အခန်း (၁၂၂၈)
Vol. 87 Ch. 1228
အားလုံး၏ အမြင်၌ မိုဝူကျိက မဟာမိုးကြိုးလက်ဝါး ပညာရပ်၏ လျှပ်စီးစည်းမျည်းကြောင့် သေချာပေါက် ပျက်စီးသွားတော့မည် ဖြစ်ပေသည်။ ထွက်ပြေးတော့မည့် လိန်ဟုန်ကျီက ရပ်တန့်သွားလေသည်။
မိုဝူကျိက ကျင့်ကြံရေးကမ္ဘာ၌ လျှပ်စီးအမျိုးအစား ကျင့်စဉ် ရှိခဲ့ဖူးပုံ ပေါ်သည်။ သို့သော်လည်း အဆင့်နိမ့် လျှပ်စီးအမျိုးအစား ကျင့်စဉ်သည် ကမ္ဘာဦး လျှပ်စီးစည်းမျည်း ထောက်ပံ့ပေးထားသည့် မဟာမိုးကြိုးလက်ဝါး ပညာရပ်နှင့် လုံးဝ ကွဲပြားပေသည်။
မိုဝူကျိတွင် လျှပ်စီး အမျိုးအစား ဝိညာဉ်ကြော မရှိသည့်အကြောင်း ထည့်ပြောနေဖို့ပင် မလိုပေ။ အကယ်၍ သူ ရှိနေလျှင်ပင် ဤမဟာမိုးကြိုးလက်ဝါး အရိုက်ခံလိုက်ရသည့်အခါ အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။
ဒါပေမဲ့ မိုဝူကျိ က ထွက်မပြေးဘူးလား … သူက သေချင်နေတာလား ….
လိန်ဟုန်ကျီ စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ မိုဝူကျိက ကိုယ့်သေတွင်းကို တူးတူး၊ မတူးတူး ကိစ္စ မရှိပေ။ ယခုအချိန် သူ ထွက်ပြေးလျှင် အကောင်းဆုံး ဖြစ်၏။ မိုဝူကျိက အမှန်တကယ် သူ့သေတွင်းကို တူးနေသည်ဆိုလျှင်ပင် သူ ပြန်လာကြည့်ရမည်။
နောက်အခိုက်အတန့်လေး၌ လိန်ဟုန်ကျီက ကိုယ့်သေတွင်းကို တူးနေသည်မှာ မိုဝူကျိ မဟုတ်ဘဲ သူ ဖြစ်နေကြောင်း သိသွားပေသည်။ လူသားတာအိုစည်းမျည်းက သူ့အား ရစ်ပတ်သွားလေသည်။ သူက ထွက်မပြေးနိုင်တော့ဘဲ မရဏအငွေ့အသက်များက သူ့အား လွှမ်းခြုံသွားသည်။
အဆုံးမဲ့ လျှပ်စီးအားများက မိုဝူကျိ ခန္ဓာကိုယ်ဆီ ကျရောက်လာသော်လည်း သွေးအနည်းငယ် ထွက်သွားရုံမှလွဲ၍ ဘာမှမဖြစ်စေပေ။ သူ့ပုဆိန်လှံရှည်ကား သေစေလောက်သည့် အင်အား ထွက်ပေါ်ကာ ဆက်တိုက် ကျရောက်နေဆဲ ဖြစ်သည်။
လိန်ဟုန်ကျီက လူသားတာအိုစည်းမျည်း အချူပ်အနှောင်ကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် သူက မဟာမိုးကြိုးလက်ဝါး ပညာရပ်ပေါ်တွင် အင်အားအကုန် ထုတ်သုံးမိထားသည်။ ထိုတာအိုစည်းမျည်းများနှင့် ရင်ဆိုင်ရသည့်အခါ သူ့အား ရစ်ပတ်ထားသော စွမ်းအားစက်ကွင်းကို အက်ရာအသေးလေးမျှသာ ဖြစ်စေနိုင်လိုက်၏။ သို့သော်လည်း သူက ထိုသို့လုပ်နိုင်ချိန် ရင်သပ်ရှုမောဖွယ် ပုဆိန်လှံရှည် အလင်းတန်း ကျရောက်လာသည်။
လိန်ဟုန်ကျီက ထိုပုဆိန်လှံရှည် အလင်းတန်းအား စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။ သူက ဝမ်းနည်းဖွယ် နေဝင်သည့် မြင်ကွင်းအား မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် ကောင်းသော်လည်း အချိန်တိုတောင်းလွန်းလှသည်။
ထိုစဉ် သူ စိတ်ထဲ မိန်းကလေးတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။ သူမက အလှဆုံး မိန်းကလေး မဟုတ််သော်လည်း ကြော့ရှင်းကာ တောက်ပသည်။ သူက သူမနာမည်သည် စုရိုအာ ဖြစ်ကြောင်းသာ သိခဲ့ရသည်။
သူ ထိပ်ဆုံးသို့ ရောက်ရှိဖို့ မည်သို့ လုပ်စေကာမူ။ လူမည်မျှ သတ်ခဲ့စေကာမူ သူ့စိတ်အတွင်းပိုင်း၌ ကြည်လင်သန့်ရှင်းသည့် နေရာလေးတစ်ခု ကျန်ရှိနေသေး၏။ ထိုနေရာလေးက စုရိုအာအတွက် ဖြစ်ပေသည်။
သို့သော်လည်း ကံဆိုးစွာဖြင့် သူ ထိုနေ့ရက်ကို မရောက်နိုင်တော့ပေ။
“ ဖူး ” နေဝန်းနီနီ အလင်းတန်းက သူ့ဆီ ကျရောက်လာကာ သွေးမြူတစ်ခု ဖြစ်ပေါ်လာသည်။ လိန်ဟုန်ကျီက သူ့အသိစိတ်ပင်လယ်သည် ပျက်စီးလာပြီး သူ့ဝိညာဉ်လမ်းကြောင်းများနှင့် စွမ်းအင်ဗဟိုချက်ပင် ကြေမွလာသည်ကို ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို နေဝင်တိုက်ကွက်က အဆုံးသတ်ပေးသွားလေ၏။
မိုဝူကျိက ယဉ်ကျေးမနေတော့ဘဲ လိန်ဟုန်ကျီ ကမ္ဘာကို ဖွင့်ဟလိုက်သည်။ သူတို့ ရန်သူ မည်သူ ဖြစ်ဖြစ် ယနေ့ အဆုံးသတ်ကာ အမှုန့်ဖြစ်ရမည်။
မိုဝူကျိက မဟာမိုးကြိုးလက်ဝါး ပညာရပ်နှင့် ရင်ဆိုင်နိုင်လိုက်သည့်အခါ လော့ရှုက သူတို့ အောင်နိုင်ခြေ မရှိတော့ကြောင်း သိလိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ထွက်ပြေးလိုက်တော့သည်။ ထန်းဟန်က လော့ရှုနှင့် တိုက်ခိုက်နိုင်သော်လည်း လော့ရှုထက် အနည်းငယ်မျှ အားနည်းနေသေး၏။ အကယ်၍ လော့ရှု ထွက်ပြေးလိုလျှင် သူ့အနေနှင့် တားဆီးနိုင်မည့် နည်းလမ်း ရှိမည် မဟုတ်ပေ။
မိုဝူကျိက လိန်ဟုန်ကျီကို သတ်ပစ်ပြီးခါစ ဖြစ်၏။ သူက လော့ရှုအား စိတ်လိုလက်ရ သတ်ပစ်လိုသော်လည်း နှစ်နေရာလုံး၌ တစ်ပြိုင်နက် ရှိမနေနိုင်ပေ။
အရိုးအထိ ထိုးဖောက်ဝင်ရောက်နိုင်သည့် အေးစက်စက် သတ်ဖြတ်ငွေ့က စကြဝဠာတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာသည်။ ထိုသတ်ဖြတ်ငွေ့က လော့ရှု၏ ထွက်ပြေးမည့် လမ်းကြောင်းအား တားဆီးထားလိုက်သည်။ လော့ရှုက တည်နေရာပြောင်းတော့မည်ဆဲဆဲတွင် ထိုသတ်ဖြတ်ငွေ့က လော့ရှု ဦးခေါင်းအား ပိုင်းချလိုက်တော့သည်။
သတ်ဖြတ်ငွေ့အပြီးတွင် စကြဝဠာတစ်ဖက်ခြမ်းမှ ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာ၏။ သူမ လက်တစ်ချက်အဝေ့တွင် အေးစက်စက် စွမ်းအားက လော့ရှု၏ ကမ္ဘာဦး စိတ်ဝိညာဉ်အား ရစ်ပတ်ထားလိုက်သည်။
“ မင်းလား .. ဝိဇ္ဇာပင်းယင်လား ” လော့ရှု၏ ဝိညာဉ်က ဖြည်းဖြည်းချင်း ပြိုကွဲသွားလေသည်။ အကယ်၍ သူ ကြောက်ရမည့် လူတစ်ယောက် ရှိနေလျှင် ထိုသူမှာ ဝိဇ္ဇာပင်းယင်သာ ဖြစ်ပေမည်။
စကြဝဠာကြီးထဲ၌ ဝိဇ္ဇာရှစ်ပါးအနက် အားအကောင်းဆုံး ဝိဇ္ဇာမှာ သူ မဟုတ်ပေ။ ထို့အစား ပင်းယင်သာ ဖြစ်၏။ ကျန်ရှိနေသည့် ခုနှစ်ယောက်မှာ လော့ရှု၊ ထန်းဟန်၊ ချင်းယွမ်၊ ဟွမ်တိ၊ ဖိုတိ၊ ထိုက်လွန်နှင့် ဝိဇ္ဇာသူတော်စင်မတို့ ဖြစ်ပေသည်။
ပင်းယန်က ယခင် ကပ်ဘေးမတိုင်ခင် ပျောက်ကွယ်သွားခဲ့သည်။ သူက ကမ္ဘာပျက် ကပ်ဘေးကြီးအတွင်း သူမ ပြန်ပေါ်လာလိမ့်မည်ဟု မထင်ထားမိပေ။ ထိုမျှတင် မကဘဲ ဝိဇ္ဇာပင်းယင် လက်ချက်ဖြင့် သူ့အသက် ဆုံးရှုံးရပေတော့မည်။
လိန်ဟုန်ကျီ အသတ်ခံရပြီး လော့ရှု ထွက်ပြေးဖို့ ကြိုးစားလိုက်သည့်အခါ ထိုက်လွန်လည်း ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ ထိုက်လွန်က လော့ရှုလောက် မြန်မြန် မသွားနိုင်ဘဲ သစ်မြစ်တစ်ခုကြောင့် တိုက်ပွဲအတွင်း ပြန်လည် ရောက်ရှိသွားလေသည်။ ထို့နောက် ယွမ်ကျန်းရီ၏ လက်သီး ရောက်ရှိလာသည်။ နေရာ၌တင် ထိုက်လွန်က သွေးမြူအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်လည်း အဖျက်စီးခံလိုက်ရသည်။
ထိုက်ရှီရှောင်အပြီးတွင် သူပါ သေဆုံးသွားလိမ့်မည်ဟု မထင်ထားမိပေ။ အကယ်၍ ဟိန်ကျိုးသာ သူတို့အား မလုပ်ကြံခဲ့လျှင် သူ ထွက်ပြေးနိုင်လောက်၏။
ဟိန်ကျိုးက ယွမ်ကျန်းရီအား လက်နှစ်ဖက်ယှက်ကာ
“ ကျုပ်ကို ဒီနေရာ လာဖို့ လော့ကနေ အတင်းကျပ် ခေါ်ဆောင်ခဲ့တာပါ။ ကျုပ်က တာအိုရောင်းရင်းမိုရဲ့ အသိပါ။ အဲကြောင့် အရင်ကလည်း အားအပြည့် ထုတ်မတိုက်ခဲ့ပါဘူး ”
ယွမ်ကျန်းရီက ဟိန်ကျိုးသည် အားအပြည့် ထုတ်မတိုက်ခဲ့ကြောင်း သိပေသည်။ ထို့ကြောင့် သူက ဟိန်ကျိုးကို ဂရုမစိုက်နေတော့ဘဲ ဝိဇ္ဇာသူတော်စင်မနှင့် တိုက်ခိုက်နေသည့် ဖိုတိဆီ ဦးတည်လိုက်သည်။ ယွမ်ကျန်းရီက သူ့အား မတိုက်သည်ကို မြင်၍ ဟိန်ကျိုးက ယွမ်ကျဲဘက် လှည့်ကာ အားအပြည့် တိုက်ခိုက်လိုက်သည်။ သူက ပုန်ကုန်ပြီးပြီ ဖြစ်၍ ဖော်ပြ၍ လိုပေသည်။ ထို့အပြင် ထိုက်လွန်ကို သူ သတ်လိုက်ခြင်း မဟုတ်ပေ။
“ ယင်ရှန်း …” မိုဝူကျိက လော့ရှုကို သတ်လိုက်သည့် အမျိုးသမီးကို မြင်လိုက်ရသည့်အခါ အံ့အားသင့်မိသွားသည်။
ရောက်လာသူမှာ လျန်ယင်ရှန်း ဖြစ်နေ၏။ လျန်ယင်ရှန်းသည် မရိုးရှင်းကြောင်း သိသော်လည်း ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားမိပေ။
“ ဝူကျိ … ဟိုခွေးသား ချင်းယွမ်ကို သတ်ပြီးမှ ပြောကြတာပေါ့ ” လျန်ယင်ရှန်းက ဝိဇ္ဇာချင်းယွမ်သည် ကလိမ်ကကျစ် ဉာဏ်များမှန်း သိပေသည်။ ဟွမ်တိနှင့် ထန်းဟန်တို့က ပူးပေါင်း၍ တိုက်ခိုက်နေသော်လည်း ချင်းယွမ်က ထိုနှစ်ယောက်ကို အာရုံများအောင် လုပ်ပြီး ထွက်ပြေးနိုင်သေး၏။
မိုဝူကျိက သူမကို ပြန်ဖြေဖို့ အချိန်ပင် မရလိုက်ပေ။ သူ့စိတ်စွမ်းအားက ပြိုကျပျက်စီးနေသည့် စကြဝဠာအတွင်း ရုန်းကန်နေရသည့် ယန်အာဆီ ရောက်ရှိသွားသည်။
ယန်အာက ပူပင်တကြီး ဤနေရာသို့ ပြေးလာသော်လည်း ကျင့်ကြံသူများစွာလည်း ဤနေရာသို့ ဦးတည်နေကြသည့်အတွက် ယန်အာက ပို၍ ဝေးကွာသွားဟန် ပေါ်သည်။
ဤနေရာတွင် ကမ္ဘာဦး အစီအရင် ရှိနေသောကြောင့် စကြဝဠာကြီး လုံးဝ မပျက်စီးသွားခင် တောင့်ခံထားနိုင်လောက်သေး၏။ ဤနေရာတွင် ပညာရှင်များစွာ တိုက်ခိုက်နေကြသော်လည်း ဤအာကာပြင် မပျက်စီးသွားသေးသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
ယန်အာ ရုန်းကန်နေရသည်ကို မြင်ပြီး မိုဝူကျိက စိတ်ထဲ နာကျင်လာမိသည်။
စကြဝဠာပြိုကျပျက်စီးလာမှုကြောင့် နေရာကား တဖြည်းဖြည်းဖြင့် ပိုပို ကျုံ့လာသည်။ ကျင့်ကြံသူများစွာက တိုးဝှေ့နေကြသည်။ သူတို့သာ ပျက်စီးသွားသည့် စကြဝဠာအထဲ ခြေချမိသည်နှင့် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပေမည်။
မိုဝူကျိပင် ယန်အာ ဘေးသို့ မပြေးသွားရဲပေ။ စကြဝဠာ ပျက်စီးလာမှုက သူ့ခန္ဓာကိုယ်နှင့် တာအိုကိုပါ ပျက်စီးသွားပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲနိုင်ပေသည်။
သိပ်မကြာခင် စိုးရိမ်ပူပင်နေသည့် မိုဝူကျိက နတ်ဘုရားကမ္ဘာအလွှာပေါ် သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ နတ်ဘုရားကမ္ဘာ တစ်ဝက်လောက်က ပျက်သုန်းသွားလေပြီ။ ကျင့်ကြံသူများစွာလည်း ပျောက်ကွယ်သွားကာ တောင်တန်းများ၊ ပင်လယ်များနှင့် ကန္တာရများပင် အစအနမကျန် ပျောက်ကွယ်သွားလေပြီ။
သူက တိုက်ပွဲအတွင်း ရုန်းကန်နေရသည့်အတွက် ထိုအချက်ကို သတိမထားမိခဲ့ပေ။ သို့သော် ယခုတွင် သူ့ဦးခေါင်းများပင် ထုံလာသလို ခံစားမိလိုက်သည်။ သူက စိတ်ထဲ၌ ယူကျုံးမရ ဝမ်းနည်းလာမိသည်။ ဤသည်မှာ ဘဝများ မတည်မြဲမှုအပေါ် ဝမ်းနည်းမှု ဖြစ်၏။
ကမ္ဘာပျက်ကပ်ဘေးကြီးအပြီးတွင် စကြဝဠာကြီးထဲ၌ သက်ရှိကျန်ရှိဦးမည်လား …
နတ်ဘုရားကမ္ဘာတင် မကဘဲ အင်မော်တယ်လောကသည်လည်း ပျက်သုန်းကာ ပျောက်ကွယ်သွားလေပြီ။
မိုဝူကျိက သူ့လူသားဂိုဏ်းမှ တပည်များ ပြိုကျပျက်စီးမှုအတွင်း ရောက်ရှိသွားပြီး ကွယ်ပျောက်သွားသည်ကို မြင်ရသည့်အခါ ဝမ်းနည်းမှုက ပို၍ ကြီးထွားလာသည်။
ထိပ်ဆုံးထိ ရောက်အောင် ကျင့်ကြံနေတာလည်း ဘာအကျိုးရှိမှာလဲ ….
ကောင်းကင်တာအိုနဲ့ ရင်ဆိုင်ရတဲ့အခါ သူက ပုရွက်ဆိတ်တစ်ကောင်မျှသာ မဟုတ်ပါလော ….
သူ့အသက်ပင် မတည်မြဲပေ။
မိုဝူကျိက နည်းလမ်း ရှာဖို့ လိုအပ်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် ယန်အာက သူ့ဘေး ရောက်မလာလျှင်ပင် သူတို့အားလုံး သေဆုံးကြရမည် ဖြစ်၏။
သူက ကမ္ဘာပျက်ကပ်ဘေးကြီးသည် ကြောက်ဖို့ ကောင်းကြောင်း သိခဲ့လေသည်။ သို့သော်လည်း ဤမျှအထိ ထိတ်လန့်ဖို့ ကောင်းလိမ့်မည်ဟု မထင်ထားမိပေ။
“ သခင်လေး …” ယန်အာက သဟဇာတ နတ်ဘုရားနောက်ပိုင်းအဆင့်တွေကြား တိုးဝေ့နေရင်း အော်ခေါ်လိုက်သည်။
သူမက သေခြင်းတရားကို မကြောက်ပေ။ သို့သော်လည်း သူမ သခင်လေးဆီ မရောက်ခင်အထိ မသေဆုံးလိုပေ။
“ ငါ့ကို စောင့်နေ …” မိုဝူကျိက ဆက်မထိန်းချုပ်နိုင်တော့ဘဲ ပြေးထွက်သွားလိုက်သည်။
“ ဝူကျိ … ကိုယ့်ဘာသာ သတ်သေဖို့ လုပ်နေတာလား။ ဒါက စကြဝဠာပျက်စီးမှုနော် … ရှင်က ဝိဇ္ဇာဆိုရင်တောင် အထဲရောက်သွားတာနဲ့ ဗလာနတ္ထိ ဖြစ်သွားလိမ့်မယ် ” လျန်ယင်ရှန်းက ဝိဇ္ဇာချင်းယွမ်အား သုတ်သင်ပြီးနောက် မိုဝူကျိရှေ့မှ မြန်မြန် ကာဆီးလိုက်သည်။
မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်ပြီး
“ ကျုပ် သွားရမယ်။ မဟုတ်ရင် ကျုပ် ဘာမှမလုပ်ဘဲ နေမိခဲ့ရင် ဘယ်တော့မှ ပျော်ရွှင်နိုင်တော့မှာ မဟုတ်ဘူး။ လော့က ဒီစကြဝဠာကို ဖြတ်ပြီး ထွက်ပြေးသွားတာဆိုတော့ ကျုပ်လည်း လုပ်နိုင်လောက်တယ် ”
လျန်ယင်ရှန်းက ဒေါသတကြီး အော်ပြောလိုက်သည် “ လော့ဆီမှာ စကြဝဠာ တာအိုစည်းမျည်း ရှိတယ်လေ။ ရှင့်ဆီမှာရော … ”
စကြဝဠာ တာအိုစည်းမျည်းလား …
မိုဝူကျိ ဦးခေါင်းထဲ လျှပ်စီးလက်သွားသည့်အလား တွေးမိသွားသည်။ ထို့နောက် သူက စကြဝဠာ တာအိုစည်းမျည်း နှစ်ခုကို ထုတ်လိုက်သည်။
စကြဝဠာတာအိုစည်းမျည်း နှစ်ခု ထုတ်လိုက်သည်နှင့် သူတို့က အဆုံးမဲ့ ရွှေရောင်လမ်းကြောင်းတစ်ခုစီအဖြစ် ပြောင်းလဲသွားသည်။
သူက ထိုရွှေရောင်လမ်းကြောင်းသည် ပျက်စီးနေသည့် စကြဝဠာ၏ သက်ရောက်မှု မခံရကြောင်း သိလိုက်ပြီးနောက် စိတ်အေးသွားလေသည်။
ထိုရွှေရောင်လမ်းကြောင်းနှစ်ခုက သမုဒ္ဒရာအတွင်း အသက်ကယ်လှေတစ်ခုကဲ့သို့ ဖြစ်ပေသည်။ ထိုအရာ ပေါ်လာသည်နှင့် အသက်ရှင်ကျန်ရစ်နေသည့် ကျင့်ကြံသူများစွာက အပြေးအလွှား ရောက်လာကြသည်။ မိုဝူကျိ၏ လမ်းကြောင်းက ယန်အာ ခြေထောက်အောက် ဦးတည်ထားသည့်အတွက် ထိုလမ်းကြောင်းပေါ် ယန်အာက ဦးဆုံး ရောက်ရှိလာသည်။ ယန်အာက မိုဝူကျိဆီ မြန်မြန် ပြေးလာလိုက်လေ၏။
လျန်ယင်ရှန်းက ထိုစကြဝဠာ တာအိုစည်းမျည်း နှစ်ခုကို မြင်လိုက်သည့်အခါ ရေရွတ်လိုက်သည် “ ဝူကျိ … ရှင် စကြဝဠာ တာအိုစည်းမျည်းနှစ်ခုကို ရလာတာပဲ ”
မိုဝူကျိက လျန်ယင်ရှန်း စကားကို ကြားပုံမပေါ်ပေ။ သူက စိတ်လှုပ်ရှားစွာ ရှေ့တိုးလိုက်ပြီး ယန်အာကို ဆွဲခေါ်ချင်မိ၏။ သို့သော်လည်း လျန်ယင်ရှန်းက သူ့လက်ဆွဲထားကာ
“ ဝူကျိ .. ဒီလောက်လူအများကြီးကို ခေါ်လာပြီး အခု ဘာဆက်လုပ်မှာလဲ ”
မိုဝူကျိက ကြောင်အမ်းသွားလေ၏။
အခု ဘာဆက်လုပ်ရမှာလဲ ….
***