အမြှီးကိုးချောင်းနတ်မြေခွေး
Vol. 73 Ch. 1020
“သားတော်...... မင်းတို့အားလုံးကို သတ်ပစ်မယ်။”
“ငါ့သားတော်အတွက် အားလုံးကို လက်စားချေရမယ်။”
အမြှီးရှစ်ချောင်း နတ်မြေခွေးမှာ ကိုးချောင်းမြောက်အမြှီး ထွက်လာပြီးနောက် အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းသွားသည်။
မရဏစွမ်းအင်များကြောင့် ကောင်းကင်သည်ပင် မှေးမှိန်သွားရလေသည်။
ကိုးချောင်းမြောက် အမြှီးသည် အရိုးများကို မြင်နေရသည်အထိ ကြည်လင်နေပြီး ကြည့်မိသူတိုင်းကို အသက်ရှူကြပ်စေသည်။
အန်လင်းသည်ပင် ချန်းဟောက်အားကြည့်ကာ ထိတ်လန့်လာသည်။
ဘန်း......
ကျယ်လောင်သော အသံနှင့်အတူ ရေဘောလုံးကြီးလည်း မြောက်တက်သွားသည်။
အမြှီးကိုးချောင်း နတ်မြေခွေးမှာ ရေဘောလုံးကြီးအား ရိုက်ထုတ်လိုက်ပြီပင်။
ချန်းဟောက်အား ဆက်လက်ဖိနှိပ်ရန် မဖြစ်နိုင်တော့သဖြင့် အန်လင်းမှာ ရေဘောလုံးကြီးအား သိမ်းဆည်းလိုက်သည်။
“ဘာလို့ ဒင်းတို့မှာ ဝှက်ဖဲတွေ အများကြီး ရှိနေရတာလဲ။”
အန်လင်း မျက်နှာပျက်သွားသည်။
ချန်းဟောက်သည် သွေးနီရောင် မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။ ၎င်းလက်သည်းများ၏ ထက်ရှမှုမှာ လေထုကိုပင် တုန်ခါနေစေသည်။
ချန်းဟောက်သည် အမြှီးကိုးချောင်း ဖြစ်သွားပြီးနောက် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ရောက်ရှိသွားကာ တာအိုပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရန်ပင် အလွှာပါးတစ်ခုသာ ခြားတော့သည်။
အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းလာသည်။
ချန်းဟောက်သည် ယခုကဲ့သို့ စွမ်းအင်မြှင့်တင်ရန် တစ်စုံတစ်ခုအား သေချာပေါက် ပေးဆပ်ထားရပေလိမ့်မည်။ အန်လင်းအတွက် အရေးကြီးသည်မှာ အသက်ရှင် လွတ်မြောက်နိုင်ရန်ပင်။
သူ၏အသက်သည် တန်ဖိုးရှိသောကြောင့် ချန်းဟောက်ထံတွင် သေမသွားသင့်ပေ။
........
စစ်မြေပြင် တစ်နေရာ၌
ပိုင်လင်သည် လှံနှစ်လက် ကိုင်ဆောင်ထားသော ရေသူထီးနှင့် အသည်းအသန် တိုက်ခိုက်နေသည်။
သွေးနီရောင် ရေသူထီးသည် ပိုင်လက်၏ လေဟာနယ် ခုတ်ဖြတ်ခြင်းကြောင့် ဒဏ်ရာတစ်ချက် ထပ်မံရရှိသွားသည်။
၎င်းသည် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာနေစဥ်မှာပင် ပိုင်လင်၏ ထိုရေသူထီး ကျသွားသောသွေးအား ပုလင်းတစ်ခုထဲ ထည့်လိုက်သည်။
ရေသူထီး သွေးအန်ချင်သွားသည်။ သူ၏ကြေးခွံ၊ အသွေးအသားနှင့် ဆံပင်ပါမကျန် ပိုင်လင်မှ သိမ်းဆည်းနေလေသည်။ ယခုအခြေအနေသည် တိုက်ပွဲမဟုတ်ပဲ ဆာရှီမိ (လက်ဆက်သော ငါးကိုအစိမ်းလှီး၍ စားရသော ဂျပန်ရိုးရာ ဟင်းလျာ) အလုပ်ခံနေရသလို ခံစားရသည်။
ဒီမိန်းမက ကြောက်ဖို့ကောင်းလိုက်တာ.......
ထိုအမျိုးသမီးသည် နူးညံ့ညင်သာသော အမူအရာနှင့် သူ့အား စိမ်ပြေနပြေ တိုက်ခိုက်နေသည်။ သူသည် ဝိဥာဥ်ငါးကလန်၏ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖြစ်နေပါသော်လည်း အားပါးတရ အရှက်ခွဲခံနေရသည်။
ထိုအချိန်၌...
အနောက်ပင်လယ်မှ ပုဂ္ဂိုလ်တစ်ဦး၏ အမိန့်မှာ သူ၏စိတ်ထဲ ဝင်ရောက်လာသည်။
ရေသူထီး ပျော်ရွှင်စွာ ထွက်ပြေးသွားသည်။
“ဆုတ်ကြဟေ့......”
ထိုအော်သံနှင့်အတူ အဝေးသို့ ပြေးသွားလေပြီ။
စစ်မြေပြင်သည် ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် သူသည်လည်း တခဏပင် မနေချင်တော့ပေ။
ပိုင်လင်သည် ထိုရေသူထီးနောက်သို့ မလိုက်ပဲ ကြည့်သာကြည့်နေသည်။
၎င်းတို့နှစ်ဦးလုံးသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် သတ်ဖြတ်ရန် မလွယ်ကူပေ။
သူမသည် သွေးပုလင်းအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ထားလိုက်ပါ။ ငါလိုချင်တာ ရပြီပဲ။”
သုံးပိုင်းခွဲထားသော ဟုန်လင်မှာလည်း အသက်ကယ်ရတနာ နှစ်ခုအားသုံးကာ အသည်းအသန် ဆုတ်ခွာလိုက်ရသည်။
ဝိဥာဥ်ငါးကလန်မှ အခြားကျင့်ကြံသူများလည်း ထွက်ပြေးကုန်လေပြီ။
စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် မြေခွေးဖြူမျိုးနွယ်စုများ ဝမ်းသာသွားကြသည်။
ရန်သူများ၏ နာကျင်မှုမှာ ၎င်းတို့အတွက် ပျော်ရွှင်စရာပင်။
ရန်သူများ၏ အစီအစဥ် ပျက်သွားကြောင်း သိသာလှသည်။
မြေခွေးနက်မျိုးနွယ်စုများ ထိတ်လန့်ကုန်ကြရသည်။
မဟာမိတ်များ မရှိတော့ပါက အားပါးတရ ဖိနှိပ်ခံရမည်မှာ သေချာသည်။
မြေခွေးနက်များသည် အခြေအနေ မဟန်ကြောင်း သတိပြုမိသောကြောင့် ၎င်းတို့ပါ ဆောက်တည်ရာမရ ထွက်ပြေးကုန်သည်။
“သူတို့ကို မလွတ်စေနဲ့.... ဝုတ်....”
တပိုင်မှာ ဝမ်းသာအားရ လိုက်ချလေသည်။
.......
ကီလိုမီတာ ငါးဆယ်အဝေးရှိ တောင်ထိပ်တစ်ခုပေါ်၌
ထျန်းရှီမန်သည် ထွက်ပြေးသွားသော ရန်သူများအား ကြည့်ရှုနေသည်။
ထိုအချိန်တွင် ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။
“ဝေါင်း......”
ကျယ်လောင်လှသော ဟိန်းဟောက်သံမှာ အားလုံးကို တုန်လှုပ်သွားစေသည်။
ပိုင်မုယွီ၊ ချင်းပိုင်ချန်၊ ပိုင်လင်နှင့် ယွီဒူတို့ လှမ်းကြည့်လိုက်သောအခါ နေရောင်ပင် မဝင်နိုင်သော အမှောင်ထု နယ်ပယ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုအမှောင်ထုထဲတွင် အမြှီးကိုးချောင်းအား မြင်နိုင်ပေသည်။
ချင်းပိုင်ချန် အမူအရာ ပြောင်းလဲသွားသည်။
“အမြှီးကိုးချောင်း နတ်မြေခွေးလား။”
“မဟုတ်သေးဘူး။ ဒါက ချန်းဟောက် တားမြစ်မှော်ကျင့်စဥ်ကို သုံးထားတာပဲ။”
ပိုင်မုယွီလည်း မျက်နှာပျက်နေသည်။
အမြှီးကိုးချောင်း နတ်မြေခွေး၏အစွမ်းမှာ အမှန်တကယ်ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
“အန်လင်း အန္တရာယ် ရှိနေပြီ။”
ပိုင်လင်မှာ အမှောင်ထုထံ ဦးတည်ပျံသန်းလာသည်။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲများအားလုံးလည်း လှုပ်ရှားလာကြသည်။
စုချန်းရန်၊ တပိုင်၊ ရှောင်ဟုန်နှင့် လျှိုချင်းဟွမ်တို့မှာ အမှောင်ထုထဲ သွားလိုပါသော်လည်း ရွှမ်းယွမ်ချန်မှ တားထားလိုက်သည်။
“ရန်သူက အားကောင်းလွန်းတယ်။ ငါတို့သွားမှ သူတို့ဝန်ပိုနေဦးမယ်။”
ထိုအမှောင်ထု၏ ဖိအားအားမှာ ရွှမ်းယွမ်ချန်ပင် မခံနိုင်ပေ။
ချင်းပိုင်ချန်နှင့် ယွီဒူတို့မှာ အနည်းငယ် တွေဝေနေပြီးနောက် လက်အောက်ငယ်သားများအား လိုက်မလာရန် အမိန့်ပေးကာ အမှောင်ထုထဲ ပျံသန်းသွားလိုက်ကြသည်။
ထိုမျှထိတ်လန့်ဖွယ်ကောင်းသော ရန်သူမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် သတ်နိုင်လောက်သည်။
“ရှောင်လန် ငါတို့သွားသင့်လား။”
ရွှယ်ကျန်ထျန်း ကြောက်ရွံ့စွာ မေးလိုက်သည်။
စုရှောင်လန် ပြုံးကာပြောလာသည်။
“ငါတို့သွားရင် အန်လင်း ပိုစိတ်ပူရလိမ့်မယ်။”
၎င်းတို့နှစ်ဦးလုံးသည် ထိုတိုက်ပွဲထဲ ဝင်ပါရန် အဆင့်မမှီပေ။
စုရှောင်လန် လေးနက်စွာ ပြောလိုက်သည်။
“အန်လင်း ဘာမှမဖြစ်လောက်ပါဘူး။ တာအိုပေါင်းစည်းခြင်း အဆင့်မဟုတ်ရင် သူ့ကိုမသတ်နိုင်ဘူး။”
စုရှောင်လန်သည် ယုံကြည်ချက်ရှိစွာ ပြောနေခြင်းဖြစ်ကြောင်း ရွှယ်ကျန်ထျန်း သိရှိလိုက်သည်။
ထိုအချိန်တွင် အန်လင်းသည် အမှောင်ထုအားကြည့်ကာ အချိန်ဆွဲမနေသင့်ကြောင်း သိလိုက်ရသည်။
အမြှီးကိုးချောင်း နတ်မြေခွေး၏ သွေးနီရောင် မျက်ဝန်းများမှာ ငရဲဆန်လွန်းပြီး အမြှီးများမှာလည်း အလွန်အမင်း နက်မှောင်နေသည်။
“ဂမ်ဒမ်သုံးနဲ့ ယောင်ကျီး.....”
အန်လင်း အမိန့်ပေးလိုက်သည်။
ဂမ်ဒမ်သုံးသည် ဆွဲငင်အား စက်ကွင်းတစ်ခု ဖြစ်ပေါ်စေလိုက်သည်။
ယောင်ကျီးသည် ဖျတ်ခနဲ ပျောက်သွားကာ အမြှီးကိုးချောင်း နတ်မြေခွေးရှေ့တွင် ပေါ်ထွက်လာပြီးနောက် အမှုန်စွမ်းအင်ဓားနှင့် တိုက်ခိုက်လိုက်သည်။
ဝှစ်.....
အချိန်မှာ ရုတ်တရက် ရပ်တန့်သွားသလိုပင်။
ဂမ်ဒမ်သုံးနှင့် ယောင်ကျီးတို့မှာ တုတ်တုတ်မလှုပ်တော့ပေ။
ဝုန်း.....
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ရသည်။
ယောင်ကျီး၏ ရင်ဘတ်အား အရိုးဖြူ ဆူးချွန်တစ်ခုမှ ထိုးဖောက်သွားလေသည်။