ငါက မင်းတို့ကို ပြန်ပေးမယ်လို့ ဘာက ထင်စေသလဲ
Vol. 82 Ch. 1146
ဥသျှောင်ကမ္ဘာအနှစ်သာရက အလင်းတန်းအသွင်ဖြင့် ဝတ်ပြုကျောင်းအပြိုအပျက်ထဲမှ ထိုးတက်၍ အပေါ်ရှိ ဧရာမပိုက်ကွန်ကြီးကို ဝင်ဆောင့်လိုက်ကာ အလွန်ကြီးမားသောလှိုင်းဂယက်များအား ထသွားစေသည်။
အလင်းတန်းမှ ဖြာထွက်လာသော သံကြိုးဆယ်ကြိုးအနက် ကိုးကြိုးက အက်ရှလွန်ကျင့်ကြံသူများကို ချုပ်နှောင်ပစ်လိုက်ရာ သွေးပျက်ဖွယ်အော်သံများအား ထွက်လာစေသည်။ တောင်ပင်လယ်လောကမှ ကျန်ကျင့်ကြံသူများမှာတော့ အံ့အားသင့်နေသောအမူအရာများဖြင့် ကြည့်နေမိကြ၏။ သူတို့နှလုံးသွေးများ ပွက်လာကြပြီး မျက်စိဖြင့်မြင်နေရသောအရာကို မယုံကြည်ရဲဖြစ်နေကြသည်။
ဤလူများသည် တောင်ပင်လယ်လောက၏ လျှမ်းလျှမ်းတောက်နေများ၊ အက်ရှလွန်ကျင့်ကြံသူများဖြစ်ကြပေ၏။ သူတို့ထဲမှ မည်သူမဆိုသည် ရွေးချယ်ခံများထက် များစွာသာလွန်သော အဆင့်အတန်းကို သိမ်းပိုက်ထား၍ သူတို့မျိုးဆက်၏ ဘုရင်များဟုပင် ပြောနိုင်သည်။ အဆုံးကျလျှင် သူတို့သည် တောင်ပင်လယ်လောကတစ်ခုလုံး၏ ခေါင်းဆောင်များအဖြစ် ကြီးပြင်းလာကြလိမ့်မည်။
သို့သော် ယခုတော့ ... တာအိုကောင်းကင်ပင် တဆတ်ဆတ်တုန်၍ အော်ဟစ်နေရလေပြီ။ သူ့မှာ မအော်ချင်သော်လည်း သူ့ကိုယ်သူ မတားနိုင်ပေ။ သူသည် အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းရခဲ့ပြီး ယခုတွင် ဝိညာဉ်ဖွေရှာခံနေရသကဲ့သို့သော နာကျင်မှုကို ခံစားနေရ၏။ သံကြိုးမှတစ်ဆင့် ကမ္ဘာအနှစ်သာရ၏အလင်းတန်းကို အစာကျွေးရန် စုပ်အားကြီးတစ်ခုက သူ့စိတ်ထဲတွင် သောင်းကျန်းမွှေနှောက်နေသည့်အလားပင်။
အလင်းတန်းမှ ဖြာထွက်နေသည်မှာ စုစုပေါင်းသံကြိုးဆယ်ကြိုးဖြစ်၍ နောက်ဆုံးတစ်ကြိုးမှာ ပစ်မှတ်ကို ရှာမတွေ့သေးသည့်အလား မည်သည့်အရာကိုမှ မချုပ်နှောင်ရသေးပေ။
ဧကရာဇ်က အရူးကြီးလို တဟားဟား အော်ရယ်နေသည်။ သူ့ခြေထောက်များ ပေါက်ကွဲခဲ့ပြီး လက်တစ်ဖက်လည်း ပြတ်ထွက်သွားခဲ့လေပြီ။ သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးတို့ စီးဖြိုင်ကျနေသည်။ သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် စူးရှသောအလင်းရောင်တစ်ရောင်က သူ့နဖူးမှ ဖြာထွက်လာ၏။ အက်ရှလွန်အမှတ်အသားတစ်ခု၏ အလင်းရောင် ....
အက်ရှလွန်အမှတ်အသားပေါ်လာသော အခိုက်အတန့်တွင် နောက်ဆုံးသံကြိုးက သူ့ကို ရစ်ပတ်ရန် မြွေလိမ်မြွေကောက် ထွက်သွားသည်။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူကား စုပ်ယူခံရမည့် နောက်ဆုံးတစ်ယောက်ဖြစ်နေသည်။
ပြင်းထန်သောနာကျင်မှုက သူ၏ကိုယ်တွင်းအင်္ဂါများကို အစိမ်းလိုက်ဆွဲထုတ်၍ ဓားဖြင့်လှီး၊ ဆားနှင့်သိပ်နေကဲ့သို့ သူ့တစ်ကိုယ်လုံးအား နှိပ်စက်နေသဖြင့် သူ့မျက်နှာကြီးသည် ရှုံ့မဲ့နေတော့၏။ သို့သော် သူကား မအော်ဘဲ အူလှိုက်သည်းလှိုက်သာ ဆက်ရယ်နေသည်။ ရယ်သံကြီးတွင် အစွဲနှင့် ရူးမိုက်မှုတို့ ပြည့််နှက်နေပေသည်။ ပတ်ပတ်လည်ရှိ စောင့်ကြည့်နေသူများမှာ အလွန်ချောက်ချားကုန်ကြသည်။
ကျုံးဝူရတစ်ယောက်သာလျှင် မတုန်မလှုပ် ငြိမ်သက်နေသည်။ သူသည် ကမ္ဘာအနှစ်သာရအလင်းရောင်၏ ထိုးဖောက်ခြင်းခံရတော့မည့် ဧရာမပိုက်ကွန်ကြီးကို မော့ကြည့်နေ၏။
ဤအခိုက်အတန့်တွင် လေဟုန်ခွင်းလောက၏မြေပြင်များမှာ ပိုက်ကွန်ထံမှ မီတာ ၃၀၀၀ သာ ဝေးကွာတော့လေပြီ။
ဟင်းလင်းပြင်တစ်လျှောက် တဝုန်းဝုန်းမြည်သံများ ဆူညံနေစဉ် ပိုက်ကွန်ကြီး၏အနောက်ရှိ အရိပ်ကြီးများသည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။ သူတို့က ပါရာဂွန်ပင်လယ်အိပ်မက်နှင့် လေဟုန်ခွင်းအင်ပါယာသခင်အကြားက တိုက်ပွဲကို ဆက်လက်ရှုစားနေလေသည်။ သူတို့မည်သို့ပင် အကဲခတ်အကဲခတ်၊ ထိုနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် လုံးဝအလျှော့မပေးသည့်ပုံပေါ်နေသည်။ ပါရာဂွန်ပင်လယ်အိပ်မက်မှာ သိသိသာသာ အားနည်းနေပြီး ဒဏ်ရာအဟောင်းများမှ ယခုထက်ထိ မသက်သာသေးပေ။ သို့သော် .... စောင့်ကြည့်နေသော အရိပ်များသည် တိုက်ခိုက်ရန် ပိုက်ကွန်၏အနောက်မှ ထွက်လာကြခြင်းမရှိသေး။
သတိ။ သတိသည် .... လွတ်လပ်ရေးရဖို့ မရေမတွက်နိုင်သော သွေးအသက်များကို စတေးပြီးနောက် ကောင်းကင်ဘုံ ၃၃ မှ ဤသူပုန်များ အမြဲတစေ ကိုင်စွဲထားမည့် စည်းမျဉ်းတစ်ခုဖြစ်၏။
ဧရာမပိုက်ကွန်ကြီး၏နောက်ရှိ အရိပ်များ စောင့်ကြည့်နေစဉ် လေဟုန်ခွင်းလောက၏ ကမ္ဘာအနှစ်သာရအလင်းက အက်ရှလွန်ကျင့်ကြံသူဆယ်ယောက်ထံမှ စွမ်းအားများကို စုပ်ယူနေဆဲဖြစ်သည်။ ရလဒ်အနေဖြင့် အလင်းတန်းသည် ပို၍ပင် စူးရှတောက်ပလာ၏။ တစ်ချိန်တည်းမှာပင် ဧရာမတွင်းနက်ကြီးတစ်တွင်းကား ဧရာမပိုက်ကွန်ကြီး၏အတွင်း၌ စတင်ပေါ်ပေါက်လာလေပြီ။
အဆိုပါတွင်းနက်ကြီးက ဝဲကြီးကဲသို့ တဟူးဟူးလည်ရင်း မိုးကြိုးလျှပ်စီးများဖြင့် ဖျစ်ဖျစ်ဖျောက်ဖျောက် မြည်နေသည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု ပေါ်လာခဲ့လေပြီ။
တာအိုကောင်းကင်၏အော်သံများမှာ ပို၍ပြင်းထန်လာသည်။ ဟိုက်တုန်းချင်း၊ ဟုန်ပင်းနှင့် ကျန်အက်ရှလွန်ကျင့်ကြံသူအပါအဝင် လူတိုင်းလည်း ထိုနည်းတူပင်။ ဟုန်ပင်းတို့သုံးယောက်အနေဖြင့် သေသွားခဲ့သင့်ပြီဖြစ်သော်လည်း ဧကရာဇ်က သူတို့ဝိညာဉ်များကို တစ်နည်းနည်းဖြင့် ဖမ်းရန် လေဟုန်ခွင်းလောက၏စွမ်းအားကို အသုံးပြုခဲ့လေသည်။
ဖောင်းးးးး။ ဟိုက်တုန်းချင်းမှာ တောင့်ခံနိုင်စွမ်း ပထမဆုံးကုန်ခမ်းသွားသည်။ သူ့ဝိညာဉ်သည် ပြာမှုန်များအဖြစ် ပေါက်ကွဲသွားပြီး ပြာများမှာ သံကြိုးထဲသို့ စုပ်ယူခံလိုက်ရ၏။ အလင်းတန်းက သံကြိုးများထဲမှ တစ်ဖန် စုပ်ယူသည်။ အလင်းရောင်သည် ပိုမိုအားကောင်းလာပြီး ဧရာမပိုက်ကွန်ထဲရှိ ဝေါဝေါမြည်နေသော တွင်းနက်ကြီးကား ကြီးမားလာခဲ့လေပြီ။
နောက်တစ်ယောက်ကတော့ ဒုတိယတောင်မှ အက်ရှလွန်ကျင့်ကြံသူ။ ထို့နောက် ဟုန်ပင်း။ သူတို့နှစ်ယောက်လုံး၏ ဝိညာဉ်များ ပေါက်ကွဲပျောက်ကွယ်သွားပြီးနောက် သူတို့ကို ချုပ်နှောင်ထားခဲ့သော သံကြိုးများက အလင်းတန်းထဲ ပြန်ရုတ်သိမ်းခံလိုက်ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျန်အက်ရှလွန်ကျင့်ကြံသူများလည်း တောင့်ခံနိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာကြသည်။
တာအိုကောင်းကင်၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ လင်းချုံနှင့် ဟန်ချင်းလဲ့မှာ ရုပ်ပျက်ဆင်းပျက် ခြောက်ကပ်ပိန်ချုံးနေပြီး ယွီဝမ်ကျန်းလည်း ထိုနည်းတူပင်။ အားလုံးအထဲ အဆိုးဆုံးကတော့ ပဉ္စမတောင်မှ အက်ရှလွန်ကျင့်ကြံသူဖြစ်သည်။ မူလ ဆူဖြိုးဝတုတ်နေခဲ့သော သူ့ခန္ဓာကိုယ်မှာ ယခုတော့ အရိုးပေါ်အရေတင်နေလေပြီ။ သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီနေပြီး ဝိညာဉ်စုပ်ယူခံနေရသကဲ့သို့ သူ့မျက်လုံးများက ငေးကြောင်လာသည်။
တခဏကြာသော် သူ့မှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ မည်သည့်သွေးအမှုန်အမွှားမှ ဖြစ်ပေါ်မလာ။ သံကြိုးမှ သူ့အသက်ဝိညာဉ်ကို စုပ်ယူခဲ့သဖြင့် သူကား အပြီးတိုင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
အက်ရှလွန်တစ်ယောက် သေဆုံးသွားတိုင်း သူတို့ ရရှိခဲ့သော လေဟုန်ခွင်းလောက၏ အနှစ်သာရတာအိုများသည် အလင်းတန်း၏ စုပ်ယူခြင်းခံလိုက်ရ၏။ ထိုအနှစ်သာရတာအို ၃၀၀၀ လုံး မကျန်တော့လျှင် ရလဒ်က ဟိုက်တုန်းချင်းမှ စဖြစ်ခဲ့သကဲ့သို့ အဆုံးသတ်ရလိမ့်မည်။ အပြီးတိုင် ထာဝရ သေဆုံးခြင်း။
မန်ဟို့မျက်နှာပေါ်တွင် တင်းမာခက်ထန်သောအမူအရာရှိသည်။ သံကြိုး၏စွမ်းအားက သူ့အတွက်တော့ အခြားသူများလောက် ကြောက်စရာမကောင်းပေ။ အမှန်တွင် သူသည် အက်ရှလွန်ကျင့်ကြံသူများအကြား အော်ဟစ်မနေသည့် တစ်ယောက်တည်းသောလူဖြစ်၏။
သို့စေကာမူ သူ၏အနှစ်သာရများနှင့် အသက်စွမ်းအားမှာလည်း စုပ်ယူခြင်းခံနေရသေးသည်။
အနှစ်သာရ ၂၉၉၉
အနှစ်သာရ ၂၉၉၈
အနှစ်သာရ ၂၉၉၇
သံကြိုးက အနှစ်သာရ ၃၀၀၀ နှင့်ပတ်သက်၍ ရရှိထားသည့် သူ၏အသိအမြင်များကို စုပ်ယူနေသော်လည်း လွယ်လွယ်ကူကူတော့ မဟုတ်ပေ။ တစ်ကြိမ်လျှင် တစ်ခုသာ စုပ်ယူနိုင်သည် ... အဘယ်ကြောင့်ဆိုသော် ကျန်ရှိသူတိုင်းက ဧကရာဇ်၏ လေဟုန်ခွင်းလောကချီကြောအကူအညီဖြင့် တာအိုများကို ရရှိခဲ့သည့်အချိန် သူ့အသိအမြင်များကမူ အက်ရှလွန်နှလုံးသား၏အကူအညီဖြင့် ဖြစ်သည်။ အက်ရှလွန်နှလုံးသားကြောင့် သူကိုယ်တိုင်က ချီကြောနေရာတွင် အစားထိုး၍ ချီကြောဖြစ်လာခဲ့သကဲ့သို့ပင်။
သူ၏အစောဆုံးလောကစည်းတံဆိပ်မှာ လေဟုန်ခွင်းလောက၏ချီကြောမှ ကောင်းချီးပေးခံခဲ့ရသော်လည်း ထိုစဉ်တုန်းက ... လေဟုန်ခွင်းလောကသည် အခြေခံအားဖြင့် မပြောင်းလဲသေးဘဲ ပုံမှန်အတိုင်း အလုပ်လုပ်နေခဲ့၏။
ထို့ကြောင့် မန်ဟိုအနေဖြင့် ဧကရာဇ်၏ငါးစာကို များများစားစား မဟပ်ခဲ့ရသေးပေ။ သေချာစဉ်းစားကြည့်လျှင် နောက်ဆုံးအနှစ်သာရတာအို ၃၀၀ သာ ရှိသည်။ သို့သော် ၎င်းကိုလည်း သူကိုယ်တိုင်သာ ဆင်ခြင်သုံးသပ်ခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်၏ချီကြောမှ အကူအညီဖြင့်မဟုတ်။
ထိုအခြင်းအရာက သူ့ကို သံကြိုးမှ လွတ်အောင် ရုန်းထွက်နိုင်စေသည်။
ယွီဝမ်ကျန်းလည်း တူညီသောအခြေအနေတွင် ဖြစ်သည်။ သူ့အော်သံများက စစ်မှန်သော်လည်း သံကြိုးက အခြားသူများခံနေရသကဲ့သို့ သူ့ကို စုပ်ယူနေခြင်းမရှိပေ။
မန်ဟိုက ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် ခေါင်းမော့လိုက်သည်။ “ငါက ဒီတာအိုတွေကို ငါ့ဘာသာငါ ဉာဏ်အလင်းရခဲ့တာ။ ငါက မင်းတို့ကို ပြန်ပေးမယ်လို့ ဘာက ထင်စေသလဲ”
ထို့နောက် သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ့ကျင့်ကြံခြင်းအခြေခံသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ပေါက်ကွဲလာကာ သံကြိုးနှင့် ကမ္ဘာအနှစ်သာရအလင်းကို ပြန်တိုက်ခိုက်လိုက်သဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။
“ငါ့အပိုင်က ငါ့အပိုင်။ မင်းတို့အပိုင် လုံးဝမဟုတ်ဘူး” သူက ဟိန်းဟောက်လိုက်ပြီး သူ့ကိုယ်ထဲတွင် တအုန်းအုန်းမြည်သံများ ထွက်လာသည်။ သံကြိုးက စူးရှတောက်ပလာကာ မန်ဟိုကား ရုန်းထွက်နိုင်တော့မည့်ပုံပေါ်လာ၏။
တောင်ပင်လယ်လောကမှ ကျန်ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ပိုက်ကွန်ကြီး၏အနောက်မှ စောင့်ကြည့်နေသောအရိပ်များလည်း ပင့်သက်ရှိုက်မိသွားကြ၏။ အထူးသဖြင့် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် အရိပ်ကြီး၏မျက်လုံးများသည် ပြင်းထန်သောသတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်နေသည်။
“ဒီအနှစ်သာရတာအို ၃၀၀၀ က လေဟုန်ခွင်းလောကရဲ့အစိတ်အပိုင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ... ငါ သူတို့ကို ဉာဏ်အလင်းရလိုက်တဲ့ အခိုက်အတန့်မှာ ငါ့နှလုံးသားနဲ့ တစ်သားတည်းဖြစ်သွားခဲ့ပြီ။ သူတို့က ... ငါ့တာအိုတွေပဲ” ကြီးမားသောတုန်ခါလှိုင်းများက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်နေ၍ သံကြိုးသည်လည်း တချွင်ချွင်မြည်နေတော့သည်။ ဤအခိုက်အတန့်တွင် သံကြိုးမှာ မန်ဟို့ထံမှ မည်သည့်အရာကိုမှ စုပ်ယူမရတော့ဟန်ပင်။
၎င်းသည် သူထံမှ စုပ်ယူမရတော့သည်သာမက စုပ်ယူထားခဲ့ပြီးသောအရာများသည်လည်း နောက်ပြန်စီးဆင်း၍ သူနှင့်ပြန်လည်ပေါင်းစည်းသွားသည်။ မန်ဟိုက အလွန်တရာရင်သပ်ရှုမော အသက်ရှူမှားဖွယ်ရာအသွင်အပြင်နှင့် မိုးပြာရောင်တောက်ပလာလေသည်။
အနှစ်သာရ ၂၉၉၅
အနှစ်သာရ ၂၉၉၆
အနှစ်သာရ ၂၉၉၇
မန်ဟိုက မာန်သွင်းဟိန်းဟောက်လိုက်သည့်အခါ လောကပါလအင်မော်တယ်တန်ခိုးကို ကိုယ်စားပြုသော အဆုံးမဲ့မိုးပြာရောင်အလင်းသည် သူ့ထံမှ ကွန့်မြူးဖြာထွက်သွားတော့၏။ မိုးကောင်းကင်နှင့်မြေကြီးသည် ပြင်းပြင်းထန်ထန် ယိမ်းထိုးတုန်ခါလာသည်။ ကြည့်ရပုံထောက်လျှင် သံကြိုးကား ကျိုးပျက်တော့မည်။
ဤအဖြစ်အပျက်က ကျုံးဝူရကို အသက်ပြင်းပြင်းရှူလိုက်မိစေသည်။ ဧကရာဇ်လည်း တုန်လှုပ်နေပြီး သူ၏မျက်တွင်းပေါက်ကြီးများက မန်ဟိုရှိရာဘက်သို့ လှည့်လိုက်သည်။ သူသည် က္ကန္ဒြေမဆည်နိုင်အောင် တုန်လှုပ်မသွားသော်လည်း မျက်နှာကြီးမည်းမှောင်သွား၏။ သူက ရုတ်တရက် အာကာသထဲရှိ အရိပ်များကို မော့ကြည့်ရင်း ခါးသီးစွာ ရယ်တော့သည်။
“ဒီအထိရောက်တာတောင် မင်းတို့က ... ငါ့ကို မယုံသေးဘူးလား
“ကမ္ဘာအနှစ်သာရကိုတောင် ထုတ်လွှတ်ခဲ့ပြီးပြီ။ မင်းတို့ လုပ်ရမှာက နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို အသက်သွင်းလိုက်ရုံပဲ။ ပြီးတာနဲ့ လေဟုန်ခွင်းလောကဟာ မင်းတို့နဲ့ ပူးပေါင်းပြီး တောင်ပင်လယ်လောကနေ ထွက်လာနိုင်ပြီလေ....
“ငါတို့ လုပ်နိုင်တာအကုန် လုပ်ခဲ့ပြီးပြီ။ ငါတို့ရဲ့ မဟာတာအို ၃၀၀၀ လည်း သုံးပြီးပြီ။ ငါတို့ရဲ့ တစ်ခုတည်းသော ကမ္ဘာအနှစ်သာရလည်း အလင်းတန်းတစ်တန်း ဖြစ်လာခဲ့ပြီ။ အက်ရှလွန်ကျင့်ကြံသူတွေကို စတေးပြီး ဒီက သက်ရှိသတ္တဝါအားလုံးရဲ့ စိတ်စွမ်းအားကိုလည်း စုဆောင်းခဲ့ပြီးပြီ။ မင်းတို့က ...မင်းတို့က ငါတို့ကို ဘာလို့မယုံကြသေးတာလဲ။ မင်းတို့ ယုံလာအောင် ငါတို့ ဘာလုပ်ပေးရမှာလဲ”
ဧကရာဇ်၏အသံကို တုံ့ပြန်သည့်အနေဖြင့် တွင်းနက်ကြီး၏အနောက်ရှိ အရိပ်များသည် တိတ်ဆိတ်စွာသာ ကြည့်နေကြသည်။ တွေဝေနေသောအမူအရာများအား သူတို့၏မျက်နှာများအပေါ်တွင် မြင်ရနိုင်၏။ တချို့က ဝန်လေးနေကြသည်၊ တချို့က အေးစက်စက် ရယ်နေကြလေသည်။
တွင်းနက်ကြီး ပေါ်လာခဲ့လျှင်တောင်မှ၊ နေရာရွှေ့ပြောင်းခြင်းမုခ်ဝ ပွင့်လာခဲ့လျှင်တောင်မှ..... သူတို့ ဆန္ဒမရှိလျှင် လေဟုန်ခွင်းလောကအနေဖြင့် တက်မလာနိုင်ပေ။
သူတို့ သံသယမရှိ မယုံမချင်း ပါရာဂွန်ပင်လယ်အိပ်မက် မည်မျှပင် အားနည်းနေစေကာမူ .... လှုပ်ရှားကြမည်မဟုတ်၊ နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို အသက်သွင်းရဲကြမည်မဟုတ်။
ကံဆိုးစွာနှင့် .... လေဟုန်ခွင်းလောကကို သူတို့ မလိုချင်ပေ။
ဤအခိုက်အတန့်တွင် မန်ဟို့ကို ခြံရံလျက်ရှိသော မိုးပြာရောင်အလင်းသည် သိပ်သည်းလာ၏။ မန်ဟို တာအို ၃၀၀၀ လုံးကို ပြန်လည် ရရှိနေသည်နှင့်အမျှ သံကြိုးမှာ လျင်မြန်စွာ တုန်ခါနေသည်။
အနှစ်သာရ ၂၉၉၈
အနှစ်သာရ ၂၉၉၉
အနှစ်သာရ ၃၀၀၀
ထိုအခိုက်အတန့်တွင် သူသည် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်၍ ဘေးနှစ်ဖက်သို့ ကားလိုက်၏။ သံကြိုးမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသဖြင့် နားကွဲလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံများ ရိုက်ညောင်းပဲ့တင်ထပ်သွားလေသည်။
အပိုင်းအစများ ပျောက်ကွယ်သွားစဉ် မန်ဟိုက ကမ္ဘာအနှစ်သာရအလင်းရောင်၏ စုပ်အားထဲမှ ရုန်းထွက်ရင်း ရှေ့တစ်လှမ်းတက်လိုက်သည်။
သူသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ယွီဝမ်ကျန်းထံ ဦးတည်၍ ညာလက်ကို ဆန့်ထုတ်ကာ ယွီဝမ်ကျန်းကို ချုပ်ထားသော သံကြိုးအား ဆုပ်ကိုင်လိုက်၏။
“ကျိုးပျက်စမ်း”
ခွမ်းးးးးး
သံကြိုးမှာ ပျက်စီးတော့မည့်အလား တခဏ တုန်ခါသွားသည်။ ယွီဝမ်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ မန်ဟိုနှင့်ပူးပေါင်းလိုက်သည်။ သူတို့နှစ်ယောက် အတူတကွ အားထည့်လိုက်သည့်အခါ အချိန်အနည်းငယ်ကြာသော် သံကြိုးသည် ကွဲကြေသွားတော့၏။
“မန်ဟို ကျေးဇူးအများကြီးတင်တယ်ကွာ” ယွီဝမ်ကျန်းက ဝမ်းသာပျော်ရွှင်မှုအပြည့်ဖြင့် ပြောသည်။ သူ စကားပြောနေသည့်အချိန်မှာပင် မန်ဟိုက တာအိုကောင်းကင်ထံ တဟုန်ထိုးထွက်သွားလေပြီ။
“ငါ့ကို ကျေးဇူးမတင်နဲ့ ။ လာ အကုန်လုံးကို ကယ်ကြစို့” သေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟို့ရွေးချယ်မှုသည် ကျန်အက်ရှလွန်ကျင့်ကြံသူများ သေသွားမည်ကို ထိုင်စောင့်နေရန် မဟုတ်ပေ။ သူက အကုန်လုံးကို ကယ်ဖို့ ပြင်နေ၏။
“အကုန်လုံးကို ကယ်မယ်” ယွီဝမ်ကျန်းက တအံ့တဩ မေးလိုက်သည်။