အမှောင်ထုရှစ်ဆ မြင့်မြတ်မီးတောက် တောင်ခွင်းလျှပ်စီးလက်သီး
Vol. 73 Ch. 1024
အမှောင်ထုရှစ်ဆ မြင့်မြတ်မီးတောက် တောင်ခွင်းလျှပ်စီးလက်သီး.....
ထိုသည်မှာ အန်လင်း စိတ်ကူးနှင့် ဖန်တီးလိုက်သော အရာပင်။
ထိုလက်သီးတွင် နျူးကလီးယားလျှပ်စီးလက်သီး အစွမ်းများ ပါဝင်နေပြီး မြင့်မြတ်ဗာမီလီယမ်မီးတောက်၊ အန်ကီရင်၊ ဗာမီလီယမ်ငှက်၊ အမှောင်ထု၏ အရှင်သခင် စွမ်းအင်များပါအပြင် ဆေးလုံးများ၏ အစွမ်းကိုပါ ထပ်ပေါင်းထည့်ထားသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ စိတ်မကျေနပ်သေးသောကြောင့် မူလစွမ်းအင် ရှစ်ဆအထိ တိုးမြှင့်ခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းလည်း အောင်မြင်ခဲ့လေသည်။
အန်လင်းသည်ပင် ထိုလက်သီးသည် မည်မျှအားပြင်းမှန်း မသိခဲ့ပေ။
ပေါက်ကွဲသွားသော အချိန်မှသာ နောင်တရခဲ့ရသည်။
ဝေးဝေးမပြေးခဲ့မိသောကြောင့်ပင်။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုသည် အမြှီးကိုးချောင်း နတ်မြေခွေး၏ အမှောင်ထုနယ်ပယ်အား ဖြိုခွင်းပစ်လိုက်သည်။
၎င်း၏ အော်ဟစ်သံမှာ မိုးထက်ညံသွားလေသည်။
စွမ်းအင်လှိုင်းဂယက်များသည် အန်လင်း၊ တီနာ၊ ရှောင်ဇယ် အပါအဝင် ရှိရှိသမျှ အားလုံးကို လွှမ်းခြုံသွားသည်။
တိုက်ပွဲအား စောင့်ကြည့်နေသော စုကျိုးအင်မော်တယ်ဂိုဏ်း အကြီးအကဲများနှင့် မြေခွေးမျိုးနွယ်စုဝင်များမှာ အဝေးသို့ ဆုတ်ခွာသွားကြသည်။
သို့သော် ၎င်းတို့သည်ပင် ပေါက်ကွဲမှုမှ မလွတ်မြောက်နိုင်ပဲ အဝေးသို့ လွင့်ထွက်ကုန်ရသည်။
ပေါက်ကွဲမှု အလယ်တွင် လေဝဲကြီးတစ်ခု ဖြစ်နေပြီး အဝေးမှ ကြည့်ရှုပါက ကမ္ဘာမြေတစ်ခုလုံး ကောင်းကင်ထဲသို့ စုပ်ယူခံနေရသလို ထင်မှတ်ရသည်။
ကိုယ့်ကိုယ်ကို ဝမ်းသာအားရ ဖြစ်နေသော ထျန်းရှီမန်သည်ပင် အထိတ်တလန့်ဖြင့် တောင်ကုန်းပေါ်မှ ချော်ကျသွားသည်။
.......
“သောက်ကျိုးနည်း ကမ္ဘာပျက်နေသလိုပဲ။ ဘယ်သူကများ ကိုယ့်ကိုယ်ကို ဖျက်စီးနေတာလဲ။”
ရွှယ်ကျန်ထျန်းမှာ သွေးဆုတ်ဖြူရော်ကာ စုရှောင်လန်၏ ရင်ခွင်ထဲဝင်နေသည်။
“မဖြစ်နိုင်ဘူး။ ကီလိုတစ်ရာလောက်ရှိတဲ့ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတောင် ဒီလောက်အဖျက်စွမ်းအင် ထုတ်နိုင်မှာလား.... ဝုတ်။”
တပိုင် ငြင်းပယ်လိုက်သည်။
စုရှောင်လန်သည် အစစ်အမှန် နဂါးနံရံအားထုတ်ကာ စွမ်းအင်လှိုင်းဂယက်များအား ကာကွယ်လိုက်သည်။
သူမ အဝေးသို့ကြည့်ကာ ပြောလိုက်သည်။
“ဒါက အန်လင်းရဲ့ နျူကလီးယားလျှပ်စီးလက်သီးနဲ့ တော်တော်တူတယ်။ အများကြီးတော့ ပိုကြမ်းတာပေါ့။”
ထိုအဖျက်စွမ်းအင်အား ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် မထုတ်ဖော်နိုင်လောက်ပေ။
“အတန်းဖော်အန်လင်း အဆင်ပြေပါ့မလား။”
ရွှမ်းယွမ်ချန် စိုးရိမ်နေမိသည်။
“သခင့်ကို စိတ်ပူစရာ မလိုပါဘူး။ ဘယ်သူက ကိုယ့်အတတ် ကိုယ်စူးအောင် လုပ်မှာလဲ။ အဲ့လောက်တုံးတဲ့သူ မရှိလောက်ဘူး။”
ရှောင်ဟုန် သုံးသပ်လိုက်သည်။
“အင်း.... ငါလည်း အဲ့လိုလူတော့ မကြားဖူးပါဘူး။”
ရွှမ်းယွမ်ချန် လေးနက်စွာ တုံ့ပြန်လာသည်။
လျှိုချင်းဟွမ် မျက်ခုံးနှိပ်နေရသည်။
“ရှောင်ဟုန် နင့်သခင်က အဲ့လိုလူစားပဲ။ အင်အားကြီးလေးခုရဲ့ တာအိုဖလှယ်ခြင်း အစည်းအဝေးတုန်းက လက်သီးတစ်ချက်တည်းနဲ့ တစ်ဖွဲ့လုံးကို ရှင်းထုတ်ပစ်ဖူးတယ်။”
“ပြီးတော့ အဲ့ဒါ သူ့အဖွဲ့ပဲ။”
ရှောင်ဟုန် : “......”
ရှောင်ဟုန်မှာ သခင်အား သေချာနားမလည်သလို ခံစားလိုက်ရသည်။
........
ပေါက်ကွဲမှုမှာ ဖြည်းညင်းစွာ ငြိမ်သက်သွားလေသည်။
ကမ္ဘာပျက်ကပ်သဖွယ် စွမ်းအင်လှိုင်းဂယက်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သို့သော် လေဟာနယ် ဆုတ်ပြဲခြင်းမှာ ပြန်မကောင်းလာသေးပေ။
အားလုံးသည် ပေါက်ကွဲမှု အလယ်ဗဟိုအား လှမ်းကြည့်လိုက်ကြသည်။
စုရှောင်လန်တို့မှာ အနားသို့ပင် ရောက်နေလေပြီ။
မြေပြင်တွင် ချောက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
“အန်လင်း.....”
စုရှောင်လန် တစ်နေရာသို့ ပျံသန်းသွားလိုက်သည်။
ချောက်နက်ထဲတွင် မီးသွေးဖြစ်နေသော အမျိုးသားအားကြည့်ကာ သူမ မျက်ရည်များ စီးကျလာသည်။
အန်လင်းသည် အတော်လေးပင် အခြေအနေ ဆိုးရွားနေ၏။
ကံကောင်းထောက်မစွာဖြင့် အမြဲစိမ်းနည်းစနစ် အသက်ဝင်နေကာ နှလုံးလည်း ခုန်နေသေးသည်။
စုရှောင်လန်သည် အင်မော်တယ်ဆေးလုံး တစ်လုံးအားထုတ်ကာ အန်လင်း ပါးစပ်ထဲ ထည့်လိုက်သည်။
“ဘီလူးအန်လင်း၊ ဘီလူးအန်လင်း.....”
စကားသံတစ်ခု ထွက်ပေါ်လာသည်။
နတ်သမီးငယ်လေးသည် အန်လင်းအား လက်ဖြင့်ထိုးကြည့်လိုက်သည်။
သူမသည် ထိခိုက်ဒဏ်ရာ ရထားပါသော်လည်း အသိစိတ် ရှိနေသေးသည်။
တီနာသည် အန်လင်းအားကြည့်ကာ ငိုကြွေးလိုက်မိသည်။
“ဝါး..... ဘီလူးအန်လင်း ငါ့ကိုကာကွယ်ရင်းနဲ့ ဒီလောက်ထိတောင် ဖြစ်သွားတာလား..... ဝါး.....”
တီနာမှာ ကုသရေးမန္တာန်တစ်ခုအား ရွတ်ဆိုလိုက်သည်။
“ဝမ်းမနည်းပါနဲ့။ နင့်ကို မကာကွယ်ရင်တောင် အစ်ကိုကြီးအန်က ထိကိုထိမှာပဲ... ဝုတ်။”
တပိုင် နှစ်သိမ့်ပေးလိုက်သည်။
တီနာ : “.....”
ငါ့ကို ဝမ်းနည်းခွင့်လေး ပေးပါလား......
“ဆရာ အဆင်ပြေရဲ့လား။”
ရှောင်ဇယ်မှာ သွေးသံရဲရဲနှင့် မေးလာသည်။
သူသည် ပေါက်ကွဲမှုနှင့်ဝေးကာ ဟင်းလင်းပြင်သို့အပြန်အဆင့် ဖြစ်နေပါသော်လည်း အတော်ထိခိုက်ခဲ့သည်။
“သူ့အခြေအနေက တည်ငြိမ်နေပါပြီ။ ဒီလိုလုပ်မယ်တော့ မထင်ထားဘူး။ ရန်သူတွေကို အဆတစ်ထောင်လောက် ထိစေရင် သူ့လူတွေကိုပါ အကြိမ်ရှစ်ရာလောက် ထိစေတဲ့ဟာမျိုးပဲ။”
စုရှောင်လန် သက်ပြင်းချလိုက်သည်။
“မဟုတ်ဘူး။ ရန်သူကို အဆတစ်ထောင် ထိစေရင် သူ့လူတွေကို အကြိမ်ငါးသောင်းခြောက်ထောင်လောက် ထိစေတာမျိုးပဲ။”
ယွီဒူမှာ သွေးတရွှဲရွှဲနှင့် ထလာသည်။
စုချန်းရန် ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဘာလို့ ငါးသောင်းခြောက်ထောင်လဲ။”
ပိုင်လင် စကားဆိုလိုက်သည်။
“ရှစ်ရာရဲ့ ခုနစ်ဆလေ။”
အားလုံး သဘောပေါက်သွားကြသည်။
စစ်မြေပြင်တွင် ရန်သူတစ်ဦးနှင့် အဖွဲ့သား ခုနစ်ဦး ရှိနေခဲ့သည်။
“အစ်ကိုကြီးအန်က အရမ်းကြမ်းတာပဲ.... ဝုတ်။”
တပိုင် ရေရွတ်လိုက်သည်။
“သခင့် အောင်မြင်မှုကရှယ်ပဲ။”
ရွှယ်ကျန်ထျန်း စကားဆိုလာသည်။
အခြားသူများမှာ အန်လင်းအား ကြည့်ရှုလိုက်ကြသည်။
“အခြေအနေ ဘယ်လိုလဲ။”
ပိုင်မုယွီ မေးမြန်းလိုက်သည်။
“အဆင်ပြေပါတယ်။”
စုရှောင်လန်မှာ အန်လင်းအား အခေါင်းထဲ ထည့်လိုက်သည်။
ပိုင်မုယွီတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
အဆင်ပြေတယ်ဆို.... ဘာလို့ အခေါင်းထဲ ထည့်နေတာတုန်း....
သူမကရော အရမ်းတွေ တည်ငြိမ်နေပါလား.... ရူးများသွားပြီလား......
မကြာမီပင် ဖြစ်ပျက်နေသည်များကို သိရှိသွားရသည်။
အခေါင်းသည် တန်ဖိုးကြီး ရတနာ ဖြစ်သောကြောင့် အန်လင်းမှာ လျင်မြန်စွာပင် သက်သာလာသည်။
“ချန်းဟောက်ကတော့ အရိုးပဲကျန်တယ်။”
ချင်းပိုင်ချန် စကားဆိုလိုက်သည်။
သူသည် သိုလှောင်လက်စွပ် တစ်ခုအား စုရှောင်လန်ထံ ပေးလိုက်သည်။
“ချန်းဟောက်ရဲ့ သိုလှောင်လက်စွပ်ကို အန်လင်း ရသင့်တယ်။”
“ကျေးဇူးတင်ပါတယ် စီနီယာ....”
စုရှောင်လန် ပြုံးကာလက်ခံလိုက်သည်။
အန်လင်းသည် အသက်နှင့်ပင် ရင်းခဲ့ရသောကြောင့် လက်မခံစရာ မရှိပေ။
“ချန်းဟောက် သေသွားပေမယ့် မြေခွေးနက်မျိုးနွယ်စုတွေကို အညံ့ခံခိုင်းရဦးမယ်။ ပြီးတော့ ဝိဥာဥ်ငါးကလန် လာတိုက်နိုင်တာမို့ ကြိုပြင်ထားဖို့လိုတယ်။”
ချင်းပိုင်ချန် ပိုင်မုယွီအားကြည့်ကာ ပြောလိုက်သည်။
ပိုင်မုယွီ ခေါင်းညိတ်ပြလိုက်သည်။
“အင်အားအကြီးဆုံး မြေခွေးမျိုးနွယ်စု စာရင်းကနေ မြေခွေးနက်တွေကို ဖယ်ရတော့မယ်ထင်တယ်။”
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ မရှိသော မြေခွေးနက်များအား အင်အားကြီး မျိုးနွယ်စုအဖြစ် သတ်မှတ်၍ မရပေ။
“ချန်းနန်က ပြဿနာ ဖြစ်လာနိုင်တယ်။ သူသာ ဝိဥာဥ်ငါးကလန်နဲ့ ပေါင်းသွားရင် တကယ်ခက်ကုန်မှာ။”
ချင်းပိုင်ချန် စိုးရိမ်နေသည်။
ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။
“အဲ့ဒါဆိုရင်တော့ စိတ်မပူနဲ့ဗျို့....”
“ချန်းနန်ခေါင်းက ကျုပ်ဆီမှာ....”
ကျင့်ကြံသူတစ်ဦးမှာ သူရဲကောင်းတစ်ဦးအလား ဓားပျံစီးလာလေသည်။