အမြှီးရှစ်ချောင်းနတ်မြေခွေးအားတိုက်ခိုက်ခြင်း
Vol. 73 Ch. 1015
အန်လင်းသည် ယခင်မင်္ဂလာပွဲအား ပျက်စေခဲ့သူဖြစ်ကာ ယခုတွင်လည်း ချန်းဟောက်၏ရှေ့တွင် ရှိနေပြန်သည်။
ချန်းဟောက် အားရသွားသည်။
အန်လင်းက သူ့ဘာသာ ငါ့ရှေ့ရောက်လာတာပဲ....
စုကျိုးအင်မော်တယ်ဂိုဏ်းနောက်မှာ ကောင်းကင်ဘုံခုံရုံး ရှိတော့ရော ဘာဖြစ်လဲ.... မြေခွေးနက်မျိုးနွယ်စုမှာလည်း ဝိဉာဉ်ငါးကလန် ရှိနေတာပဲ.....
ဝိဉာဉ်ငါးကလန်က ကောင်းကင်ဘုံခုံရုံးကို ကြောက်စရာ မလိုဘူး......
“သေလိုက်တော့...”
သူသည် အမြှီးရှစ်ချောင်းဖြင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။
အံ့ဖွယ်တာအို၏ ကြောက်မက်ဖွယ် စွမ်းအင်ဖိအားများမှာ အန်လင်းထံသို့ ကျဆင်းလာသည်။
သို့သော် အန်လင်း၏ ပုခုံးထက်တွင် ရှိနေသော နတ်သမီးငယ်လေးမှာ ရုတ်တရက် လှုပ်ရှားလာလေသည်။
ဝုန်း......
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ဆယ်ကီလိုမီတာကျော်အထိ ပျံ့နှံ့သွားသည်။
ချန်းဟောက်သည် တိုက်ခိုက်မှု အရာမထင်လိုက်သောကြောင့် အမူအရာ ပြောင်းလဲသွားသည်။
ရုတ်ချည်းဆိုသလို သူ၏အပေါ်သို့ အပူလှိုင်းများ ကျဆင်းလာလေသည်။
ချန်းဟောက် မော့ကြည့်လိုက်သောအခါ ခန္ဓာကိုယ် တစ်ခုလုံး ရွှေနီရောင် ဖြစ်နေသော အန်လင်းအား တွေ့လိုက်ရသည်။
ကြောက်မက်ဖွယ် ပေါက်ကွဲခြင်း စွမ်းအင်များ ရောက်ရှိလာလေသည်။
ချန်းဟောက်သည် အမြှီးသိမ်းရန်ပင် အချိန်မရှိသောကြောင့် လက်ဖြင့်သာ ကာထားလိုက်ရသည်။
ဘန်း......
အန်လင်း၏ ထိုးနှက်ချက်ကြောင့် လက်မောင်းများပင် ပျက်စီးတော့မလို ခံစားရကာ ချန်းဟောက်သည်လည်း မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
“မဖြစ်နိုင်ဘူး။ အန်လင်းက ဘာလို့ အဲ့လောက်တောင် ကြမ်းနေရတာလဲ။”
ချန်းဟောက်မှာ ထုံကျင်နေသော လက်များအား ခါနေစဉ်မှာပင် ကောင်းကင်ထက်မှ မိုးကြိုးများ ကျဆင်းလာသည်။
မိုးကြိုးများသည် အလွန်အားကောင်းလွန်းသောကြောင့် ချန်းဟောက်မှာ အမြှီးများဖြင့် ကာထားလိုက်ရသည်။
ချန်းနန်နှင့် လန်ရှောင်နီမှာလည်း မိုးကြိုးများအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။
မိုးကြိုးပစ်မှုများ ပြီးဆုံးသွားပြီးနောက်....
ချန်းဟောက်၏ အမြှီးများမှ မီးခိုးများပင် ထွက်နေလေပြီ။
အန်လင်းနှင့် နတ်သမီးငယ်လေးအပြင် ကောင်းကင်ထက်တွင် နဂါးနက်ကြီးတစ်ကောင်ပါ ရှိနေသည်ကို သူသတိပြုမိသွားသည်။
“ကူပေးမယ့်သူ ပေါတယ်ပေါ့လေ။ အဟက်.... ငါ့ကိုလာရှုပ်ရဲတာ နောင်တရသွားစေရမယ်။”
ချန်းဟောက်၏ ခန္ဓာကိုယ်မှာ မတန်တဆ ကြီးထွားလာသည်။
မကြာမီပင် ပေထောင်ချီရှိသည့် အမြှီးရှစ်ချောင်း နတ်မြေခွေးတစ်ကောင် ဖြစ်လာလေသည်။
ချန်းဟောက်သည် အသွင်အစစ်အား ပြောင်းလိုက်ပြီဖြစ်ကာ ပြင်းထန်လှသော အံ့ဖွယ်တာအို အစွမ်းများမှာ အားလုံးကို အသက်ရှူ ကြပ်သွားစေသည်။ သူသည် ဆယ်ကီလိုမီတာ အတွင်းမှ သက်ရှိစွမ်းအင်များအား စုပ်ယူပစ်လိုက်သည်။
“နတ်တာအိုမြေခွေးကျင့်စဉ် အရိုးဖြူလေဟာနယ်....”
ချန်းဟောက်သည် လက်နှစ်ဖက်အား ပူးကပ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်မှာ မည်းမှောင်သွားပြီး လွှသွားသဏ္ဍာန်အရိုးများ ဖြစ်ပေါ်လာသည်။ အရိုးတဝက်ခန့်သည် လှောင်အိမ်အသွင် ပူးကပ်နေကာ ကျန်တဝက်သည် လက်နက်များ ဖြစ်နေပြီး မရဏနယ်ပယ်တစ်ခု ရုပ်လုံးပေါ်လာသည်။
“အံ့ဖွယ်တာအို အစွမ်းတွေ အများကြီးလိုတဲ့ အရိုးဖြူလေဟာနယ်ပဲ။ ခမည်းတော်က တကယ်တိုက်တော့မယ် ထင်တယ်။”
ချန်းနန် စိတ်လှုပ်ရှားသွားသည်။
“အန်လင်းတို့ကို သတ်နိုင်ပါ့မလား။”
လန်ရှောင်နီ စိုးရိမ်နေမိသည်။
ချန်းနန်မှာ အန်လင်းအား လှမ်းကြည့်လိုက်သည်။
“သူက ဟိုမျောက်ရဲ့ သခင်ဆိုတော့ ငါတို့ကို လက်စားပြန်မချေနိုင်အောင် ဒီမှာတင် သတ်ပစ်မှရမယ်။”
လန်ရှောင်နီ မျက်ဝန်းများ တောက်ပသွားသည်။
“တစ်ခါထဲ အပြတ်ရှင်းမှာပေါ့။”
ချန်းနန် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ တစ်ခါထဲ အပြတ်ရှင်းမှာ။”
၎င်းတို့ စကားပြောနေစဉ်မှာပင် လွှသွားသဏ္ဍာန်အရိုးများမှာ အန်လင်းနှင့် ရှောင်ဇယ်ထံ ရောက်ရှိလာသည်။
ထိုအရိုးများသည် ချန်းဟောက်၏ အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော မရဏအရိုးများဖြစ်ကာ ပစ်မှတ်၏ အသက်စွမ်းအင်များအား ရယူပစ်နိုင်သည်။
အန်လင်းသည် ခုခံခြင်းပင် မလုပ်ပဲ ချန်းဟောက်ထံ ဦးတည်လာလိုက်သည်။
“မင်းက သေချင်နေတာပဲ။”
ချန်းဟောက်သည် အထင်သေးခံရသလို ခံစားရသောကြောင့် စွမ်းအင်အကုန်အစင် ထုတ်ဖော်လိုက်သည်။
အရိုးများမှာ အန်လင်းထံ စုပြုံတိုးဝင်လာလေသည်။
အန်လင်းမှာ အဝတ်အစားများ ဆုတ်ပြဲကာ စစ်နတ်ဘုရားခန္ဓာမှာ ကန့်သတ်ချက် ရောက်တော့မလို ဖြစ်နေပါသော်လည်း အရှေ့သို့ ဆက်လျှောက်လာနေဆဲပင်။
ချန်းဟောက်သည် အန်လင်း၏ စစ်နတ်ဘုရားခန္ဓာကြောင့် အန္တရာယ် အငွေ့အသက်အား ရရှိလာမိပါသော်လည်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး၏ မာနကြောင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း လူငယ်တစ်ဦးထံမှ မဆုတ်ခွာနိုင် ဖြစ်နေသည်။
“ဝေါင်း.....”
ချန်းဟောက်မှာ အမြှီးရှစ်ချောင်းလုံးဖြင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။
အန်လင်းသည် ထိုအမြှီးများနှင့် ယှဉ်ပါက ခြင်တစ်ကောင် အရွယ်သာ ရှိသည်။
သို့သော် အဖြူရောင်အလင်းနှင့်အတူ အန်လင်းမှာ ပျောက်ကွယ်သွားလေသည်။
လက်ဝါးမည်မျှကြီးကြီး ခြင်မှာထွက်ပြေးနိုင်စမြဲသာ။
“ထွက်ပြေးပြန်ပြီလား။”
ချန်းဟောက်မှာ အံ့ဖွယ်တာအို အစွမ်းများနှင့် ဟိန်းဟောက်လိုက်သည်။
“ငါ့ရဲ့ အံ့ဖွယ်တာအို အကာအရံကို ဘယ်လိုဖျက်မလဲ ကြည့်ရသေးတာပေါ့။”
အန်လင်းသည် ချန်းဟောက်၏ ကျောပေါ် အလုံးတစ်လုံးတင်ကာ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
သူသည် ချန်းနန်နှင့် လန်ရှောင်နီအား တစ်ချက်မျှ ကြည့်ရှုလိုက်သေးသည်။
၎င်းတို့မှာ အန်လင်း၏ အကြည့်ကြောင့် ထိတ်လန့်သွားကြရသည်။
ကြောက်ဖို့ကောင်းလိုက်တာ......
ချန်းဟောက်မှာ အန်လင်း၏ တိုက်ခိုက်မှုကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ဘာလို့ ကျောပေါ်အလုံးတင်သွားတာလဲ......
ဒီအလုံးက ပေါက်ကွဲမှာများလား.....
သူသည် အသည်းအသန် ခါချပါသော်လည်း အလုံးမှာ ရွေ့ပင်မရွေ့ပေ။
“သောက်ကျိုးနည်း.... ဗုံးဆိုရင်တောင် ငါ့ရဲ့ အံ့ဖွယ်တာအို အစွမ်းကို ခံနိုင်မှာတဲ့လား။”
ချန်းဟောက်မှာ တတ်စွမ်းသမျှ ကြိုးစားပါသော်လည်း အလုံးသည် သူ၏ကျောပေါ်တွင် ကော်နှင့်ကပ်ထားသလိုပင်။
ထိုအချိန်တွင် တီနာသည် ရွှေချိန်းကြိုးများဖြင့် ချန်းဟောက်၏ အမြှီးရှစ်ချောင်းအား ချည်နှောင်ထားလိုက်သည်။
မကြာမီပင် အလုံးထံမှ ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာလေသည်။
“အား.....”
ဝုန်း......
ချန်းဟောက် အော်ဟစ်ရင် မြေပြင်ပေါ် ပိပြားသွားရသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်လေသည်။
ထိုသည်မှာ အရှေ့ပင်လယ် နဂါးဘုရင်အား ဖိနှိပ်ခဲ့သော ရေဘောလုံးကြီး ဖြစ်သည်။
ချန်းဟောက်သည် ပြင်းထန်လှသော ဖိအားများကြောင့် အသက်ရှူပင် ကြပ်လာပြီး အံ့ဖွယ်တာအို အစွမ်းနှင့် ရေဘောလုံးကြီးအား တိုက်ခိုက်လိုက်သည်။
သို့သော် ထိုအလုံးအား အနည်းငယ်ပင် မရွှေ့နိုင်ပေ။
“မြေခွေးနက်ဧကရာဇ် ငါမင်းကိုကူမယ်။”
အဝေးမှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ဓားရှည်ကိုင်ထားသော ချောမောခန့်ညားသည့် အမျိုးသားတစ်ဦးအား တွေ့လိုက်ရလေသည်။
၎င်းသည် ကြီးမားလှသော ဓားပုံရိပ်ကြီးအား ထုတ်ဖော်လိုက်သည်။
မြေခွေးမျိုးနွယ်စု၏ ဓားရေးကျွမ်းကျင်သူ ဖြစ်သောကြောင့် ချန်းဟောက်မှာ မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။
တီနာသည် အဖြူရောင် အလုံးတစ်လုံးအား ထိုမြေခွေးထံ ပစ်လွှတ်လိုက်သည်။
ထိုမြေခွေးမျိုးနွယ်စုသည် လျင်မြန်စွာ တုံ့ပြန်လာသည်။
ဝှစ်......
ဘောလုံးသည် အလိုလို နှစ်ခြမ်းကွဲကာ ၎င်း၏ဓားချက်အား ရှောင်ရှားလိုက်လေသည်။
အလုံးထဲမှ သက်တံ့ရောင်စဥ်များ ဖြာထွက်လာကာ ထိုမြေခွေးအား လွှမ်းခြုံသွားသည်။
“အား.....”
မြေခွေးမျိုးနွယ်စုဝင်သည် အော်ရင်းဟစ်ရင်း ထိုအလုံးထဲ စုပ်ယူခံလိုက်ရသည်။
ဘောလုံးမှာ ပြန်ပိတ်သွားပြီး တီနာထံ ခုန်ပေါက်ရောက်ရှိလာသည်။
ချန်းဟောက်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားမိကြသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်ကို အဲ့ဘောလုံးက သတ်ပစ်လိုက်တာလား......
သောက်ကျိုးနည်း....ဘာကြီးလဲဟ.....
ချန်းဟောက်မှာ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဘာတွေကြုံနေရတာလဲကွာ.....