အမြှီးကိုးချောင်းနတ်မြေခွေးပျက်စီးခြင်း
Vol. 73 Ch. 1023
အရိုးဖြူငရဲအား ထုတ်ဖော်ပြီးနောက် အမြှီးကိုးချောင်း နတ်မြေခွေးမှာ အသာစီး ရလာပြန်သည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးဦးမှာလည်း ၎င်း၏အရိုးဆူးများကြောင့် ဖိနှိပ်ခံနေရသည်။
အရိုးဆူးများသည် သေမင်းတမာန်၏ တံစဥ်းအလား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ချင်းပိုင်ချန်၊ ပိုင်လင်၊ ပိုင်မုယွီနှင့် ယွီဒူတို့သည် ချန်းဟောက်၏ ပုံမှန်မဟုတ်သော အခြေအနေအား သတိထားမိနေပြီး တိုက်ပွဲပြီးဆုံးတော့မည်ဖြစ်ကြောင်း သိရှိနေသောကြောင့် ဝှက်ဖဲများ ထုတ်သုံးလာကြသည်။
ချင်းပိုင်ချန်မှာ ချန်းဟောက်အား ခုန်အုပ်လိုက်သည်။
“အံ့ဖွယ်အစိမ်းရောင်ချိပ်စည်း.....”
အင်းကွက်တစ်ခုနှင့်အတူ အစိမ်းရောင် အံ့ဖွယ်တာအို အလင်းများ ထွက်ပေါ်လာသည်။
ထိုချိပ်စည်းသည် မြေခွေးစိမ်းမျိုးနွယ်စု၏ တာအိုပေါင်းစည်းခြင်းအဆင့် ဘိုးဘေးမှ ချန်ရစ်ပေးထားသော အရာဖြစ်ကာ အားလုံးကို အသေးငယ်ဆုံး အမှုန်အဖြစ် ပြောင်းလဲပစ်နိုင်သည်။
အရိုးဆူးများသည် အင်းကွက်နှင့် ထိတွေ့ကာ အမှုန့်ဖြစ်သွားရသည်။
ဝုန်း.....
အင်းကွက်ကြီးသည် ကြာပန်းသဏ္ဍာန် အရိုးဆူးများအား အရှိန်အဟုန်ဖြင့် ဖျက်စီးလိုက်သည်။
အမြှီးကိုးချောင်း နတ်မြေခွေးသည် အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သောကြောင့် အမြှီးများဖြင့် စက်ဝိုင်းသဏ္ဍာန် အကာအကွယ်တစ်ခု ပြုလုပ်လိုက်သည်။
အင်းကွက်ကြီး၏ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များမှာ အမြှီးကိုးချောင်း နတ်မြေခွေး၏ အမြှီးများအား ဒဏ်ရာရသွားစေသည်။
“ဝေါင်း....”
ချန်းဟောက်မှာ နာကျင်စွာ အော်ဟစ်ရင်း လွင့်ထွက်သွားရသည်။
ထိုအချိန်တွင် ထိတ်လန့်ဖွယ် ခွန်အားတစ်ခုအား ခံစားလိုက်မိလေသည်။
“အစစ်အမှန် မြွေနဂါး ကျောက်လက်သီး....”
ယွီဒူသည် နေမင်းတစ်စင်းအလား ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေကာ ချန်းဟောက်ထံ ပြေးဝင်လာသည်။
“ယီးပဲ။”
ချန်းဟောက်မှာ မျက်ဝန်းများ ပိုမိုမည်းနက်လာပြီး ယွီဒူ၏ လက်သီးအား လက်နှစ်ဖက်နှင့် ခုခံလိုက်သည်။
နှစ်ဦးလုံးသည် ဟင်းလင်းပြင်သို့အပြန် ထိပ်တန်းအဆင့် အံ့ဖွယ်တာအိုအား တွေဝေခြင်းမရှိ ထုတ်ဖော်လိုက်ကြသည်။
ဝုန်း......
ပြင်းထန်သော စွမ်းအင်လှိုင်းဂယက်များမှာ ကီလိုမီတာ များစွာတိုင် ပျံ့နှံ့သွားသည်။
လက်သီးအရှိန်သည် မြေခွေးလက်နှစ်ဖက်ကြောင့် လျော့ကျသွားရသည်။
အမြှီးကိုးချောင်း နတ်မြေခွေး၏ အံ့ဖွယ်တာအို အစွမ်းကြောင့် ယွီဒူ သွေးအန်ကာ လွင့်ထွက်သွားလေသည်။
“လေဟာနယ် အသက်စွမ်းအင် ခုတ်ဖြတ်ခြင်း.....”
အေးစက်ခက်ထန်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။
ပိုင်လင်သည် သူမ၏ ဝှက်ဖဲအား ထုတ်သုံးလိုက်ပြီပင်။
ပါးလွှာသော အပြာရောင်လှိုင်းများ ကောင်းကင်ထက်မှ ကျဆင်းလာကာ ကွန်ယက်တစ်ခုသဖွယ် ပြောင်းလဲသွားသည်။
ထိုလေဟာနယ်စွမ်းအင်သည် အလွန်သိပ်သည်းကာ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်သည်။
ပိုင်လင်၏ တိုက်ခိုက်မှုမှာ အမြှီးကိုးချောင်း နတ်မြေခွေးအပေါ် မျက်စိတမှိတ်အတွင်း ရောက်ရှိလာသည်။
အမြှီးကိုးချောင်း နတ်မြေခွေး၏ အံ့ဖွယ်တာအို စွမ်းအင်များ ပါဝင်နေသော အရိုးဖြူချပ်ဝတ်မှာ ဖြည်းညင်းစွာ အက်ကွဲလာလေသည်။
ထို့နောက် အနက်ရောင် သွေးများ စီးကျလာတော့သည်။
အမြှီးကိုးချောင်း နတ်မြေခွေးမှာ အော်ဟစ်ရင်း အံ့ဖွယ်တာအို အစွမ်းများ ထုတ်ဖော်လိုက်ရသည်။
ပိုင်လင်ကြောင့် ချပ်ဝတ်ပျက်စီးသွားပြီးနောက် သူ၏အကာအရံများလည်း မရှိတော့ပေ။
“ချန်းဟောက်.... နင်က တခြားမျိုးနွယ်စုနဲ့ပေါင်းပြီး မြေခွေးမျိုးနွယ်စုက ပါရမီရှင်ကို သတ်ဖို့လုပ်ခဲ့တယ်။ အဲ့ဒါ သေဒဏ်တောင် ပေးလို့ရတဲ့ အပြစ်ပဲ။ နင့်ကို မြေခွေးမျိုးနွယ်စုရဲ့ ဘိုးဘေးစာရင်းကနေ ပယ်ဖျက်ပစ်မယ်။”
ပိုင်မုယွီမှာ သွေးအဆီအနှစ် တစ်စက်အား ဓားသွားပေါ် တင်လိုက်သည်။
ဓားပုံရိပ်မှာ အပူချိန်များ ကျဆင်းလာရသည်။
ထိုဓားပုံရိပ်သည် အမှောင်ထုအားခွင်းကာ အမြှီးကိုးချောင်း နတ်မြေခွေးပေါ် ကျဆင်းလာသည်။
အမြှီးကိုးချောင်း နတ်မြေခွေးမှာ သွေးများပင် အေးခဲသွားရသည်။
ရွှပ်....
အဖြူရောင် ဓားပုံရိပ်မှာ အမြှီးကိုးချောင်း နတ်မြေခွေး၏ ခေါင်းအား ဖြတ်တောက်လိုက်သည်။
ထိုအချိန်တွင် အန်လင်းသည် တီနာ၏ အကူအညီနှင့် အမြှီးကိုးချောင်း နတ်မြေခွေးနား ရောက်ရှိလာပြီးနောက် ခေါင်းပြတ်သွားသော မြင်ကွင်းကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဘာလားဟ......
ငါတောင် မတိုက်ရသေးဘူးလေ......
သို့သော် အမှောင်ထုသည် ပျောက်ကွယ်မသွားပဲ ကျောချမ်းဖွယ် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
“ငါ့ကိုသတ်ချင်တာလား။ မင်းတို့ကို မသတ်ရမချင်း ငါသေမှာ မဟုတ်ဘူး။”
အမြှီးကိုးချောင်း နတ်မြေခွေး၏ ကြည်လင်နေသော ကိုးချောင်းမြောက် အမြှီးတွင် သွေးနီရောင် မျက်ဝန်းများ ပေါ်ထွက်လာသည်။
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
အမြှီးကမှ သူ့ရဲ့ ခန္ဓာအစစ်ပဲ......
အန်လင်းမှာ သက်ရှိစွမ်းအင် ပင်လယ်ထဲ အော်ဟစ်လိုက်သည်။
“အန်ကီရင်.... ဗာမီလီယမ်ငှက်..... မင်းတို့ အကူအညီ လိုတယ်။”
အန်ကီရင်သည် တက်ကြွနေပြီး ဗာမီလီယမ်ငှက်မှာ စိတ်မပါပါသော်လည်း အန်လင်းအား ခေါင်းထောင်ကြည့်လာသည်။
ဝုန်း.....
အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား ထုတ်ဖော်လိုက်သောကြောင့် အရှိန်အဝါမှာ ဟင်းလင်းပြင်သို့အပြန်အဆင့်ထိ ထိုးတက်သွားသည်။
ထို့အပြင် အထွဋ်အထိပ် မြေကြာပန်းအတတ်အား အသက်သွင်းလိုက်သဖြင့် နဖူးထက်တွင် ကြာပန်းအမှတ်အသား ဖြစ်ပေါ်လာသည်။
အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် အန်ကီရင်ထံမှ တောက်ပသော လျှပ်စီးများ ဖြာထွက်လာသည်။
ရွှေရောင်ဟာလာပြင်လျှပ်စီးသည် အန်လင်း၏ လက်သီးအား ဖုံးလွှမ်းသွားကာ တစ်ချိန်တည်းမှာပင် ဗာမီလီယမ်ငှက်၏ မြင့်မြတ်မီးတောက် စွမ်းအင်များပါ ပေါင်းစည်းသွားသည်။
တောင်ခွင်းလက်သီးမှာ ရွှေရောင်များ လင်းလက်လာလေသည်။
အန်ကီရင်နှင့် ဗာမီလီယမ်ငှက်တို့၏ အကူအညီကြောင့် အန်လင်း၏ တောင်ခွင်းလက်သီးမှာ ပိုမိုအားကောင်းသွားသည်။
အန်လင်းသည် အမှောင်ထု၏ အရှင်သခင် စွမ်းအင်ကိုပါ အသက်သွင်းလိုက်သည်။
ဝုန်း.....
အမှောင်ထု၏ အကန့်အသတ်မဲ့သော လှိုင်းများမှာ တောင်ခွင်းလက်သီးအား မပေါက်ကွဲသွားစေရန် ထိန်းပေးထားသည်။
အန်လင်းမှာ တောင်ခွင်းလက်သီးထံ စွမ်းအင်များ ဆက်လက်ထည့်သွင်းနေသည်။
နှစ်ဆ.....
သုံးဆ.....
လေးဆ........
သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ကုန်ဆုံးလာသည်။
အန်လင်းသည် စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် ဆေးလုံးများ သောက်သုံးလိုက်သည်။
တောင်ခွင်းလက်သီးမှာ ပို၍ပို၍ တောက်ပလာလေသည်။
အမြှီးကိုးချောင်း နတ်မြေခွေးသည်လည်း ကြောက်မက်ဖွယ် စွမ်းအင်အား အာရုံခံမိသောကြောင့် ထိတ်လန့်သွားရသည်။
“အန်လင်း....”
ချန်းဟောက်၏ စကားသံမှာ ငရဲမှ ထွက်ပေါ်လာသလိုပင်။
သူမလှုပ်ရှားနိုင်သေးခင်မှာပင် ဟင်းလင်းပြင်သို့အပြန် အဆင့်များ တိုက်ခိုက်လာပြန်သည်။
ယခုအချိန်တွင် ၎င်းတို့သည် အန်လင်းအတွက် အခွင့်အရေးအား ဖန်တီးပေးရန် ရည်ရွယ်ထားကြသည်။
အန်လင်း၏ စစ်နတ်ဘုရား ခန္ဓာသည်ပင် တောင်ခွင်းလက်သီးအား ခံနိုင်ရည် မရှိတော့ပဲ သွေးများစီးကျလာသည်။
ယခုအတိုင်းသာ ဆိုပါက ပေါက်ကွဲသွားတော့မည်ပင်။
အန်လင်းမှာ အမြှီးကိုးချောင်း နတ်မြေခွေးအား ကြည့်ရှုလိုက်သည်။
ထို့နောက် အားပါးတရ ထိုးချလိုက်သည်။
“အမှောင်ထုရှစ်ဆ မြင့်မြတ်မီးတောက် တောင်ခွင်းလျှပ်စီးလက်သီး....”
ရွေရောင်မီးတောက်မှာ နေမင်းကြီးအလား အမှောင်ထုကို ဖြိုခွင်းသွားစေသည်။
နျူးကလီးယားဗုံးတစ်လုံး မြေပြင်ပေါ် ကျရောက်လာသလို ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားလေသည်။
အမြှီးကိုးချောင်း နတ်မြေခွေးသည် မရဏ အငွေ့အသက်အား ရရှိနေသောကြောင့် ခန္ဓာကိုယ်အား တွန့်လိမ်နေပါသော်လည်း ရှောင်ရှားမရပေ။
လက်သီးမှာ သူ၏ခန္ဓာကိုယ်ပေါ် ရောက်ရှိလာသည်။
ဝုန်း.......
အမှောင်ထုရှစ်ဆ မြင့်မြတ်မီးတောက် တောင်ခွင်းလျှပ်စီးလက်သီးမှာ ပေါက်ကွဲသွားလေပြီ။
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ အရာအားလုံးကို လွှမ်းခြုံသွားသည်။
အမှောင်ထုနယ်ပယ်ထဲတွင် ရှိနေသော အစစအရာရာ ပေါက်ကွဲကုန်သည်။
မြေကမ္ဘာစွမ်းအင်၊ အဖျက်စွမ်းအင်၊ ရွှေရောင်ဟာလာပြင်လျှပ်စီးစွမ်းအင်နှင့် မြင့်မြတ်မီးတောက် စွမ်းအင်များမှာ တပြိုင်နက် ပေါက်ကွဲသွားခြင်းပင်။
လေထုသည်ပင် အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားရသည်။
မြေပြင်သည်လည်း ကီလိုမီတာပေါင်း ထောင်နှင့်ချီအောင် ပျက်စီးသွားလေသည်။
မြေခွေးမျိုးနွယ်စု ပိုင်နက်အတွင်း ရှိနေသူများမှာ ရွှေရောင်နေမင်းနှင့်အတူ အပူချိန်များ မြင့်တက်လာသည်ကို တွေ့ကြုံလိုက်ကြရသည်။