အရသာရှိတဲ့ ငါးစာကို ငါးတိုင်း စားကြစမြဲ မဟုတ်လော
Vol. 82 Ch. 1145
မန်ဟိုနှင့် ကျုံးဝူရတို့ တိုက်ခိုက်နေစဉ် လေဟုန်ခွင်းလောကသည် အာကာသဟင်းလင်းပြင်တစ်လျှောက် ဆက်လက်မြင့်တက်လာရင်း မမြင်ရသော အတားအဆီးနှင့် နီးသထက်နီးလာနေသည်။
ဧရာမပိုက်ကွန်ကြီးထဲရှိ အိကျမှုသည် မမြင်ရသော လက်ကြီးတစ်ဖက်က ပိုက်ကွန်ကြီးကို တွန်းဖိနေသည့်အလား ပိုပို၍ သိသာထင်ရှားလာ၏။ အိကျမှုအနက်ဆုံးနေရာများ၌ လျှပ်စီးမိုးကြိုးများမှာ ပြင်းထန်လာနေသောနှုန်းဖြင့် ဟိုဟိုသည်သည် ပြေးလွှားထစ်ချုန်းနေကြလေသည်။
အဝေးတွင် လေဟုန်ခွင်းအင်ပါယာသခင်နှင့် ပါရာဂွန်ပင်လယ်အိမ်မက်အကြားက တိုက်ပွဲက အရေးကြီးသောအခြေအနေသို့ ဦးတည်နေပုံရသည်။ ပင်လယ်အိမ်မက်သည် ရှေးခေတ်က ပါရာဂွန်တစ်ဦးဖြစ်၍ ယခုထက်ထိ မသက်သာသေးသော အတွင်းဒဏ်ရာများကို ရရှိထားခဲ့သော်လည်း လေဟုန်ခွင်းအင်ပါယာသခင်ကို နည်းနည်းလေးမှ အလျှော့မပေးပေ။ အမှန်တွင် လေဟုန်ခွင်းအင်ပါယာသခင်၏ အကာအကွယ်များမှာ ဖြည်းဖြည်းချင်း ပြိုကွဲစပြုနေလေပြီ။
ပါရာဂွန်ပင်လယ်အိပ်မက်၏ တိုက်ကွက်များက အာကာသဟင်းလင်းပြင်ကို တုန်ခါနေစေ၍ ဧရာမပိုက်ကွန်ကြီး၏နောက်ရှိ ပုံရိပ်များအား အခြေအနေကို မမှိတ်မသုန် အကဲခတ်နေစေသည်။
"မီတာဆယ့်ငါးသိန်း ကျန်သေးတယ်" ရှေးဆန်သောအသံကြီးတစ်သံက မသဲမကွဲ ပြောသည်။ လောလောဆယ်တွင် လေဟုန်ခွင်းလောကသည် အသက်တစ်ရှိုက်လျှင် မီတာ ၃၀၀၀၀ နှုန်းဖြင့် ရွေ့လျားနေ၏။ ၎င်းက တအုန်းအုန်း မြည်ရင်း တက်လာနေရာ အနားသတ်များတွင် မီးပွားများပင် တောက်လာသည်။
အဝေးမှကြည့်ပါက ကြယ်တံခွန်ကြီးတစ်ခုသည် ဧရာမပိုက်ကွန်ကြီးနှင့် ကောင်းကင်ဘုံ ၃၃ ခု ဆီသို့ မရပ်မနား ရွေ့လျားနေသည်နှင့် တူ၏။
မီတာ ၁၂၀၀၀၀၀။
မီတာ ၉၀၀၀၀၀။
မီတာ ၆၀၀၀၀၀။
လေဟုန်ခွင်းလောကထဲတွင် ကျုံးဝူရက သူ တီထွင်ခဲ့သော စတုတ္ထလက်သီးဖြင့် တဟုန်ထိုး ၀င်ရောက်လာနေသည်။ သူက အလင်းတန်းရှည်ကြီးပမာ မန်ဟို့ထံသို့ တန်းတန်းမတ်မတ် ပြေး၀င်သွားလေပြီ။
မန်ဟို၏ မျက်နှာပေါ်တွင် လေးနက်နေသော အမူအရာတစ်ခု ရှိသည်။ ထိုလက်သီးချက်အတွင်း၌ ကျုံးဝူရ၏ စွဲလမ်းမှုအပြင် တာအိုနောက်သို့ လိုက်ခြင်းနှင့် ပက်သက်သည့် စိတ်သဘောထားများကိုလည်း မန်ဟို ခံစားနေရလေသည်။
"သူတို့က ခန္ဓာကိုယ်သေဆုံးသွားရင်တောင်မှ အစစ်အမှန်တာအိုနောက်ကို လိုက်နေဦးမှာပဲ။ သူတို့အတွက် တာအိုကို ရှာဖွေနေတာကပဲ အရေးကြီးတယ်
"အဲ့ဒီရှာဖွေမှုက ခဏလေးပဲ ခံရင်တောင်မှ တာအိုရှာဖွေတဲ့လူတွေက မနက်ခင်းမှာ မွေးဖွားပြီး ညခင်းမှာ သေဆုံးသွားရရင်တောင်မှပဲ .... " မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ကျုံးဝူရချဉ်းကပ်လာနေသည်ကို ကြည့်၍ ထိုလက်သီးမှာ သူ တန်ပြန်မတိုက်ခိုက်နိုင်သော အရာဖြစ်ကြောင်း သဘောပေါက်လိုက်၏။
သူ၏ကျင့်ကြံခြင်းအခြေခံက မလုံလောက်၍ မဟုတ်ပေ။ ထိုအစား ကျုံးဝူရ၏ ကျင့်ကြံခြင်းအခြေခံကိုမဟုတ်ဘဲ တာအိုရှာဖွေရာတွင် တစိုက်မတ်မတ် နှစ်မြုပ်ထားသည့် ကျုံးဝူရ၏ နှလုံးသားကို တိုက်ခိုက်ရသည့်အတွက် .... စိတ်စွမ်းအားနှင့် ပက်သက်နေ၍ ဖြစ်သည်။
ထိုနှလုံးသားသာ ရှုံးနိမ့်သွားခဲ့လျှင် ကျုံးဝူရအနေဖြင့် အစစ်အမှန်တာအိုနှင့်ပက်သက်ပြီး အစွဲအလမ်း သိပ်ကြီးတော့မည်မဟုတ်ပေ။
မန်ဟိုက သက်ပြင်းဖွဖွ ချလိုက်သည်။ သူသည် အပြင်လောက၏ အစစ်အမှန်တာအိုဆိုသောအရာတွင် မယုံကြည်ပေ။ သူက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ရာ သူ့ဘယ်မျက်လုံးထဲရှိ ကျောက်ခဲသည် အရည်ပျော်၍ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ ချက်ချင်းပင် အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းနှင့်အတူ မန်ဟိုကား ဂြိုလ်တစ်လုံးအသွင် ပြောင်းသွားလေပြီ။ သူက ကျုံးဝူရထံသို့ ဝုန်းခနဲ ဦးတည်သွားသည်။
"အဲ့ဒီလက်သီးချက်မှာ ခင်ဗျားရဲ့ စိတ်ဆန္ဒ၊ ခင်ဗျားရဲ့ အတွေးတွေ ပါ၀င်နေတယ်။ ကျုပ် အဲ့ဒါကို အနိုင်ယူလို့ မရပေမယ့် ခင်ဗျားကိုတော့ တိုက်ခိုက်လို့ရသေးတယ်" ဂြိုလ်အသွင်ပြောင်း၍ ကျုံးဝူရဆီ ဥက္ကာခဲကြီးသဖွယ် ပြေး၀င်သွားစဉ် မန်ဟို့အသံက ပဲ့တင်ထပ်လာသည်။
သူတို့နှစ်ယောက်ကား လေကိုခွင်း၍ ၀င်တိုက်လိုက်ကြ၏။
"တာအိုရှာဖွေနေတုန်း သေသွားတော့ရော ဘာအရေးလဲ" ကျုံးဝူရက ခေါင်းနောက်လှန်၍ တဟားဟားရယ်ရင်း သူ့လက်သီးအား ဂြိုလ်အသွင်မန်ဟို့ကို ထိုးနှက်လိုက်စေသည်။ သူတို့ ပတ်ပတ်လည်ရှိ အရာအားလုံး တုန်ခါလှုပ်ရမ်းသွားပြီး ဧရာမလေပြင်းကြီးတစ်ချက်က လေဟုန်ခွင်းလောကတစ်ခွင် ဖြာထွက်သွားသည်။
လေဟုန်ခွင်းလောကအပေါ်သို့ ထိုးတက်နေသည်နှင့်အမျှ လေထုနှင့်ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော မီးတောက်များမှာ ပို၍ပင် အားကောင်းလာပြီး ကောင်းကင်တစ်ခွင်လုံး စိုးမိုးလာကာ လောကတစ်ခုလုံးအား မီးကမ္ဘာကြီးအသွင် ပြောင်းသွားစေသည်။
မန်ဟို့ကြယ်ကျောက်ခဲမှာ ကွဲအက်လာပြီး သူ့မှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ နောက်ဆုံးတော့ ဂြိုလ်သည် ပေါက်ကွဲသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်ဆုတ်လိုက်ရသော မန်ဟို့အား မြင်လိုက်ရ၏။ သူက တွေဝေရှုပ်ထွေးနေသော မျက်နှာထားဖြင့် ကျုံးဝူရကို ကြည့်နေသည်။
ကျုံးဝူရက သွေးတစ်လုပ်ပင် မအန်ဘဲ မူလနေရာတွင်သာ ရပ်နေ၏။ သို့သော် သူ၏ ညာလက်က ပြာကျ၍ ပျောက်ကွယ်သွားခဲ့လေပြီ။ သို့ထိတိုင် သူကား ဘာမှ မဖြစ်သည့်အလားပင်။ ကောင်းကင်တွင် ပြည့်နှက်နေသော မီးတောက်မီးလျှံများကို သူ လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်လုံးများထဲ၌ မျှော်လင့်ချက်နှင့်အတူ အစွဲအလမ်းကြီးမှုအား မြင်ရနိုင်၏။
လေဟုန်ခွင်းလောကကား ယခုတွင် ဧရာမပိုက်ကွန်ကြီးနှင့် နီးသထက် နီးလာနေလေပြီ။ ယခုတွင် မီတာ ၃၀၀၀၀၀ သာ ကွာဝေးတော့သည်။
မီတာ ၂၇၀၀၀၀။
မီတာ ၂၁၀၀၀၀။
မီတာ ၁၅၀၀၀၀။
မီတာ ၉၀၀၀၀။
လေဟုန်ခွင်းလောက၏ မြေပြင်များမှာ အက်ကွဲကြေမွစပြုလာသည်။ မြစ်များ ခမ်းခြောက်ပြီး ကောင်းကင်တွင် မီးတောက်မီးလျှံများ ပြည့်နှက်နေ၏။
မီးလျှံများ၏ အပြင်က အာကာသဟင်းလင်းပြင်ထဲတွင် မန်ဟိုသည် ဧရာမပိုက်ကွန်ကြီးနှင့် ထို့အလွန်၌ စောင့်နေသော အံ့မခန်းလိလိအရိပ်ကြီးများကို မြင်သည်ဆိုရုံလေး မြင်လိုက်ရ၏။
ကြည့်ရသရွေ့ လေဟုန်ခွင်းလောက ထွက်မသွားနိုင်အောင် တားဆီးနိုင်သည့်နည်းလမ်း မရှိသည့်အလားပင်။
မီတာ ၃၀၀၀၀။
မျက်စိတစ်မှိတ်အတွင်း လေဟုန်ခွင်းလောကကား မီတာ ၃၀၀၀၀ ထက်ပို၍ နီးကပ်သွားခဲ့လေပြီ။ သို့သော် ဤအခိုက်အတန့်တွင် လောကတစ်ခုလုံးသည် မမြင်ရသော အတားအဆီးတစ်ခုကို ၀င်တိုက်သွားသကဲ့သို့ တုံ့ခနဲ ရပ်သွားခဲ့၏။ အုန်းခနဲ ရိုက်ညောင်းသွားပြီး မြေပြင်များမှာ လုံးလုံးလျားလျား ပြိုကျတော့မည့်ဆဲဆဲ ဖြစ်သွားသည်။ မန်ဟိုနှင့် အခြားသူများမှာ သွေးမအန်မိအောင် မထိန်းလိုက်နိုင်ပေ။
ပိုက်ကွန်ကြီးထံမှ မီတာ ၃၀၀၀၀ အကွာအဝေးတွင် လေဟုန်ခွင်းလောကသည် ရုတ်တရက် ရပ်၍ ထိုနောက်ဆုံးအကွာအဝေးကို မဖြတ်သန်းနိုင်တော့ပုံရသည်။
ဤအခိုက်အတန့်တွင် ဧကရာဇ်၏အသံကား မျှော်လင့်ချက်အပြည့်၊ ရူးမိုက်မှုအပြည့်ဖြင့် ဟိန်းထွက်လာ၏။
"လေဟုန်ခွင်းလောကရဲ့ သက်ရှိသတ္တဝါအပေါင်းတို့ ၊ မင်းတို့ဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ၀မ်းနည်းပူဆွေးခဲ့ရတယ်။ မုန်းတီးခံခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်။ ကူကယ်ရာမဲ့စွာနဲ့ မင်းတို့တွေဟာ ကိုယ့်သွေးကိုယ် စတေးပြီး ဝိညာဉ်တွေကို အပ်နှင်းခဲ့ကြရတယ်
"အခု ငါ မင်းတို့ကို ပြန်လာဖို့ ဆင့်ခေါ်တယ်။ လေဟုန်ခွင်းလောကရဲ့ ဝိညာဉ်တွေ ငါ့သွေးကို လမ်းအဖြစ်သုံး၊ ငါ့ရဲ့ ဒွါရပေါက်တွေထဲ ဝင်လာပြီး ငါ့ရဲ့ စိတ်ဝိညာဉ်ဖြစ်လာကြလော့။ လာကြတော့" သူ့အသံသည် ထူးဆန်းသော စွမ်းအားတစ်ရပ်ဖြင့် ပြည့်နှက်နေပုံရပြီး သူ စကားပြောနေစဉ် သူ၏မျက်လုံးနှင့် နားတို့မှ မည်းနက်နေသောသွေးများ စီးကျလာသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက်ရှိ မွေးညင်းပေါက်အားလုံးမှ သွေးများစွာ စီးကျလာသဖြင့် သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီလာတော့သည်။
သူ၏ အင်ပါယာအ၀တ်အစားများမှာ လျင်မြန်စွာပင် သွေးတို့ ရွှဲသွားခဲ့လေပြီ။
သွေးများ သူ့တစ်ကိုယ်လုံး စိုရွှဲနေသည့်အချိန်မှာပင် ကမ္ဘာမြေသည် တုန်ခါလာပြီး ကောင်းကင်ကြီး အက်ကွဲလာကာ တောင်တန်းများ လှုပ်ရမ်းလာသည်။ ခမ်းခြောက်နေသော မြစ်များ တုန်ရီနေကြပြီး လေနှင့်မီးတောက်များပင်လျှင် တုန်ယင်နေကြသည်။
လောကတစ်ခုလုံး ယိမ်းထိုးနေစဉ် မရေမတွက်နိုင်သော ဝိညာဉ်များ ပျံတက်လာကြသည်။ ၎င်းတို့သည် တောင်များ ၊ မြစ်များ၊ ကောင်းကင်နှင့် မြေကြီးထဲမှ ထွက်လာကြ၏။ လေဟုန်ခွင်းလောက၏ အစိတ်အပိုင်းအားလုံးမှ ၊ နေရာတိုင်းမှ ဝိညာဉ်များ ဖောက်ထွက်လာနေကြသည်။
ရေတွက်ကြည့်ရန်ပင် များပြားလွန်းပြီး ၎င်းတို့သည် နေရာတိုင်းမှ ပျံထွက်လာရင်း စုဝေးကာ သွေးဝဲကြီးတစ်ဝဲကို ဖော်ဆောင်လိုက်ကြသည်။
၎င်းတို့ကား အဆုံးမဲ့ဟန်တူပြီး တစ်ကောင်ချင်းစီသည် စွဲလမ်းမှု၊ ရူးသွပ်မှုနှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်သျှမ်းနေကြ၏။ ၎င်းတို့က ဝဲထဲသို့ ဝင်ရောက်၍ ဝဲကို အားဖြည့်ပေးနေသော အဆုံးမဲ့ဝိညာဉ်အစွမ်းကို ထုတ်လွှတ်ကြရင်း လှည့်ပတ်နေကြလေသည်။
ဝဲသည် လျင်မြန်စွာ လည်လာ၏။ လေဟုန်ခွင်းလောကကိုယ်တိုင်မှာ နောက်ဆုံးမီတာ ၃၀၀၀၀ သို့ ဖောက်မထွက်နိုင်သည့်အတွက် .... မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတစ်လျှောက် သေဆုံးသွားခဲ့ကြသော သက်ရှိသတ္တဝါများကား ဖောက်ထွက်နိုင်အောင် ပေးဆပ်ကြပေတော့မည်။
၎င်းတို့ကား ထိုလိုအပ်နေသောစွမ်းအားကို အားဖြည့်ပေးကြမည်။
မန်ဟိုမှာ လေပွေကြီးသဖွယ် စုပြုံနေသော ဝိညာဉ်များကို မြင်ရသည့်အခါ စိတ်နှလုံးတုန်လှုပ်သွားတော့သည်။ ဝဲကြီးသည် တဝေါဝေါ လည်ရင်း လေဟုန်ခွင်းလောကအား တုန်ခါလာစေပြီးနောက် နောက်ဆုံးမီတာ ၃၀၀၀၀ အား စတွန်းတော့သည်။
မီတာ ၂၄၀၀၀။ မီတာ ၁၅၀၀၀။ မီတာ ၉၀၀၀။
“ကောင်းကင်ဘုံ ၃၃ ခု” မျက်ကန်းနားပင်းနေသော ဧကရာဇ်က အော်သည်။ သူ့နတ်ဘုရားအာရုံမှာ ဘာမှမကျန်တော့ပေ။ သူသည် မီးငြိမ်းတော့မည့် ဖယောင်းတိုင်အလားပင်။ ဤအခိုက်အတန့်တွင် လေဟုန်ခွင်းလောက အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သူ သေရလိမ့်မည်။
မှန်ပါသည်၊ သေခြင်းကို သူ ဂရုမစိုက်။ သူ ပြောခဲ့သည့်တိုင်း သူ့ကို သူတော်စင်ဟု ခေါ်ခေါ်၊ သူယုတ်မာဟု ပြောပြော သူ ဂရုမစိုက်ပေ။ သူ၏လုပ်ဆောင်မှုများကား အင်ပါယာသခင်အတွက်မဟုတ်ဘဲ ၊ လေဟုန်ခွင်းလောကတစ်ခုလုံးအတွက် ဖြစ်သည်။
“ငါ အင်ပါယာသခင်ကို လှုပ်ရှားအောင် နားချခဲ့တာတောင် မင်းတို့လူတွေ မယုံကြသေးဘူးလား
“ကောင်းပြီလေ မင်းတို့ ယုံယုံမယုံယုံ၊ ငါ လေဟုန်ခွင်းလောကရဲ့ တစ်ခုတည်းသော ကမ္ဘာအနှစ်သာရ ပေးပါ့မယ်။ တောင်းဆိုပါတယ် ကျေးဇူးပြုပြီး ... တံခါးဖွင့်ပေးပါ” ဧကရာဇ်သည် ကတုန်ကယင်ဖြင့် လက်နှစ်ဖက်လုံးအား လေပေါ် မြှောက်လိုက်သည်။ သူ့လက်နှစ်ဖက်လုံး ဖောင်းခနဲ ပေါက်ကွဲသွား၍ သွေးများသည် အရပ်လေးမျက်နှာသို့ လွင့်စင်သွားတော့၏။ တစ်ချိန်တည်းမှာပင် ပြိုကျပျက်စီးနေခဲ့ပြီးသော ဝတ်ပြုကျောင်းကား ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။
လှောင်ချိုင့်အား ဖွင့်၍ အကျဉ်းကျနေသော ဥသျှောင်ကမ္ဘာအနှစ်သာရအား လွှတ်ပေးလိုက်သည့်အလားပင်။ ၎င်းသည် ပို၍စူးရှတောက်ပနေသည်မှအပ လေဟုန်ခွင်းလောကချီကြောနှင့် အလွန်ဆင်သော အလင်းတန်းတစ်တန်းဖြစ်၏။
အလင်းတန်းက ကောင်းကင်ထက်သို့ ထိုးတက်ရင်း လေဟုန်ခွင်းလောကမှ ထွက်ခွာ၍ မီတာ ၉၀၀၀ အကွာအဝေးကို ဖြတ်သန်းကာ ဧရာမပိုက်ကွန်ကြီးကို ဆောင့်တိုက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပိုက်ကွန်သည် တုန်ခါသွားပြီး ရုတ်တရက် စူးရှထည်ဝါစွာ တောက်ပလာသည်။ မရေမတွက်နိုင်သော မိုးကြိုးတန်းများက ယိမ်းနွဲ့ကခုန်နေပြီး မိုးခြိမ်းသံများက နားကွဲလုအောင် ပဲ့တင်ထပ်နေသည်။ ဖိအားကြီးကား ပိုက်ကွန်တစ်ခုလုံးအပေါ်တွင် စုဝေးလာကာ ကျူးကျော်လာနေသော ကမ္ဘာအနှစ်သာရကို ဝင်ရောက်မလာနိုင်အောင် ကာဆီးလိုက်သည်။
ဧကရာဇ်က ခေါင်းနောက်လှန်၍ အရူးသဖွယ် အော်ရယ်လိုက်စဉ် သူ့ခြေထောက်များသည် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့၏။
“တောင်ပင်လယ်လောကက အက်ရှလွန်ကျင့်ကြံသူတို့။ မင်းတို့က လေဟုန်ခွင်းလောကရဲ့ ချီကြောနဲ့ အနှစ်သာရတွေကနေ အကျိုးအမြတ်ရခဲ့ကြတယ်။ အခု .... မင်းတို့ တင်နေတဲ့အကြွေးကို ပြန်ဆပ်ဖို့ အချိန်ကျပြီ” ဧကရာဇ်၏ ထူးဆန်းသောစကားလုံးများ ပဲ့တင်ထပ်နေစဉ် သူ့ရင်ဘတ်သည် ပေါက်ကွဲသွားပြီး သလင်းဖန်လုံးတစ်လုံး ထွက်လာ၏။
သလင်းဖန်လုံး ပေါ်လာသည်နှင့် အထဲရှိ ဝိညာဉ်သုံးခုအား မြင်လိုက်ရသည်။ ဝိညာဉ်တစ်ခုက ဆယ်ယောက်မြောက်အက်ရှလွန်ကျင့်ကြံသူ ဟိုက်တုန်းချင်းဖြစ်သည်။ နောက်တစ်ခုကား ကောင်လေးဟုန်ပင်းပင်။ သုံးခုမြောက်ကတော့ တာအိုကောင်းကင် ထိုတစ်ယောက်ကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းကား သူ သတ်ခဲ့သော ဒုတိယတောင်မှ အက်ရှလွန်ကျင့်ကြံသူပင်။
သေသွားပြီဟု ထင်မှတ်ခံထားရသော အက်ရှလွန်ကျင့်ကြံသူသုံးယောက်၏ ဝိညာဉ်များ။ ဤနေရာတွင် ပေါ်လာခဲ့လေပြီ။
မန်ဟိုမှာ အံ့ဩနေပြီး တာအိုကောင်းကင်မှာတော့ သူ့မျက်စိသူ မယုံနိုင်ဖြစ်နေသည်။ ယွီဝမ်ကျန်းမှာမူ ဟုန်ပင်း၏ဝိညာဉ်ကို မြင်လျှင် မျက်လုံးများ ချက်ချင်း နီရဲသွားသည်။
သို့သော် သူတို့တစ်ယောက်မှ မလှုပ်ရှားနိုင်ခင် အလင်းတန်းဆယ်တန်းက ရုတ်တရက် ကမ္ဘာအနှစ်သာရအလင်းတန်းထံမှ ဖြာထွက်လာသည်။
ထိုအလင်းတန်းဆယ်တန်းက သံကြိုးများအသွင်ရှိပြီး မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပြေးထွက်လာသည်။ အမှန်ပင် သံကြိုးသုံးကြိုး ဟုန်ပင်းနှင့်ကျန်ဝိညာဉ်နှစ်ခုအား ချုပ်နှောင်လိုက်စဉ် မည်သူမှ တားရန်အခွင့်အရေးပင် မရလိုက်ပေ။
သူတို့မှာ ချက်ချင်း တုန်ရီလာကြပြီး စူးစူးဝါးဝါး အော်ဟစ်ကြတော့သည်။ သူတို့၏တာအိုများ၊ အသက်စွမ်းအားများနှင့် အရာအားလုံး ချုပ်နှောင်၍ စုပ်ယူခံနေရသဖြင့် သူတို့ထံမှ မှိတ်တုတ်မှိတ်တုတ်အလင်းရောင်များ ဖြာထွက်လာသည်။
မန်ဟိုနှင့်အခြားသူများမှာ အံ့အားသင့်နေကြသည်။ မျက်စိတစ်မှိတ်အတွင်း သံကြိုးများက ကျန်အက်ရှလွန်ကျင့်ကြံသူများဆီ ထိုးဆင်းလာကြလေပြီ။ လင်းချုံနှင့် ဟန်ချင်းလဲ့မှာ ရှောင်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ ချက်ချင်းပင် ချုပ်နှောင်ခံလိုက်ရတော့သည်။ ယွီဝမ်ကျန်းနှင့် ပဉ္စမတောင်မှ အက်ရှလွန်လည်း ထိုနည်းတူ အဖမ်းခံလိုက်ရသည်။ တာအိုကောင်းကင်က မာန်သွင်းဟိန်းဟောက်၍ ပြန်တိုက်ခိုက်သော်လည်း ချုပ်နှောင်ခံရရုံမှတစ်ပါး ဘာမှမတတ်နိုင်လိုက်ပေ။
မန်ဟိုပင်လျှင်ပင် ရှောင်ဖို့ အစွမ်းကုန်ကြိုးစားနေသည့်တိုင် ဖမ်းခံလိုက်ရသေးသည်။
ဧကရာဇ်မှ ချခဲ့သော ငါးစာကို ဟပ်ခဲ့သည့် အက်ရှလွန်အားလုံး ချက်ချင်း ချုပ်နှောင်ခံလိုက်ရလေပြီ။ ထို့နောက် ကမ္ဘာအနှစ်သာရသည် အလင်းတန်းကို အားဖြည့်ပေးရန် သူတို့ကို စတင်စုပ်ယူတော့၏။
လူသံနှင့်ပင် မတူတော့သော အော်သံများသည် ဆူညံလာသည်။ ဤလူများမှာ အက်ရှလွန်ကျင့်ကြံသူများဖြစ်သော်လည်း သူတို့ပင်လျှင် သူတို့အသံများကို မထိန်းချုပ်နိုင်တော့ပေ။ သူတို့ကား ရွေးချယ်ခံများပင် မဟုတ်တော့ဘဲ ... ကမ္ဘာအနှစ်သာရကို အားဖြည့်ပေးနေရသည့် စွမ်းအားအရင်းအမြစ်များ ဖြစ်နေလေပြီ။
ဧကရာဇ်၏အကြံအစည်မှာ နောက်ဆုံးတော့ အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သည်။ အရသာရှိသောငါးစာကို ငါးတိုင်း စားကြစမြဲမဟုတ်လော။