ထာဝရဆိုတာ ရှိခဲ့ရင်
Vol. 87 Ch. 1224
“ အဲဆို ဘာဆက်ဖြစ်သွားတာလဲ ” ချူယို့က ချိန်စုယင် ဇာတ်ကြောင်းကို နားထောင်ရင်း ကြည်နူးနေမိသည်။ သူမက ချိန်စုယင် တိတ်ဆိတ်သွားသည်ကို မြင်လိုက်သောအခါ မနေနိုင်ဘဲ မေးလိုက်သည်။
ချိန်စုယင်က ချူယို့အနောက်ဘက် စိုက်ကြည့်ရင်း အတွေးလွန်နေဟန် ပေါ်သည်။ ထိုစဉ် ချူယို့နောက်တွင် ကမ္ဘာ၌ အရေးပါဆုံးအရာ ရှိနေသည့်အလား စိုက်ကြည့်နေပေသည်။
……………
မိုဝူကျိ ဝင်လာလိုက်သည်နှင့် စိတ်ထဲ လေးလံသွားမိသည်။ သူက သူ့လူသားကမ္ဘာနှင့် မဆက်သွယ်နိုင်သေးပေ။ ထိုမျှတင် မကသေးဘဲ သူ့တာအိုဆန္ဒသည်လည်း ဖိနှိပ်ခံထားရဟန် ပေါ်သည်။
သို့သော်လည်း မိုဝူကျိက ထိုအတွေးများကို ဘေးဖယ်ထားလိုက်သည်။ အကြောင်းမှာ သူက မျက်ရည်များအပြည့်နှင့် မျက်နှာလှလှလေးကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။
သူမ မျက်ဝန်းများက စတွေ့ခဲ့စဉ်အခါကကဲ့သို့ ဖြစ်ကာ မျက်ရည်များ စီးကျနေသော်လည်း လူတစ်ယောက်၏ စိတ်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်ဟန် ပေါ်နေသည်။ သူမ၏ ကျောက်စိမ်းသဏ္ဍာန် နှာခေါင်းချွန်ချွန်လေးက ကမ္ဘပေါ်ာရှိ အလှပဆုံး ပန်းချီကား အလား ပြစ်ချက်ကင်းလွန်းပေသည်။
“ ဝူကျိ ….” ချိန်စုယင်က ရေရွတ်လိုက်သည်။ သူမက မိုဝူကျိဆီ ပြေးဝင်ကာ သူမ စောင့်ဆိုင်းနေရသည်မှာ ခက်ခဲလှကြောင်းနှင့် သူမ လိုက်လံရှာဖွေရသည်မှာ ပင်ပန်းလွန်းနေပြီ ဖြစ်ကြောင်း ပြောပြချင်မိသည်။ သူမက သူမဝိညာဉ်ကို ရှာဖို့အတွက် ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ထဲ ဝင်သွားသည့် အကြောင်းအရင်းကိုလည်း မေးချင်မိသည်။ ထို့ကြောင့် သူ့ကို နှစ်များစွာ မမြင်တွေ့ခဲ့ရခြင်း မဟုတ်ပါလော။
အကယ်၍ သူမသာ အားလုံးကို လုပ်နိုင်လျှင် နှစ်များစွာ ခွဲခွာနေရမည့်အစား မျက်လုံးလေးကို ပိတ်ထားပြီး သူ့ဘေး၌သာ နေချင်မိသည်။
သူမတွင် ဝိညာဉ် မရှိတော့လျှင်ပင် မိုဝူကျိသည် သူမဘေးနား ရှိနေသေးကြောင်း ခံစားမိဆဲ ဖြစ်၏။
သို့သော်လည်း သူမတစ်ကိုယ်လုံးက ပျော့ခွေသွားကျဟန် ပေါ်သည်။ သူမက သဟဇာတ နတ်ဘုရားအဆင့် ၇ ရောက်နေသော်လည်း ထရပ်ဖို့ အင်အားပင် မကျန်တော့ပေ။
ချူယို့လည်း လှည့်ကြည့်လိုက်သည့်အခါ မိုဝူကျိက သူတို့ဆီ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ အိပ်မက်တစ်ခုနှင့် တူလှသည်။ သူတို့နှစ်ယောက် ပြောနေကြသည့် လူက သူတို့ရှေ့မှောက် ပေါ်လာလေပြီ။
ချူယို့ စိတ်ထဲ စိတ်ပျက်လက်ပျက် ခံစားချက်တစ်ခု ဝင်ရောက်လာကာ မိုဝူကျိအား မနှုတ်ဆက်လိုက်ပေ။ ထို့အစား သူမက ခေါင်းငုံ့ကာ တိတ်တဆိတ် နောက်ဆုတ်လိုက်၏။ အကယ်၍ သူမသာ ဤနေရာမှ ထွက်သွားနိုင်လျှင် တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်သွားမိပေလိမ့်မည်။
သူမက ဤအခိုက်အတန့်လေးမှာ သူမအပိုင် မဟုတ်ကြောင်း သိထားသည်။ သူမက အပိုလူတစ်ယောက် မဟုတ်ပါလော။
“ ဝူကျိ ….” ချိန်စုယင်က နောက်ဆုံးတွင် ထရပ်လာသည်။ သူမ ရှေ့မတိုးနိုင်ခင် မိုဝူကျိက သူမရှေ့ ရောက်ရှိလာလေ၏။
မိုဝူကျိက ချိန်စုယင်အား ပွေ့ဖွက်ထားချင်သော်လည်း လက်တုံ့နေမိသည်။
သူ ချိန်စုယင်ကို ရှာမတွေ့ခင်အခါက များများ မတွေးမိခဲ့သော်လည်း နောက်ဆုံး တွေ့လာသည့်အခါ သူက ဇနီးရှိသူ ဖြစ်ကြောင်း အမှတ်ရသွားသည်။
ချိန်စုယင်က သူ့ရှေ့ ရှိနေစဉ် ဟန်ချင်းရုက သူ့လူသားကမ္ဘာအတွင်း ကျင့်ကြံနေဆဲ ဖြစ်၏။ အစတုန်းက ဟန်ချင်းရုနှင့် ချိန်စုယင်တို့ကြားမှ ကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု တွေးထားခဲ့သော်လည်း ယခုအခါ သူ့အနေနှင့် ကောင်းကောင်း မလုပ်နိုင်ခဲ့ကြောင်း သဘောပေါက်သွားသည်။
“ ဝူကျိ …” ချိန်စုယင်က နှစ်ခါပြန် မတွေးနေတော့ဘဲ မိုဝူကျိ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ သူမ မျက်ရည်များက မိုဝူကျိ ပခုံးကို စိုစွတ်သွားစေ၏။ သူမ စိတ်ထဲ၌ ဤနေ့ရက် ရောက်လာဖို့ အချိန်အကြာကြီး စောင့်လိုက်ရပေသည်။
“ စုယင် တောင်းပန်ပါတယ် ” မိုဝူကျိက သူ့လည်ချောင်း ခြောက်ကပ်ကပ် ဖြစ်လာသည်ကို ခံစားမိလိုက်သည်။
ချိန်စုယင်ကို ရှာတွေ့ဖို့ အချိန်အကြာကြီး ယူခဲ့ရသည့်အတွက် တောင်းပန်မှုအပြင် သူမအပေါ် အပြစ်ရှိစိတ် ခံစားလာမိသည်။ သူက ချိန်စုယင်အား မည်သို့ ရှင်းပြရမည်မှန်း မသိချေ။
ထိုအချိန်က သူသာ ငြင်းပယ်လိုက်ပါက ဟန်ချင်းရုသည် အသက်ဆက်ရှင်မည် မဟုတ်ကြောင်း ပြောပြရမည်လား …
ပြီးတော့ သူက ဟန်ချင်းရုအပေါ် ဘာခံစားချက်မှ မရှိကြောင်း ပြောနိုင်သည်လား ….
ချိန်စုယင်က မိုဝူကျိ စကားကို မကြားပေ။ သူမက နှလုံးသားပင် ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် စိတ်လှုပ်ရှားနေမိသည်။ တစ်ချိန်တည်းတွင် သူမ ခန္ဓာကိုယ်က မီးတောက်တစ်ခုအလား အပူချိန် တက်လာသည်။
သူမစိတ်ထဲ ချူယို့အား ပြောပြသည့် အကြောင်းကိစ္စများကို ပြန်လည် တွေးတောလာမိသည်။ သူမ ပြောပြခဲ့သည့် စကားတစ်ခွန်းစီက မြောက်များစွာသော အမှတ်တရများကို မှတ်မိလာစေသည်။
ယခင် သူမက တာအိုလမ်းစဉ် ကျင့်ကြံနိုင်ဖို့အတွက် အရာအားလုံးကို စွန့်လွတ်ထားခဲ့သည်။ သူမအမြင်၌ ယောကျ်ားမိန်းမ အချစ်ကိစ္စမှာ နေလုံးရှေ့မှ နှင်းပွင့်လေးအလား ခဏတာမျှသာ တည်ရှိသည့် ခံစားချက်မျိုး ဖြစ်၏။
သူမက ကောင်းကင်ဖွေရှာနန်းတော်၌ အလှဆုံး မိန်းကလေး ဖြစ်ခဲ့သည်။ ကျန်းရှင်း၌လည်း အလှဆုံး မိန်းကလေး ဖြစ်လောက်ပေသည်။ သို့သော်လည်း သူမက မည်သူ၏ ချစ်မြတ်နိုးမှုကိုမှ လက်မခံခဲ့သလို တာအိုလက်တွဲဖော် ရှာဖို့ရာလည်း စိတ်ထဲပင် မထားခဲ့ပေ။
ဤသည်မှာ မိုဝူကျိနှင့် မတွေ့ခင် ….မိုဝူကျိနှင့် မပတ်သတ်ခင် …. မိုဝူကျိနှင့် ချစ်ကျွမ်းဝင်မသွားခင် နေ့ရက်အထိ ဖြစ်ပေသည်။
ကျေးဇူးတရားကြောင့် သူမက မိုဝူကျိအတွက် သေစေလောက်သည့် အပ်ကို ကြားဝင်ခံပေးခဲ့သည်။ အချစ်အတွက်ကြောင့် သူမက အသက်ဓာတ်ကို လောင်ကျွမ်းစေကာ မိုဝူကျအား သယ်ဆောင်ကာ ထွက်ပြေးခဲ့သလို မိုဝူကျိကိုလည်း စကြဝဠာတခွင် လိုက်လံ ရှာဖွေခဲ့သည်။
သူမ အချစ်က နှစ်ဦးနှစ်ဖက် အပြန်ပြန်အလှန်လှန် ဖြစ်ခဲ့၏။ မိုဝူကျိက သူမအတွက် ဆူးလေဂိတ်တံခါးအတွင်း ဝင်ရောက်ခဲ့သလို သူမအတွက် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို ရှာကာ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ဝင်ရောက်ခဲ့သည်။ ယခု သူမအတွက် ဤအန္တရာယ်နယ်မြေအထိ ဝင်လာသေးသည် မဟုတ်ပါလော။
နောက်ဆုံးတွင် သူမက ထာဝရဟု ဆိုလိုနိုင်သည့် တစ်စုံတစ်ခုကို နားလည်သွားပေသည်။ ဤသည်မှာ တာအိုမဟုတ်ဘဲ အချစ်သာ ဖြစ်၏။ တာအိုတွင် နာကျည်းချက်၊ အမုန်းတရားများ၊ စိတ်ထိခိုက်စရာများ ရှိသော်လည်း အချစ်တွင် မရှိပေ။
အချစ်ကား ထာဝရအတွက် ဖြစ်၏။
……..…
“ ဒါက ကမ္ဘာဦး ထောင်ချောက်အစီအရင်ပဲ ” လော့ရှုက အနီရင့်ရင့် ဝဲကတော့ရှေ့ ရပ်နေရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့တွင် မိုဝူကျိကဲ့သို့ စိတ်ဝိညာဉ်မျက်လုံးမျိုး မပိုင်ဆိုင်ထားသော်လည်း သူ့ကောက်ချက်ချနိုင်စွမ်းမှာ ဩချရလောက်သည်။ ဖန်ဆင်းမှုအချိန်အခါက ဖြစ်တည်လာသည့် ကမ္ဘာဦး အစီအရင်သာ ဤသို့အငွေ့အသက်မျိုး ရှိပေမည်။
အကယ်၍ မိုဝူကျိသာ ထိုထောင်ချောက်အစီအရင်အတွင်း ဝင်ရောက်လိုက်လျှင် ဘယ်တော့မှ ထွက်လာနိုင်တော့မည် မဟုတ်ပေ။ ဖြစ်နိုင်သည်က လော့တစ်ယောက်တည်းသာ ထိုနေရာကို ရှာတွေ့ပေလိမ့်မည်။ လော့က စကြဝဠာအတွင်း အရှေးကျဆုံး တည်ရှိမှု မဟုတ်ပါလော။
“ တာအိုရောင်းရင်းလော့ကိုပဲ အားကိုးရတော့မှာပဲ ” ထိုက်လွန်က လက်နှစ်ဖက် ယှက်ကာ ပျူပျူဌာဌာ ပြောလိုက်သည်။
ကမ္ဘာဦး အစီအရင်က မည်သူကိုမဆို ပိတ်လှောင်ထားနိုင်သည်။ တစ်ချိန်တည်းဆိုသလို ထိပ်တန်း ကာကွယ်ရေး အစီအရင်အဖြစ်လည်း လုပ်နိုင်ပေသည်။ ထောင်ချောက်အစီအရင်အတွင်း ဝင်ကာ မိုဝူကျိကို သတ်နိုင်ပေသည်။
သို့သော် နောက်ပိုင်းကျ ပြန်ထွက်လာနိုင်မည်လား ….
ထိုက်လွန်ကိုယ်တိုင်လည်း အဖြေကို မသိပေ။
လော့က ခပ်ယဲ့ယဲ့ ပြုံးကာ
“ ဒီနေ့ ငါတို့ဆီမှာ လူတစ်ရာကျော် ရှိတယ်။ အားလုံးကလည်း စကြဝဠာရဲ့ ထိပ်တန်းပညာရှင်တွေချည်းပဲ။ ဒီကမ္ဘာဦး အစီအရင်ကို သန့်စင်နိုင်ဖို့ အားလုံးရဲ့ အကူအညီကို လိုတယ်။ ဒီအစီအရင်ကို သန့်စင်ပြီးတာနဲ့ မိုဝူကျိလည်း သေလူ ဖြစ်သွားမှာပဲ ”
ဖိုတိက မျက်မှောင်ကျုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ
“ တာအိုရောင်းရင်းလော့က အားကောင်းတာကို ကျုပ်တို့ သိပါတယ်။ ခင်ဗျားက စကြဝဠာတစ်ခုလုံးမှာ အားအကောင်းဆုံးလူတောင် ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီအစီအရင်ကို သန့်စင်ဖို့ နှစ်သန်းပေါင်းများစွာ မကြာဘဲ မဖြစ်နိုင်လောက်ဘူးမလား ”
လော့က အေးအေးဆေးဆေး ပြောလိုက်သည် “ တာအိုရောင်းရင်းဖိုတိသာ ဒီနေရာကို ရှာတွေ့ခဲ့ရင် အရင်ဆုံး ဘာလုပ်မလဲ ”
ဖိုတိက ရယ်မောကာ “ သန့်စင်မှာပေါ့ … ဒါပေမဲ့ … ”
ဖိုတိက ဆက်မပြောနိုင်ခင် လော့က လက်မြောက်ကာ တားလိုက်ပြီး
“ ငါ လွန်ခဲ့တဲ့နှစ် ငါးသန်းလောက်က ဒီနေရာကို တွေ့ခဲ့တာ… ဒါပေမဲ့ ဒီနေရာကို သန့်စင်ဖို့ အချိန်မလုံလောက်ဘူး။ အားလုံးရဲ့ အကူအညီ လိုအပ်နေတုန်းပဲ …. ငါက ဒီနေရာရဲ့ ၉၉ ရာခိုင်နှုန်းလောက် သန့်စင်ပြီးသွားပြီ။ နောက်ပိုင်းကျ မဟာသန့်စင်ရေး အစီအရင်ကို ခင်းကျင်းပြီးတော့ အပြည့်အဝ သန့်စင်ပစ်လိုက်မယ်။ အဲဒီအခါကျ မိုကောင်စုတ်လည်း ငါ့လက်ထဲ ရောက်လာလိမ့်မယ် … ”
“ မိုကောင်စုတ်က အားကောင်းပေမဲ့ ကျုပ်တို့အတူတူ တစ်ခါတည်း တိုက်ရလောက်အောင်အထိ မတန်ပါဘူး ” နတ်ဘုရားဧကရာဇ် မင်ယွဲ့က ဝင်ပြောလိုက်သည်။ ယခင် သူ့လက်သည်းချက်က မိုဝူကျိအား သတ်လုနီးပါး ဖြစ်သွားသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူက မိုဝူကျိအား မျက်လုံးထဲ မထည့်ပေ။
သူတို့လူရာချီ ရှိနေသည့်အကြောင်း ထည့်ပြောဖို့ပင် မလိုပေ။ မဟာသဲကန္တာရနှင့် သူ နှစ်ယောက်တည်းနှင့်ပင် မိုဝူကျိအား အလွယ်လေး ရှင်းထုတ်ပစ်နိုင်သည်။
လော့က ထိုအကြောင်း စိတ်ထဲ ထားပုံ မပေါ်ပေ။ သူက ရယ်မောကာ
“ တာအိုရောင်းရင်းမင်ယွဲ့ ပြောတာ မှန်တယ်။ ဒါပေမဲ့ အဲဒီလူဆီမှာ မြေကျုံ့ပညာရပ်ဆိုတာ ရှိတယ်။ ငါတို့က မိုကောင်စုတ်ကို ကြောက်နေတာ မဟုတ်ဘူး။ သူ ထွက်ပြေးသွားမှာကို စိုးရိမ်တာ … ”
အကယ်၍ သူသာ သူတို့အကူအညီ မလိုအပ်လျှင် လော့က မင်ယွဲ့အား ပါးဖြတ်ရိုက်ကာ ဆူပူလိုက်ပေမည်
“ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ မိုဝူကျိဆီက ရိုက်ချက်တစ်ချက်က မင်းကို သတ်ပစ်နိုင်လောက်တယ် သိရဲ့လား ”
……….…
မိုဝူကျိနှင့် ချိန်စုယင်တို့က ပြန်လည်ဆုံတွေ့မှုထဲ စိတ်နှစ်မြောနေကြဆဲ ဖြစ်၏။ တစ်ဖက်တွင် ချူယို့က တစ်ခုခု မဟုတ်တော့ကြောင်း ခံစားနေမိသည်။
သူမ စိတ်ထဲ တထင့်ထင့် ဖြစ်နေမိသည်။ အစပိုင်းတွင် မိုဝူကျိကြောင့် ဖြစ်သည်ဟု တွေးမိခဲ့သော်လည်း နှစ်နာရီကုန်ဆုံးသွားပြီးနောက် မိုဝူကျိနှင့် မသက်ဆိုင်မှန်း သိလိုက်တော့သည်။ ထို့အစား အန္တရာယ် ခံစားချက်မျိုး ဖြစ်၏။
ဤခံစားချက်က အလွန်ထူးဆန်းလှသည်။ ဤနေရာကား ပေါက်ကွဲထွက်တော့မလိုမျိုး ဒါမှမဟုတ် တခြားတစ်ယောက်၏ လှောင်အိမ်လို ဖြစ်လာသလိုမျိုး ဖြစ်၏။
“ အစ်ကိုကြီးမို …”နောက်ဆုံးတွင် ချူယို့က အောင့်အီးမထားတော့ဘဲ ဘေးပတ်ဝန်းကျင် မေ့လျော့နေသည့် မိုဝူကျိတို့အား နှောင့်ယှက်လိုက်ရတော့သည်။
မိုဝူကျိက ချက်ချင်း အသိဝင်လာကာ ချိန်စုယင်အား လွတ်ပေးလိုက်သည်။ ထို့နောက် သူက နေရခက်စွာဖြင့်
“ ချူယို့ … ဒီနှစ်တွေမှာ စုယင်ဘေး ရှိနေပေးခဲ့လို့ ကျေးဇူးပါ ”
ချူယို့ မျက်နှာမှာ ဖြူဖျော့သွားလေသည်။ နောက်ဆုံးတွင် သူမက တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ မိုဝူကျိက သူမအပေါ် ကြိုက်နှစ်သက်မှုမျိုး သို့မဟုတ် ချစ်မြတ်နိုးမှုမျိုး လုံးဝ မရှိပေ။
“ အာ အစ်မချူယို့ …” ချိန်စုယင်လည်း အသိပြန်ကပ်လာသည်။ သူမက မိုဝူကျိလက်ကို တင်းတင်း ဆုပ်ထားမိဆဲ ဖြစ်သော်လည်း ချူယို့ရှေ့တွင် ဤသို့ပြုမူခြင်းက မသင့်တော်ကြောင်း သိလိုက်သည်။
“ အစ်ကိုကြီးမို … ဒီနေရာက အရမ်းထူးဆန်းတယ်။ ကြည့်ရတာ ပေါက်ကွဲထွက်တော့မလိုမျိုးပဲ။ ပြီးတော့ တစ်ယောက်ယောက်ရဲ့ ကိုယ်ပိုင်လှောင်အိမ်လို ဖြစ်လာတော့မဲ့ ခံစားချက်လိုမျိုး …. မဟုတ်သေးဘူး။ ကြည့်ရတာ သန့်စင်နေတာ နေမယ် …. ” ချူယို့က နောက်ဆုံးတွင် သဘောပေါက်သွားသည်။
လူတစ်ယောက်၏ ကိုယ်ပိုင်လှောင်အိမ် ဖြစ်လာခြင်း …. အဲဒါက တစ်ယောက်ယောက် သန့်စင်နေတယ်လို့ ပြောတာ မဟုတ်ဘူးလား ….
မိုဝူကျိလည်း ငြိမ်ကျသွားသည်။ ချူယို့ စကားမဆုံးခင် မိုဝူကျိ မျက်နှာထားက ပြောင်းလဲသွားကာ
“ ဟုတ်တယ် … အဲဒီလူ ရောက်နေပြီ။ ဒီထောင်ချောက်က သူ လုပ်ထားတာပဲ။ သူက ငါ အထဲဝင်လာတဲ့အထိ စောင့်ပြီးတော့ ရှင်းထုတ်ဖို့ လုပ်နေတာ ”
မိုဝူကျိ အထဲဝင်လာစဉ်အခါက တစ်ယောက်ယောက် သန့်စင်နေကြောင်း မခံစားမိခဲ့ပေ။ ယခုမူ သိသိသာသာ ခံစားနေမိ၏။ တစ်ယောက်ယောက်က ကမ္ဘာဦး ထောင်ချောက်အစီအရင်ကို သန့်စင်နေပြီး သန့်စင်မှုမှာ ပြီးမြောက်လုနီးပါး ဖြစ်နေကြောင်း သိလိုက်သည်။
သူ့အနေနှင့် သန့်စင်နေသူမှာ လော့ ဖြစ်ကြောင်း ရှင်းပြနေဖို့ မလိုပေ။ လော့သာ အပြည့်အဝ သန့်စင်ပြီးသွားသည်နှင့် သူက အားမည်မျှကောင်းကောင်း လော့ဆီမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
***