← Chapters

သတ္တကမ္ဘာ လက်ချောင်းပညာရပ် - သေမျိုးအဖြစ် တဖန် ပြန်သွားခြင်း

Vol. 87 Ch. 1225

သတ္တကမ္ဘာ လက်ချောင်းပညာရပ် - သေမျိုးအဖြစ် တဖန် ပြန်သွားခြင်း

Vol. 87 Ch. 1225

“ အဲဆို ဘာလုပ်ကြမလဲ ” ချူယို့ မျက်နှာအထက်ရှိ ဖြူဖျော့မှုက အနည်းငယ် လျော့ကျသွားလေသည်။

“ ငါတို့ ထွက်သွားနိုင်တာ ဖြစ်ဖြစ်၊ မထွက်သွားနိုင်တာ ဖြစ်ဖြစ် အခု ကြိုးစားမှ ရမယ် ” မိုဝူကျိစကားအဆုံးတွင် ကမ္ဘာဦး ထောင်ချောက်အစီအရင်က စတင်၍ အသံများ ထွက်ပေါ်လာလေ၏။ သီးခြားတာအို အငွေ့အသက်တစ်ခု စိမ့်ဝင်လာသည်။ ဤတစ်ကြိမ်၌ ချူယို့ပင် ပြောနေစရာ မလိုတော့ပေ။ ချိန်စုယင်လည်း အန္တရာယ် အငွေ့အသက်နှင့် မရဏစွမ်းအားကို ခံစားမိလိုက်သည်။

မိုဝူကျိက လက်မြောက်ကာ သူ့ပုဆိန်လှံရှည်ရှိရာဆီ လက်သီးဖြင့် ဖြိုခွင်းလိုက်သည်။ အာကာပြင်က စတင်၍ ပဲ့တင်ရိုက်သွားသော်လည်း မလှုပ်မရှား ရှိနေသေး၏။

မိုဝူကျိက စိတ်လေးလံလာမိသည်။ သူ့အကြံကား အလုပ်မဖြစ်ပေ။

သူက လူသားပုဆိန်လှံရှည်ကို ကမ္ဘာဦး ထောင်ချောက်အစီအရင် အဝင်ဝ၌ ထားရစ်ခဲ့သည်။ သူက လူသားပုဆိန်လှံရှည်နှင့် ဆက်သွယ်လိုက်သည့်အခါ ထိုစွမ်းအားကို အသုံးပြု၍ အစီအရင်ကို အတင်းကျပ် ဖွင့်ပစ်မည် ဖြစ်၏။ သို့သော်လည်း သူက ဤအစီအရင်အတွင်း အပေါက်ပင် မလုပ်နိုင်ပေ။ သူ့လူသားပုဆိန်လှံရှည်နှင့် မည်သို့ ဆက်နွယ်နိုင်မည်နည်း။

မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံး အသက်သွင်းလိုက်သည့်အခါ ကမ္ဘာဦး အစီအရင်အတွင်းရှိ တာအိုသင်္ကေတများက ပြောင်းလဲနေကြောင်း သိလိုက်သည်။ သူ့ဗဟုသုတဖြင့် ဤတာအိုသင်္ကေတများကို တစ်ယောက်ယောက် သန့်စင်နေကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ အကယ်၍ တာအိုသင်္ကေတအားလုံးကို သန့်စင်ပြီးသွားလျှင် ထွက်သွားနိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ချိန်စုယင်နှင့် ချူယို့၏ စွမ်းရည်က အရမ်းအားနည်းနေသေး၏။ ကူညီဖို့ရာ မဆိုထားနှင့် အားလုံးအတူတူ ပူးပေါင်းလုပ်ကိုင်လျှင်ပင် သူတို့က ဤအာကာပြင်အတွင်း တုန်ခါမှုပင် ဖြစ်စေနိုင်မည် မဟုတ်ပေ။

“ စုယင်၊ ချူယို့ … မင်းတို့တွေ အက်ကြောင်းကို မြင်တာနဲ့ ငါ့အပေါ် အရှက်အကြောက်မထားဘဲနဲ့ မင်းတို့ကို အပြင်ထုတ်ခွင့် ပေးဖို့ လိုတယ် ” မိုဝူကျိက သူ့သတ္တကမ္ဘာ လက်ချောင်းပညာရပ်ဖြင့် ထိုကမ္ဘာဦး အစီအရင်အား ဆက်တိုက် တိုက်ခိုက်ဖို့ ကြံရွယ်ထားလေသည်။ ဤအစီအရင်အတွင်း အက်ကြောင်း ဖြစ်လာစေသည်နှင့် သူ့ပုဆိန်လှံရှည်နှင့် ဆက်သွယ်နိုင်ကာ ချိန်စုယင်နှင့် ချူယို့တို့အား ပို့ဆောင်နိုင်ပေမည်။

ထို့နောက် သူက လော့နှင့် ရင်ဆိုင်ရပေမည်။

“ ကျွန်မတို့ သိပါပြီ ” ထိုစဉ် ချိန်စုယင် အတွေးအားလုံးက မိုဝူကျိဆီတွင်သာ ဖြစ်၏။ သူမက သူမကိုယ်သူမ ကျင့်ကြံဆင့် နိမ့်လွန်းနေသည့်အတွက် မုန်းတီးလာမိသည်။ အကယ်၍ သူမသာ ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်နေခဲ့လျှင် အနည်းဆုံးတော့ မိုဝူကျိအတွက် အကူအညီ ဖြစ်မည် မဟုတ်ပါလော။

သူမ မသိသည်က ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်နေလျှင်ပင် မိုဝူကျိအတွက် အကူအညီ မဖြစ်သည့် အချက်ကို ဖြစ်ပေသည်။

ချိန်စုယင်နှင့် ချူယို့တို့အား ညွှန်ကြားလိုက်ပြီးနောက် မိုဝူကျိက သတ္တကမ္ဘာ လက်ချောင်းပညာရပ်ကို ဆက်တိုက် ထုတ်သုံးလိုက်သည်။

သူ နားမလည်သေးသည့် သတ္တမမြောက်တိုက်ကွက် ဖြစ်သည့် သေမျိုးအဖြစ် တဖန်ပြန်လည် ရောက်ရှိခြင်းမှလွဲ၍ ကျန်သည့် တိုက်ကွက်ခြောက်ခုလုံးအား အကြိမ်များစွာ ဆက်တိုက် ထုတ်သုံးလိုက်သည်။ သို့သော်လည်း မည်သည့်လက်ချောင်း တိုက်ကွက် အသုံးပြုစေကာမူ ဤကမ္ဘာဦး ထောင်ချောက်အစီအရင်အား ဘာမှမလုပ်နိုင်သေးပေ။

လများစွာ ကုန်လွန်သွားလေသည်။ အမျိုးမျိုးသော တိုက်ကွက်များကို အသုံးပြုခြင်းအပြင် ဖောက်ခွဲရေး တိုက်ခိုက်မှုတွေပါ ထုတ်သုံးခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ကမ္ဘာဦး အာကာပြင်ကြီးက သူ့တိုက်ခိုက်မှုအောက်၌ တုန်ခါသွားသော်လည်း အပေါက်ဖြစ်လာမည့် အရိပ်အယောင်တော့ မပြသေးချေ။

မိုဝူကျိ၏ ပူပင်သောကကို ခံစားမိသည့် ချိန်စုယင်က မိုဝူကျိဘေးနား လျှောက်လှမ်းလာပြီး လက်မောင်းဆုပ်ကိုင်ကာ

“ ဝူကျိ … ကံတရားက ကျွန်မမတို့ကို သွားခွင့်မပြုရင် ဒီမှာပဲ လင်မယားအဖြစ် နေကြမယ်လေ။ တစ်ရက်တည်းဆိုရင်တောင် နှစ်သောင်းပေါင်းများစွာ ခွဲခွာရတာထက် ပိုကောင်းတယ်လေ ”

မိုဝူကျိ စိတ်ထဲလည်း တုန်လှုပ်မိသွားသည်။ သူက အစီအရင် သင်္ကေတများကို ဆက်လက် မရေးထွင်းတော့ပေ။ သူက ရုတ်ချည်း အရင်အချိန်တစ်ခုကို သတိရသွားသည်။

သူနှင့် ရှားရိုယင်တို့က လယ်ကွင်းဘေး ပူးကပ်ထိုင်ကာ နွေဦး ပုစဉ်းရင်ကွဲအသံကို တိတ်တဆိတ် နားထောင်နေကြသည်။

ထိုအချိန်၌ တခြားအရာအားလုံးက အရေးမကြီးတော့ပေ။ သူက တိတ်တဆိတ်နေလိုပြီး  သူ့ရှေ့မှ နွေးထွေးမှုကိုသာ ခံစားမိလိုသည်။ သူက ရုတ်တရက် ဝမ်ရှောင်ချီအကြောင်း တွေးမိသွားပြန်သည်။

သူ ရှားရိုယင်နှင့် ပူးကပ်ထိုင်နေစဉ် သူ့ကို အရိုးထဲအထိ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသည့် မိန်းကလေးက အဝေးကနေ ကြည့်နေမလား ….

သူမသာ သူနှင့် ဒီလိုမျိုး တစ်ရက်လောက် ကုန်ဆုံးခွင့် ရရင်လို့များ တွေးနေမိမလား …

သူက ချိန်စုယင်နှင့် အတူတူ အချိန်ကုန်ဆုံးရမည်ဆိုလျှင် အချိန်နည်းနည်းလေးက လုံလောက်မည် မဟုတ်ကြောင်း တွေးခဲ့မိဖူးသည်။ ထို့ကြောင့် သူက ဆက်တိုက် ကျင့်ကြံကာ သက်တမ်းကို ဆက်လက် မြင့်တင်ခဲ့သည်။ သူတို့ ထာဝရအတူတူ အချိန်ကုန်ဆုံးနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။ ဤအာကာပြင်ကို  မကြာခင် သန့်စင်ပြီးတော့မည် ဖြစ်၏။ အများဆုံး တစ်ရက်၊ နှစ်ရက်မျှသာ ကြာမြင့်ပေလိမ့်မည်။ အနည်းဆုံး နောက်အချိန်အခိုက်အတန့်လေး၌ သန့်စင်ပြီးသွားနိုင်သည်။

အချိန်တိုလေးအတွင်း သူက အကောင်းဆုံးကြိုးစားလျှင်ပင် ဤအစီအရင်အား ချိုးဖောက်နိုင်မည် မဟုတ်ပေ။

ဤသို့ဆိုမှတော့ သူ့အချိန်ကို အဘယ်ကြောင့် ဆက်ဖြုန်းနေရမည်နည်း။ လက်ကျန်အချိန်လေးအား စုယင်ဆီ အဘယ်ကြောင့် မပေးဘဲ နေရမည်နည်း။

စုယင် ပြောသလို ဖြစ်ပေသည်။

 သူတို့က ထာဝရ အတူတူ မရှိနေနိုင်မှတော့ လက်ကျန်အချိန်လေးကို အတူတူ ကုန်ဆုံးနိုင်တာက လုံလောက်နေလေပြီ …

မိုဝူကျိ စိတ်ထဲ အရာအားလုံး ရှင်းလင်းပြတ်သားလာသည်။ သူက အစီအရင် သင်္ကေတများ ဆက်မလုပ်တော့ဘဲ စုယင် လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူ့စိတ်နှလုံးသား အခြေအနေလည်း ပြန်လည် တည်ငြိမ်သွားလေ၏။

“ ဝူကျိ …. ကျွန်မလေ နည်းနည်း နောင်တရမိတယ် ”စုယင်က မိုဝူကျိကို ဖက်ထားရင်း မြေပေါ် ထိုင်ချလိုက်ကြသည်။ သူမအသံက အဝေးတစ်နေရာမှ ရောက်လာဟန် ပေါ်ကာ တီးတိုးပြောသံလို ဖြစ်နေသည်။

“ ဘယ်လိုနောင်တလဲ ”

“ အရင် ပျောက်ဆုံးနယ်မြေမှာတုန်းက ရှင်နဲ့ ခွဲခွာခဲ့ရတာကို နောင်တရမိတယ်။ အဲတုန်းက ရှင့်နဲ့အတူတူ နယ်လှည့်ကျင့်ကြံသူ လုပ်ခဲ့ရမှာ …. ”

“ အဲတုန်းက ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း မသိကြသေးဘူးလေ ”

“ ကျွန်မတို့သာ အဲကတည်းက အတူတူ ရှိနေခဲ့ရင် အခုအချိန်ဆို ကလေးတွေတောင် ကြီးနေလောက်ပြီ … ”

“ စုယင် … အဲဒါက ကိုယ်ကြောင့်ပါ။ တကယ်တော့ ကိုယ်တို့သာ သေမျိုးဖြစ်ပြီး ဆယ်စုနှစ်စာလောက်ပဲ အတူတူ ကုန်ဆုံးခဲ့ရမယ်ဆိုရင်တောင် ကိုယ်တို့ ပျော်ပျော်ရွင်ရွှင် နေနိုင်လောက်တယ်။ ကိုယ်က လူသားတာအိုကို ကျင့်ကြံပေမဲ့ အဲဒါကို မမြင်မိခဲ့ဘူး။ အခု ဒီကမ္ဘာဦး ထောင်ချောက်အစီအရင်ကို ဖျက်စီးဖို့ ကြိုးစားရင်း အလကားအချိန်ကုန်ခဲ့ရပြီ ”

“ အာ …” ချိန်စုယင်က နောက်ထပ် မပြောနိုင်တော့ပေ။ ထိုစဉ် မိုဝူကျိ၏ ရင်ခွင်အတွင်း လဲလျောင်းနေရသည်က ကမ္ဘာပေါ်တွင် အပျော်ဆုံးကိစ္စ ဖြစ်နေသည်။

“ ဝုန်း ” မိုဝူကျိက ထိုစကားများ ပြောလိုက်သည့်အခါ သူ့တာအိုစည်းမျည်းအတွင်း တစ်ခုခု ဖြစ်ပျက်သွားဟန် ပေါ်သည်။ သူက ရုတ်တရက်ဆိုသလို ဉာဏ်အလင်းပွင့်သည့် အခြေနေသို့ ရောက်ရှိသွားလေသည်။

ထိုစဉ် သူ့စိတ်စွမ်းအားက ကမ္ဘာဦး အစီအရင်ကို ထိုးဖောက်နိုင်သွားပြီး အပြင်ဘက်ရှိ ကျယ်ပြောလှသည့် စကြဝဠာဆီ ရောက်ရှိသွားသည်။

“ ကိုယ် နားလည်သွားပြီ ” မိုဝူကျိက ရုတ်ချည်း ထရပ်လိုက်သည်။ သူက ချိန်စုယင် လက်တစ်ဖက်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်ဖြင့် လက်ချောင်းတစ်ချောင်း ချိန်ရွယ်လိုက်သည်။

သတ္တကမ္ဘာ လက်ချောင်းပညာရပ် - သေမျိုးအဖြစ် တဖန် ပြန်သွားခြင်း

ထိုလက်ချောင်းမှ တာအိုလှိုင်းလုံးများ ထွက်ပေါ်လာသည်။ ဤလက်ချောင်းသည် စကြဝဠာတစ်ခုလုံး၌ အကြီးကျယ်ဆုံး အားတစ်ခုအလား ပြောင်းလဲသွားသလို တစ်ချိန်တည်းတွင် စကြဝဠာတစ်ခုလုံး၌ သာမာန်အကျဆုံး လက်ချောင်း ဖြစ်ပုံပေါ်သည်။

စကြဝဠာကြီးကို အလွှာအမျိုးမျိုးဖြင့် ပိုင်းခြားထားပြီး ပို၍ အဆင့်နိမ့်သည့် အလွှာများ ပါဝင်သလို  ပိုမို အဆင့်မြင့်သည့် အလွှာများလည်း ပါရှိ၏။ သူက ထိုနယ်ပယ်ကို အပြည့်အဝ နားမလည်ခဲ့ပေ။ သူ ထိုနယ်ပယ်အကြောင်း နားလည်လိုက်သည်နှင့် သူ့အမြင်၌ အရာအားလုံးက သေမျိုးနှင့် ခြားနားချက် မရှိတော့ပေ။

ကမ္ဘာဦး ထောင်ချောက်အစီအရင်သည် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ဖို့အတွက် ကမ္ဘာဦး အစီအရင်တစ်ခု ဖြစ်ပေသည်။ သူသာ ထိုအဆင့်ကို ကျော်လွန်သွားသည်နှင့် ဤကမ္ဘာဦး ထောင်ချောက်အစီအရင်အား ကမ္ဘာဦး ထောင်ချောက်အစီအရင်ဟု မခေါ်နိုင်တော့ပေ။

“ ဘန်း ” ထိုလက်ချောင်းအောက်၌ ယခင်တိုက်ခိုက်မှုများအောက်တွင် တုတ်တုပ်မလှုပ်ခဲ့သည့် ကမ္ဘာဦး အစီအရင်အတွင်း အက်ကြောင်းတစ်ခု ပေါ်လာသည်။

မိုဝူကျိက သူ့လူသားပုဆိန်လှံရှည်ကို မြင်တွေ့လိုက်ရသည်။

………………

“ ဟားဟား  … အကုန်သန့်စင်ပြီးသွားပြီ။ အားလုံး အတူတူ တိုက်ကြ … မဟုတ်သေးပါဘူး …” လော့က အားလုံးကို တိုက်ခိုက်ဖို့ လှုံ့ဆော်စဉ် သူသန့်စင်ထားသည့် ကမ္ဘာဦး အစီအရင်၌ အက်ကြောင်း ပေါ်လာသည်ကို သိလိုက်ရသည်။

ကောင်းကင်ကွဲလုမတတ် ပုဆိန်လှံရှည်အလင်းတန်း ကျရောက်လာသည်။ ထိုအရာက စကြဝဠာတစ်ခုလုံးကို နှစ်ခြမ်း ခြမ်းပစ်တော့မည့်အလား ထွက်ပေါ်လာခြင်း ဖြစ်၏။

“ ဝုန်း ” စကြဝဠာတစ်ခုလုံးက တကယ်ကို ပိုင်းချခံလိုက်ရပုံပေါ်သည်။ ကြောက်မက်ဖွယ် အက်ကြောင်းကြီး အမှန်တကယ် ဖြစ်ပေါ်လာလေ၏။

“ အားလုံး အတူတူ တိုက်ကြ ….” လော့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ကံကြမ္မာဓားက စကြဝဠာဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မိုဝူကျိ၏ လူသားပုဆိန်လှံရှည် အလင်းတန်းဆီ ရောက်ရှိသွားသည်။

“ အစ်ကိုကြီးမို … စကြဝဠာတစ်ခုလုံး တုန်ခါသွားသလိုပဲ။ ကြည့်ရတာ အရာအားလုံး ဖျက်စီးခံရတော့မယ် ထင်တယ် ” မိုဝူကျိနောက်ရှိ ချူယို့ မျက်နှာက ဖြူဖျော့လာလေ၏။

“ မြန်မြန် ဝင် …” ထိုစကားများကို ပြောလိုက်ပြီးနောက် ချူယို့နှင့် ချိန်စုယင်အား သူ့လူသားကမ္ဘာအတွင်း ပို့လွှတ်လိုက်သည်။ ဤသို့တိုက်ပွဲမျိုး၌ နှစ်ယောက်လုံးက ဘာအကူအညီမှ ဖြစ်မည် မဟုတ်ပေ။ ဤနေရာတွင် ပညာရှင် အယောက်တစ်ရာကျော် ရှိနေပြီး အားအနည်းဆုံးသူပင် ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်၏။

သူက ချူယို့ ပြောသည့်အရာကို အာရုံခံလိုက်မိသည်။ အာကာပြင်သည် မတည်မငြိမ် ဖြစ်လာကြောင်း ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ အရာအားလုံး မငြိမ်မသက် ဖြစ်လာဟန် ပေါ်၏။

ကမ္ဘာတုန်ခါမတတ် မငြိမ်မသက်မှု  ဖြစ်လာသည်။ ကံကြမ္မာဓားကား လူသားပုဆိန်လှံရှည်နှင့် ထိပ်တိုက် တွေ့သွားကာ သူတို့အလင်းတန်းများက နေရာအနှံ့ ပြန့်နှံ့သွားလေသည်။

အလင်းတန်း နေရာအနှံ့ ပြန့်နှံ့သွားသည့်အခါ အက်ကြောင်းငယ်များစွာ ဖြစ်တည်လာသည်။ မိုဝူကျိ၏ စိတ်ထဲ လေးလံသွားလေသည်။ နောက်ဆုံးတွင် ကမ္ဘာပျက်ကပ်ဘေးကြီးအကြောင်း နားလည်သွားပြီး ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်သည်။

ဤစကြဝဠာ အာကာပြင်အပါအဝင် အလွှာအားလုံးက မတည်ရှိတော့ပေ။ သူက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ ကျင့်ကြံသူဂြိုလ်များ ပျက်စီးလာကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ မြောက်များစွာသော ကျင့်ကြံသူများက အာကာပြင်ထဲ ပစ်ချခံလိုက်ရသော်လည်း အာကာပြင်က မငြိမ်မသက် ဖြစ်နေလေသည်။ အာကာပြင် လုံးဝ ပျက်စီးသွားသည်နှင့် ထိုကျင့်ကြံသူများလည်း အတူတူ ပါသွားမည် ဖြစ်၏။

မိုဝူကျိ စိတ်ထဲ အေးစက်လာမိသည်။

ဒါက ကမ္ဘာပျက်ကပ်ကြီးလား ….

ဒါက အလုံးစုံ ဖျက်စီးခြင်း မဟုတ်ပါလော ….

စကြဝဠာကိုယ်တိုင်ပင် ပြိုလဲပျက်စီးလာလေသည်။

အဲဒီနောက် ဘာများ ဆက်လက် တည်ရှိနိုင်မှာလဲ

“ ကမ္ဘာပျက်ကပ်ဘေး ရောက်လာပြီ … အားလုံး ဒီအချိန်ကို အသုံးချပြီးတော့ သူ့ကို သတ်ပစ်ကြ။ သူ့ဆီက ထိပ်တန်းရတနာတွေက ဒီကမ္ဘာပျက်ကပ်ဘေးမှာ အသက်ရှင်ခွင့် ပေးနိုင်လိမ့်မယ်။

ငါတို့တွေ နောက်ထပ် ကမ္ဘာဦး ကမ္ဘာ ဖြစ်တည်လာဖို့ နှစ်တစ်သန်းလောက် စောင့်ဖို့ပဲ လိုတယ် …” လော့က အရူးအမူး အော်ဟစ်လိုက်သည်။ သူ့ကံကြမ္မာဓားမှ ဓားစွမ်းအား အလင်းတန်း မြောက်များစွာ ထွက်ပေါ်လာပြီး မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို တစစီ ထိုးဖောက်လာသည်။

မိုဝူကျိလည်း တုန်လှုပ်နေမိသည်။

လော့က ထိုက်လွန်နဲ့အခြားဝိဇ္ဇာများထက် အများကြီး အားကောင်းနေတာ မဟုတ်ဘူးလား …. လော့က ဝိဇ္ဇာအဆင့်ကို ကျော်လွန်သွားပြီလား ….

သို့သော်လည်း ဤအခိုက်အတန့်၌ သူက များများမတွေးနိုင်တော့ပေ။ လော့ရှု၊ ထိုက်လွန်၊ ချင်းယွမ်၊ ဖိုတိ၊ ဟိန်ကျိုးနှင့် ယွမ်ကျဲတို့အပါအဝင် ဝိဇ္ဇာအဆင့် ခြောက်ယောက်က သူ့အား ဝိုင်းထားကြသည်။ တစ်ချိန်တည်းတွင် ဝိဇ္ဇာအဆင့် ကျော်လွန်နေသည့် ခေါင်းဆောင် လော့လည်း ရှိနေသေး၏။ ဤသည်က အကုန် မဟုတ်သေးပေ။ ဤနေရာ၌ သူ့အား ဝိုင်းထားကြသော ဝိဇ္ဇာတပိုင်းအဆင့် တစ်ရာကျော်နှင့် သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများလည်း ရှိနေကြသည်။

ထိုစဉ် မြောက်များစွာသော တိုက်ကွက်များနှင့် မှော်ရတနာများက မိုဝူကျိဆီ ဆက်တိုက် တိုးဝင်လာကြသည်။ စွမ်းအားစက်ကွင်းများစွာလည်း ထပ်ကာ ထပ်ကာ ဖြစ်တည်လာပြီး အာကာပြင်အား ပို၍ မာကြောလာစေသည်။

***

All Chapters