အမြှီးကိုးချောင်းနတ်မြေခွေးအားတိုက်ခိုက်ခြင်း
Vol. 73 Ch. 1021
ကောင်းကင်နှင့်မြေပြင်မှာ မည်းမှောင်သွားလေသည်။
အမှောင်ထု နယ်ပယ်တွင် လှုပ်ရှားခြင်း ပြု၍မရပေ။
လောကအမှောင်ထုမှာ အမြှီးကိုးချောင်း နတ်မြေခွေး၏ အစွမ်း ဖြစ်လာသည်။
အန်လင်းသည်လည်း ထိုစွမ်းအင်၏ လွှမ်းမိုးမှုအား ခံလိုက်ရသည်။ သူသည် လှုပ်ရှားရန် ကြိုးစားနေပါသော်လည်း လက်တစ်ချောင်း လှုပ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်၏ ဖိနှိပ်မှုအား ခံရတော့မလို ခံစားနေရသည်။
ထိုသည်မှာ ကြောက်မက်ဖွယ်ရာပင်။
တီနာနှင့် ရှောင်ဇယ်သည်လည်း လှုပ်၍မရကြပေ။
ချိပ်ပိတ်ခြင်းစွမ်းအင်မှာ အားကောင်းလွန်းနေသောကြောင့် ၎င်းတို့အနေဖြင့် လွတ်မြောက်နိုင်ခြေ မရှိပေ။ အမှောင်ထု နယ်ပယ်တစ်ခုလုံးအား အမြှီးကိုးချောင်း နတ်မြေခွေး၏ အံ့ဖွယ်တာအိုများမှ လွှမ်းခြုံထားသည်။
ချန်းဟောက်၏ လက်သည်းချက်နှင့်အတူ ယောင်ကျီးမှာ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။
“ငါ့သားတော်အတွက် မင်းတို့အားလုံး သေရမယ်။”
ချန်းဟောက် အော်ဟစ်ကာ အန်လင်းအား လက်ညှိုးထိုးလိုက်သည်။
ကောင်းကင်နှင့်မြေပြင်၏ အမှောင်ထု စွမ်းအင်များမှာ ဝါးမြိုခြင်း နတ်ဘုရား တစ်ပါးအလား အန်လင်းထံ ရောက်ရှိလာသည်။
အန်လင်းမှာ စစ်နတ်ဘုရား ခန္ဓာနှင့်ပင် ကြောက်ရွံ့မှုကို ခံစားလိုက်မိသည်။
သောက်ပြဿနာပဲ......
သူ၏စိတ်ထဲတွင် ခံစားချက်များ ပြည့်လျှံလာသည်။
ရုတ်ချည်းဆိုသလို အဖြူရောင် အကာအကွယ် တစ်ခုမှာ သူ၏ရှေ့၌ ထွက်ပေါ်လာတော့သည်။
ဝုန်း......
အမှောင်ထု စွမ်းအင်လှိုင်းများသည် အဖြူရောင် အကာအကွယ်အား ဝင်တိုက်လိုက်သောကြောင့် ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
အန်လင်း မျက်ရည်ဝဲသွားသည်။
“အစ်မကြီးပိုင် ရောက်လာပြီပဲ။”
တင့်တယ်လှပသော အမျိုးသမီးတစ်ဦး အန်လင်းဘေးသို့ ရောက်ရှိလာသည်။
“ဘယ်လိုဖြစ်တာလဲ အန်လင်း..... နင့်ကို အခုလိုမျိုး မြင်ရတာ ပထမဆုံးပဲ။ ဆက်မတိုက်နိုင်တော့ဘူးလား။”
အန်လင်း မျက်နှာပျက်သွားရသည်။ ယောက်ျားတစ်ယောက်အနေဖြင့် ပိုင်လင်၏ စနောက်သော စကားအား သဘောမကျပါသော်လည်း သေရေးရှင်ရေး အခြေအနေ ဖြစ်နေသောကြောင့် အမြှီးကိုးချောင်း နတ်မြေခွေးကိုသာ အာရုံစိုက်လိုက်သည်။
အမြှီးကိုးချောင်း နတ်မြေခွေးမှာ ပိုင်လင်အား သတိထားမိလိုက်သောကြောင့် အရှိန်အဝါကို တိုးမြှင့်လိုက်သည်။
ခရက်.....
ပြင်းထန်လှသော အမှောင်ထု စွမ်းအင်များကြောင့် ပိုင်လင်၏ အဖြူရောင် အကာအကွယ်မှာ အက်ကြောင်းထင်လာလေသည်။
ပိုင်လင် နှာခေါင်းရှုံ့ကာ အမြှီးကိုးချောင်း နတ်မြေခွေးအား လက်ညှိုးထိုးလိုက်သည်။
“ပျက်စီးစမ်း.....”
ပါးလွှာသော အဖြူရောင် အမျှင်တန်းတစ်ခုမှာ အမှောင်ထုအား ထိုးခွင်းသွားသည်။
ထိုတိုက်ခိုက်မှုတွင် အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသည်။
အမြှီးကိုးချောင်း နတ်မြေခွေး အထင်သေးစွာ ပြုံးလိုက်သည်။
၎င်းသည် အမြှီးဖြင့် ရိုက်ချလိုက်သည်နှင့် အဖြူရောင် အမျှင်တန်းမှာ ဗလာနတ္ထိ ဖြစ်သွားရလေသည်။
“ငါ့အမြှီးနဲ့တွေ့ရင် ဘာတိုက်ခိုက်မှုမှ အရာမထင်စေရဘူး။”
ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ရွှေရောင်မီးတောက်ကြီးတစ်ခု ကျဆင်းလာသည်။
ချန်းဟောက်မှာ အမြှီးကိုးချောင်းဖြင့် ထီးအသွင် ကာကွယ်ထားလိုက်သည်။
ဝုန်း......
အမြှီးကိုးချောင်းမှာ ရွှေရောင်မီးတောက်များနှင့် ထိတွေ့သွားပြီးနောက် အငွေ့ပျံတော့မည့်အလား ပွက်ပွက်ဆူသံများ ထွက်ပေါ်လာသည်။
အမြှီးကိုးချောင်း နတ်မြေခွေး စုပ်ယူနိုင်သော စွမ်းအင်မှာလည်း အကန့်အသတ် ရှိသည်။ ပိုင်လင်၏ တိုက်ခိုက်မှုအား စုပ်ယူပြီး မကြာမီမှာပင် ရွှေရောင်မီးတောက်ကြီး ကျဆင်းလာသောကြောင့် ၎င်းအတွက် ခက်ခဲသွားရသည်။
အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော ဓားပျံများမှာလည်း အမြှီးကိုးချောင်း နတ်မြေခွေး၏ ဦးခေါင်းထံ ဦးတည်ပျံသန်းလာသည်။
ချန်းဟောက် တုံ့ပြန်ချိန် မရသေးခင်မှာပင် အစိမ်းရောင် ဓားပုံရိပ်မှာ သူ၏ဖင်ပေါက်တည့်တည့် ဝင်ရောက်လာလေသည်။
ပိုင်လင်၊ ယွီဒူ၊ ပိုင်မုယွီနှင့် ချင်းပိုင်ချန်......
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများမှာ တပြိုင်နက်တည်း တိုက်ခိုက်လာသည်။
အန်လင်းအား ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များမှ ကာကွယ်ပေးကြလိမ့်မည်ဟု ချန်းဟောက် မထင်ထားခဲ့ပေ။
“အရိပ်ကိုယ်ထင်ပြခြင်း.....”
သူ၏ခန္ဓာကိုယ်ကြီးမှာ တုန်ခါလာပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားသည်။
ဝုန်း.......
ရွှေရောင်မီးတောက်ကြီးမှာ မြေပြင်ပေါ် ပြုတ်ကျပြီးနောက် ပေါက်ကွဲသွားသည်။
ချင်းပိုင်ချန်နှင့် ပိုင်မုယွီတို့၏ တိုက်ခိုက်မှုသည်လည်း လေထဲတွင် ကျန်ရစ်ခဲ့သည်။
ပိုင်လင် အေးစက်စက်နှင့် ထိုနေရာမှ ပျောက်ကွယ်သွားသည်။
အန်လင်းနားမှ အကာအကွယ်လည်း မရှိတော့သဖြင့် သူသည် တိုက်ပွဲထဲ ဝင်ပါရန် လုပ်နေစဥ်မှာပင် အမှောင်ထု စွမ်းအင်ကြောင့် လှုပ်မရ ဖြစ်သွားပြန်သည်။
အန်လင်း : “.....”
ယီးတဲ့မှ.....
ငါက ဝင်မပါရတော့ဘူးလား.....
တီနာနှင့် ရှောင်ဇယ်သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ မညိသို့ပင်ဆိုစေကာမူ ချန်းဟောက်သည် အာရုံများနေသောကြောင့် ၎င်းတို့အား ဂရုမစိုက်နိုင်ပေ။
အမြှီးကိုးချောင်း နတ်မြေခွေးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းပြီး ၎င်း၏အမှောင်ထုအား အံ့ဖွယ်တာအို အစွမ်းနှင့်သာ ဖယ်ရှားနိုင်ပေလိမ့်မည်။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်အောက်တွင် ရှိနေသူများသည် အမြှီးကိုးချောင်း နတ်မြေခွေးရှေ့တွင် ပုရွက်ဆိတ်သာသာ အဆင့်သာရှိသည်။
စစ်မြေပြင်၌.....
ပိုင်လင်သည် လေဟာနယ် စွမ်းအင်များအား ကျွမ်းကျင်သောကြောင့် အမြှီးကိုးချောင်း နတ်မြေခွေး၏ အမှောင်ထုနှင့် ပေါင်းစည်းမှုကို နားလည်နေသည်။
သူမသည် အမှောင်ထုနယ်ပယ် အလယ်သို့သွားကာ အံ့ဖွယ်အာရုံနှင့် စစ်ဆေးကြည့်ရှုလိုက်သည်။
“ရှာတွေ့ပြီ။”
ထို့နောက် အမှောင်ထု တစ်နေရာအား ထိုးချလိုက်လေသည်။
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
အမြှီးကိုးချောင်း နတ်မြေခွေး ပေါ်ထွက်လာကာ အနောက်သို့ ဆုတ်ခွာသွားသည်။
“အမှောင်ထု သတ်ဖြတ်ခြင်း....”
ဟစ်ကြွေးသံနှင့်အတူ အမှောင်ထုများ ပြန့်ကားသွားလေသည်။
ပိုင်လင် အမူအရာ ပြောင်းလဲသွားကာ အန်လင်း၊ တီနာနှင့် ရှောင်ဇယ်တို့အား ချက်ချင်းကာကွယ်ပေးလိုက်သည်။
သူမကမူ အမှောင်ထုလှိုင်းများကြောင့် သွေးအန်သွားရသည်။
“အစ်မကြီးပိုင်.....”
အန်လင်း ထိတ်လန့်သွားကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
သူသည် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။
ချင်းပိုင်ချန်၊ ပိုင်မုယွီနှင့် ယွီဒူတို့မှာ အမြှီးကိုးချောင်း နတ်မြေခွေးအား တိုက်ခိုက်လိုက်ကြသည်။
ပိုင်မုယွီသည် အေးခဲဓားတာအို၏ အထွဋ်အထိပ်သို့ ရောက်ရှိနေကာ ချင်းပိုင်ချန်၏ တိုက်ခိုက်မှုများမှာလည်း ခန့်မှန်းမရပေ။ ယွီဒူ၏ တိုက်ခိုက်မှု တစ်ချက်ချင်းစီတွင် ကြောက်မက်ဖွယ် ခွန်အားများ ပါဝင်နေသည်။
၎င်းတို့သုံးဦးသည် ရန်သူအား အပေးအယူမျှမျှ သမနေကြသည်။
သို့သော် ချန်းဟောက်အား ထိခိုက်အောင် မလုပ်နိုင်သေးပေ။
ချန်းဟောက်သည် အမြှီးကိုးချောင်းအား ကခုန်လှုပ်ရှားကာ တိုက်ခိုက်မှုများအား စုပ်ယူပစ်နေသည်။
ယခုအတိုင်းသာ ဆိုပါက ၎င်းတို့သာ ရှုံးနိမ့်သွားပေလိမ့်မည်။
“အစ်မကြီးပိုင် ကျွန်တော့်ကိုဖက်.....”
အန်လင်း ရုတ်တရက် ပြောလာသည်။
ပိုင်လင် မျက်လုံးပြူးသွားရသည်။
ဒီလိုအချိန်မှာတောင် ဖွန်လာကြောင်နေတာလား.......
“ကျွန်တော့်ကိုဖက်ပြီး ချန်းဟောက်အနား ခေါ်သွားပေး။ သူ့အစွမ်းကို ကျွန်တော်ခိုးပစ်မယ်။”
အန်လင်း စကားဆိုလိုက်သည်။
ပိုင်လင် သဘောပေါက်ကာ ပြုံးလိုက်သည်။
“ဒီအစ်မကြီးက ခေါ်သွားပေးရမှာပေါ့။”
သူမသည် အန်လင်း၏ ခါးအားဖက်ကာ အမှောင်ထုထဲ ပျံဝဲသွားလိုက်သည်။