ် ၊ သူက ကျွန်တော့်ကိုလည်း သူ့လက်ထဲ လွှဲပေးဖို့တောင်းဆိုမှာပဲ”
ရန်တိက...
“မင်းစောစောက ပြောခဲ့တာ... ဒီ ဝိညာဉ်နယ်မြေက ကောင်းကင်အက်ကွဲကြောင်းကို ဖျက်ဆီးပစ်မလို့ဆို”
ရန်ကျောက်ကဲက...
“အချိန်က ကြပ်တည်းနေတော့ အောင်မြင်ပါ့မလားဆိုတာတောင် ယုံကြည်မှုမရှိတော့ဘူး ၊ ကျွန်တော် မအောင်မြင်ဘူးဆိုရင် ကျင့်ကြံခြင်းအဆင့်ဖိနှိပ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဆင်းသွားပြီး ကောင်းကင်အက်ကွဲကြောင်းကို စောင့်ကြည့်ရတော့မှာပဲ”
အောက်ဘုံကမ္ဘာသို့ဆင်းလျှင် လူတိုင်း ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ရသည်ဖြစ်လေရာ ရန်ကျောက်ကဲက တောင်ပိုင်း ထိပ်တန်းအရှင်သခင်ကိုတိုင် လိုက်ပါဆင်းသက်လာလျှင်လည်း စိတ်ထဲထားမည် မဟုတ်ပေ။
ရန်တိက အနောက်ကောင်းကင်ယံမှ တောက်ပသည့် အနီရောင်အလင်းတန်းများကို တိတ်ဆိတ်စွာကြည့်နေရင်း မည်သည့်စကားမှ မဆိုပေ။
အလင်းတန်းမြင်ကွင်းက ပြင်ပစွမ်းအား၏သက်ရောက်မှုကြောင့် ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် မကြာမီ အလင်းပုံရိပ်ကက ပုံပျက်ပြီး အက်ကွဲသွားသည်။
ရန်ကျောက်ကဲက လေးလံသည့်အသံဖြင့်...
“သူ ရောက်လာပြီ”
နယ်မြေ (၂)ခု၏ နယ်နိမိတ်ကိုလွှမ်းခြုံထားသည့် သွေးနီရောင်မီးအလင်းတန်းသည် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကိုဖြတ်ကျော်ကာ အနောက်ဘက်ဒေသဖြစ်သော ကျူတောပင်လယ်ဒေသ ၊ သဘာဝပသာဒနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်။
သာဘဝပသာဒနယ်မြေ ပြင်လယ်ပြင်တွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများက အပြင်းထန်ဆုံးအချိန် ဖြစ်နေသည်။
ဟာရီကိန်းမုန်တိုင်းများက ပင်လယ်ရေမျက်နှာပြင်မှ ကောင်းကင်ထိတိုင်မြင့်တက်နေပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးအလင်းတန်းများက အဆက်မပြတ်တောက်ပနေကာ ဟာရီကိန်းမုန်တိုင်းများအတွင်း လွင့်မျောခုန်တက်သွားကြသည်။
သဘာဝပသာဒနယ်မြေတစ်ခုလုံး၏ပုံရိပ်က ငရဲတမျှပင်။
သို့သော် သွေးနီရောင်မီးအလင်းတန်းရောက်ရှိလာသည်နှင့် ထိုကြောက်မက်ဖွယ်ရာ အဆုံးမဲ့သံလိုက်မုန်တိုင်းများက တစ်ခဏအတွင်း ပြိုကျသွားကြသည်။
လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ပင်လယ်ရေများက ပင်လယ်ထဲသို့ ပြန်လည်ကျရောက်သွားပြီး မုန်တိုင်းများ ငြိမ်းသတ်သွားသည်။
သွေးနီရောင်မီးအလင်းတန်းသာလျှင် မိုးမြေတစ်ခွင်ကိုဖြတ်သန်းပြီး သဘာဝပသာဒနယ်မြေကို လျှင်မြန်စွာ ဖြတ်သန်းလာသည်။
သဘာဝတရား၏ ကြောက်မက်ဖွယ်ရာကပ်ဘေးကြီးများကို ဤသွေးနီရောင်မီးအလင်းတန်းက ခြေဖြင့်နင်းခြေလိုက်ဟန် ရှိသည်။
ထိုအချိန် ထို သွေးနီရောင်မီးအလင်းတန်းနောက်သို့ လိုက်လာပြီး ကျူတောပင်လယ်ဒေသသို့ဝင်ရောက်လာသည့် စွမ်းအားကြီးမားသော ရောင်ဝါနှစ်ခု ထွက်ပေါ်လာသည်။
ကျူတောပင်လယ်ဒေသ၏ သဘာဝပသာဒနယ်မြေနှင့် ကန္တာတောင်နယ်မြေအထက် ကောင်းကင်ယံတွင် ရောင်စဉ် (၇)မျိုး လင်းလက်နေသည့် ကြီးမားသော ရွက်လှေကြီးတစ်စင်း ထွက်ပေါ်လာသည်။
“လေဟုန်စီးကောင်းကင်ရွက်လှေ” ပင် ဖြစ်၏။
ရွက်လှေထိပ်တွင်ရှိနေသည့် လူတိုင်းက မီးအလင်းတန်းကိုကြည့်ရင်း မျက်နှာအမူအရာများ တည်ကြည်လေးနက်နေကြသည်။
ထိုသူများက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ အကြီးဆုံးတပည့် ယင်စန်းတောင်ဓားဘုရင် လင်ဟန့်ဟွာ ၊ မုကျွင်းနှင့် အခြားသော သိုင်းသူတော်စင် နဝမအဆင့် တပည့်တစ်ယောက်ပါဝင်သည့် ကျင့်ကြံသူများဖြစ်ကြသည်။
သူတို့ထဲမှတစ်ယောက်က ဆံပင်ဖြူနှင့် အဘွားအိုတစ်ယောက်ဖြစ်ပြီး သူမ၏ခါးတွင် လင်ဟန့်ဟွာ ၊ မုကျွင်းနှင့် အခြားသူများကဲ့သို့ပင် ဓားတစ်လက် ချိတ်ဆွဲထားသည်။
အထက်ဘုံကမ္ဘာမှ သိုင်းကျင့်ကြံသူများက သူမကို “အရှေ့တောင်နတ်ဓားမယ်” ဟု ခေါ်ဆိုကြသည်။
သူမက အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် မျိုးဆက်တူညီသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်က သူမကို ‘ဂိုဏ်းတူအစ်မ’ ဟု ခေါ်ဆိုသည်။
သူမထက်ငယ်ရွယ်သော ချောင်ကျယ်က သူမကို အမီလိုက်နိုင်ပြီး ကျင့်ကြံခြင်းအဆင့် သာလွန်သွားခဲ့သော်လည်း အရှေ့တောင်ဓားနတ်မယ်သည် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တွင် အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်နေဆဲပင်။
အခြားသော သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူ (၂)ယောက်မှာ ကျင်းထင်တောင်နှင့် ရင်းနှီးကျွမ်းဝင်သော အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ ဝါရင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
အရှေ့တောင်ဓားနတ်မယ် ၊ လင်ဟန့်ဟွာနှင့် အခြားသူများက ဖိတ်ကြားထားသူများဖြစ်ပြီး ရန်သူ့တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အကူအညီပေးခဲ့ကြသည်။
နယ်ခြားဒေသရှိ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူများနှင့် ကနဦးတိုက်ပွဲတွင် သူတို့ဘက်မှ အသာစီးရရှိနေခဲ့သည်။
သို့သော် တောင်ပိုင်း ထိပ်တန်းအရှင်သခင် ကျွမ်းရှန် ကိုယ်တိုင်ရောက်ရှိလာသည့်အခါ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ လူများမှာ မည်သို့မှမတတ်နိုင်စွာ ဆုတ်ခွာခဲ့ကြရသည်။
အလုံးစုံလွှမ်းခြုံထားသော သွေးနီရောင်မီးအလင်းတန်းက လေထုထဲတွင် ကျယ်ပြန့်လာပြီး ကြီးမားသော ဇာမဏီငှက်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ကောင်းကင်ကိုလွှမ်းခြုံ မြေပြင်ကို ဖုံးကွယ်သွားသည်။
ထိုဇာမဏီငှက်က အတောင်ပံများလှုပ်ခပ်လိုက်သည့်အခါ မိုးမြေတစ်ခွင်ကိုလွှမ်းခြုံသွားသည့် မီးလျှံမိုးစက်များရွာချလိုက်ပြီး လင်ဟန့်ဟွာ ၊ အရှေ့တောင်နတ်ဓားမယ်နှင့် လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ အခြားသူများအားလုံးကို လွှမ်းခြုံသွားသည်။
“တောင်ပိုင်းထိပ်တန်းအရှင်သခင်က တော်တော်လွန်တာပဲ”
ဒါကိုမြင်တော့ အရှေ့တောင်နတ်ဓားမယ်က ခါးတွင်ချိတ်ထားသောဓားကိုဆွဲထုတ်လိုက်ပြီး စကားမပြောတော့ဘဲ ခုခံတိုက်ခိုက်လိုက်သည်။ ထိုခဏတွင် ကြယ်စင်များစွာစုဝေးနေသည့် ဓားအလင်းတန်းက လင်းထိန်တောက်ပလာသည်။
ကြယ်စင်ရောင်များကြားတွင် ဆံပင်ဖြူနှင့်အဘွားအိုပုံပျောက်ကွယ်သွားပြီး ချောမောလှပပြီး ရဲရင့်ဟန်ရှိသော မိန်းမပျိုတစ်ယောက်အသွင် ထွက်ပေါ်လာသည်။
သူမ၏ဓားအလင်းတန်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် ကြယ်စင်မြစ်တစ်စင်းနှင့်ဆင်တူသော အလင်းတန်းများ တောက်ပလာပြီး ဓားဒဏ်ရာအက်ကွဲကြောင်းများ မိုးမြေတစ်ခုလုံးတွင် ထင်ကျန်ရစ်သည်။
ကြယ်စင်မြစ်ရေစီးကြောင်းက လေထဲတွင် လှည့်ပတ်စီးဆင်းလျှက် ကျဆင်းလာသည့် မီးလျှံမိုးဆက်များကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။
မီးလျှံမိုးစက်များနှင့် ကြယ်စင်ဓားအလင်းတန်း ရိုက်ခတ်မိသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးလျှံများ လွှမ်းခြုံလာသည်။
အရှေ့တောင်ဓားနတ်မယ်သည် ထက်မြက်သောပင်ကိုစရိုက်ရှိပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကို ရင်ဆိုင်နေရသည့်တိုင် ပြင်းထန်သောတိုက်ခိုက်မှုကို သံသယကင်းစွာ ဆင်နွှဲနေဆဲဖြစ်သည်။
မီးလျှံဇာမဏီငှက်မှ ကြည်လင်သည့်အော်မြည်သံထွက်ပေါ်လာကာ လေထဲတွင် ဇာမဏီပုံရိပ်က လှည့်ပတ်သွားသည်။
မရေမတွက်နိုင်သော မီးလျှံစီးကြောင်းများက ပြင်းထန်ကြောက်မက်ဖွယ်ရာ မီးလျှံလုံးကြီးများအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ထက် မြင့်တက်လာသည်။
မီးလျှံဝဲဂယက်ကြီးက အောက်ဘက်သို့ စူးစိုက်ကြည့်နေသည့် ကြောက်မက်ဖွယ်ရာ မျက်လုံးတစ်လုံးပမာဖြစ်ပြီး မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်သည့်အခါ သက်ရှိအားလုံးကို ဝါးမျိုတော့မည့် တွင်းနက်ကြီးနှင့် ဆင်တူသည်။
ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ပြီး ကမ္ဘာမြေကြီးကိုလွှမ်းခြုံသွားသော ကြယ်စင်ရောင်ဓားအလင်းတန်းသည် မီးလျှံများကြားသို့ ရောက်ရှိသွားသည်။
ထိုအချိန် လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။
အပြာရောင်အလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး အလင်းတန်းဖြတ်သန်းသွားရာတွင် အရာအားလုံး တိတ်ဆိတ်သွားကာ နှင်းခဲများသာလျှင် ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းပင် ကြီးမားသော ရွှေရောင်လက်တစ်ဖက်ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးနှက်ချလိုက်၏။
ရွှေရောင်လက်သီးချက် ဖြတ်သန်းသွားသည်နှင့် မိုးမြေတစ်ခွင် အချိန်နှင့်နေရာကို အဆက်မပြတ် ပေါက်ကွဲထွက်သွားစေသည်။
အရှေ့တောင်ဓားနတ်မယ်၏ဓားချက်နှင့် နောက်မှလိုက်ပါတိုက်ခိုက်သော ကျင့်ကြံသူ (၂)ဦး၏တန်ခိုးစွမ်းအားက ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့ထက် သာလွန်ကြသည်။
တိုက်ခိုက်မှုများ ပြင်းထန်စွာ ရိုက်ခတ်သွားသည်နှင့် ကောင်းကင်ထက်မှမီးလျှံများ တစ်ခဏအတွင်း အက်ကွဲသွားသည်။
မီးလျှံဇာမဏီက ယခင်ကထက်ပိုမိုအားနည်းသွားသည့်တိုင် အတွင်းထဲမှ ပျံသန်းထွက်ခွာလာသည်။
ထိုအချိန် ဓားအလင်းတန်းတစ်ခု လေထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ထွက်ပေါ်လာသည့် ဇာမဏီမီးလျှံကို ဆီးကြိုတိုက်ခိုက်လိုက်သည်။
ယင်စန်းတောင်ဓားဘုရင် ‘လင်ဟန့်ဟွာ’။
သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည့်တိုင် သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများနှင့် ကောင်းစွာ ယှဉ်ပြိုင်နိုင်သူ။
မီးလျှံဇာမဏီငှက်အတွင်းသို့ ဓားအလင်းတန်းထိုးဖောက်ဝင်ရောက်သွားသည်နှင့် လွှမ်းခြုံထားသည့် မီးလျှံများက အနည်းငယ်မှိန်ဖျော့သွားပုံရသည်။
သို့သော်လည်း နောက်တခဏတွင် မီးတောက်များ ပြန်လည်တောက်လောင်လာပြန်သည်။
ဇာမဏီငှက်ပြန်လည်မွေးဖွားရာ နိဗ္ဗာနမီးတောက်ဖြင့် ဇာမဏီငှက်က လေထဲတစ်ဖန်ပြန်လည်ြမင့်တက်လာပြီး လင်ဟန့်ဟွာ၏ဓားသွားကို တားဆီးလိုက်၏။
အရှေ့တောင်ဓားနတ်မင်နှင့် အခြားသူများ၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။
စောစောက ပြိုင်ဘက်နှင့်တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်လူက မီးလျှံဇာမဏီငှက်ဖြင့်သာ တိုက်ခိုက်ခဲ့သည်။
ဤသည်က ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ဖြစ်သည်။
တစ်ဖက်လူက နဂိုကတည်းကပင် သူတို့အားလုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။
ထိုအချိန် အဝေးတစ်နေရာတွင် မီးလျှံပင်လယ်ကြီးအက်ကွဲသွားပြီး လေဟုန်စီးကောင်းကင်ရွက်လှေတစ်ခု ထွက်ပေါ်လာသည်။
ထိုလေဟုန်စီးကောင်းကင်ရွက်လှေက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှပိုင်ဆိုင်သော ရွက်လှေ ဖြစ်၏။
ရွက်လှေထက်တွင် ထိုင်ခုံတစ်လုံးဖြင့် ငြိမ်သက်စွာထိုင်နေသူတစ်ယောက်က...
“မင်းတို့အားလုံး အရည်အချင်းပြဖို့ အခွင့်အရေးပေးပြီးပြီ ၊ ဒါက ငါ့ရဲ့နှုတ်ဆက်ခြင်းပါပဲ”
သူက ဆက်ပြောသည်။
“အခု... ထန်ယုံဟောင်နဲ့ ရန်ကျောက်ကဲကို ငါ့လက်ထဲ လွှဲပြောင်းပေးလိုက်ပါ ၊ မဟုတ်လို့ကတော့... မင်းတို့ရဲ့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ငါတိုက်ခိုက်သိမ်းပိုက်ရလိမ့်မယ်”