နံပါတ်တစ် ပညာရှင် လော့
Vol. 87 Ch. 1222
ကောင်းကင်တိုင်းတာ သစ်မြစ် မရှိဘဲနှင့်ပင် ဟိန်ကျိုးက ဝိဇ္ဇာနှင့် ယှဉ်နိုင်သည့် ပညာရှင်တစ်ဦး ဖြစ်၏။ သို့သော်လည်း ထိုလက်အမှတ်အသားကြီး ကျရောက်လာသည့်အခါ ခုခံဖို့ပင် အချိန်မရလိုက်ဘဲ ခန်းမအတွင်း လွှင့်စင်လာသည်။ သူ့စွမ်းအားစက်ကွင်း၏ စည်းမျည်းများက ထိုလက်အမှတ်အသားအောက်တွင် တစစီ ကြေမွသွားလေသည်။
လော့ရှုနှင့် တခြားဝိဇ္ဇာသုံးပါး အပါအဝင် အားလုံးက ထရပ်ကာ ရောက်ရှိလာသူအား တအံ့တဩ ကြည့်လိုက်ကြသည်။
“ လော့လား ” လော့ရှုက တုန်လှုပ်တကြီး ရေရွတ်လိုက်သည်။ သူက ထိုလူကို မှတ်မိပေသည်။ ထိုသူက လော့ ဖြစ်၏။
လော့က ယခင်ကတည်းက သူတို့ထက် အားကောင်းပေသည်။ ယခု လော့က နောက်တဆင့် အဆင့်မြင့်သွားဟန် ပေါ်၏။ လော့ရှုတို့က မယုံမကြည် ဖြစ်နေကြသည်။ မိုဝူကျိ ဒဏ်ရာများပြန်လည် ကောင်းမွန်လာပြီးနောက် သူ့စွမ်းရည်မှာ သိသိသာသာမြင့်တက်လာသည်။ ယခု လော့၏ စွမ်းရည်သည်လည်း ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာပြီးနောက် မြင့်တက်လာဟန် ပေါ်၏။
သူတို့က ဒဏ်ရာအပြင်းအထန် မရသေးလို့ အင်အား တိုးပွားမလာသေးတာများလား ….
“ခင်ဗျားက လော့ပဲ ” ဟိန်ကျိုးက ပြန်လည် တည်ငြိမ်သွားသည်။ ကောင်းကင်တိုင်းတာ သစ်မြစ်က သူ့ဦးခေါင်းအထက် မျှောလွှင့်နေပြီး အချိန်မရွေး လှုပ်ရှားနိုင်ရန် အဆင့်သင့်ဖြစ်နေဟန် ပေါ်သည်။
“ မင်းက မိုဝူကျိကို ကြောက်ပြီးတော့ ဒီအဖွဲ့နဲ့ မပူးပေါင်းချင်တာ မလား ” လော့က ဟိန်ကျိုးကို ဆက်မတိုက်တော့ပေ။ ထို့အစား ဟိန်ကျိုးအား အေးစက်စက် ကြည့်လိုက်ရင်း မေးလိုက်သည်။
လော့က နောက်ထပ် မလှုပ်ရှားတော့သော်လည်း ဟိန်ကျိုးက အန္တရာယ်ကို ခံစားမိပေသည်။ ထိုအန္တရာယ် ခံစားချက်က သူသာ စကားမှားသွားပါက လော့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ သူ့စွမ်းရည်ဖြင့် လော့ရှုလိုမျိုး လူလက်မှ ထွက်ပြေးနိုင်ပေသည်။ သို့သော်လည်း လော့လက်ထဲမှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။
ဟိန်ကျိုးက ထိုအတွေးဖြင့် လက်နှစ်ဖက် ယှက်ကာ
“ တာအိုရောင်းရင်းလော့ ကျုပ်က မိုဝူကျိကို ကြောက်တာတော့ ဟုတ်ပါတယ်။ အဲဒါကလည်း ကျုပ်က သူ့အင်အားကို ကောင်းကောင်း သိနေတာကိုး …. ဒါပေမဲ့ အခုတော့ ကိစ္စတွေက မတူတော့ဘူး။ တကယ်လို့ တာအိုရောင်းရင်းလော့သာ ဒီအဖွဲ့မှာ ပါဝင်မယ်ဆိုရင် ကျုပ် ဟိန်ကျိုးလည်း ကြောက်နေစရာ မလိုတော့ပါဘူး ”
ဤသည်မှာ ဟိန်ကျိုး၏ လေးလေးနက်နက် အတွေးများ ဖြစ်၏။ လော့၏ လက်အမှတ်အသားတစ်ချက်တည်းဖြင့် ဟိန်ကျိုးက လော့သည် မိုဝူကျိထက် အားကောင်းကြောင်း သိလိုက်သည်။ အကယ်၍ လော့နှင့် ဝိဇ္ဇာများ အပါအဝင် သူ့ကဲ့သို့ ဝိဇ္ဇာအဆင့်နဲ့ အခြားသော တာအိုအုပ်စိုးသူအရှင်များနှင့် နတ်ဘုရားဧကရာဇ်တို့ လှုပ်ရှားလိုက်လျှင် မိုဝူကျိအနေနှင့် အောင်မြင်နိုင်မည် မဟုတ်ပေ။
“ အဲဒါက အကောင်းဆုံးပဲ ” လော့က ဟိန်ကျိုးအား တစ်ချက်ကြည့်လိုက်ပြီးနောက် လော့ရှုတို့ဘက် လှည့်လာလေသည်။
“ တာအိုရောင်းရင်းလော့ ” လော့၏ အကြည့်က သူတို့ဆီ ရောက်ရှိလာသည်ကို မြင်ပြီး လော့ရှုတို့က လက်နှစ်ဖက် ယှက်လိုက်ကြသည်။ အကယ်၍ ယခင်ကလိုသာ ဖြစ်နေခဲ့လျှင် သူတို့အားလုံးက လော့အား ဝိုင်းတိုက်မည် ဖြစ်သော်လည်း လော့၏ စွမ်းဆောင်ရည်ကို မြင်တွေ့ပြီးနောက် လော့ရှုတို့က အဖွဲ့ဖွဲ့ တိုက်လျှင်ပင် လော့ကို အနိုင်မရနိုင်ကြောင်း သိလိုက်ကြသည်။
ထို့အပြင် ယခုအချိန် သူတို့၏ အကြီးမားဆုံး ရန်သူမှာ လော့မဟုတ်ဘဲ မိုဝူကျိသာ ဖြစ်၏။
“ မိုဝူကျိကို အန္တရာယ်နယ်မြေဆီ မျှားခေါ်နိုင်မဲ့ နည်းလမ်း ရှိတယ်။ မိုဝူကျိကို မျှားခေါ်ပြီးတာနဲ့ ငါတို့တွေ အင်အားပေါင်းပြီးတော့ တိုက်ခိုက်ကြမယ်။ အဲဆို သူ သေရမှာ အသေအချာပဲ ” လော့က အေးအေးဆေးဆေး ပြောလိုက်သည်။
သူတို့က လော့ စကားကို ကြားလိုက်သည့်အခါ အားလုံးက အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့မျက်ဝန်း၌ စိတ်သက်သာရာ ရသွားမှုကို မြင်တွေ့နိုင်ပေသည်။ သူတို့က မိုဝူကျိအား ရင်ဆိုင်ရန် အင်အားပူးပေါင်းဖို့ ကြံစည်ထားသော်လည်း မိုဝူကျိအား အကွက်ချလုပ်ကြံလျှင်ပင် အများဆုံး ဒဏ်ရာသာ ပေးနိုင်မည် ဖြစ်ကြောင်း ကောင်းကောင်း သိထား၏။ မိုဝူကျိအား ရှင်းထုတ်ပစ်နိုင်မည့် အခွင့်အရေးမှာ အင်မတန် နည်းပါးလွန်းပေသည်။
ယခု လော့က သူတို့နှင့် ပူးပေါင်းလာပြီ ဖြစ်ရာ နိုင်နိုင်ခြေ ရှိ၏။ လော့က မိုဝူကျိကို အန္တရာယ်နယ်မြေဆီ မျှားခေါ်လာမည်ဟု ပြောသောကြောင့် သူတို့ အောင်မြင်နိုင်ခြေမှာ ပို၍ ခိုင်မာ သေချာသွားလေသည်။
လော့က လော့ရှုတို့အား သူ့အကြံအစည်ကို သဘောတူလိမ့်မည်ဟု မျှော်ထင့်ထားပြီးသား ဖြစ်ပုံပေါ်သည်။ ထို့ကြောင့် သူက မပြောင်းမလဲ ပြောလိုက်သည်
“ မိုဝူကျိဆီက ရတနာတွေက ရေတွက်လို့တောင် မရဘူး။ ငါက သူ့ဆီကနေ တာအိုစည်းမျည်းပဲ ယူမယ်။ တခြားဘာမှမလိုချင်ဘူး ”
“ မရဘူး ” ထိုက်လွန်က ရုတ်ချည်း ထရပ်လိုက်သည် “မိုဝူကျိဆီမှာ အဖိုးတန်ဆုံးက တာအိုစည်းမျည်းတွေပဲ။ တကယ်လို့ ခင်ဗျားက အကုန်ယူသွားရင် ကျုပ်တို့က ဘာကျန်မှာလဲ ”
“ ဟားဟား ” လော့က ခေါင်းမော့ကာ စတင်ရယ်မောလိုက်သည်။ ထို့နောက် သူက ထိုက်လွန်အား မကျေမနပ် လက်ညိုးထိုးကာ
“ ငါက မင်းအပေါ် နိမ့်ချကြည့်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ မပါဘဲ မင်းတို့အားလုံးက မိုဝူကျိရဲ့ ဆံပင်တစ်မွေးတောင် ထိနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့အကူအညီ မပါရင်တောင် ငါက မိုဝူကျိကို သတ်နိုင်သေးတယ်။ မင်းတို့ ပါတာက အစီအစဉ်ကို ပိုသေချာသွားအောင်လို့ပဲ။
ပြီးတော့ အခု မိုဝူကျိက ဘယ်မှာလဲဆိုတာ သိလို့လား။ ငါလည်း မသိဘူးဆိုပေမဲ့ သူ့ကို နေရာတစ်ခုဆီ ခေါ်လာနိုင်မဲ့ နည်းလမ်းကို သိတယ် ”
လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ သူတို့က လော့စကားများသည် အမှန် ဖြစ်ကြောင်း သိပေသည်။ လော့ မရှိဘဲ သူတို့အနေနှင့် မိုဝူကျိအား ရှင်းထုတ်ပစ်နိုင်ခြေမှာ အလွန်နည်းပါးပေသည်။ အကယ်၍ လော့သာ ပူးပေါင်းလိုက်ပါက ကိစ္စများက ကွာခြားသွားလေပြီ။ ထို့အပြင် သူတို့က မိုဝူကျိ မည်သည့်နေရာတွင် ရှိနေကြောင်း မသိကြပေ။
“ တာအိုရောင်းရင်းလော့ … စကြဝဠာ တာအိုစည်းမျည်းတစ်ခုနဲ့ပဲ ပေါင်းစပ်လို့ ရတာလေ။ အများကြီး ရှိနေလို့ အသုံးမဝင်ဘူး ” လော့ရှုက ဝင်ပြောလိုက်သည်။
သူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ ကပ်ဘေးမတိုင်ခင်အခါက စကြဝဠာ တာအိုစည်းမျည်း တစ်ခုနှင့်ပင် ပေါင်းစပ်ဖို့ အင်မတန် ခက်ခဲခဲ့သည်။ အဆုံးမဲ့နယ်မြေ၏ ဝိဇ္ဇာလေးပါး၌ စကြဝဠာ တာအိုစည်းမျည်းတစ်ခု ပိုင်ဆိုင်ထားခဲ့သည် မဟုတ်ပါလော။ နှစ်များစွာ ကြာသည့်တိုင် မည်သူကမှ မပေါင်းစပ်နိုင်ကြပေ။ နောက်ဆုံးတွင် မိုဝူကျိ လက်ထဲ အခိုးခံလိုက်ရလေသည်။
ယခု ကပ်ဘေးကြီး နီးကပ်လာပြီ ဖြစ်ရာ စကြဝဠာ တာအိုစည်းမျည်း ရထားသူသာ တာအိုလမ်းစဉ်၌ ရှေ့ဆက် လျှောက်လှမ်းနိုင်လိမ့်မည်။
လော့က အေးစက်စက် ရယ်လိုက်ပြီး ရှင်းမပြပေ။ ယခင် သူသည်လည်း လူတစ်ယောက်ကို စကြဝဠာ တာအိုစည်းမျည်း တစ်ခုနှင့်သာ ပေါင်းစပ်နိုင်ကြောင်း ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူက ကိုးခုမြောက် တာအိုစည်းမျည်းနှင့် ပေါင်းစပ်ခဲ့ပြီး ကျန်သည့် စည်းမျည်းရှစ်ခုအား ဝိဇ္ဇာရှစ်ပါးကို ပြုစုပျိုးထောင်ဖို့ အသုံးပြုချင်ခဲ့သည်။ သို့သော်လည်း သူက ကျရှုံးခဲ့ရ၏။ သူက ကပ်ဘေးအတွင်း ပျောက်ကွယ်လုမတတ် ဖြစ်သွားရုံသာမက သူ့တာအိုစည်းမျည်း ရှစ်ခုလည်း ဆုံးရှုံးလိုက်ရသည်။
ဤတစ်ကြိမ်၌ သူက မိုဝူကျိ၏ လူသားတာအိုဖြင့် ဒဏ်ရာရရှိပြီးနောက် မိုးမြေအတွင်း တည်ရှိနေသည့် သဘောတရားကို နားလည်သွားလေသည်။
အင်မော်တယ်ဖြစ်ဖြစ်၊ သေမျိုးဖြစ်ဖြစ် ဤမိုးမြေအတွင်း တည်ရှိနေသရွေ့ တာအိုကို ကျင့်ကြံနိုင်ပေသည်။
ထို့ကြောင့် သူ ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် စကြဝဠာ တာအိုစည်းမျည်း နောက်တစ်ခုနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ယခု သူက တာအိုစည်းမျည်းနှစ်ခုနှင့် ပေါင်းစပ်ထားပြီးပြီ ဖြစ်ရာ သူ့စွမ်းရည်က သိသိသာသာ တိုးတက်လာသည်။ ယခင်နှင့် ယှဉ်ပါက အဆများစွာ အားကောင်းလာသည် မဟုတ်ပါလော။
တာအိုစည်းမျည်း နှစ်ခုနှင့် ပေါင်းစပ်လိုက်ပြီးနောက် လော့က သူ့တာအိုအပေါ် အသိဉာဏ်ပွင့်လာခဲ့သည်။ အကယ်၍ သူသာ စကြဝဠာ တာအိုစည်းမျည်း ကိုးခုလုံးနှင့် ပေါင်းစပ်ပြီးသွားလျှင် ကံကြမ္မာဓား၏ ချုပ်နှောင်မှုမှ ကင်းလွှတ်သွားကာ ဝိဇ္ဇာအဆင့်မှ နောက်အဆင့်အသစ် တစ်ခုဆီ တက်လှမ်းနိုင်သွားလိမ့်မည်။
အကယ်၍ သူ့မှန်းဆချက်သာ မှန်ကန်နေလျှင် စကြဝဠာကြီးထဲ၌ ထိုအဆင့်ကား လူ တစ်ဦးတည်းသာ ရှိပေလိမ့်မည်။ ထိုလူက စကြဝဠာ တာအိုစည်းမျည်း ကိုးခုလုံးနှင့် ပေါင်းစပ်ခဲ့သူ ဖြစ်ပေမည်။
လော့က မပြောင်းမလဲ ပြောလိုက်သည်
“ ဒီတာအိုစည်းမျည်းကိုးခုက အစကတည်းက ငါ့အပိုင်ပဲ။ တာအိုစည်းမျည်းတွေက ငါ့အတွက် အသုံးမဝင်တာ အမှန်ပဲ။ ဒါပေမဲ့ ငါ့လက်နဲ့ပဲ ဆုလာဘ် ချီးမြင့်ရမယ်လေ။ ပြီးတော့ မိုဝူကျိဆီမှာ အဖိုးတန်ဆုံးက တာအိုစည်းမျည်းလို့ပဲ ထင်မနေကြနဲ့။
ခွန်းဝူဓားကလည်း သူ့ဆီမှာပဲ …. တကယ်လို့ ငါ့ခန့်မှန်းချက်သာ မှန်ရင် သူက သစ်နက်ကို ပြန်လည် အသက်သွင်းပြီးတော့ လော့ကျမ်းစာရွက်လည်း တစ်စုံစာလုံး စုံနေလောက်ပြီ ”
သူတို့က လော့စကားများ ကြားလိုက်သည့်အခါ လော့ရှုအပါအဝင် အားလုံးက လေအေးများ မှုတ်ထုတ်လိုက်ကြသည်။
အကြောင်းမှာ သူတို့က မိုဝူကျိတွင် ထောင်ထျဲ့အိုးနှင့် မဟာဖျက်စီးရေး ပညာရပ် ရှိထားကြောင်း သိထားကြသည်။
ဒီလူက ချမ်းသာလွန်းမနေဘူးလား …
ဝိဇ္ဇာလေးပါး အပါအဝင် အရိုက်အရာခံ နတ်ဘုရားအားလုံး၏ မျက်ဝန်း၌ လိုချင်တပ်မက်မှု အရိပ်အယောင်များ ပေါ်လာသည်ကို မြင်ပြီးနောက် လော့က ဆက်ပြောလိုက်သည်
“ ဒါက အကုန် မဟုတ်သေးဘူး။ ငါ ခံစားမိသလောက် သူ့ဆီမှာ အချိန်စက်ဝန်းပြားလည်း ရှိလောက်တယ်။ ဒီလောက်ပစ္စည်းတွေအများကြီးဆိုတော့ မင်းတို့ကြား ခွဲဝေယူဖို့ မလုံလောက်သေးဘူးလား။
ငါ့တာအိုစည်းမျည်းတွေအတွက် ငါနဲ့ တိုက်ချင်သေးတာလား …. ပြီးတော့ နောက်ထပ် တစ်နည်းနဲ့ တွေးကြည့်မယ်ဆိုရင်တောင် ငါကလွဲပြီး မိုဝူကျိကမ္ဘာကို ဘယ်သူ ဖွင့်နိုင်မှာလဲ ”
အကြောင်းမှာ မိုဝူကျိက ပညာရှိတာအိုအဆောင်ကို အသုံးပြုခဲ၍ ဖြစ်ပေသည်။ သူသာ သုံးခဲ့ပါက လော့က အာရုံခံမိလောက်၏။
လော့ရှုနှင့် တခြားဝိဇ္ဇာများက အချင်းချင်း ကြည့်လိုက်ကြပြန်သည်။ သူတို့က တစ်ပြိုင်နက် ပြောလိုက်ကြ၏ “ ဒီလိုဆိုမှတော့ တာအိုရောင်းရင်းလော့နဲ့ တွဲလုပ်ကြတာပေါ့ ”
မိုဝူကျိဆီတွင် ရတနာများစွာ ရှိသည်က အမှန် ဖြစ်၏။ ဝိဇ္ဇာများအတွက် အရေးကြီးဆုံး ရတနာမှာ စကြဝဠာ တာအိုစည်းမျည်း ဖြစ်နေသေး၏။ ယခုအချိန် လော့နှင့် စကြဝဠာ တာအိုစည်းမျည်းအကြောင်း ဆွေးနွေးငြင်းခုံခြင်းက လက်တွေ့မကျသေးပေ။ ထို့ကြောင့် သူတို့က လော့အား တာအိုစည်းမျည်း မည်သို့ ခွဲဝေယူပေးမည့်အကြောင်း မမေးခင် မိုဝူကျိအား အရင်ရှင်းထုတ်ပစ်ရမည်။
လော့က အလွန်ကျေနပ်နေမိသည်။ သူက အမျိုးသမီးနှစ်ဦးသည် မိုဝူကျိအား ရှင်းထုတ်ပစ်ဖို့ရာ အဓိကသော့ချက် ဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။ မရည်ရွယ်ထားသည့် အစေ့လေးက အပင်ပေါက်လာတော့မည်။
ချိန်စုယင်၏ လော့ကျမ်းစာရွက်အပေါ် မိုဝူကျိ၏ အငွေ့အသက်ကို မည်သို့ အာရုံမခံမိဘဲ နေမည်နည်း။ သူက လော့ကျမ်းစာရွက်ကို အထင်သေးသောကြောင့် သူမဆီမှ မလာယူခြင်း မဟုတ်ပေ။ အကြောင်းမှာ သူက ချိန်စုယင်ကို ဖမ်းထားပြီး မိုဝူကျိအား မျှားခေါ်ချင်၍ ဖြစ်၏။
ယခင်က သူအနေနှင့် မိုဝူကျိသည် သူ့အား ဒဏ်ရာပေးနိုင်လောက်အောင်အထိ အားကောင်းနေကြောင်း မသိထားခဲ့ပေ။ သူက ချိန်စုယင်ကို ဖမ်းထားခြင်းမှာ မိုဝူကျိကို သဘောမကျ၍သာ ဖြစ်၏။ မိုဝူကျိသည် သူ့ခွန်းဝူဓားကို ယူသွားပြီး ဓားအကျဉ်းထောင်အတွင်း ထားထားသည့် သူ့ဓားစိတ်ဝိညာဉ်တစ်ခုကို သတ်ပစ်ခဲ့သည့်အကြောင်း ထည့်မပြောရသေးပေ။
ဓားစိတ်ဝိညာဉ်က ပုန်ကန်လိုစိတ် ကြီးထွားလာသော်လည်း မိုဝူကျိအနေနှင့် သတ်ပစ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
……….…
“ စုယင် …. ဒီနေရာက ထူးဆန်းတယ်လို့ မထင်ဘူးလား ” ချူယို့က ကျင့်ကြံရေးကို ရပ်ကာ ချိန်စုယင်ကို ပြောလိုက်သည်။
ချိန်စုယင်က ခေါင်းညိတ်ကာ
“ ဒီနေရာက ငါတို့ ရောက်ခဲ့တဲ့ ကမ္ဘာဦး အာကာပြင်လိုမျိုးပဲ။ တစ်ယောက်ယောက် မဝင်သရွေ့ အထဲကနေ ထွက်လမ်း မရှိဘူး။ ဟူး … ဒီလိုသာ သိခဲ့ရင် ကမ္ဘာဦး အာကာပြင်ထဲပဲ ဆက်နေပါတယ်။ ငါတို့ကံက အရမ်းဆိုးလွန်းတယ် …. အမြဲတမ်း မလွတ်မြောက်နိုင်တဲ့နေရာတွေထဲမှာ ပိတ်မိနေတာ ”
ချူယို့က ခေါင်းခါကာ “စုယင် … ငါတို့တွေ ဒီကို အကြောင်းတိုက်ဆိုင်လို့ ရောက်လာတာ မဟုတ်ဘူး ”
ချိန်စုယင်က ချူယို့အား နားမလည်စွာ ကြည့်လိုက်ရင်း “ အဲဒီပညာရှင်က ငါတို့ကို မကျေမနပ် ကြည့်ပြီးတော့ ဒီနေရာထဲ ပို့လိုက်တာလေ။ ဘယ်လိုလုပ် အကြောင်း တိုက်ဆိုင်တာ မဟုတ်ရမှာလဲ ”
ချူယို့က ပြောလိုက်သည်
“ ငါ့ဆီမှာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် ရှိတော့ သဘာဝအန္တရာယ်ကို ခံစားမိတယ်။ ကြည့်ရတာ အဲဒီလူက ငါတို့ကို သာမာန်ကာလျှံကာ ပို့လိုက်တာ မဖြစ်နိုင်ဘူး။ အဲဒီအစား တမင်ပို့ပြီးတော့ လူတစ်ယောက်ကို စောင့်နေတဲ့ပုံပဲ။
ပြီးတော့ တစ်ယောက် ဝင်လာရင်တောင် ပြန်ထွက်သွားလို့ မရဘူးလို့ ခံစားမိနေတယ်။ သူ ဝင်လာတာနဲ့ ထွက်သွားဖို့ မျှော်လင့်ချက် မရှိတော့ဘူး ”
ချိန်စုယင်က ကြောင်အမ်းသွားပြီး ချက်ချင်း ပြောလိုက်သည် “ အစ်မချူယို့ … အဲဒီလူက ငါတို့ကို ကယ်ဖို့ ရောက်လာတဲ့သူကို အကွက်ချလုပ်ကြံထားတယ်လို့ ပြောချင်တာလား ”
“ အဲလို ဖြစ်လောက်တယ် ” ချူယို့က အလေးအနက် ပြောလိုက်သည်။
ချိန်စုယင်က သံသယဝင်နေဆဲ ဖြစ်သော်လည်း
“ အစ်မချူယို့ …. ငါတို့ကို ဘယ်သူက လာကယ်မှာမလို့လဲ။ ငါတို့စွမ်းရည် မြန်မြန် တိုးတက်လာရင်တောင် ငါတို့သိတဲ့ မိတ်ဆွေတွေအထဲမှာ ငါတို့ကို ကယ်နိုင်မဲ့သူ မရှိဘူး မလား ”
“ တစ်ယောက်တော့ ကယ်နိုင်တယ်။ ငါတို့ ဒီမှာရောက်နေမှန်း သိနေရင် သူ့အသက်ကို စွန့်စားပြီးတော့ကို လာကယ်လိမ့်မယ် ”
“ ဝူကျိ …” ချူယို့ စကားမဆုံးခင် ချိန်စုယင်က အထိတ်တလန့် ပြောလိုက်သည်။ သူမက ရုတ်ချည်းဆိုသလို ထရပ်လိုက်ပြီး အလွန် ပူပင်သောကရောက်နေဟန် ပေါ်သည်။
***