← Chapters

သုတေသနဌာန၏ လောဘ

Vol. 3 Ch. 42

သုတေသနဌာန၏ လောဘ

Vol. 3 Ch. 42

အခန်း (၄၂) သုတေသနဌာန၏ လောဘ

ဝပ်ရှော့သို့ ပြန်လာရာလမ်းတွင်၊ ဟန်ရှောင်းက ဌာန၁၃၌ သူ၏စီးပွား‌ရေးကို မည်ကဲ့သို့စတင်မည်ဟု စဉ်းစားနေသည်။

ပထမဆုံး သူလုပ်ရမည်က နာမည်ရအောင် လုပ်ဖို့လိုသည်။ သူကဖုန်းကို ဆွဲထုတ်လိုက်ပြီး လီယာလင်းကို ခေါ်လိုက်ကာ အကူအညီတောင်းလိုက်၏။ ညှိနှိုင်းမှုတစ်ချို့ပြီးနောက် တစ်ဘဝတာလုံး ၂၀% လျှော့ဈေးရပါက ကူညီမည်ဟု သဘောတူသွားသည်။

သို့သော်ငြားလည်း၊ အခက်အခဲတစ်ခု ကျန်နေသေးသည်။ ဝပ်ရှော့က ဟန်ရှောင်း၏ အကြံအစည်အတွက် ပစ္စည်းကိရိယာ မပြည့်စုံပေ။ ထို့ကြောင့် အမြောက်အများ ထုတ်လုပ်ရန် အဆင်မပြေလှပေ။ သေချာစဉ်းစားပြီးနောက်၊ ရွေးစရာမရှိတော့ဘဲ လူချမ်းကိုသာ တိုက်ရိုက်ပြောရန် ဆုံးဖြတ်လိုက်သည်။

…

"အစ်မချမ်း၊ ကျွန်တော် ပြောစရာရှိတယ်။"

လူချမ်း တုန်ခနဲ ဖြစ်သွားသည်။ 'ဒါကနောက်ဆုံးတော့ ရှောင်လို့မရတော့ဘူးပေါ့။' သူ့ဖာသာတွေးလိုက်သည်။ 'ဒါပေမယ့်၊ ငါက စိတ်ကို ပြင်ဆင်ထားပြီးသားပဲ။'

"ကျွန်တော် အစ်မကို ပြောချင်တာလေး ရှိလို့။" ဟန်ရှောင်းက ဆက်ပြောလိုက်သည်။ "တကယ်တော့၊ ကျွန်တော်..."

ရုတ်တရက် လူချမ်းက သူနှင့် မျက်နှာချင်းဆိုင်ပြီး ပြတ်ပြတ်သားသား ဦးညွတ်လိုက်သည်။

"တောင်းပန်ပါတယ်၊ ငါမင်းကို ငြင်းပါရစေ။ တစ်မျိုးမထင်ပါနဲ့၊ မင်းက လူကောင်းတစ်ယောက်ပါ။"

လေထုက ချက်ချင်းပင် မသက်မသာဖြစ်သွားသည်။

ဟန်ရှောင်း မျက်လုံး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ သူက သူမကို လိုက်ရန် အစီအစဉ်မရှိသော်လည်း ထိုကဲ့သို့ အငြင်းခံရခြင်းက မနှစ်မြို့သလို ခံစားရသည်။

“…”

"အစ်မ နားလည်မှု လွဲနေပြီ။ ကျွန်တော်က ဝပ်ရှော့ကို ပြန်ပြင်ပြီး ကျွန်တော်သုံးဖို့ အလုပ်ခန်းလေးတစ်ခု ထည့်ချင်ရုံလေးပါ။ ကျွန်တော့်သူငယ်ချင်းက ပိုက်ဆံချေးလိုက်တယ်လေ။ အစ်မ ဘယ်လိုထင်လဲ။ အသေးစား ပြင်ဆင်မှုလေးပါပဲ။"

လူချမ်း ကြောင်အသွားပြီး ရှက်စိတ်ကြောင့် မျက်နှာမှာ နီရဲသွားသည်။ ရှက်လွန်းလို့ သေတော့မလိုပင် ခံစားလိုက်ရသည်။

"အိုကေ၊ ကောင်းပြီလေ။ ငါသဘောတူတယ်။" သူမက ပြန်ဖြေပြီး လှေကားပေါ်သို့ ပြေးတက်သွားသည်။

"အား... ဒါက အရမ်း ရှက်ဖို့ကောင်းတာပဲ။"

ဟန်ရှောင်း စိတ်ပျက်လက်ပျက်နှင့် မျက်လုံးများပင် လည်သွားသည်။ သူမက သူပြောလိုက်သည်ကို သေချာမှ ကြားလိုက်ရဲ့လားလို့ပင် သံသယဖြစ်မိသည်။

…

ဟန်ရှောင်းက သူ၏ ပြုပြင်မွမ်းမံမှုအတွက် အကြံပြုချက်ကို ရေးဆွဲလိုက်ပြီး အထက်မှ ခွင့်ပြုချက်ရရန် ဖုန်းကျွင်းကို လွှဲပေးလိုက်သည်။

ဌာန၁၃ကလည်း ဟန်‌ရှောင်းကို တန်ဖိုးမြင့်မြင့်ထားရုံမက၊ အလွန် ကျိုးကြောင်းသင့်လျှော်သည့် တောင်းဆိုမှုဖြစ်သည့်အတွက်၊ ချက်ချင်းပင် ခွင့်ပြုပေးလိုက်သည်။ ဆောက်လုပ်ရေး အလုပ်သမားက ဝပ်ရှော့သို့ သိပ်မကြာခင် ရောက်လာကြသည်။

၂ရက်ကြာပြီးနောက်၊ အဓိက အဆောက်အအုံ၏ဘေး‌တွင် ဝပ်ရှော့ အသေးစားလေးတစ်ခု ပေါ်လာသည်။ ဌာန၁၃က အကုန်အကျခံထားသည့်အတွက် တိတိကျကျပြောရလျှင် ဟန်ရှောင်းက ငှားရမ်းသုံးစွဲသည်ဟု ဆိုနိုင်သည်။ ထို့ပြင် သူ၏တောင်းဆိုမှုကြောင့်၊ မြေအောက်ခန်းတစ်ခုကိုလည်း တည်ဆောက်ပေးခဲ့သေးသည်။

နောက်ရက်အနည်းငယ်အတွင်း၌ ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးအတွက် အမှာစာများစွာ ရရှိခဲ့လေသည်။

သူ၏ဖောက်သည်များမှာ ဌာန၁၃မှ အေးဂျင့်များဖြစ်သော်လည်း ဟန်ရှောင်းက သူတို့နှင့် တိုက်ရိုက်မတွေ့ဆုံခဲ့ပေ။ သူက လီယာလင်းကိုသာ ကြားခံလူအဖြစ် မှီခိုထားခဲ့သည်။

ကုန်ကြမ်းပစ္စည်းများကို ဟန်ရှောင်း၏ ဝပ်ရှော့သို့ တိုက်ရိုက်ပို့ဆောင်ခဲ့ပြီး၊ ရက်အနည်းငယ်အတွင်း၌ ပြန်သိမ်းနိုင်တဲ့ဓါး ဒါဇင်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။ အတွေ့အကြုံအမှတ်များစွာလည်း ရရှိခဲ့ပြီး အချို့ကို [စက်ယန္တရားရင်းနှီးမှု]ကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ရန် အသုံးပြုခဲ့သည်။ ထိုအတွက် အရည်အချင်းအမှတ်လည်း ပြန်ရရှိခဲ့သည်။

ဌာန၁၃တွင်၊ လီယာလင်း၏ အဖွဲ့၌ ဟန်ရှောင်းအမည်ရှိသည့် ယန္တရားပညာရှင်တစ်ဦး ရောက်ရှိနေပြီး ထိုသူက သီးသန့်အမှာစာများ လက်ခံနေသည်ဆိုသည့် သတင်းက တောမီးလို ပြန့်နှံ့နေ၏။

ရလဒ်အနေဖြင့်၊ သူရရှိနေသော အမှာစာများမှာလည်း မိုးပေါ်သို့ ထိုးတက်သွားသည်။ ဟန်ရှောင်းမှာလည်း အလျှင်မီအောင် လုပ်နိုင်သည်ဆိုရုံမျှသာ ရှိတော့သည်။ သို့ရာတွင်၊ ထိုအတွက်ကြောင့်လည်း၊ နေ့စဉ်နေ့တိုင်း အတွေ့အကြုံအမှတ် မြောက်များစွာ ရရှိနေသည်။

အရင်ဘဝနှင့်မတူဘဲ ပြိုင်ဘက်လည်း မရှိသည့်အတွက်၊ ဈေးကွက်တစ်ခုလုံးက ဟန်ရှောင်းအတွက်သာ ဖြစ်နေတော့သည်။

ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးနှင့် ပေါက်ကွဲအားပြင်းယမ်းမှုန့်အတွက်သာ အမှာစာများကို လက်ခံပေးနေပြီး၊ ချွင်းချက်အနေဖြင့် လီယာလင်းအတွက် အပေါ့စား ယန္တရားလက်ကို ပြုလုပ်ပေးခဲ့သည်။

ပြန်သိမ်းနိုင်တဲ့ဓါးက ပန်ကိတ်တစ်ခုလို အရောင်းသွက်နေသော်လည်း၊ ဤလူကြိုက်များမှုက မကြာခင် အဖျားရှူးသွားတော့မည်ကို ဟန်ရှောင်းသိနေ၏။ တကယ်တော့ လူအများစုက ထိုဓါးကို အသစ်အဆန်းဖြစ်ခြင်းကြောင့် ဝယ်ယူကြခြင်းဖြစ်သည်။ ထို့အပြင်၊ ဓါး၏ ဒီဇိုင်းမှာလည်း သိပ်မရှုပ်ထွေးလှ၍ သိပ်မကြာခင်အတွင်း အလားတူပစ္စည်းများ ပေါ်လာနိုင်သည်။

ထိုကဲ့သို့ပင် ဟန်ရှောင်းကလည်း ပိုက်ဆံအမြန်ရှာနိုင်ရန်သာ ဓါးကို ရောင်းချဖို့ ကြိုတင်ကြံစည်ထားပြီး ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင်၊ [ပေါက်ကွဲအားပြင်းယမ်းမှုန့်] အလားအလာ ပို၍ကောင်းသေးသည်။ ဈေးသက်သာရုံမျှသာမက အလွန်လည်း အသုံးဝင်၏။ အသုံးပြုပြီးလျှင်လည်း ကုန်သွားသည့်အတွက် ဖောက်သည်များက နောက်တစ်ခေါက် ပြန်လာဝယ်ကြရသည်။

ထို့ပြင်၊ ပြန်သိမ်းနိုင်တဲ့ဓါးနှင့် မတူဘဲ [ပေါက်ကွဲအားပြင်းယမ်းမှုန့်]က အလွယ်တကူ ပုံတူပွား၍ မရပေ။ ကျည်ဆံထိပ်ဖူး ပွင့်သွားသည်နှင့် ယမ်းမှုန့်က လေနှင့်ဓါတ်ပြုကာ အစအနမှပင်မကျန်အောင် ပျောက်သွားလိမ့်မည်။ ဒီဇိုင်းပုံစံမရှိဘဲ ထိုယမ်းမှုန့်ကို ထုတ်လုပ်ရန် ဤဂြိုလ်၏ လက်ရှိနည်းပညာဖြင့် မဖြစ်နိုင်သေးပေ။

ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးကို ရောင်းချရာမှ ရရှိသော ပိုက်ဆံများကို အသုံးပြု၍ [ပေါက်ကွဲအားပြင်းယမ်းမှုန့်] ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်း အများအပြား ဝယ်ယူထားခဲ့သည်။ သူက အရေအတွက် အတော်များများရသည်အထိ ပြုလုပ်ပြီးမှသာ ဈေးကွက်တင်ရန် စီစဉ်ထား၏။

…

တစ်ရက်၌၊ အဘိုးကြီးလူနှင့် အရပ်ရှည်ရှည် လူအိုကြီးတို့ ချက်စ်ကစားနေကြစဉ်၊ ဟန်ရှောင်းက အရပ်ရှည်ရှည် လူအိုကြီး သူ့ဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။

“လက်တုက သုံးရတာ အဆင်ပြေရဲ့လား” သူက ပြုံးရင်း မေးလိုက်သည်။

“မဆိုးပါဘူး” အရပ်ရှည်ရှည် လူအိုကြီးက ရယ်လိုက်ရင်း သူ၏ အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ လက်တုကို လူလုပ် အသားအရေလွှာ တစ်ခု အုပ်ထားပြီး ကြည့်ရသည်မှာ အစစ်နှင့် အလွန်တူလှသည်။

“အဘိုးသုံးရတာ အဆင်ပြေရင် ကောင်းပါတယ်။ တကယ်လို့ ပြုပြင်ထိန်းသိမ်းဖို့ လိုတယ်ဆိုရင် ကျွန်တော့်ဆီ အချိန်မရွေး ခဲ့ပါ။”

အရပ်ရှည်ရှည် လူအိုကြီးက ခေါင်းညိတ်ရင်း မေးလိုက်သည်။ “အဘိုးကြီးလူ ပြောတာကြားတယ်။ မင်း ဌာန၁၃ကို ဝင်လိုက်ပြီဆို။”

“ဟုတ်ကဲ့”

“အလားအလာကောင်းတဲ့ လူငယ်လေးပဲ။ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစားပါ။” သူက ချီးကျူးလိုက်သည်။

ဌာန၁၃အတွက် အလုပ်လုပ်သည်မှာ လျှို့ဝှက်ချက်ကြီးတစ်ခုတော့ မဟုတ်ပေ။ အဆုံးမှာတော့၊ ဌာန၌ အယောင်ပြလုပ်ငန်း ရှိနေသည်။ သာမန်လူများက ဌာန၁၃ကို ကြားဖူးကြသော်လည်း သူတို့သိထားသည်မှာ ကုမ္ပဏီတစ်ခု အနေဖြင့်သာ ဖြစ်သည်။

သူတို့စကားပြောနေစဉ်အတွင်း၊ ဟန်ရှောင်းက အရပ်ရှည်ရှည် လူအိုကြီး ဘယ်အချိန်မှ သူဘယ်သူဆိုတာ ပြောပြပြီး သူကလည်း ဘယ်လို အံ့ဩသွားဟန်ဆောင်ရမလဲဟု သိချင်နေမိသည်။

ရုတ်တရက်၊ ဖုန်းကျွင်းက ဝပ်ရှော့ထဲ အလျှင်စလို ဝင်လာကာ ဟန်ရှောင်းကို အရေးကြီးသော အမူအရာဖြင့် ပြောလိုက်သည်။ “အပြင်ထွက်ပြီး စကားပြောရအောင်။”

ဟန်ရှောင်း၏ စောင့်ရှောက်သူဖြစ်သည့်အားလျော်စွာ၊ ဖုန်းကျွင်းက ဝပ်ရှော့အနီးတွင် အဖွဲ့တစ်ဖွဲ့ထားရှိပြီး စောင့်ကြည့်နေလေ့ရှိသည်။ အထူးသဖြင့် ဂျာမီနယ်အဖွဲ့အစည်းမှ လူများကို ဖြစ်သည်။

သူတို့အပြင်ထွက်သွားသောအခါ၊ အရပ်ရှည်ရှည် လူအိုကြီးက ဘာတွေဖြစ်နေတာလဲဟု သိချင်နေသည်။

“သုတေသနဌာနက မင်းကို မျက်စိကျနေတယ်။”

ဟန်ရှောင်း၏ မျက်လုံးမှာ မှေးသွားပြီး

“ဘာကိုဆိုလိုတာလဲ”

“သုတေသနဌာနက လက်နက်နဲ့ ကိရိယာအသစ်တွေ တီထွင်ဖန်တီးဖို့ တာဝန်ရှိတယ်။ သူတို့မှာ ငါတို့အသုံးပြုနေတဲ့ ဘယ်ပစ္စည်းတွေကိုမဆို အန္တရာယ်ရှိမရှိ စစ်ဆေးနိုင်တဲ့ အာဏာလည်းရှိတယ်။ မင်းရဲ့ ပြန်သိမ်းနိုင်တဲ့ဓါးကို အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းကို ဒီဇိုင်းပုံစံအပ်ဖို့ တောင်းဆိုနေကြတယ်။ သူတို့မှာ လုပ်ပိုင်ခွင့်ရှိနေတော့ ကျန်တဲ့ဌာနတွေက ဝင်ပြီးစွက်ဖက်လို့ မရဘူး ဖြစ်နေတယ်။”

‘ဒါဆို သူတို့က ငါ့ရဲ့ ဒီဇိုင်းပုံစံကို လိုချင်နေတာပေါ့’

‘အန္တရာယ်ရှိမရှိ စစ်ဆေးမှု၊ လာနောက်နေတာလား’

ဟန်ရှောင်းက အေးစက်စက်ပင် နှာမှုတ်လိုက်သည်။ သူသာ ပြန်သိမ်းနိုင်တဲ့ဓါး၏ ဒီဇိုင်းပုံစံကိုသာ အပ်လိုက်ပါက၊ သူတို့က ချက်ချင်းပင် အမြောက်အများ ထုတ်လုပ်ကြမည်ဖြစ်သည်။

ဖုန်းကျွင်းက ဌာန၁၃၏ အတွင်းရေးပြဿနာများကို ဟန်ရှောင်းနားလည်အောင် ရှင်းပြနေသည်။ သုတေသနဌာနနှင့် ပြည်ထဲရေးဌာန နှစ်ခုလုံးမှာ သဘောထားတင်းမာသူများဘက်မှ ဖြစ်ပြီး၊ သူ့ကို ရန်လိုနေကြသည်။

သုတေသနဌာနက လွန်ခဲ့သည့်နှစ်များအတွင်း ရလဒ်များမကောင်းသည့်အတွက် သူတို့၏ အသုံးစရိတ်များသည်လည်း နှစ်စဉ် ဖြတ်တောက်ခံနေရသည်။ ဌာ၁၃တွင်၊ သူတို့၏ နေရာသည် ထောက်ပံ့ရေးဌာနထက်ပင် နိမ့်ကျနေသည်။ ထို့ကြောင့် သူတို့က ဟန်ရှောင်း၏ ဒီဇိုင်းပုံစံကို ပစ်မှတ်ထားနေကြခြင်းဖြစ်သည်။ သူတို့က အမှန်တကယ်ပင် အရေးတကြီးဖြစ်နေ၏။

“ဒါဆို ငါက ငြင်းမယ်ဆိုရင်ရော”

“သူတို့က မင်းကို နာမည်ပျက်စာရင်းသွင်းလိမ့်မယ်။ အဲဒါက မင်းရဲ့ မှတ်တမ်းကို ထိခိုက်စေလိမ့်မယ်။ ကောင်းတဲ့အချက်က မင်းက သာမန်အေးဂျင့်တစ်ယောက် မဟုတ်ဘူး၊ ဌာနကလဲ မင်းရဲ့ သတင်းအချက်အလက်တွေကို အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့် မင်းမှာ ပြဿနာအများကြီးတော့ ရှိမှာ မဟုတ်ဘူး။ အဆုံးမှာတော့၊ သုတေသနဌာနက မင်းရဲ့အနေအထားကြောင့် မင်းကို တကယ်ကြီး တွန်းအားမပေးနိုင်ပါဘူး။”

“ဒါဆိုရင်လည်း ကောင်းပြီလေ။ ငါ့ရဲ့ ဒီဇိုင်းပုံစံကို မပေးနိုင်ဘူး။” ဟန်ရှောင်းက ခေါင်းခါရင်း ပြောလိုက်သည်။

ဖုန်းကျွင်းက ခါးသက်သက်သာ ရယ်မောလိုက်သည်။ ဟန်ရှောင်းက ငြင်းလိမ့်မည်ဖြစ်ကြောင်း သူသိထားပြီးဖြစ်သည်။

ပြန်သိမ်းနိုင်တဲ့ဓါးက ဈေးကွက်တွင် အလွန်ပျံ့နှံ့နေပြီဖြစ်သော်လည်း သူက ဝင်ငွေအများအပြား ရနေဆဲဖြစ်သည်။ သဘာဝကျစွာပင်၊ ဟန်ရှောင်းက လက်မလျှော့နိုင်သေးပေ။

အရပ်ရှည်ရှည် လူအိုကြီးက ဌာန၁၃ရှိ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။ ဘာတွေဖြစ်နေသည်ကို သိလိုက်ရသောအခါ ဒေါသထွက်သွားသည်။

“လောဘကြီးတဲ့ သောက်ရူးကောင်တွေ၊ အလုပ်မဟုတ်တာကိုပဲ ဂြိုလ်မွှေနေကြတယ်”

ဟန်ရှောင်းက ဌာန၁၃နှင့် ကောင်းမွန်သော ရင်နှီးမှု ရရှိနေအောင် အရပ်ရှည်ရှည် လူအိုကြီးက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ထားခြင်းဖြစ်သည်။ သို့သော်ငြားလည်း၊ ယခု ဌာနအတွင်းတွင် သူ၏ အားထုတ်မှုများကို အနှောင့်အယှက်ဖြစ်အောင် ကိုးယိုးကားယား လုပ်နေကြသည့်လူများ ရှိနေသည်။ အကယ်၍ ဟန်ရှောင်းသာ ဌာန၁၃ကို ငြင်းပယ်ပြီး ထွက်သွားမည်ဆိုလျှင်ရော... သူ၏ အကြံအစည်များနှင့် အားထုတ်မှုများအားလုံး ရေစုန်မျောပေတော့မည်။

“သိပ်ပြီး သတ္တိကောင်းနေကြတယ်ပေါ့”

အခန်း (၄၂) ပြီး၏။

လင်းဆက်

All Chapters