ကျုံးဝူရ လှုပ်ရှားခြင်း
Vol. 82 Ch. 1144
တောင်ပင်လယ်လောကကျင့်ကြံသူတစ်ယောက်တည်းကား တာအိုကောင်းကင်၏လက်မောင်းကို ကုစားဖို့ မလုံလောက်ပေ။ သူက တခဏပင် မရပ်ဘဲ ကျင့်ကြံသူနောက်တစ်ယောက်၏အရှေ့တွင် ပေါ်လာသည်။ ဤတစ်ခေါက်တွင် စုတ်ပြတ်နေသော သွေးသံရဲရဲ အသားစိုင်ကြီးဖြစ်သည့် သူ့ညာလက်က ပြေးထွက်သွားပြီး ကျင့်ကြံသူ၏ရင်ဘတ်ထဲ စိုက်ဝင်သွားသည်။ မချိတင်ကဲ အော်သံကြီး ပဲ့တင်ထပ်နေစဉ်မှာပင် ထိုလူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်သွား၏။ သူ၏အသက်စွမ်းအား အလုံးစုံမှာ တာအိုကောင်းကင်၏ညာလက်ထဲသို့ အငမ်းမရ စုပ်ယူခံလိုက်ရသည်။
ထိုသို့ဖြစ်ပျက်နေစဉ် မန်ဟိုက တာအိုကောင်းကင်နောက်သို့ အလျင်အမြန် လိုက်လာသည်။ တာအိုကောင်းကင်၏မျက်နှာကြီး အရုပ်ဆိုးသွားပြီး သူ့က ညာလက်ကို ခါကာ ခြောက်ကပ်နေသောကျင့်ကြံသူကို မန်ဟို့ထံ ပျံထွက်သွားစေသည်။
တာအိုကောင်းကင်ကမူ ချက်ချင်း နောက်ဆုတ်ရင်း ဖန်းတုံးအာဆီ ဦးတည်သွားလေပြီ။
မန်ဟိုမျက်မှောင်ကြုတ်သွားသည်။ သူနှင့်ဖန်းတုံးအာအကြား မည်သည့်သမိုင်းပင် ရှိခဲ့ပါစေ၊ သူမသည် သူ့နည်းတူ နဝမတောင်ပင်လယ်မှ ဖြစ်၏။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ မိုးကြိုးဒယ်အိုးပေါ်လာသည်။ ဂျိန်းခနဲ ထစ်ချုန်းသွားစဉ် သူကား သူမနှင့် နေရာချင်းလဲသွားလေပြီ။
တာအိုကောင်းကင်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ့ညာလက်က မြောက်တက်သွားသည်။ အနက်ရောင်မီးတောက်များ ဟုန်းဟုန်းတောက်သွားစဉ် သူသည် သိုလှောင်အိတ်ကို ပုတ်ကာ အနက်ရောင်သစ်ကိုင်းတစ်ကိုင်းအား ပေါ်လာစေသည်။
သူက သစ်ကိုင်းကို အနက်ရောင်မီးတောက်များထံသို့ ဝှေ့ယမ်းလိုက်ရာ တုံ့ပြန်သည့်အနေဖြင့် သစ်ကိုင်းသည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် လေကိုခွင်းလျက် မန်ဟို့ထံ တရွှီးရွှီးထွက်သွားကြသော နွယ်လက်တံများ ဖြစ်သွားလေပြီ။
မန်ဟိုသည် ဖန်းတုံးအာ၏နေရာတွင် ပေါ်လာသည်နှင့် အေးစက်စက် နှာမှုတ်၍ မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ လက်ညှိုးထိုးလိုက်သည်။ မရေမတွက်နိုင်သော မိုးပြာရောင်တောင်များက တာာအိုကောင်းကင်၏အပေါ်သို့ တဝုန်းဝုန်းကျလာကာ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူက နောက်ဆုတ်လိုက်၍ မန်ဟိုလည်း အရိုးထိပ်လှံကို ဆင့်ခေါ်ရင်း အရှေ့သို့ ပစ်လွှတ်ကာ ထပ်ကြပ်မကွာ လိုက်သွားသည်။
လှံက နွယ်လက်တံများကို တစစီ ပိုင်းဖြတ်၍ တာအိုကောင်းကင်၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။ ဤသေရေးရှင်ရေးအခြေအနေတွင် တာအိုကောင်းကင်သည် လျှာထိပ်ကို ကိုက်၍ သွေးတစ်လုပ် ထွေးထုတ်လိုက်၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုသွေးက ပထမဆုံး မီးပင်လယ်တစ်စင်းအသွင်ပြောင်းပြီးနောက် ပါးစပ်ကြီးဖြဲလျက် မန်ဟို့ကို လှမ်းဟပ်လိုက်သော သွေးနဂါးတစ်ကောင်ဖြစ်လာသည်။
မန်ဟိုက မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီးနောက် လက်ချောင်းကို လှုပ်ရှားလိုက်သည်။ သွေးနဂါးထံ ပြေးဝင်သွားသော သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်း ပေါ်လာ၏။ မန်ဟို့အရိုးထိပ်လှံကား ရွေ့လျားနေခြင်းရပ်မသွားဘဲ တာအိုကောင်းကင်၏ရင်ဘတ်ထံ စိုက်ချခဲ့လေပြီ။
တာအိုကောင်းကင်က ကြမ်းကြုတ်ခက်ထန်စွာ ဟစ်အော်၍ လှံကို ထုနှက်ရန် လက်နှစ်ဖက်လုံးသုံးလိုက်သည်။ သို့သော် သူ့လက်သီးချက် ကျပင် ကျရောက်မသွားခင် မန်ဟိုက ပုံရိပ်များကို နောက်တွင် ချန်ခဲ့ရင်း တာအိုကောင်းကင်၏ဘေးတည့်တည့်တွင် ပေါ်လာခဲ့လေပြီ။ သူ့ညာလက်က လက်သီးဆုပ်၍ နတ်ဘုရားသုတ်သင်ခြင်းလက်သီးဖြင့် ထိုးချလိုက်သည်။
တာအိုကောင်းကင်မှာ တစ်ဖက်လှည့်ရန်ပင် အချိန်မရလိုက်။ သူက ရှောင်တိမ်းဖို့ ကြိုးစားသော်လည်း လောကပါလအင်မော်တယ်အင်အားက သူ့အပေါ် သက်ရောက်လာသည်။
“တာအိုကောင်းကင်” မန်ဟို့အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသည်။ လောကပါလအင်မော်တယ်တစ်ဦး၏တန်ခိုးကြောင့် သူ့အသံသည် တာအိုကောင်းကင်၏စိတ်ကို ကစဉ့်ကလျားဖြစ်သွားစေ၍ သူ့အမြန်နှုန်းကို သိသိသာသာ နှေးသွားစေသော ဖိအားကြီးဖြစ်လာ၏။
ထိုအချိန်တွင် မန်ဟို့လက်သီးက တာအိုကောင်းကင်၏ဘေးကို ထိုးနှက်လိုက်ရင်း သူ့တစ်ကိုယ်လုံးအား ပေါက်ကွဲတော့မတတ် တုန်ခါသွားစေသည်။ ထို့နောက် သူသည် လက်ခလယ်ဖြင့် တာအိုကောင်းကင်၏နဖူးအပေါ် ထိုးချလိုက်၏။ ဘုန်းးးးးးးးးး
တာအိုကောင်းကင်၏ခေါင်းအလယ်တည့်တည့်တွင် အရှေ့မှ အနောက်အထိ ထုတ်ချင်းပေါက်နေသော သွေးသံရဲရဲအပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။ သူ့မှာ အကြောဆွဲသွားပြီး မျက်လုံးများ မည်းနက်သွား၏။ သူ့အလောင်း မြေကြီးပေါ် ကျသွား၍ မန်ဟို ဒုတိယအကြိမ် သူ့ကို သတ်ဖို့ ပြင်နေစဉ် ရုတ်တရက် တာအိုကောင်းကင်၏အလောင်းသည် သွေးအမှုန်အမွှားများအဖြစ် အလိုအလျောက် ပြိုကွဲသွား၏။ သွေးမှုန်များက အရပ်လေးမျက်နှာတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
၎င်းသည် သွေးနီရောင်အလင်းဖြင့် တောက်ပနေသော သွေးမှော်သင်္ကေတတစ်ခုအသွင် ပြောင်းသွား၏။ အလင်းက ဖော်ပြ၍မတတ်နိုင်သော အမြန်နှုန်းဖြင့် အဝေးထွက်သွားသည့် ကြက်သွေးရောင်လေပွေတစ်လုံးအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မီတာ ၃၀၀၀ အကွာသို့ ရောက်ရှိသွားပြီး သွေးတစ်ပွက်အန်၍ မန်ဟို့ကို မုန်းမုန်းတီးတီး စိုက်ကြည့်နေသော တာအိုကောင်းကင်ဖြစ်လာသည်။
တာအိုကောင်းကင်နှလုံးသားသည် တဒိန်းဒိန်း ခုန်နေ၏။ သူ့မှာ ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့၍ အသက်တစ်ချောင်းကိုပင် မတတ်သာဘဲ သုံးခဲ့ရလေသည်။
မန်ဟိုက အဝေးရှိ တာအိုကောင်းကင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ တာအိုကောင်းကင် နောက်လိုက်မနေတော့ဘဲ သူသည် ချာခနဲ လှည့်၍ ဟန်ချင်းလဲ့ကို မျက်နှာချင်းဆိုင်လိုက်သည်။ ဟန်ချင်းလဲ့မှာ တုံခနဲ ရပ်ပြီး ကတုန်ကယင်ဖြင့် နောက်ဆုတ်သွားလေသည်။ မန်ဟိုက သူ့ကို စိုက်ကြည့်နေမှတော့ သူ့မှာ ရှေ့ဆက်မတိုးရဲတော့ပေ။
သူ့နှလုံးသားထဲတွင် ပြင်းထန်သောအကြောက်တရားများ ပြည့်နှက်နေ၏။ မန်ဟို့ကို ချုပ်ပေးထားသည့် တာအိုကောင်းကင်မပါလျှင် သူ့အနေဖြင့် မည်သို့မျှမယှဉ်နိုင်ကြောင်း သိသည်။ အသက်တစ်ချောင်းအဆုံးခံနိုင်သေးသော်လည်း အကယ်၍ သူသာ သေသွားခဲ့ပြီး မန်ဟို၏ကြောက်မက်ဖွယ်အသတ်အဖြတ်စိတ်ဆန္ဒကို ထည့်တွက်လျှင် နောက်ဆုံးအသက်ဖြင့် လွတ်မြောက်နိုင်ချေ အင်မတန် နည်းပါးလိမ့်မည်။
အမှန်တွင် စောစောက တာအိုကောင်းကင်သာ မန်ဟို့ကို တိုက်ခိုက်မနေခဲ့လျှင် ဟန်ချင်းလဲ့မှာ အကြိမ်ပေါင်းများစွာ အသတ်ခံခဲ့ရပြီးလေပြီ။ သူ့ကို ကယ်တင်ပေးမည့် အသက်တစ်ချောင်းမှ မကျန်တော့ဘဲ အမှန်တကယ် သေရလိမ့်မည်။ ယခုတွင် သူ့မှာ အမြန်ဆုံး ပြေးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
လင်းချုံအတွက်မူ သူ၏သွေးမြေအောက်ကမ္ဘာသည် မန်ဟို့ဆီ ပြေးဝင်သွားနေသော ခုလတ်တွင် ဖြစ်၏။ မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းခုနစ်လှမ်း မြန်မြန်လှမ်းလိုက်သည်။ သူ့စွမ်းအားသည် တဟုန်ထိုး မြင့်တက်လာပြီး သူက မြေအောက်ကမ္ဘာဆီသို့ လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။
မြစ်ဝါမြစ်သည် ရုတ်ခြည်း ပြိုကွဲသွားပြီး ဖုန်းတူးသရဲမြို့တော်သည်လည်း ဖျက်စီးခံလိုက်ရလေပြီ။ မှော်သိုင်းကွက်တစ်ကွက်လုံး ပျောက်ကွယ်သွား၍ လင်းချုံမှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့မှာ တစ်ကိုယ်လုံးပိန်ချုံးခြောက်ကပ်နေလျက် ဆုတ်လိုက်ရတော့သည်။
သူ ဆုတ်လိုက်သည့်အခိုက်အတန့်မှာပင် သူ ရှိနေခဲ့သောနေရာမှာ ဝုန်းခနဲ ပြိုကျသွားသည်။ သူသာ နောက်ကျသွားခဲ့လျှင် အသက်ထွက်သွားလိမ့်မည်။
ထိုမျှသာမက .... သူ့မှာ ပထမတိုက်ပွဲတုန်းက မန်ဟို၏တစ်ကြိမ်သတ်ခြင်း ခံထားရပြီးလေပြီ။ ယခင်က ဖြုန်းတီးခဲ့မိသော အသက်တစ်ချောင်းကိုပါ ထည့်တွက်လျှင် ဤနေရာတွင် သေရပါက ... အမှန်တကယ် သေသွားလိမ့်မည်။
မန်ဟိုက မျက်လုံးများ လင်းလက်နေလျက် လိုက်ဖမ်းရန် ပြင်လိုက်သည်။
အဝေးတွင် ဧကရာဇ်သည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်၍ လင်းချုံထံသို့ လက်ချောင်းတစ်ချောင်းအား ချက်ချင်း ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် လေဟုန်ခွင်းလောကချီကြောက ကျဆင်းလာပြီး လင်းချုံကို လွှမ်းခြုံလိုက်ရာ သူ့မျက်နှာပေါ်တွင် အံ့အားသင့်မှုတို့ ပေါ်လာသည်။ သို့သော် သူက တွန့်ဆုတ်မနေဘဲ လက်ခံပြီးနောက် အံတင်းတင်းကြိတ်ရင်း မန်ဟို့ကို တားရန် မိုးကြိုးတန်းတစ်တန်းအား ပစ်လွှတ်လိုက်သည်။
မန်ဟိုက ဧကရာဇ်ကို သွေးအေးအေး ကြည့်လိုက်၏။ ချီကြောက လင်းချုံကို အားဖြည့်ပေးနေကြောင်း ခံစားလိုက်ရ၍ သူ့ကို မတိုက်ခိုက်တော့ဘဲ ချာခနဲ လှည့်၍ သူ့လက်အား ဝတ်ပြုကျောင်းထံသို့ ဝှေ့ယမ်းလိုက်သည်။
ဂျုန်း............
ပို၍များပြားသောအက်ကွဲကြောင်းများက ဝတ်ပြုကျောင်း၏မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားပြီး ပြိုကျလုဆဲဆဲ ဖြစ်လာသည်။ ကြည့်ရသရွေ့ အထဲ၌ ဝှက်ခံထားရသော ဥသျှောင်ကမ္ဘာအနှစ်သာရသည် ထွက်တော့မည့်အလားပင်။
လောလောဆယ်တွင် လင်းချုံမှာ မန်ဟို့ကို ဆက်မတိုက်ခိုက်ရဲတော့ပေ။ ဟန်ချင်းလဲ့လည်း သတ္တိများ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပြီ။ တာအိုကောင်းကင်မှာမူ ပါရာဂွန်မှော်သိုင်းကို ဆုံးရှုံးလိုက်ရ၍ ယူကျုံးမရဖြစ်နေရာမှ စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည်။ ယခုတွင် သူသည် ... မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်ကြော်း သိလိုက်ပြီဖြစ်၏။
ပြင်ပမှ အကူအညီမရမချင်း ဒုတိယအသက်ကိုသာ သူ ဆုံးရှုံးရလိမ့်မည်။
ဗဟိုဝတ်ပြုကျောင်း၏အပြင်တွင် မန်ဟိုသည် ဥသျှောင်တန်ခိုးအငွေ့အသက်များကို ထုတ်ဖော်ရင်း ဆက်လက်တိုက်ခိုက်နေ၏။
ဝတ်ပြုကျောင်းမှာ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ပြိုကျခါနီးလေပြီ။ ဧကရာဇ်မျက်စိမျက်နှာပျက်သွားသည်။ မျက်ကန်းနေသည့်တိုင် သူကား ဝတ်ပြုကျောင်း၏ လက်ရှိအခြေအနေကို မြင်နေရသေးလေသည်။
“ငါတို့ အခုထိ နေရာမရသေးဘူး။ အချိန်လိုသေးတယ်။ ကျုံးဝူရ မန်ဟို့ကို တားလိုက်။ အသက်အရှိုက်တစ်ရာပဲ အချိန်ဆွဲထားပေ။ လုံလောက်တယ်”
ကျုံးဝူရက သက်ပြင်းဖွဖွချပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ ဝတ်ပြုကျောင်း၏အပြင်၊ မန်ဟို့အနားတွင် ဖြစ်သည်။ သူ့လက်က လက်သီးဆုပ်လိုက်ပြီး မန်ဟို့ကို တားရန် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
“ကျုံးဝူရ" မန်ဟိုက တွေဝေနေသောမျက်နှာထားဖြင့် သူ့ကို လှည့်ကြည့်ကာ ပြောသည်။ သူ့မှာ အမှန်တကယ်ပင် ဤလူနှင့် တိုက်ခိုက်လိုစိတ်မရှိပေ။
“ငါ့ကို တိုက်စမ်းပါ။ ရှောင်လို့မရဘူး” ကျုံးဝူရက အေးစက်စက် တုံ့ပြန်သည်။ သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး သူ့အရှိန်အဝါသည် လိမ့်ထွက်လာ၏။ ပို၍ပင် ထူးဆန်းသည်ကား သူ့ထံမှ ထွက်လာသော ချီနှင့်သွေးအတွေ့အထိပင်။ ရှိသမျှလူတိုင်း ထိုအင်အားကို ခံစားလိုက်ရသည်။ တာအိုကောင်းကင်ပင်လျှင် မျက်နှာပျက်သွား၏။
ကျုံးဝူရက ညာလက်ဖြင့် အသက်နုတ်လက်သီး၊ ခန္ဓာစတေးလက်သီးနှင့် နတ်ဘုရားသုတ်သင်ခြင်းလက်သီးတို့ကို ပစ်သွင်းရင်း ရှေ့လျှောက်လာသည်။
အုန်းးးးးးးးး။ သူကား ခြေသုံးလှမ်းသာ လျှောက်ရသေးသော်လည်း ခြေလှမ်းသုံးလှမ်းနှင့် လိုက်ပါလာသည့် လက်သီးသုံးချက်၏အင်အားက မည်သည့်အက်ရှလွန်ကျင့်ကြံသူကိုမဆို တုန်လှုပ်သွားစေရန် လုံလောက်သည်။ တာအိုကောင်းကင်နှင့် အခြားသူများ၏အမြင်အရ ကျုံးဝူရကား မန်ဟို့ထက် နည်းနည်းလေးမှ အားမနည်းပေ။
“သူက ရှေးဟောင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ။ ခြေတစ်လှမ်းတည်းနဲ့ ... တာအိုနယ်ပယ်ကို ဝင်ရောက်နိုင်တယ်”
“တာအိုနယ်ပယ်ထဲ ဝင်ရောက်လိုက်တဲ့အခါ အောင်မြင်မှုက သူ့ကို တာအိုနယ်ပယ်အဆင့်စစ်စစ် ဖြစ်သွားစေမယ်။ ရှုံးနိမ့်မှုက .... တစ်ဝက်တစ်ပျက်တာအိုအဆင့်မှာ ရပ်သွားစေလိမ့်မယ်”
လူတိုင်း အံ့ဩတုန်လှုပ်နေကြသည်။ မန်ဟို့အမူအရာမှာမူ တွေဝေရှုပ်ထွေးနေသည်။ သူလည်း ကျုံးဝူရနည်းတူ လက်သီးသုံးချက်အား ပစ်သွင်းရင်း တိုက်ခိုက်လိုက်သည်။
အသက်နုတ်လက်သီး
ခန္ဓာစတေးလက်သီး
နတ်ဘုရားသုတ်သင်ခြင်းလက်သီး
သူတို့နှစ်ယောက် ဝတ်ပြုကျောင်း၏အပေါ်ရှိ လေထုထဲတွင် တိုက်ခိုက်နေကြသဖြင့် တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။
စောစောက ....
“မန်ဟို ၊ မင်းက ငါ ယုံကြည်ထားတဲ့ အစစ်အမှန်တာအိုက အတုအယောင်ဖြစ်နေခဲ့ရင် ဘာလုပ်မလဲလို့ မေးခဲ့တယ် ... “ ကျုံးဝူရက ပြောသည်။ ပထမဆုံးလက်သီးချက်ချင်း ဆုံတွေ့သွားသဖြင့် သူတို့ကြားထဲ အုန်းခနဲ ရိုက်ညောင်းသွားပြီး နှစ်ယောက်လုံး မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်လိုက်ရသည်။ သူတို့က ရပ်မနေဘဲ တိုက်ခိုက်ကြပြန်သည်။
“ငါက အမှန်တရားကို ရှာဖွေတဲ့ ကျင့်ကြံသူတစ်ယောက်။ ကောင်းကင်ဘုံတွေရဲ့အပြင်မှာ တည်ရှိတဲ့ ကောင်းကင်ဘုံတွေကို ငါ ရှာဖွေတယ်၊ ငါရှာဖွေတဲ့အရာက အရာရာတိုင်းအတွက် အဖြေတစ်ခုပဲ” ကျုံးဝူရက ရယ်လိုက်သော်လည်း မန်ဟိုကတော့ ဆိတ်ဆိတ်သာနေသည်။ ဒုတိယလက်သီးချက် ခန္ဓာစတေးလက်သီးက သူတို့ပါးစပ်မှ သွေးများ စီးကျလာစေပြီးနောက် မိုးခြိမ်းသံများညံသွားစေသည်။ ထပ်မံ၍ နှစ်ယောက်လုံး ဆုတ်လိုက်ရကာ ပြန်တက်လာကြပြန်သည်။
“ငါက နဝမတောင်ပင်လယ်က ကျုံးဝူရ။ ငါဟာ ကြွယ်ဝချမ်းသာမှုတွေ၊ အင်အားတွေ၊ အာဏာတွေ၊ လေဟုန်ခွင်းလောကရဲ့ ဘယ်လိုအလိုရမ္မက်တွေမှာမှ နစ်မြောမသွားခဲ့ဘူး။ ဒီတိုင်းပဲ... အစစ်အမှန်တာအိုနဲ့ပတ်သက်လာတဲ့အခါ ... အမှန်တရားကို သိခွင့်ရမယ့် အခွင့်အရေးကို မငြင်းဆိုနိုင်ခဲ့တာ
“ဒီအစစ်အမှန်တာအိုက ဘာလဲ ငါ မြင်ချင်တယ်။ ငါ လျှောက်လှမ်းတဲ့ ဒီလမ်းပေါ်မှာ ငါ ကြောက်တာက ရှုံးမှာကို မဟုတ်ဘူး။ ငါ ကြောက်တာက အဖြေမရမှာကိုပဲ” ကျုံးဝူရ ရယ်နေစဉ် သူတို့၏နတ်ဘုရားသုတ်သင်ခြင်းလက်သီးများက ဝင်တိုက်သွားသည်။ တဝုန်းဝုန်းမြည်သံများ လေတွင် ပြည့်နှက်သွားပြီး အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ မန်ဟိုမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်သို့ တွန်းထုတ်လိုက်ရသည်။
ကျုံးဝူရလည်း သွေးအန်၍ တွန်းထုတ်ခံလိုက်ရသည်။ သူ့ရယ်သံသည် သူ၏စွဲလမ်းမှုများဖြင့် ပြည့်နှက်လျက် ပို၍ရှင်းလင်းလာပြီး ပို၍အသက်ဝင်လာ၏။
“ငါ ကျုံးဝူရဟာ ဘဝကို တိတ်တိတ်ဆိတ်ဆိတ် သိုသိုသပ်သိပ်နေခဲ့တယ်။ ဒါပေမဲ့ ငါ တာအိုနောက်ပဲ လိုက်ခဲ့တာ မိုးကောင်းကင် သက်သေရှိတယ်။ တာအိုကို ရှာဖွေတဲ့ လူတွေအတွက်၊ နေ့မြင်ညပျောက်ကြရတဲ့ လူတွေအတွက် သေခြင်းတရားဆိုတာ ဘာမှမဟုတ်တော့ဘူး။ ငါဟာ တာအိုကို လိုက်ရှာနေမှာပဲ
“အဆုံးမှာ ငါ မှန်ခဲ့ရင် ဒီဘဝမှာ နောင်တမရှိတော့ဘူး။ မှားခဲ့ရင်လည်း နောင်တမရဘူး။ ဒါပေမဲ့ ငါ လက်မလျှော့နိုင်တဲ့ တစ်ခုရှိလို့ အဲဒါလုပ်ဖို့အတွက် မင်းရဲ့အကူအညီကို တောင်းဆိုရလိမ့်မယ်” သူက ကျယ်လောင်စွာ ရယ်ရင်း ညာလက်ကို မြှောက်၍ မန်ဟို့ကို စိုက်ကြည့်လိုက်သည်။
“မန်ဟို မင်းက ငါ့ရဲ့ဂိုဏ်းတူညီလေး၊ ငါ့လိုပဲ လက်သီးသုံးချက်လုံးကို တတ်မြောက်ထားတဲ့သူဆိုမှတော့ ငါ မင်းကို ငါ့ရဲ့စတုတ္ထလက်သီးအမွေပေးမယ်
“ငါက ကျုံးဝူရ၊ ဒီစတုတ္ထလက်သီးကို ငါ ကိုယ်တိုင် တီထွင်ထားတာ။ ဒါက ... ငါရဲ့တာအိုရှာဖွေလက်သီးပဲ” ကျုံးဝူရ စကားပြောနေစဉ် သူ့အရှိန်အဝါက ပြောင်းလဲသွားပြန်သည်။ သူ့ပတ်ပတ်လည်ရှိ လေထုသည် တွန့်လိမ်ရှုံ့တွလာပြီး သူကား ရုတ်တရက် မိုးနှင့်မြေကို ကိုင်လှုပ်နိုင်လောက်အောင် ကြီးထွားလာ၏။
မမြင်ရသောလေတစ်ချက်က အရာအားလုံးကို သိမ်းကျုံးတိုက်ခတ်ရင်း တစ်လောကလုံးအား တုန်ခါလာစေသည်။
နဝမပင်လယ်မှ ဖန်းတုံးအာနှင့် အခြားသူများမှာ အံ့အားသင့်နေကြသည်။ သူတို့သည် မန်ဟို ‘ကျုံးဝူရ’ ဟု ခေါ်လိုက်ခြင်းနှင့် ကျုံးဝူရ မန်ဟို့ကို ပြောလိုက်သည့်စကားကို ကြားလိုက်ရပြီးနောက် ဂိုဏ်းထဲတွင် ကြားခဲ့ဖူးသောနာမည်ကို ချက်ချင်း သတိရလိုက်ကြသည်။
“အဲ့ဒါက ... ထင်ရှားကျော်ကြား ထူးချွန်ပြောင်မြောက်တဲ့ အစ်ကိုကြီးကျုံးဝူရပါလား" ဖန်းတုံးအားမှာ မျက်လုံးလေးအဝိုင်းသားနှင့် ငေးကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။