ငါ့နာမည်သိချင်လား
Vol. 73 Ch. 1018
ချန်းနန်ကိုကြည့်ကာ လန်ရှောင်နီ မျက်လုံးပြူးသွားရသည်။ သူမသည် ဆိုးဆိုးရွားရွား ထိခိုက်ထားသောကြောင့် အကူအညီ စောင့်နေပါသော်လည်း ချန်းနန်မှာ ဦးအောင်ရှုံးနိမ့်သွားသည်။
ချန်းနန်သည် အချိန်ခဏဖြင့် အနိုင်ယူမည်ဟု ဆိုခဲ့သည် မဟုတ်လော။
သို့သော် သူကသာ ရှောင်ချိုး၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။
သောက်ကျိုးနည်း......
ဘာလို့ အဲ့လောက်တောင် ကွာနေရတာလဲ.....
“နီလေး.... ကယ်ပါဦး....”
ချန်းနန် အော်ဟစ်လာသည်။
ရှောင်ချိုးမှာ တောင်ဝှေးနှင့် ရိုက်ချလိုက်ပြန်သည်။
ထိုအချိန်တွင် အပြာရောင် အလင်းတစ်ခုမှာ ရှောင်ချိုးထံ ပျံဝဲလာသည်။
ရှောင်ချိုးသာ သတိလက်လွတ် ဖြစ်နေပါက ဆိုးဆိုးရွားရွား ထိခိုက်သွားနိုင်သော အနေအထားပင်။
သူ၏အသက်သည် ချန်းနန်ထက်ပို၍ အဆပေါင်းများစွာ တန်ဖိုးရှိသောကြောင့် ရှောင်ချိုးမှာ ခေါင်းမာနေစရာ အကြောင်းမရှိပေ။
သူသည် ငွေရောင်တောင်ဝှေးဖြင့် ချက်ချင်းကာကွယ်လိုက်သည်။
ဝုန်း.....
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှောင်ချိုး လွင့်ထွက်သွားရသည်။
ထိုအပြာရောင် အလင်းတန်းမှာ ငါးတစ်ကောင်ပင်။
ကြည်လင်နေသော အပြာရောင်ငါးသည် အရှိန်အဟုန်နှင့် ရှောင်ချိုးထံ ဦးတည်လာနေဆဲပင်။
ရှောင်ချိုးသည် ထိုငါးအား အထင်မသေးရဲပေ။
ထိုငါးသည် ချန်းနန်ထက်ပင် အစွမ်းထက်နေသည် မဟုတ်လော။
ထိုသည်မှာ လန်ရှောင်နီ၏ ဝှက်ဖဲများထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။
“ပြေးတော့ ချန်းနန်.... ဝိဥာဥ်ငါးနဲ့ ငါထိန်းထားပေးမယ်။”
လန်ရှောင်နီ လှမ်းအော်လိုက်သည်။
“အင်း.....”
ချန်းနန်မှာ တွေပင်တွေဝေမနေပဲ ခက်ခက်ခဲခဲ မတ်တပ်ထရပ်ကာ တချိုးတည်း လစ်ပြေးတော့သည်။
ရှောင်ချိုးမှာ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော ရေသူမကို ကြည့်ရှုလိုက်သည်။
သူမသည် ငိုကြွေးနေရင်း ခပ်ဖွဖွ ပြုံးလာသည်။
လန်ရှောင်နီသည် ပိုင်ယောင်၏ ဖိနှိပ်မှုအား ခံနေရသည်ပင်။
ရှောင်ချိုးမှာ ထိုရေသူမအား အနည်းငယ် သနားသွားမိသည်။
သူမသည် ချန်းနန် ထွက်ပြေးနိုင်ရန် အနစ်နာခံခဲ့သည် မဟုတ်လော။
လန်ရှောင်နီသည် သူမကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါသော်လည်း တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့သော ချန်းနန်ကြောင့် ရင်နာသွားရသည်။
သေဆုံးရတော့မည် ဖြစ်သောကြောင့် ငိုကြွေးနေရင်း ရူးမိုက်မှုအတွက် သူမ ပြုံးမိသည်။
ရှောင်ချိုးသည် သူမအား သနားစေကာမူ အသက်ရှင်ခွင့် မပေးနိုင်ပေ။
သူမသည် ပိုင်ယောင်အားသတ်ရန် ချန်းနန်ကို ကူညီပေးခဲ့သူ ဖြစ်သည်။
ရှောင်ချိုးသည် အခွင့်အရေးအား အမိအရယူကာ ငွေရောင်တောင်ဝှေးဖြင့် တိုက်ခိုက်လိုက်သည်။
ဝုန်း......
ငါးပြာလေး ပေါက်ကွဲသွားလေသည်။
အပြာရောင်လှိုင်းများ ဖြစ်ပေါ်လာကာ မီတာရာနှင့်ချီ တိုက်စားပစ်လိုက်သည်။
ရှောင်ချိုးသည်လည်း အဝေးသို့ လွင့်ထွက်ကာ သွေးအန်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် ချပ်ဝတ်နှင့် မီးတောက်ရှိနေသောကြောင့် သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲမသွားခဲ့ပေ။
“ငါ့ရဲ့ တာအိုလက်တွဲဖော်ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့။ နင့်ကိုသတ်ပစ်မယ်။”
ပိုင်ယောင်မှာ ဒဏ်ရာရသွားသော ရှောင်ချိုးကြောင့် ဒေါသထွက်သွားသည်။
လန်ရှောင်နီသည် ခက်ခက်ခဲခဲ ခုခံရန် ကြိုးစားနေရသည်။
သူမသည် ယောင်ကျီးကြောင့် အတော်ထိခိုက်ခဲ့သောကြောင့် ပိုင်ယောင်အား ယှဥ်မတိုက်နိုင်ပေ။
လန်ရှောင်နီမှာ ခံနိုင်ရည် မရှိတော့ပေ။
အဖြူရောင် ဓားပုံရိပ်သည် သူမ၏ အကာအကွယ်များအား ဖျက်စီးပစ်လိုက်သည်။
သူမ၏ ခါးမှတဆင့် တတိတိ ပြတ်လာလေပြီ။
လန်ရှောင်နီမှာ သူမကိုယ်သူမ မယုံကြည်နိုင် ဖြစ်နေမိသည်။
ချန်းနန်သည်လည်း ပြန်ပင်လှည့်မကြည့်ခဲ့သောကြောင့် သူမ ခံစားချက်များစွာနှင့် မျက်ရည်များ စီးကျလာသည်။
ဒါက အဆုံးသတ်လား....
ငါလက်တောင်မထပ်ရသေးဘူး......
အိပ်မက်ထဲက ကောင်လေးကလည်း ငါတို့ လှည့်တောင်မကြည့်ဘူး.....
လန်ရှောင်နီ မျက်လုံးများ ပိတ်လိုက်သည်။
မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားလေသည်။
ပိုင်ယောင်မှာ သူမ၏ဓားအား မြှောက်တင်လိုက်သည်။
ဝုန်း......
လန်ရှောင်နီထံမှ အပြာရောင် အကာအရံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ပိုင်ယောင်နှင့် ရှောင်ချိုး အမူအရာ ပြောင်းလဲသွားရသည်။
လန်ရှောင်နီ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက်လာသည်။
သူမ၏ အသက်စွမ်းအင်လည်း ပြန်လည်အားကောင်းလာပြီး သမုဒ္ဒရာကဲ့သို့ ပြာလဲ့နေသော မျက်ဝန်းတစ်စုံလည်း ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။
ထိုသည်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ပင်။
ရှောင်ချိုးတို့မှာ အသက်ရှူများပင် ကြပ်လာရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုမျက်ဝန်းသည် လန်ရှောင်နီကိုသာ ကြည့်ရှုနေသည်။
ဝှစ်.........
လန်ရှောင်နီ၏ ခန္ဓာကိုယ်မှာ အပြာရောင်စွမ်းအင်များဖြင့် ဖုံးလွှမ်းခံရပြီးနောက် ပျောက်ကွယ်သွားတော့သည်။
မျက်ဝန်းကြီးလည်း တဖြည်းဖြည်း ပျောက်သွားသောကြောင့် ဖိအားများ လျော့ပါးသွားရသည်။
ပိုင်ယောင်နှင့် ရှောင်ချိုး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
“ကံဆိုးလိုက်တာ။ နှစ်ယောက်လုံး လွတ်သွားတယ်။”
ရှောင်ချိုး စိတ်ပျက်သွားရသည်။
ပိုင်ယောင် တောက်ပစွာ ပြုံးလိုက်သည်။
“ဒါပေမယ့် ဒီပွဲမှာ ငါတို့နိုင်တယ်လေ။”
ရှောင်ချိုးသည်လည်း ပိုင်ယောင်အားကြည့်ကာ ပြုံးလိုက်မိသည်။
“ဟုတ်တယ်။ ပြီးတော့ စိတ်ကျေနပ်ဖို့ကောင်းတယ်။”
၎င်းတို့မှာ စုံတွဲချင်း တိုက်ပွဲတွင် အားပါးတရ အနိုင်ယူနိုင်ခဲ့သည်။
........
ချင်ဟုမြို့တော် အပြင်ဘက်၌
ပုံရိပ်တစ်ခု လျင်မြန်စွာ ပျံသန်းနေသည်။
ချန်းနန်သည် မြေခွေးနက်မျိုးနွယ်စု အခြေချရာ ဟေးဟုမြို့တော်သို့ သွားနေခြင်းပင်။
သူသည် ဆိုးဆိုးရွားရွား ထိခိုက်ထားသောကြောင့် တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
လန်ရှောင်နီ၏ အနစ်နာခံမှုအား အလဟဿ မဖြစ်စေသင့်ပေ။
ချန်းနန်မှာ လန်ရှောင်နီ၏ ကံကြမ္မာအားတွေးကာ ဒေါသထွက်လာသည်။
“ဟားဟားဟား..... မင်းတို့ နိုင်ပြီထင်နေလား။ လန်ရှောင်နီက ဝိဥာဥ်ငါးကလန်ရဲ့ မင်းသမီးပဲ။ သူမကို သတ်လိုက်ရင် ဘာမှမဖြစ်ဘူး ထင်နေလား။”
“အဲ့အခါကြရင် မင်းတို့ ဘာဖြစ်မလဲဆိုတာ သိချင်နေမိပြီ။”
ချန်းနန် ခပ်ဖွဖွ ပြုံးလိုက်သည်။
ဝုန်း.... ဝုန်း.... ဝုန်း......
စွမ်းအင်ပေါက်ကွဲမှုများအား အဝေးမှပင် ကြားနေရသည်။
စွမ်းအင်လှိုင်းဂယက်များမှာ ကီလိုမီတာ ရာနှင့်ချီ ပျံ့နှံ့နေလေသည်။
ယခုကဲ့သို့ တိုက်ပွဲမျိုး ဖန်ဆင်းခြင်းနယ်မြေတွင် မမြင်ရသည်မှာ နှစ်ပေါင်းရာနှင့်ချီနေပြီ ဖြစ်သည်။
“ဟူး.... ငါ့မိဖုရားလေး လန်ရှောင်နီရော၊ ပိုင်ယောင်ရောကို လက်လွှတ်လိုက်ရတာပဲ။”
ချန်းနန် သက်ပြင်းချလိုက်သည်။
ဝုန်း.......
သွေးနီရောင် ဓားပုံရိပ်တစ်ခု ချန်းနန်ထံ ရောက်ရှိလာသည်။
“ဖူး.....”
ချန်းနန် သွေးအန်ကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားရသည်။
ပုံရိပ်တစ်ခု ချန်းနန်ရှေ့သို့ ရောက်ရှိလာသည်။
ချန်းနန် မျက်လုံးပြူးသွားရသည်။
“မင်းဘယ်သူလဲ။”
သွေးနီရောင်ဓားနှင့် အမျိုးသားမှာ ရယ်မောလိုက်လေသည်။
“မင်းဘာသာမင်းသာ စကားမပြောနေရင် မှတ်မိမှာတောင် မဟုတ်ဘူး။ မင်းက ပုံထဲကနဲ့ တော်တော်ကွာတာပဲ။”
ထိုအမျိုးသားမှာ ချန်းနန်အား ဓားနှင့်ချိန်လိုက်သည်။
“ငါက နတ်ဘုရားတွေ ရွေးချယ်ထားတဲ့သူပဲ။”
“ငါ့နာမည် ဘယ်သူလဲသိလား။ ငါက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ ထျန်းရှီမန်....”