အမှောင်ထု၏အရှင်သခင်
Vol. 73 Ch. 1022
ပိုင်လင်သည် အမှောင်ထုကြား ထိုးခွင်းပျံသန်းနေပြီး အန်လင်းသည် ပိုင်လင်အား ဖက်တွယ်ထားသည်။
အရာအားလုံးမှာ ဝေဝါးနေသယောင် ရှိပေသည်။
အန်လင်းမှာ ချန်းဟောက်နှင့် ပိုမိုနီးကပ်လာသည်။
အမြှီးကိုးချောင်း နတ်မြေခွေးသည် ပတ်ဝန်းကျင်အား ချိပ်ပိတ်ကာ ပိုင်လင်အား အမြှီးဖြင့် ရိုက်ချလိုက်သည်။
ပိုင်လင်သည် ကြိုတင်ခန့်မှန်းထားသောကြောင့် မျက်နှာပင် တစ်ချက်ပျက်မသွားပေ။
သူမ၏ လက်ခုံတွင် အဖြူရောင် အင်းကွက်တစ်ခု တောက်ပလာပြီးနောက် အဖြူရောင် အလင်းများမှာ သူမနှင့် အန်လင်းအား လွှမ်းခြုံသွားသည်။ ၎င်းတို့သည် အမြှီးကိုးချောင်း နတ်မြေခွေး၏ ချိပ်ပိတ်မှုမှ လွတ်မြောက်ကာ ဆက်လက်ပျံသန်းနိုင်သွားသည်။
အမြှီးကိုးချောင်း နတ်မြေခွေးမှာ အမြှီးနှင့် တိုက်ခိုက်နေပါသော်လည်း ပိုင်လင်မှာ လျင်မြန်စွာ ရှောင်ရှားနိုင်ခဲ့သည်။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူ သုံးဦးသည် ပိုင်လင်၏ ရည်ရွယ်ချက်အား မသိရပါသော်လည်း အရေးကြီးကြောင်း နားလည်နေသောကြောင့် အကူအညီ ဖြစ်စေရန် တိုက်ခိုက်မှုများအား တိုးမြှင့်လိုက်သည်။
အမြှီးကိုးချောင်း နတ်မြေခွေး၏ အမြှီးများထံမှ တစ္ဆေခေါင်းများ ထွက်ပေါ်လာကာ ပိုင်လင်ထံ ပျံဝဲသွားသည်။
ပိုင်လင်သည် အရှိန်မလျှော့ချပဲ ဓားမော့ပုံရိပ်တစ်ခုဖြင့် ထိုတစ္ဆေခေါင်းများအား တိုက်ခိုက်ပစ်လိုက်သည်။
လုံလောက်သော အနေအထားတစ်ခုထိ ရောက်သွားပြီးနောက် သူမသည် အန်လင်းအား အမြှီးကိုးချောင်း နတ်မြေခွေးထံ ပစ်ထုတ်လိုက်သည်။
“သွားလိုက်တော့....”
ဝုန်း.....
အန်လင်းမှာ အမြှီးကိုးချောင်း နတ်မြေခွေး၏ကျောပေါ် တွယ်တက်လိုက်သည်။
ချန်းဟောက် : “ဝေါင်း....”
အန်လင်း မူးနောက်လွန်းသောကြောင့် မျက်ရည်များပင် ဝဲလာသည်။
သူသည် ချန်းဟောက်နှင့် မီတာတစ်ရာ အကွာတွင် ရှိနေရန်သာ လိုအပ်ပါသော်လည်း ပိုင်လင်မှာ မြေခွေးကျောပေါ် ပစ်တင်ပေးခဲ့သည်။
ပိုင်လင်မှာ သူ့အားကြည့်ကာ ပြုံးပြုံးကြီး လုပ်နေလေသည်။
သူမ၏ အတွေးသည် ရိုးရှင်းလွန်းလှသည်။ အန်လင်းသည် ချန်းဟောက်နှင့် နီးကပ်ချင်သောကြောင့် အသားချင်း ထိသည်ထက်ပို၍ နီးကပ်သောအရာ မရှိပေ။
အန်လင်း မကျေမနပ် ဖြစ်နေပါသော်လည်း အချိန်မရသောကြောင့် မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင်မျက်ဝန်းတစ်စုံ ထွက်ပေါ်စေလိုက်သည်။
အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်......
အန်လင်း၏ စိတ်ထဲတွင် ကျင့်စဥ်များစွာ ပေါ်လာပါသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏သိစိတ်အာရုံမှာ အားကောင်းနေသည်။
သူသည် အမှောင်ထု၏ အရှင်သခင်ဟူသော ကျင့်စဥ်အား ရွေးချယ်လိုက်သည်။
အမြှီးကိုးချောင်း နတ်မြေခွေးမှာ တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရသည်။
“လစ်စမ်း....”
အမြှီးကိုးချောင်း နတ်မြေခွေးသည် အံ့ဖွယ်တာအို အစွမ်းများ ထုတ်ဖော်လိုက်သောကြောင့် အန်လင်းလည်း လွင့်ထွက်သွားရသည်။
အန်လင်း သွေးအန်သွားရပြီးနောက် ပိုင်လင်မှ စီးကြိုကာ အတူတကွ ဆုတ်ခွာလိုက်ကြသည်။
ချန်းဟောက်နှင့် နီးကပ်နေပါက ပိုင်လင်အနေဖြင့် အန်လင်းအား သေသေချာချာ ကာကွယ်မပေးနိုင်လောက်ပေ။
“အန်လင်း နင်ကအရမ်းမိုက်တာပဲ။”
ပိုင်လင် ဝမ်းသာအားရ ပြောလာသည်။
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
“ဘာလို့လဲ။”
ပိုင်လင် စကားဆိုလိုက်သည်။
“နင်မသိဘူးလား။ အမှောင်ထုထဲက ချိပ်ပိတ်တဲ့ စွမ်းအား မရှိတော့ဘူးလေ။”
အန်လင်း အံ့အားသင့်သွားသည်။
“အဲ့ဒါဆို ကျွန်တော် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရပြီလား။”
ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်သည်။
“နင်လုပ်ပြီး နင့်ကိုယ်နင် မသိဘူး ဖြစ်နေတာလား။”
အန်လင်း ပြုံးသာပြုံးမိသည်။ သူသည် ကျင့်စဥ်များစွာအနက် ခပ်ကြမ်းကြမ်း အမည်ရှိသော ကျင့်စဥ်အား ရွေးချယ်ခဲ့ရုံသာ။
အမှောင်ထု၏ အရှင်သခင်......
ထိုသည်မှာ ချိပ်ပိတ်စွမ်းအင်ဟု ထင်မှတ်မထားခဲ့ပေ။
အန်လင်းမှာ ကျင့်စဥ်အား လေ့လာကာ လက်တစ်ချက် လှုပ်လိုက်သည်နှင့် မမြင်ရသောလှိုင်းများ ထွက်ပေါ်လာသည်။
ဒီခံစားချက်က ကောင်းသားပဲ.....
ထိုသည်မှာ အမှောင်ထုအား အစိုးရနေသလိုပင်။
“အစ်မကြီးပိုင် ပြေးစရာ မလိုတော့ဘူး။”
အန်လင်း လေးလေးနက်နက် ပြောလိုက်သည်။
ပိုင်လင် အန်လင်းအား ကြည့်ရှုလာသည်။
“ကျွန်တော် တိုက်ချင်တယ်။”
အန်လင်းမှာ တိုက်ပွဲစိတ်ဆန္ဒများ ထကြွလာသည်။
ချန်းဟောက်မှာ ဖြစ်ပျက်နေသည်များကို သိရှိသွားလေပြီ။
“ဝေါင်း.... မင်းငါ့ကို ဘာလုပ်လိုက်တာလဲ။”
ထိုဟိန်းဟောက်သံတွင် အဖျက်စွမ်းအင်များ ပါဝင်နေသည်။
အန်လင်း ရယ်မောကာ အုတ်ခဲနက်ပေါ်တွင် ရပ်လိုက်သည်။ ပြင်းထန်လှသော အသံလှိုင်းများသည် မမြင်နိုင်သော နံရံတစ်ခု စည်းခြားထားသည့်အလား အန်လင်းထံ မရောက်လာနိုင်ပေ။
ချန်းဟောက် မျက်မှောင်ကျုံ့လိုက်သည်။
အန်လင်းမှာ မထီမဲ့မြင်ဟန်ဖြင့် အမြှီးကိုးချောင်း နတ်မြေခွေးအား ကြည့်ရှုလိုက်သည်။
“အန်လင်းဆိုတဲ့ ကျုပ်ကမှ အမှောင်ထုရဲ့ အစစ်မှန်တဲ့ အရှင်သခင်ပဲ။”
ဝုန်း......
အကန့်အသတ်မဲ့သော အမှောင်ထုများမှာ အမြှီးကိုးချောင်း နတ်မြေခွေးထံ ရောက်ရှိသွားသည်။
“ဝေါင်း.... အဲ့ဒါ ငါ့အစွမ်းတွေပဲ။”
အမြှီးကိုးချောင်း နတ်မြေခွေးမှာ ထိတ်လန့်ဒေါသဖြစ်ကာ အမှောင်ထုများအား အံ့ဖွယ်အလင်းဖြင့် ကာထားလိုက်ရသည်။
ချန်းဟောက် အသာစီးရနေသော အစွမ်းမှာ အန်လင်းထံ ရောက်သွားလေပြီ။
ချင်းပိုင်ချန်၊ ပိုင်မုယွီ၊ ယွီဒူနှင့် ပိုင်လင်တို့မှာ တပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
ယခင်က အမှောင်ထုကြောင့် ၎င်းတို့သည် အံ့ဖွယ်တာအို အစွမ်းများအား မဖြစ်မနေ ထုတ်နေရပြီး အမြှီးကိုးချောင်း နတ်မြေခွေးမှာမူ လွတ်လပ်စွာ လှုပ်ရှားနေခဲ့သည်။ ယခုတွင်မူ အခြေအနေများ ပြောင်းလဲသွားပြီပင်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုများမှာ အမြှီးကိုးချောင်း နတ်မြေခွေးပေါ် တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။
ယွီဒူသည်လည်း အမြှီးကိုးချောင်း နတ်မြေခွေးအား လက်သီးများ ဆက်တိုက်ကျွေးနေသည်။
ပိုင်မုယွီသည်လည်း အမြှီးကိုးချောင်း နတ်မြေခွေး၏ခေါင်းအား ဓားဖြင့်တိုက်ခိုက်လိုက်သည်။
“ဝေါင်း.... အရိုးဖြူငရဲ.....”
အရိုးဖြူချပ်ဝတ်တစ်ခုမှာ ရုတ်ချည်းဆိုသလို အမြှီးကိုးချောင်း နတ်မြေခွေးပေါ်တွင် ဖြစ်ပေါ်လာသည်။
ဓားပုံရိပ်သည် ချပ်ဝတ်အား ထိုးမဖောက်နိုင် ဖြစ်နေသည်။
ထိုအချိန်တွင် ထက်ရှလှသော အရိုးဆူးများမှာ ပိုင်မုယွီနှင့် ယွီဒူတို့ထံ ပျံဝဲလာသည်။
အရိုးဖြူဆူးများသည် ကြောက်မက်ဖွယ် ကောင်းလွန်းပြီး ယွီဒူသည်ပင် သွေးသံရဲရဲ ဖြစ်ကုန်သည်။
ပိုင်မုယွီသည် ဓားအားကိုင်ကာ ခုခံနေပါသော်လည်း အရိုးဆူးများ၏ ဖိအားကြောင့် မီတာအနည်းငယ် နောက်ဆုတ်သွားရသည်။
အမြှီးကိုးချောင်း နတ်မြေခွေး၏ သွေးနီရောင် မျက်ဝန်းများသည် ပိုမိုနက်ရှိုင်းလာပြီး အသိစိတ်များအားလုံး လွတ်ထွက်တော့မလို ထင်မှတ်ရသည်။
အရိုးဆူးများသည် အမြှီးကိုးချောင်း နတ်မြေခွေးထံမှ ကြာပန်းသဖွယ် ပြန့်ကားထွက်ပေါ်လာခြင်း ဖြစ်သည်။
ချင်းပိုင်ချန် စကားဆိုလိုက်သည်။
“ချန်းဟောက်က သူ့ကိုယ်သူ ဖျက်စီးတော့မှာပဲ။ ဒီပုံအတိုင်းဆို သူ့ရဲ့ အံ့ဖွယ်တာအိုက ရတော့မှာ မဟုတ်ဘူး။”
“အဲ့ဒါဆို ကျွန်တော်တို့က အချိန်ဆွဲနေရုံပဲလား။”
အန်လင်း မေးမြန်းလိုက်သည်။
ပိုင်လင် ခါးသက်စွာ ပြုံးလာသည်။
“တကယ်သာဆိုရင် သူက ငါတို့ကိုပါ အပါခေါ်သွားမှာပဲ။”
ချင်းပိုင်ချန် ခပ်ဖွဖွပြုံးကာ အမြှီးရှစ်ချောင်း နတ်မြေခွေးအသွင် ပြောင်းလဲလိုက်သည်။
“အကောင်းဆုံးကတော့ သူမရူးသွားခင် သတ်လိုက်ဖို့ပဲ။”
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“အဲ့လိုဆိုမှတော့ ကျွန်တော်လည်း နောက်ထပ်ကျင့်စဥ်တစ်ခု စမ်းချင်သေးတယ်။”