ထျန်းရှီမန်ဘဝ၏အထွဋ်အထိပ်
Vol. 73 Ch. 1019
ထျန်းရှီမန်သည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ ဖြစ်သောကြောင့် တာဝန်သိစိတ်နှင့်အတူ တိုက်ပွဲထဲ လိုက်လာပါသော်လည်း အားအနည်းဆုံး ရန်သူသည်ပင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ရှိကြောင်း တအံ့တသြ သိခဲ့ရသည်။
ငါက ဘာလို့ တိုက်နေရဦးမှာလဲ.....
သောက်ကျိုးနည်း......
သူသည် ထိုအားအနည်းဆုံး ရန်သူများကိုပင် အနိုင်တိုက်နိုင်မည် မဟုတ်ပေ။
ကြမ်းတမ်းခက်ထန်လှသော တိုက်ပွဲကြီးအား အရိပ်ထဲမှ စောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်သည်။
သူဆုတ်ခွာသွားလေပြီ။
စွမ်းအင်လှိုင်းဂယက်များသည် ကီလိုမီတာ ရာနှင့်ချီအောင် ပြန့်ကားနေသောကြောင့် ထျန်းရှီမန် ကြောက်ရွံ့တုန်လှုပ်ကာ အဝေးကြီး ဆုတ်ခွာလာမိသည်။
ကြောက်ဖို့ကောင်းလိုက်တာ..... ဟင်းလင်းပြင်သို့အပြန် အဆင့်တွေရဲ့ တိုက်ပွဲက ကောင်းကင်နဲ့မြေပြင်ကိုတောင် ဖျက်စီးပစ်နိုင်တယ်..... အနီးမှာသာ ရှိနေရင် ငါသာအမှုန့်ဖြစ်သွားလိမ့်မယ်.....
“ကြောက်ဖို့ကောင်းလွန်းတယ်။ အဆင့်မြင့် ကျင့်ကြံသူဆိုတာ အဲ့ဒါမျိုးလား။”
ထျန်းရှီမန်မှာ ကိုယ့်ကိုယ်ကို အသုံးမကျသလို ခံစားလိုက်ရသည်။
သူသည် စစ်မြေပြင်နှင့် ဝေးကွာနေလွန်းသောကြောင့် မိတ်ဆွေများအား အားပေးရန်ပင် မဖြစ်နိုင်တော့ပေ။
ထျန်းရှီမန်သည် တိုက်ပွဲအား ဆက်လက်ကြည့်ရှုရန် မှန်ဘီလူးတစ်ခုထုတ်ကာ သက်ရှိစွမ်းအင်များ ထည့်သွင်းလိုက်သည်။
“အန်လင်းက မြေခွေးနက်မျိုးနွယ်စုရဲ့ ဆရာ့ဆရာကြီးကိုတောင် သမနိုင်တာပဲ။ ငါကတော့......”
ထျန်းရှီမန် စိတ်ဓာတ်ကျသွားရသည်။
သူနှင့် အန်လင်းကြားတွင် ကွာခြားမှု ကြီးမားလွန်းလှသည်။
“မင်းမေကလွှား..... တပိုင်က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ရေသူမတစ်ကောင်ကိုတောင် သတ်ပစ်နိုင်တာလား။”
ထျန်းရှီမန် ပို၍ပင် စိတ်ဓာတ်ကျသွားသည်။
အော်..... ငါက ခွေးတစ်ကောင်ကိုတောင် မမှီနိုင်ပါလား.....
ထျန်းရှီမန် မျက်ရည်ဝဲလာသည်။
“ငါက အသုံးမကျတဲ့ကောင်ပဲ..... ဝါး.....”
ထိုအချိန်မှာပင် အဝေးမှ စွမ်းအင်လှိုင်းတစ်ခုအား အာရုံခံမိလိုက်သည်။
ထျန်းရှီမန် လှမ်းကြည့်လိုက်သောအခါ ကောင်းကင်ထက်တွင် ပျံသန်းနေသော မြေခွေးနက်မျိုးနွယ်စုဝင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ဟမ်.... ဒီကောင်က တပ်ပြေးလား။ ဒါမှမဟုတ် ငါ့လိုမျိုး ကြောက်ပြီးပြေးလာတဲ့ကောင်လား။”
ထျန်းရှီမန်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ဟားဟား.... အသုံးမကျတာ ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ....
သို့သော် အမှိုက်ကောင်မှာ သူတစ်ယောက်တည်းသာဖြစ်ကြောင်း မကြာမီပင် သိလိုက်ရသည်။
ကောင်းကင်ထက်တွင် ပျံသန်းနေသူသည် ဒဏ်ရာဒဏ်ချက်များစွာ ရရှိထားပြီး အရှိန်အဝါမှာလည်း မှေးမှိန်နေပြီ ဖြစ်သည်။
“မျက်နှာကလည်းပြား၊ နှာခေါင်းကလည်းကျိုးပြီး သွားတွေလည်း မရှိတော့ပါလား”
ထျန်းရှီမန်မှာ ထိုသူနောက်မှ တိတ်တဆိတ် လိုက်သွားနေစဥ် ၎င်းသည် တကိုယ်တည်း ရေရွတ်နေသည်ကို ကြားလိုက်ရသည်။
အန်လင်း၊ ပိုင်ယောင်၊ လန်ရှောင်နီ.....
ယီးတဲ့မှ..... ဒီရုပ်ဆိုးကောင်က မြေခွေးမလေးတွေ သည်းသည်းလှုပ်ရတဲ့ နံပါတ်တစ် ပါရမီရှင် ချန်းနန်များလား.....
ထျန်းရှီမန် အံ့အားသင့်သွားသည်။
“ဒီကောင်က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ် အဆင့်ပဲ။ ငါပြန်ဆုတ်သင့်တယ်။”
ထိုအချိန်တွင် ထျန်းရှီမန် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
“အခု ဒင်းရဲ့အခြေအနေက.....”
ထျန်းရှီမန်မှာ အသက်ရှူသံများပင် မြန်လာရသည်။
အမှိုက်ကောင်ဟူသော နာမည်အား ဖယ်ရှားပစ်နိုင်တော့မည်ပင်။
ယခုအနေအထားသည် အကောင်းဆုံး အခွင့်အရေးပင်။
ထျန်းရှီမန်မှာ ချန်းနန်အားသတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် သွေးနီရောင် ဓားပုံရိပ်နှင့်အတူ သေမလို ဖြစ်နေသော ချန်းနန်အား တိုက်ခိုက်လိုက်လေသည်။
ထျန်းရှီမန်မှာ ချန်းနန်အား ဖိနှ်ပ်ကာ ဆရာ့ဆရာကြီးဟန်ဖြင့် စကားဆိုလိုက်သည်။
“ငါဘယ်သူလဲသိလား။ ငါက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ ထျန်းရှီမန်ပဲ။”
ချန်းနန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ထျန်းရှီမန်တဲ့လား။ မင်းကဘယ်သူလဲ။”
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားရသည်။
ထျန်းရှီမန် : “......”
ချန်းနန် : “......”
ဘန်း.......
ချန်းနန်မှာ အကန်ခံလိုက်ရသောကြောင့် သွေးအန်သွားရသည်။
“မှား.... မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ အစ်ကိုကြီး....”
ချန်းနန် တောင်းပန်လာသည်။
“မင်းမမှားဘူး။ ငါက လူမသိ သူမသိတဲ့ကောင်ပဲ။”
ထျန်းရှီမန် ငိုကြွေးရင်း ချန်းနန်အား တိုက်ခိုက်နေသည်။
ဘန်း..... ဘန်း..... ဘန်း.....
ဒုန်း..... ဒုန်း...... ဒုန်း......
ချန်းနန်မှာ သေချင်ရက်လက်တို့ ဖြစ်နေလေပြီ။
ငါနဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းက ဘယ်ကဝဋ်ကြွေးတွေလဲ.....
ဘာလို့ စုကျိုးအင်မော်တယ်ဂိုဏ်းက ဟာတွေနဲ့ပဲ ဆုံနေရတာလဲ.....
အန်လင်းရဲ့ ဂမ်ဒမ်၊ ပြီးတော့ ရှောင်ချိုး၊ အခုတော့ ဘယ်ကကောင်မှန်း မသိတဲ့ကောင်ရဲ့ သမတာကိုပါ ခံနေရပြီ....
ထျန်းရှီမန်မှာ ချန်းနန်အား ကန်ကျောက်ရင်း စိတ်ဖြေဖျောက်လိုက်သည်။
ချန်းနန် အမှန်တကယ် ဒေါသထွက်နေသည်။ သူသည် မြေခွေးနက်မျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ပါသော်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ပင် မရောက်သေးသော ငချွတ်တစ်ကောင်၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။
“သတ်ရင်ကောင်းမလား..... ဖမ်းရင်ကောင်းမလား။”
ထျန်းရှီမန် မေးပွတ်ကာ တွေးလိုက်သည်။
“ဖမ်း.... ဖမ်းသွားပါ။”
ချန်းနန် ခက်ခက်ခဲခဲ ပြောလာသည်။
ထျန်းရှီမန်မှာ ဓားဖြင့်ချိန်လိုက်လေသည်။
“ဘာပြောချင်သေးလဲ။”
ချန်းနန် : “......”
ဒီကောင်က လူစကား နားမလည်ဘူးလား.....
သူဘာမှမပြောရသေးခင်မှာပင် သွေးနီရောင် ဓားပုံရိပ်မှာ သေမင်းတံစဥ်းအလား ကျဆင်းလာတော့သည်။
ချန်းနန်မှာ ကြောက်ရွံ့ထိတ်လန့်ခြင်းများနှင့်အတူ ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်သွားပြီးနောက် သူ၏ခေါင်းမှာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ၎င်းသည် အသက်မဲ့နေသော ခန္ဓာကိုယ် အလောင်းအား တစ်ချက်မျှ ကြည့်ရှုကာ ထာဝရ အမှောင်ထုထဲ ရောက်ရှိသွားလေသည်။
သူသည် ငချွတ်တစ်ကောင်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရမည်ဟု မည်သူကမှ တွေးထင်ထားမည် မဟုတ်ပေ။
ထျန်းရှီမန် ဓားသိမ်းလိုက်သည်။
“မင်းလိုကောင်ကို နောက်ဆုံးစကား ပြောခွင့်ပေးစရာလား။”
သူသည် မှတ်တမ်းတင် သလင်းကျောက်အားထုတ်ကာ သက်သေယူပြီးနောက် ချန်းနန်ခေါင်းအား သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။
“ဒီတိုက်ပွဲကို အဆုံးသတ်လိုက်တာငါပေါ့။”
ထျန်းရှီမန် စိတ်ကျေနပ်နေသည်။
သူသည် အဝေးမှ တိုက်ပွဲအား ယုံကြည်ချက်ရှိစွာ လှမ်းကြည့်လိုက်သည်။
ဘဝတွင် အောင်မြင်မှု အရသာအား ခံစားဖူးခဲ့လေပြီ။
ထိုသည်မှာ စစ်သူကြီးအား သတ်ပစ်နိုင်ခဲ့သော စစ်သည်တော်တစ်ဦး၏ ဂုဏ်ယူမှုမျိုးပင်။
.........
စစ်မြေပြင်၌
အမြှီးရှစ်ချောင်း နတ်မြေခွေး ချန်းဟောက်မှာ အန်လင်းတို့အား တိုက်ခိုက်နေသည်။
အရိုးဖြူလေဟာနယ်ထဲတွင် ကြောက်မက်ဖွယ် လွှသဏ္ဍာန် အရိုးများမှာ အန်လင်းထံ ပျံဝဲလာသည်။
ရေဘောလုံးကြီးနှင့် ဖိနှိပ်ခံထားရသည်ကိုပင် ယခုမျှထိ တိုက်ခိုက်နေနိုင်မည်ဟု အန်လင်း မထင်မှတ်ထားပေ။ တီနာနှင့် ရှောင်ဇယ်သာ မရှိပါက ၎င်းအား ရှုံးနိမ့်နေလောက်ပြီ ဖြစ်သည်။
ချန်းဟောက်သည် အရှေ့ပင်လယ် နဂါးဘုရင်ထက်ပို၍ သန်မာပေသည်။
ထိုအချိန်တွင် ချန်းဟောက်၏ သိုလှောင်လက်စွပ်မှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
သူ၏တိုက်ခိုက်မှုများ ရပ်တန့်သွားရသည်။
လက်အောက်ငယ်သားတစ်ယောက် သေပြန်ပြီလားဟ....
အန်လင်းမှာ အခွင့်အရေးအား လက်လွှတ်မခံပဲ မိစ္ဆာရှင်းဓားနှင့် တိုက်ခိုက်လိုက်သည်။
သို့သော် အန်လင်းမှာ တစ်စုံတစ်ခု မှားနေသလို ခံစားလိုက်ရသည်။
ချန်းဟောက်၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိုးတက်လာလေသည်။
“အား..... သားတော်.....”
အမြှီးရှစ်ချောင်း နတ်မြေခွေး၏ မျက်ဝန်းများမှာ သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။
ကိုးချောင်းမြောက် အမြှီးတစ်ခု ထပ်မံပေါ်ထွက်လာတော့သည်။