ချစ်သူကြားမှတိုက်ပွဲ
Vol. 73 Ch. 1017
ချင်ဟုမြို့တော် အနီးတဝိုက်၌
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားနှင့် ရေသူမတစ်ကောင်တို့ အတူတကွ ထွက်ပြေးနေကြသည်။
၎င်းတို့မှာ အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး သူတောင်းစားသာသာ ထင်မှတ်ရသည်။
အမျိုးသမီး၏ အရှိန်အဝါမှာ တည်ငြိမ်မှု မရှိပဲ ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားကြောင်း သိသာလှသည်။
“ခမည်းတော်ကို တိုင်ပြောပစ်မယ်။ ဒီကိစ္စကို အန်လင်းနဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းက သေချာပေါက် ပေးဆပ်စေရမယ်။”
အမျိုးသမီး အံကြိတ်ကာ ပြောလိုက်သည်။
၎င်းတို့မှာ ချန်းနန်နှင့် လန်ရှောင်နီပင်။
လန်ရှောင်နီသည် သယ်ကယ်ရတနာအား အသုံးပြုခဲ့ပါသော်လည်း ယောင်ကျီး၏ တိုက်ခိုက်မှုကြောင့် အတော်ထိခိုက်သွားခဲ့သည်။
ချန်းနန် စကားဆိုလာသည်။
“ထားလိုက်ပါ။ အခုအရေးကြီးတာက ပိုင်ယောင်ကိုဖမ်းပြီး ပင်လယ်နှလုံးသားနန်းတော်ဆီ ခေါ်သွားဖို့ပဲ။ ငါ့ရဲ့ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်ကို သူမပဲ ဖိနှိပ်ပေးနိုင်တာ။ အခု အခွင့်အရေးကို လက်လွှတ်ခံလို့ မရဘူး။”
“အဲ့ကောင်မကို ဖမ်းဦးမလို့လား။ ဧကရာဇ် ချန်းဟောက်လည်း ကျန်ခဲ့ပြီလေ။ ငါ့ဦးလေးကြောင့် တော်တော်များများကို ခေါ်ထုတ်ထားနိုင်ပေမယ့် မြေခွေးဖြူ အင်ပါယာနန်းတော်မှာ အစောင့်တွေ ပြည့်နေမှာပဲ။”
“အခုအခြေအနေနဲ့ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်နေမှာ။”
လန်ရှောင်နီမှာ ရှေ့ဆက်သွားရန် စိတ်မပါတော့ပေ။
၎င်းတို့နှစ်ဦးလုံးသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသာ မဟုတ်လော။
ချန်းနန် မျက်နှာပျက်သွားသည်။
ပိုင်ယောင်နှင့် ရှောင်ချိုးသာ အင်ပါယာနန်းတော်ထဲ ပုန်းနေပါက ၎င်းတို့လည်း ဘာမှမတတ်နိုင်လောက်ပေ။
ထိုအချိန်မှာပင် သူ၏မျက်ဝန်းများ တောက်ပသွားသည်။
“ဟားဟား..... နတ်ဘုရားတွေက ငါ့ဘက်မှာပဲ။ ပိုင်ယောင်က ငါ့ဆီရောက်လာပြီ။”
ချန်းနန် ရယ်မောလိုက်သည်။
သူသည် မီးတောက်များဖြင့် ပျံသန်းလာနေသော အမျိုးသမီးတစ်ဦးအား တိုက်ခိုက်လိုက်သည်။
ပိုင်ယောင်.... ဒီတစ်ခါတော့......
မင်းကို ရအောင်ယူမယ်......
ရှောင်ချိုးနှင့် ပိုင်ယောင်မှာ အမူအရာ ပြောင်းလဲသွားရသည်။
၎င်းတို့သည် တန်ဖိုးရှိလွန်းသော မင်္ဂလာဝတ်စုံများအား လဲလှယ်ဝတ်ဆင်ပြီးပြီပင်။
ရှောင်ချိုးသည် သလင်းနက်ချပ်ဝတ်နှင့်အတူ အရှိန်အဝါများ တောက်ပနေသည်။
ပိုင်ယောင်သည် ခန္ဓာကိုယ်ကောက်ကြောင်း အသားပေးသော ဝတ်စုံကြပ်အား ဆင်မြန်းထားလေသည်။
၎င်းတို့မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
“ယောင်လေး လန်ရှောင်နီက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ် အဆင့်ပဲ။ ဝှက်ဖဲတွေလည်း အများကြီးရှိတယ်။ ငါတို့ ပြန်ဆုတ်ကြမလား။”
ရှောင်ချိုး မေးမြန်းလိုက်သည်။
ပိုင်ယောင်သည် လန်ရှောင်နီ၏ အခြေအနေအား စစ်ဆေးထားသောကြောင့် စိတ်လှုပ်ရှားစွာ ခေါင်းခါပြလာသည်။
“မဟုတ်ဘူး။ အခုလောလောဆယ် သူမ အခြေအနေ အရမ်းဆိုးနေတယ်။”
ရှောင်ချိုး ချက်ချင်းပင် သဘောပေါက်သွားသည်။
ချန်းနန်နှင့် လန်ရှောင်နီ နှစ်ဦးလုံးသည် စုတ်ပြတ်သတ်နေပြီး ဆိုးဆိုးရွားရွား ထိခိုက်ထားပုံပါရသည်။
“ယောင်လေး မင်းတစ်ယောက်ရွေးလိုက်။”
ရှောင်ချိုး ပြုံးကာပြောလိုက်သည်။
“လန်ရှောင်နီကို ရွေးလိုက်မယ်။ နင်ကငါ့အတွက် လက်စားချေပေးပေါ့။”
လန်ရှောင်နီ စကားဆိုလာသည်။
ချန်းနန်နှင့် လန်ရှောင်နီမှာ ဒေါသထွက်သွားကြရသည်။
“ငါ့ကို အထင်သေးရဲတယ်ပေါ့။ ဆင်ပိန်ကျွဲလောက်ဆိုတာ နင့်ကိုပြပေးမယ်။”
လန်ရှောင်နီ အော်ဟစ်ကာ ပျံသန်းလာသည်။
ချန်းနန်သည်လည်း မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်ကို ထုတ်ဖော်လိုက်သည်။
ရှောင်ချိုး၊ ပိုင်ယောင်နှင့် ချန်းနန်၊ လန်ရှောင်နီတို့၏ တိုက်ပွဲပင်။
လန်ရှောင်နီ ဖန်ဆင်းလိုက်သော လှိုင်းများမှာ ရုတ်တရက် အေးခဲပေါက်ကွဲသွားသည်။
ရေခဲဓားတစ်လက်မှာ သူမထံ လျင်မြန်စွာ ရောက်ရှိလာလေသည်။
လန်ရှောင်နီ လျင်မြန်စွာ ရှောင်ရှားလိုက်သောကြောင့် အနောက်သို့ ပြုတ်ကျသွားသည်။
“အား......”
သူမ နာကျင်စွာ အော်ဟစ်ရင်း သွေးများထွက်လာလေသည်။
ပိုင်ယောင်သည် အခွင့်အရေးအား အမိအရယူကာ ကြမ်းတမ်းခက်ထန်စွာ တိုက်ခိုက်လာသည်။ သူမ၏ တိုက်ကွက်များမှာ နူးညံ့သော ရုပ်ရည်နှင့် ဆန့်ကျင်လွန်းလှသည်။
လန်ရှောင်နီ ပေါက်ကွဲနေသည်။
ငါသာ ဒဏ်ရာမရထားရင် ဒီကောင်မလောက်ကတော့ တစ်ချက်စာပဲ.....
“ချန်းနန် မြန်မြန်တိုက်ပြီး ငါ့ကိုလာကူတော့။”
သူမ ဖြူရော်စွာ လှမ်းအော်လိုက်သည်။
“ကိစ္စမရှိဘူး။ ခဏပဲစောင့်။”
ချန်းနန် ရက်စက်စွာ ပြုံးလိုက်သည်။
“ငါ့လမ်းကို လာပိတ်တာ ဘယ်လောက်မှားလဲ သိသွားစေရမယ်။”
ဝုန်း.......
မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်များမှာ ရှောင်ချိုးထံ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။
“ဟမ့်...... စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် မျောက်ကများ ငါ့ကိုဆန့်ကျင်ရဲတယ်ပေါ့။ အံ့ဖွယ်မီးတောက်နဲ့ မင်းကို ပြာချပစ်မယ်။”
ချန်းနန် နှာခေါင်းရှုံ့လိုက်သည်။
ပိုင်ယောင် ချစ်မြတ်နိုးရသူအား သတ်နိုင်တော့မည် ဖြစ်သောကြောင့် စိတ်ကျေနပ်နေမိသည်။
“မပူပါနဲ့။ ပိုင်ယောင့်ကို ငါသေသေချာချာလေး ဂရုစိုက်ပေးမှာပါ။”
ချန်းနန် အပိုင်တွက်ထားသော အချိန်မှာပင် ရုတ်တရက် ပိုမိုအားကောင်းသော အနက်ရောင်မီးတောက်များမှာ သူ၏ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်အား ဝါးမြိုပစ်လိုက်သည်။
“ဘာ......”
ချန်းနန် မျက်လုံးပြူးသွားသည်။
ထိုအံ့ဖွယ်မီးတောက်သည် သူ၏မီးတောက်ထက်ပင် သန့်စင်နေလေသည်။
ရှောင်ချိုးသည် အံ့ဖွယ်မီးတောက်များနှင့်အတူ အမှောင်ထု ဘီလူးတစ်ကောင်အလား ချန်းနန်ထံ သွားလိုက်သည်။
“ပိုင်မုယွီက မင်းတို့ကို သဘောတူတာ မထူးဆန်းတော့ပါဘူး။”
ချန်းနန် မနာလို ဖြစ်သွားရသည်။
ရှောင်ချိုး၏ အံ့ဖွယ်မီးတောက်မှာ ချန်းနန်ထက် သာလွန်ပေသည်။
ချန်းနန်မှာ အရှိန်အဝါများ မြင့်တက်စေလျက် မီးတောက်လက်သီးဖြင့် ရှောင်ချိုးအား ထိုးလိုက်သည်။
“သေလိုက်တော့။”
သူသည် စွမ်းအင်အကုန်အစင် ထုတ်ဖော်ထားခြင်းပင်။
ရှောင်ချိုးမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ လွှမ်းခြုံနေပြီး မည်သည့်စကားမှ မဆိုပေ။
မျက်နှာဖုံး တပ်လိုက်သောကြောင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ထိ အရှိန်အဝါ ထိုးတက်သွားကာ ငွေရောင်တောင်ဝှေးဖြင့် တိုက်ခိုက်လိုက်သည်။
ရှောင်ချိုးသည် ချန်းနန်၏ မီးတောက်လက်သီးထံ တည့်တည့်ပျံသန်းသွားသည်။
ဝုန်း.......
မီးတောက်များ ပေါက်ကွဲသွားလေသည်။
ချန်းနန် မယုံကြည်နိုင် ဖြစ်နေစဥ်မှာပင် ရှောင်ချိုးမှာ လျင်မြန်စွာ လှုပ်ရှားသွားသည်။
ငွေရောင်တောင်ဝှေးအား ချန်းနန်၏ မျက်နှာတည့်တည့် ရိုက်ချလိုက်လေသည်။
ဘန်း.......
အရိုးကျိုးသံများ ထွက်ပေါ်လာသည်။
ချန်းနန်၏ မျက်နှာမှာ စုတ်ပြတ်သတ်သွားလေပြီ။
“ဖူး......”
ချန်းနန် လွင့်ထွက်ကာ သွေးအန်သွားရသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး သွားများလည်း ဘုရားဖူး ထွက်သွားပြီ ဖြစ်သည်။
ရှောင်ချိုးသည် မီးတောက်များနှင့်အတူ ချန်းနန်အား တက်နင်းလိုက်သောကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ သွေးအန်လိုက်ရပြန်သည်။
ငွေရောင်တောင်ဝှေးမှာ ချန်းနန်၏ မျက်ခွက်အား မြေပြင်ထဲ နစ်ဝင်သွားစေသည်။
ရှောင်ချိုး စကားဆိုလိုက်သည်။
“ပွဲပြီးပြီ။”