ထောင်ချောက်အတွင်း လိုလိုလားလား ဝင်ရောက်လာခြင်း
Vol. 87 Ch. 1223
ချူယို့အား ချိန်စုယင်အား ကြောင်အမ်းအမ်း ကြည့်လိုက်သည်။
မိုဝူကျိလား ….
ချိန်စုယင်က ထိုအရာကို မြင်လိုက်သည့် အမူအယာက နေရခက်ဟန် ပြောင်းလဲသွားပြီး
“ အစ်မချူယို့ကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ တကယ်တော့ ငါက မိုဝူကျိရဲ့ ဇနီးပါ။ အဲဒါက …. ”
ချိန်စုယင်က ချူယို့အား မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ ချူယို့က သူမအား သူမ ချစ်မြတ်နိုးသူမှာ မိုဝူကျိ ဖြစ်ကြောင်း ပြောပြဖူးပေသည်။ အကယ်၍ သူမသာ ထိုကိစ္စကို ထုတ်ပြောခဲ့လျှင် သူတို့နှစ်ယောက်ကြား အနေခက်စရာ ဖြစ်လာပေမည်။
ချူယို့၏ မျက်နှာမှာ နီရဲလာလေသည်။ အကယ်၍ သူမ ဝင်နိုင်သည့် တွင်းတစ်တွင်း ရှိပါက သေချာပေါက် ခေါင်းတိုးဝင်မိလောက်၏။ သူမက မိုဝူကျိအပေါ် ချစ်ကြိုက်မှုအား မိုဝူကျိ၏ ဇနီးဖြစ်သူ ချိန်စုယင်ထံ အကြိမ်များစွာ ဖော်ပြခဲ့မိသည်။
အကယ်၍ သူမသာ ဖြစ်နေလျှင် သူမ ယောကျ်ားအကြောင်း ဆက်တိုက် ပြောနေသည့် တခြားမိန်းမကို သဘောတွေ့မည် မဟုတ်ပေ။
သို့သော်လည်း သူမက ချိန်စုယင်နှင့် သိလာသည်မှာ ကြာမြင့်လာပြီ ဖြစ်ရာ နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် အမှီအခိုပြုကာ သေခြင်းရှင်ခြင်းအန္တရာယ်များကို အတူတူ ရင်ဆိုင်ဖြေရှင်းလာကြသည် မဟုတ်ပါလော။
သူတို့ မပြောပြဖူးသည့်အရာ ရှိဦးမည်လား ….
“ စုယင် အားနာပါတယ် … ငါ … ” ချူယို့က သူမဘာသာ မည်သို့ ရှင်းပြရမည်မှန်း မသိတော့ပေ။
ချိန်စုယင်က ချူယို့လက်ကို ကိုင်ထားကာ
“ အစ်မချူယို့က ငါ့ကို အများကြီး ကူညီပေးခဲ့တယ်လေ။ အစ်မရဲ့ အကူအညီမရှိဘဲနဲ့ ဒီလောက် မြန်မြန် တိုးတက်လာမှာ မဟုတ်ဘူး။ ငါ့ဆီမှာ သင်ပြပေးခဲ့ ဆရာလည်း မရှိဘူးလေ။ ဒီတစ်လျှောက်လုံး အစ်မပဲ သင်ကြားပေးလာတာလေ ”
ချိန်စုယင် ပြောသည်က မမှားယွင်းပေ။ ချူယို့က နတ်ဘုရားကမ္ဘာရှိ ဂိုဏ်းအကြီးကြီးမှ ရောက်လာသူ မဟုတ်ပါလော။ ကျင့်ကြံရေးလမ်းစဉ်အပေါ် သူမ နားလည်နိုင်စွမ်းက ချိန်စုယင်လိုမျိုး ကျင့်ကြံရေးကမ္ဘာမှ ကျင့်ကြံသူတစ်ဦးထက် သာလွန်ပေသည်။
“ စုယင် … ငါနဲ့ မိုဝူကျိကို အထင်မလွဲပါနဲ့။ ငါနဲ့ အစ်ကိုမိုက …. ငါကလေ … ငါတို့နှစ်ယောက်ကြားမှာ ဘာမှမရှိပါဘူး။ သူက ငါ့ကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးခဲ့တာ သူက တခြားသူအပေါ် အကြွေးတင်ရတာ မကြိုက်လို့ပါ … ”
ချိန်စုယင်က နူးနူးညံ့ညံ့ ပြောလိုက်သည်
“ အစ်မချူယို့ … မိုဝူကျိရဲ့ အကျင့်စရိုက်ကို သိပါတယ်။ သူက ဒီလိုလူမျိုးပဲလေ။ ပြီးတော့ ငါတို့ ဒီမှာ တစ်ယောက်နဲ့တစ်ယောက် မှီခိုလာတာ နှစ်တွေလည်း မနည်းတော့ဘူး။ အဲလို စကားတွေ လိုသေးလို့လား … အခုတော့ာ အစ်မ အတွေးလွန်တာ ဖြစ်ပြီးတော့ တစ်ယောက်ယောက် အကွက်ချထားတာ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ ”
ချိန်စုယင် စကားကို ကြားကာ ချူယို့က နေရခက်မှုကို မေ့သွားပြီး ခေါင်းတစ်ခါခါဖြင့်
“ ဒီလိုတော့ မဖြစ်လောက်ဘူး။ အရင်တုန်းက ငါတို့တွေ ပိအန်းပန်းကြောင့် ကမ္ဘာဦး အာကာပြင်ဆီ ရောက်သွားခဲ့ကြတာလေ။ မဟုတ်ရင် ကမ္ဘာဦး အာကာပြင်ထဲ ဝင်ပြီး ခရမ်းရောင် တာအိုစည်းမျည်းနဲ့ တွေ့ခဲ့မှာတောင် မဟုတ်ဘူး ….”
“ ဘာလို့လဲ ” ပူပင်နေသည့် ချိန်စုယင်က ချူယို့ ဆက်မပြောတော့သည်ကို မြင်၍ မြန်မြန် မေးလိုက်သည်။
ထိုစဉ် ချူယို့ အမူအယာမှာ ပုံမှန် ပြန်ဖြစ်လာလေပြီ။
ယခင် မိုဝူကျိက သူတို့အတွက် ထောင်ချောက်ထဲ ခုန်ဝင်လာမည့်အချက်နှင့်ယှဉ်လျှင် ဤသည်က နည်းနည်း နေရခက်မနေဘူးလား …
သူမက သက်ပြင်းချကာ
“ အဲဒီလူက အစ်ကိုကြီးမိုကို မျှားခေါ်နေတယ်ဆိုတာ သေချာတယ် ”
“ ဘာလို့လဲ ” ချိန်စုယင်က ထပ်မေးလိုက်သည်။
ချုယို့က ပြောလိုက်သည်
“ အဲဒီလူက ငါတို့တွေ ဒီထဲတောင် ထည့်ထားနိုင်တာ …. ငါ့ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်နဲ့ နင့်လော့ကျမ်းစာရွက်ကို ဘယ်လိုလုပ် သတိမထားမိဘဲ နေမှာလဲ။ ငါသာ မမှားရင် နင်ရဲ့ လော့ကျမ်းစာရွက်ကို အစ်ကိုကြီးမို ပေးထားတာ မလား ”
အကယ်၍ တခြားသူသာ ဖြစ်နေပါက ချူယို့သည် ခန့်မှန်းနိုင်မည် မဟုတ်ပေ။ အကောင်းဆုံး တာအိုလက်တွဲဖော်ပင် လော့ကျမ်းစာရွက်လိုမျိုး လက်ဆောင်ရမည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျိနှင့် ပတ်သတ်လာလျှင် ထိုသို့ မဟုတ်တော့ချေ။ မိုဝူကျိက သူမကိုပင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးခဲ့သည် မဟုတ်ပါလော။ လော့ကျမ်းစာရွက်လောက်အား မည်သို့ မပေးဘဲ နေမည်နည်း။
ချိန်စုယင်၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားကာ
“ အစ်မချူယို့ … လော့ကျမ်းစာရွက် မိုဝူကျိ ပေးထားတာ ဟုတ်တယ်။ ငါတို့ အခု ဘာလုပ်ကြမလဲ ”
သူမက နားလည်သွားလေသည်။ မိုဝူကျိဆီမှ ပစ္စည်းတစ်ခုတွင် မိုဝူကျိ၏ တာအိုအငွေ့အသက် ရှိနေပေမည်။ သာမာန်လူက မခံစားမိနိုင်သော်လည်း သူတို့ကို ဤနေရာ ပို့ဆောင်ခဲ့သည့် ပညာရှင်ဆိုလျှင် သိနိုင်လောက်၏။
ချူယို့ အမူအယာလည်း စိတ်ပူပင်များနှင့်အတိ ပြည့်လာသည်။ သူမက သူတို့ ဘာလုပ်သင့်ကြောင်း မသိတော့ပေ။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကြောင့် ဤနေရာသည် အင်မတန် အန္တရာယ်များကြောင်း အာရုံခံမိပေသည်။ သူမက ဤနေရာသည် သဘာဝအကျဉ်းထောင်ကဲ့သို့ ဖြစ်နေကာ ချိုးဖောက်နိုင်မည့် နည်းလမ်း မရှိကြောင်း ခံစားမိလိုက်၏။
ချူယို့၏ အမူအယာကို မြင်ကာ ချိန်စုယင်လည်း ချူယို့လည်း ကူကယ်ရာမဲ့နေကြောင်း သိလိုက်တော့သည်။
သူမက အသက်ပြင်းပြင်း ရှုကာ တည်ငြိမ်အောင် ထိန်းလိုက်သည်
“ အစ်မချူယို့ … မိုဝူကျိဆီမှာ တစ်ခုခု ဖြစ်ခဲ့ရင် ငါ သူနဲ့အတူ လိုက်သွားမယ် ”
ချူယို့က ဘာမှမပြောပေ။ သူမလည်း စိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။ အကယ်၍ မိုဝူကျိသာ တစ်ခုခု ဖြစ်ခဲ့လျှင် သူတို့ကို ကယ်ရန် ရောက်လာသည့်အတွက်ကြောင့် ဖြစ်ပေရာ သူမလည်း လိုက်သွားမည်သာ ဖြစ်၏။ သူမ အသက်ရှင်သည် ဖြစ်စေ၊ မရှင်သည် ဖြစ်စေ ကိစ္စမရှိပေ။
သူမက ထိုအတွေးဖြင့် သူမစိတ်ထဲမှ နေရခက်မှုလည်း သိသိသာသာ လျော့ပါးလာသည်။ သူမက စိတ်ပူပင်မှုများအား ဘေးဖယ်ထားကာ မေးလိုက်သည်
“ စုယင် … ဝူကျိနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ ပြောပြလို့ ရမလား ”
“ ရတာပေါ့ ” ချိန်စုယင်က ချူယို့ တွေးနေသည့်အရာများကို သိပုံပေါ်၏။ သူတို့က ကူကယ်ရာမဲ့ ဖြစ်နေသည့်အတွက် ကံတရားကိုသာ ပုံအပ်ထားလိုက်တော့မည်။
……….…
မိုဝူကျိက ရပ်တန့်လိုက်သည်။ ဘုန်းကြီး ပေးလိုက်သည့် ကျောက်စိမ်းပေလွှာသည် အင်မတန် တိကျပေသည်။ သူ့ရှေ့မှောက်၌ အနီရင့်ရင့် အာကာပြင် ဝဲကတော့ကြီး ရှိနေသည်။
သူတို့ ဝိဇ္ဇာတပိုင်းအဆင့် ရောက်သည့်အချိန် ကျင့်ကြံသူများက အန္တရာယ် ခံစားမှု ပို၍ အားကောင်းလာသည်။ မိုဝူကျိ ရပ်လိုက်သည်နှင့် ဤဝဲကတော့အတွင်း မရဏအငွေ့အသက်များကို ခံစားမိလိုက်ပြီးသား ဖြစ်၏။
အကယ်၍ သူသာ ထိုဝဲကတော့ထဲ ဝင်သွားလျှင် သေချာပေါက် ပြန်ထွက်လာနိင်မည် မဟုတ်ပေ။
အခြားကျင့်ကြံသူများလည်း အတူတူ ခံစားမိကာ ထွက်ပြေးကုန်ကြသည်။ ဘုန်းကြီးသည်လည်း ထိုသို့ ပြေးထွက်လာခြင်းသာ ဖြစ်ရမည်။ သို့သော်လည်း မိုဝူကျိက ထွက်ပြေး၍ မဖြစ်ကြောင်း သိထား၏။ ချိန်စုယင်က အထဲတွင် ရှိနေသည် မဟုတ်ပါလော။ အကယ်၍ သူသာ ထွက်ပြေးသွားလျှင် ချိန်စုယင်အား မည်သူကမှ ခေါ်ထုတ်လာနိုင်မည် မဟုတ်ပေ။
စိတ်စွမ်းအားပင် မထိုးဖောက်နိုင်ပေ။ သို့သော်လည်း မိုဝူကျိက စိတ်စွမ်းအား တစ်ခုတည်း ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။ သူ့တွင် စိတ်ဝိညာဉ် မျက်လုံးလည်း ရှိထားသည် မဟုတ်ပါလော။
ထိုစဉ် မိုဝူကျိက ဝိဇ္ဇာအဆင့် ရောက်ရှိသွားပြီးပြီ ဖြစ်ပေရာ သူ့စိတ်ဝိညာဉ်မျက်လုံးက စိတ်စွမ်းအား မထိုးဖောက်နိုင်သည့် ဝဲကတော့အတွင်း ထိုးဖောက်ဝင်ရောက်နိုင်လိုက်သည့်အခါ သင်္ကေတအမြောက်အများကို တွေ့လိုက်ရသည်။ မိုဝူကျိက ဝိဇ္ဇာအဆင့် ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုရှုပ်ထွေးလှသည့် သင်္ကေတအတားအဆီးများကြောင့် မူးဝေဝေ ဖြစ်မိသွားသည်။
နှစ်နာရီအတွင်း မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို ပြန်ရုတ်သိမ်းလိုက်ရသည်။ သူက မျက်လုံးကို တင်းတင်း မှိတ်ထားပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
ထိုစဉ် တစ်ယောက်ယောက် သူ့ကို မျှားခေါ်ဖို့ ကြိုးစားနေကြောင်း ပို၍ သေချာသွားတော့သည်။ ဤရှုပ်ထွေးလှသည့် သင်္တေကအမြောက်အများက ကမ္ဘာဦး ထောင်ချောက်အစီအရင်တစ်ခု ဖွဲ့စည်းထားလေ၏။ ကမ္ဘာဦး ကမောက်ကမ စဖြစ်ခဲ့စဉ်အခါက ဤနေရာ ဖြစ်ပေလိမ့်မည်။ ပြောရမည်ဆိုလျှင် စကြဝဠာတစ်ခုလုံး၌ အဆင့်မြင့်ဆုံး ထောင်ချောက်အစီအရင်လည်း ဖြစ်ပေသည်။ အကယ်၍ သူ ဝင်လိုက်လျှင် ပြန်ထွက်လာနိုင်မည့် အခွင့်အရေးအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
သူ့ရန်သူများက သူ့အား တစ်ခုခု မလုပ်လျှင်ပင် သူ့အနေနှင့် ထိုအစီအရင်အတွင်း ဝင်လိုက်သည်နှင့် လွတ်မြောက်တော့မည် မဟုတ်ပေ။ ဤထောင်ချောက်အစီအရင်က စကြဝဠာရှိ အစီအရင်များအနက် အားအကောင်းဆုံး မဟုတ်ပါလော။ မိုဝူကျိက ချိန်စုယင်သည် ထိုအစီအရင်အတွင်း ရှိနေကြောင်း သိသော်လည်း လက်လွတ်စပယ် ပြေးဝင်မသွားချေ။
သူက အချိန်စက်ဝန်းပြားကို ထုတ်ကာ ထိုဝဲကတော့အပြင်ဘက်၌ ထိုင်ချလိုက်သည်။ သူက ကမ္ဘာဦး အစီအရင် သင်္ကေတများအား အဓိပ္ပါယ်ဖော်ဖို့ ကြိုးစားလိုက်သည်။
သူက ထိုသင်္တေကများအား အပြည့်အဝ နားမလည်နိုင်လျှင်ပင် ထွက်လမ်းကိုတော့ သေချာပေါက် ရှာရမည်။
အချိန်စက်ဝန်းပြား အသက်ဝင်လာလေ၏။ အပြင်ဘက်လောက၌ တစ်နှစ်တာပင် မရှိသေးသော်လည်း မိုဝူကျိအတွက် နှစ်ရာချီ ကုန်ဆုံးပြီးသွားပြီ ဖြစ်၏။
မိုဝူကျိက နှစ်တစ်ရာကြာမြင့်သွားပြီးနောက် ရုတ်ချည်း ထရပ်လိုက်သည်။ သူက အချိန်စက်ဝန်းပြားကို သိမ်းလိုက်ရင်း အစီအရင်သင်္ကေတများကို စတင် ထုတ်ဖော်လိုက်သည်။ သူ့အစီအရင်တာအိုဖြင့် ထိုသင်္တေကများအား အပြည့်အဝ နားလည်ပြီး ကမ္ဘာဦး အစီအရင်အား ချိုးဖောက်နိုင်ဖို့ အနည်းဆုံး နှစ်တစ်သိန်းလောက် ကြာမြင့်ပေလိမ့်မည်။
သူ့အချိန်စက်ဝန်းပြားဖြင့် နှစ်တစ်ထောင်မျှသာ လိုအပ်ပေသည်။
သို့သော်လည်း မိုဝူကျိက ထိုမျှကြာကြာ မစောင့်နေနိုင်တော့ပေ။ သူက ချိန်စုယင်အား တတ်နိုင်သမျှ မြန်မြန် ခေါ်ထုတ်သွားဖို့ လိုအပ်ကြောင်း ခံစားနေမိသည်။ မဟုတ်လျှင် ကမ္ဘာပျက်ကပ်ဘေးကြီးက ရောက်ရှိလာတော့မည် ဖြစ်ရာ စုယင်အား ထပ်တွေ့နိုင်မည့် အခွင့်အရေး လုံးဝ ကင်းမဲ့သွားနိုင်ပေသည်။
.............
“ ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ကနေ အစ်ကိုကြီးမိုက နင့်ကို ကယ်ပေးခဲ့တာလား ” ချူယို့က မိုဝူကျိသည် ချိန်စုယင်အား ကယ်တင်ဖို့ရာအတွက် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားခဲ့သည့် အကြောင်း ကြားသည့်အခါ တအံ့တဩ ရေရွတ်လိုက်မိသည်။
သူမက မိုဝူကျိ ကံတရားကို လေးစားမိလာသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်သည် မြေအောက်ကမ္ဘာဘေးတွင် တည်ရှိ၏။ မိုဝူကျိက အထဲဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည်မှာ အံ့ဖွယ် ဖြစ်ပေသည်။
အကယ်၍ မြေအောက်ကမ္ဘာ ပညာရှင်တစ်ယောက်ယောက်သာ သူ့အား တွေ့သွားခဲ့လျှင် မိုဝူကျိက ပျက်သုန်းမှုနှင့် ရင်ဆိုင်ရပေမည်။
လက်ရှိ ချိန်စုယင်နှင့် ချူယို့တို့က မကျင့်ကြံနေကြပေ။ သူတို့ အားပိုကောင်းလာလျှင်ပင် ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ကြောင်း သိထားကြ၏။ သူတို့က မိုဝူကျိ ဝင်လာသည့်အထိ စောင့်ဆိုင်းပြီး အတူတူ ထွက်သွားဖို့ ဆန္ဒရှိကြပေသည်။
ရက်များစွာကြာပြီးနောက် မိုဝူကျိက နောက်ဆုံး သင်္တေကကို ရေးထွင်းလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ ဝဲကတော့အတွင်း ဝင်သွားလိုက်၏။ သူ့ကို သင်္ကေတအမြောက်အများ ဝိုင်းလာသည်နှင့် မိုဝူကျိက လူသားပုဆိန်လှံရှည်ကို ထုတ်ယူလိုက်သည်။
လူသားပုဆိန်လှံရှည်က ဧရာမ ပုဆိန်လှံရှည်အဖြစ် ပြောင်းလဲသွားပြီး သင်္ကေတများ အပြင်ဘက်သို့ ဆန့်ထွက်လာသည်။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက သင်္ကေတများကြား ဝင်ရောက်သွားလိုက်သည်။
………….…
အဆုံးမဲ့နယ်မြေ
မိုဝူကျိက သင်္တေကအတွင်း ဝင်ရောက်သွားသည်နှင့် လော့က ရုတ်ချည်း ထရပ်လိုက်သည်။ သူ့မျက်နှာ၌ စိတ်ပေါ့ပါးမှု အရိပ်အယောင် ဖြတ်ပြေးသွားသည်။
အခြားလူများက မမေးနိုင်ခင် လော့က စတင် ရယ်မောလိုက်ပြီး “ မိုဝူကျိဆီ အဲဒီနေရာအကြောင်း ဘယ်လိုပို့ပေးရမလဲ စဉ်းစားနေတာ …. သူက မြန်မြန် သိသွားပြီးတော့ သူ့ဘာသာတောင် ဝင်သွားလိုက်သေးတယ်။ ကြည့်ရတာ သူနဲ့ ဟိုနှစ်ယောက်ရဲ့ ပတ်သတ်မှုက မရိုးရှင်းလောက်ဘူး ”
လော့က ထိုအချက်အား စောင့်မျှော်နေခြင်း ဖြစ်၏။ သူတို့ဆက်ဆံရေးက ရိုးရှင်းနေလျှင် မိုဝူကျိက လော့ကျမ်းစာရွက်ကို အဘယ်ကြောင့် ပေးပစ်မည်နည်း။
“ အာ ..” ဝိဇ္ဇာလေးပါးလုံးက တစ်ချိန်တည်း ဝမ်းမြောက်စွာ ထရပ်လိုက်ကြသည်။ ဟိန်ကျိုးပင် ထရပ်လိုက်မိ၏။ သူက မိုဝူကျိအား ရန်မစလိုသော်လည်း လော့တို့နှင့် ပူးပေါင်းပြီးသား ဖြစ်နေလေပြီ။ ထို့ကြောင့် သူတို့အနေနှင့် မိုဝူကျိက လော့ ပြင်ဆင်ထားသည့် ထောင်ချောက်အတွင်း ကျရောက်သွားသည်မှာ သတင်းကောင်း ဖြစ်၏။
လော့ရှုက စိတ်အားတက်ကြွစွာ ပြောလိုက်သည်
“ တာအိုရောင်းရင်းလော့ .. ကျုပ်တို့ မြန်မြန် သွားပြီး တားရအောင်။ သူ ထွက်မပြေးနိုင်အောင် သေချာလုပ်ရမယ် ”
“ ဟားဟား ” လော့က ရယ်မောလိုက်သည်။ သူက လော့ရှုတို့အား ကြည့်လိုက်ပြီး
“ ထွက်ပြေးဖို့လား … မင်းတို့လည်း အထဲဝင်သွားရင် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ အဲဒါက သဘာဝ တာအိုသင်္ကေတတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာဦး ထောင်ချောက်အစီအရင်ပဲ။ ပြောရရင် စကြဝဠာတစ်ခုလုံးမှာ နံပါတ်တစ် ထောင်ချောက်အစီအရင်ပဲ …
သူက ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ။ ငါတို့က အဲဒီကို သွားပြီး ပိုက်ကွန်ထဲက ငါးကို သွားဖမ်းရုံပဲ လိုတယ် ”
“ ကျုပ်တို့တွေ အထဲမဝင်နိုင်ရင် မိုဝူကျိရဲ့ ပစ္စည်းတွေကို ဘယ်လိုရမှာတုန်း ” နတ်ဘုရားဧကရာဇ် ကွေ့ကူက ပူပင်စွာ မေးလိုက်သည်။
သူက တစ်ခုသာ လိုချင်မိသည်။ မိုဝူကျိ၏ မြေကျုံ့ပညာရပ် ဖြစ်၏။ သူက မိုဝူကျိ၏ မြေကျုုံ့ပညာရပ်သည် သူ့ထက် ပိုအံ့ဩဖို့ ကောင်းကြောင်း ကြားခဲ့စဉ်အခါကတည်းက သူ့စိတ်ထဲ၌ စိတ်အားထက်သန်မှုတို့ ဖြစ်လာမိသည်။
လော့က ဂုဏ်ယူစွာဖြင့်
“ မင်းတို့ဆိုရင်တော့ သူ့ဆီက ပစ္စည်းကို ယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့အတွက် မတူဘူး။ ငါ့စီစဉ်မှုကို မင်းတို့ နားထောင်သရွေ့ နတ်ဘုရားကျောက်တစ်ခုတောင် မလွတ်သွားစေရဘူးလို့ ကတိပေးတယ် ”
***