အစစ်အမှန် တာအို
Vol. 87 Ch. 1229
စကြဝဠာထဲရှိ အသက်ဓာတ်မှာ အဆုံးအစ မရှိပေ။ ဤကမ္ဘာပျက်ကပ်ဘေးအတွင်း ၉၉ ရာခိုင်နှုန်းလောက်က သေဆုံးသွားကြသော်လည်း ၁ ရာခိုင်နှုန်းလောက်ပင် အရေအတွက် သန်းချီနေလေပြီ။
သူက ထိုလူအားလုံးကို စကြဝဠာတာအိုစည်းမျည်းဖြင့် ခေါ်လာနိုင်ခဲ့သော်လည်း ယခုအခါ ဘာဆက်လုပ်ရမည်နည်း။
“ ဝိဇ္ဇာပင်းယင် ပြောတာ မှန်တယ်။ အခု အားလုံးကို ခေါ်လာခဲ့တာဆိုတော့ သူတို့ကို သတ်တာအပြင် နောက်ထပ် ….” ဝိဇ္ဇာသူတော်စင်မ အသံလည်း ထွက်ပေါ်လာသည်။ သူမက ယွမ်ကျန်းရီနှင့် တွဲဖက်၍ ဖိုတိအား သတ်နိုင်ခဲ့သည်။ သူမက စကားကို အဆုံးမသတ်လိုက်သော်လည်း အားလုံးက ဆိုလိုရင်းကို နားလည်ကြပေသည်။
“ ဟားဟား ဝူကျိ ဘာလို့ အများကြီး လျှောက်တွေးနေတာလဲ။ ငါတို့တွေ တစ်ခုပြီး တစ်ခု စဉ်းစားကြတာပေါ့။ ငါတို့ သေသွားရင်တောင် နောက်ထပ် နှစ်တွေကြာလာရင် ဖရိုဖရဲ ကမ္ဘာဦး ထပ်မံ မွေးဖွားဖြစ်တည်လာတဲ့အခါ ငါ ယွမ်ကျန်းရီ ဘယ်လိုလုပ် မပါဘဲ နေမှာလဲ …. ” ယွမ်ကျန်းရီက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ စကြဝဠာကြီးက ပျက်စီးလာပြီ ဖြစ်သော်လည်း သူက စိတ်ထဲ ထားဟန် မပေါ်ပေ။
မိုဝူကျိက ယွမ်ကျန်းရီ ဆိုလိုရင်းကို နားလည်ပေသည်။ ကမ္ဘာပျက်ကပ်ဘေးကြီးအပြီးတွင် စကြဝဠာကြီးက ဖရိုဖရဲ ကမ္ဘာဦး အဖြစ် လျော့ကျသွားမည် ဖြစ်၏။ နှစ်များစွာကြာမြင့်ပြီးနောက် ဖရိုဖရဲ ကမ္ဘာဦးက စကြဝဠာအသစ်တစ်ခု မွေးဖွားပေးမည် ဖြစ်၏။ ထိုအချိန်အတွင်း တည်ရှိကြသည့် လူများက ထိပ်သီးအင်အားများ ဖြစ်လာကြပေမည်။
သို့သော်လည်း ယွမ်ကျန်းရီ စကားက မိုဝူကျိ စိတ်နှလုံးသားကို လှုပ်ခါသွားစေ၏။ သူက လူသားကမ္ဘာအကြောင်း တွေးမိသွားသည်။
သူ့လူသားကမ္ဘာက စည်းမျည်းများနှင့် ကမ္ဘာတစ်ခု ဖြစ်၏။ စည်းမျည်းများနှင့် စကြဝဠာတစ်ခုအဖြစ် မဖွံ့ဖြိုးမလာနိုင်ခြင်း မဟုတ်ပေ။ စကြဝဠာ ပြိုကျပျက်စီးသွားလျှင်ပင် သူက အတူတူ လိုက်ပါ၍ ပျက်စီးသွားမည် မဟုတ်ပေ။ အကြောင်းမှာ သူက လူသားကမ္ဘာထဲ ဝင်နေနိုင်သည် မဟုတ်ပါလော။ သူ့ဘေးနားရှိ လူအားလုံးကိုလည်း လူသားကမ္ဘာထဲ ခေါ်နိုင်ပေသည်။
သို့သော်လည်း သူက ကမ္ဘာပျက်ကပ်ဘေးကြီးမှ အသက်ရှင်ကျန်ရစ်သူ အားလုံးအတွက် လူသားကမ္ဘာကို ဖွင့်ပေးမည့်အကြောင်း မစဉ်းစားဖူးပေ။ ဤသည်မှာ သူ့လူသားကမ္ဘာ ဆုံးရှုံးသွားသည်နှင့် အတူတူသာ ဖြစ်၏။
သူ့လျို့ဝှက်ချက်အား တစ်ကမ္ဘာလုံးကို အသိပေးဖို့ရာ သဘောမကျပေ။ အထူးသဖြင့် သူက စကြဝဠာတစ်ခုလုံး၏ သခင် ဖြစ်လာပြီးနောက်တွင် ဖြစ်ပေသည်။ အကယ်၍ သူသာ လူသားကမ္ဘာကို ဖွင့်ဟပေးလိုက်လျှင် သူ့ထိန်းချုပ်မှုကို စွန့်လွှတ်ဖို့ လိုအပ်သည်။ သို့သော်လည်း လူသားကမ္ဘာသည် သူ့ပင်မဗဟိုချက်နှင့် သူ့တာအို ဖြစ်နေသေး၏။
သူက မတွေးမိ၍ မဟုတ်ဘဲ မလုပ်ချင်၍ ဖြစ်သည်။ လူအားလုံးက တစ်ကိုယ်ကောင်းဆန်တတ်ကြသည်။ သူ မိုဝူကျိသည်လည်း တစ်ကိုယ်ကောင်းဆန်မှု ရှိပေသည်။
သူက လူသားတာအိုကို ကျင့်ကြံပြီး လူသားကမ္ဘာသည် သူ့တာအို အခြေတည်ရာ ဖြစ်၏။ သူက လူသားကမ္ဘာကို တည်ဆောက်ဖို့ အများကြီး ကြိုးစားခဲ့ရသည်။ သူက ထိုလူများစွာအတွက် လိုလိုလားလား အဘယ်ကြောင့် ဖွင့်ပေးချင်စိတ် ရှိမည်နည်း။ ထို့အပြင် သူ့လူသားကမ္ဘာသည် သူ့ကိုယ်ပိုင် ပိုင်နက်တစ်ခု ဖြစ်သည်။ သူ့အနေနှင့် သူစိမ်းများကို ဝင်ရောက်နှောင့်ယှက်ခွင့် မပြုလိုပေ။
မိုဝူကျိက တိတ်ဆိတ်သွားလေသည်။ သူက ရွှေရောင်လမ်းကြောင်း နှစ်ခုကို တစ်ချက် ကြည့်လိုက်၏။
ထိုလမ်းကြောင်းက မီတာသောင်းချီ ကျယ်ဝန်းကာ မသိနိုင်သည့် အကွာအဝေးတစ်ခုအထိ ဆန့်ထွက်နေဟန် ပေါ်သော်လည်း လူများနှင့် ပြည့်နှက်နေပြီ ဖြစ်၏။ ယခင် ဤစကြဝဠာရှိ အလွှာများစွာနှင့် ကမ္ဘာများစွာနှင့် နှိုင်းယှဉ်ကြည့်လျှင် ရွှေရောင်လမ်းကြောင်းပေါ်ကား လူ ကျပ်သိပ်နေသည်။
အစစ်အမှန်ရေအဆင့်ရှိ လူလတ်အရွယ် အမျိုးသမီးတစ်ဦးက မိန်းကလေးတစ်ဦးကို ပွေ့ထားရင်း ရွှေရောင်လမ်းကြောင်းဆီ အပြေးအလွှား တက်လာသည်။ သို့သော်လည်း သူမ စွမ်းရည်မှာ အလွန်အားနည်းလွန်းနေပေသည်။ သိပ်မကြာခင် ပျက်စီးနေသည့် စကြဝဠာအတွင်း ပြုတ်ကျကာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။
တာအိုလက်တွဲဖော်အလား ကျင့်ကြံသူနှစ်ဦးသည်လည်း ရွှေရောင်လမ်းကြောင်းအစွန်းအဖျားနား တိုးဝှေ့နေကြသည်။ ထိုစဉ် အမျိုးသား ဖြစ်သူက အမျိုးသမီးအား ရွှေရောင်လမ်းကြောင်းပေါ်မှ တွန်းချလိုက်သည်။
မိုဝူကျိက ကြည့်နေရင်း စိတ်ထိခိုက်လာမိသည်။ ဤသည်မှာ ရွှေရောင်လမ်းကြောင်း နေရာတစ်နေရာစာအတွက် ဖြစ်ပျက်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ထိုသို့အဖြစ်အပျက်မျိုးက လမ်းကြောင်းနှစ်ခုလုံးပေါ်တွင် ဖြစ်ပျက်နေဆဲ ဖြစ်၏။
လူသား သဘာဝကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပေသည်။
“ သခင်လေး …” ယန်အာလည်း ပြေးလာပြီ ဖြစ်၏။ သူမက မိုဝူကျိကို ဖက်ထားရင်း တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။ ဖက်ထားမှုက တင်းကျပ်လွန်းနေသည့်အတွက် သူမဘာသာပင် တင်းကျပ်လာမိသည်။
စကြဝဠာကြီးက ကမ္ဘာပျက်ကပ်ဘေးကြီးကြောင့် ပျက်စီးသွားပေသည်။ သူမကိုယ်တိုင်လည်း ပျက်စီးနေသည့် စကြဝဠာထဲ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် သူမအတွက် ထိုအရာအားလုံးက အရေးမပါပေ။ သူမ သခင်လေးကသာ အရေးကြီးဆုံး ဖြစ်၏။
“ ယန်အာ …” မိုဝူကျိက ယန်အာ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ သူ့စိတ်ထဲ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့စိတ်ထဲ၌ ယန်အာက အမြဲတမ်း ထူးထူးခြားခြား နေရာတစ်ခု အပိုင်ယူထားသည် မဟုတ်ပါလော။ သူမက သူနှင့် အရင်းနှီးဆုံးသူလည်း ဖြစ်ပေသည်။
သူ့တွင် အဝတ်အစားနှင့် အစားအစာ ပေါပေါများများ မရှိဘဲ စိတ်ထွေပြားနေစဉ်အခါက သူ့ဘေးနား နေပေးကာ စောင့်ရှောက်ပေးခဲ့သည့် တစ်ဦးတည်းသောသူမှာ ယန်အာသာ ဖြစ်၏။ သူ ယန်အာနှင့်အတူတူ ရှိနေသည့်အခါ မည်သည့်ဖိအားမျိုးကိုမှ မခံစားမိပေ။ စိတ်ထဲမှ ပေါ်လာသည့် ပျော်ရွှင်မှုမျိုးသာ ခံစားမိပေသည်။
“နောက်တစ်လှမ်းတိုးတဲ့သူ သက်ညှာခြင်းမရှိ အသတ်ခံရမယ် ” ထန်းဟန်၏ ဒေါသတကြီးအသံကို ကြားလိုက်ရသည်။ ထို့နောက် ကျင့်ကြံသူနှစ်ယောက်က ထန်းဟန်ကြောင့် ရွှေရောင်လမ်းကြောင်းမှ ပြုတ်ကျကာ ပျက်စီးနေသည့် စကြဝဠာအတွင်း ပျောက်ဆုံးသွားသည်။
မိုဝူကျိက နားလည်လာမိသည်။ သူက စကြဝဠာအတွင်း ပြုတ်ကျလောက်အောင် တိုးဝေ့တွန်းချခံနေရသည့် လူတန်းကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ဆုံးဖြတ်ချက် ခိုင်မာသွားတော့သည်။
သူက စုယင်နှင့် ယန်အာကိုလည်း ရှာတွေ့ပြီးပြီ ဖြစ်၏။ သူက အရင်မိတ်ဆွေဟောင်းများနှင့်လည်း စုစည်းခဲ့ရပြီးလေပြီ။
သူ့အတွက် ဘာများမကျေနပ်စရာ ရှိဦးမည်နည်း။
သူက တစ်ကမ္ဘာလုံးကို ကယ်တင်နေနိုင်သောကြောင့် အဘယ်ကြောင့် မလုပ်ဘဲ နေရမည်နည်း။ သူက သေမျိုးတစ်ယောက်အဖြစ်မှ စတင် ကျင့်ကြံခဲ့သည်။ လူသား သေမျိုးတစ်ယောက်အနေနှင့် ချီသွေးကြော ၁၀၈ ခုကို ဖွင့်ထားနိုင်ခဲ့ပြီး အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။ သူက လူသားကမ္ဘာကို ပေးပစ်လိုက်ပြီးသည့်နောက်တွင်ပင် နောက်ထပ် ထာဝရကမ္ဘာတစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။
မိုဝူကျိက ထိုအတွေးဖြင့် ရုတ်တရက် ကျယ်ကျယ်လောင်လောင် ကြေညာလိုက်သည် “ တာအိုရောင်းရင်းတို့ တိတ်တိတ်နေပေးကြပါ။ ဒီရွှေရောင်လမ်းကြောင်းနှစ်ခုက ကျုပ်ရဲ့ စကြဝဠာတာအိုစည်းမျည်းပါ ”
မိုဝူကျိ အသံက အာကာပြင်တခွင် ပြန့်နှံ့သွားသော်လည်း မည်သူကမှ နားမထောင်ကြပေ။ တိုးဝေ့နေကြဆဲသာ ဖြစ်၏။
သို့သော် သူတို့က မိုဝူကျိသည် ထိုလမ်းကြောင်းနှစ်ခု၏ ပိုင်ရှင် ဖြစ်ကြောင်း ကြားလိုက်ရပြီးနောက် တိတ်ဆိတ်သွားကြသည်။
ထိုလမ်းကြောင်းများက မိုဝူကျိ အပိုင် ဖြစ်သည့်အတွက် အချိန်မရွေး ပြန်ယူနိုင်ပေသည်။ ထိုအခါ သူတို့ရှေ့ဆုံးသို့ တိုးဝေ့နိုင်လျှင်ပင် ဘာအကျိုးရှိမည်နည်း။
လူသား သဘာဝက ထိုသို့ ဖြစ်၏။ မိုဝူကျိက စိတ်ထဲ မထားဘဲ ဆက်ပြောလိုက်သည်
“ ကမ္ဘာပျက်ကပ်ဘေးကြီးက ရောက်ရှိလာပြီးတော့ စကြဝဠာကလည်း ပျက်စီးလာပြီ။ ကျုပ်ဆီမှာ စကြဝဠာ တာအိုစည်းမျည်း နှစ်ခု ရှိနေပေမဲ့ မီးတောက်အကြီးကြီးကို ငြိမ်းဖို့ ရေတစ်ခွက်လောက်ပဲ ဖြစ်နေတယ်။ အားလုံးကို ကယ်ဖို့ မလုံလောက်ဘူး ”
မိုဝူကျိက ထိုစကားများ ပြောလိုက်သည့်အခါ ကံကောင်းပြီး အသက်ရှင်ကျန်ရစ်သည့် လူအားလုံးက စိတ်ပူပင်ကုန်ကြသည်။ သူတို့က မိုဝူကျိသည် စကြဝဠာ တာအိုစည်းမျည်းများအား ရုတ်တရက် ပြန်သိမ်းလိုက်မည်ကို စိုးရိမ်လာကြသည်။
ကံကောင်းစွာဖြင့် မိုဝူကျိက တာအိုစည်းမျည်းကို ပြန်မသိမ်းခဲ့ပေ
“ တာအိုရောင်းရင်းတို့ ကျုပ်ဆီမှာ လူသားကမ္ဘာလို့ ခေါ်တဲ့ ကမ္ဘာတစ်ခု ရှိတယ်။ စည်းမျည်းတွေက ပြီးပြည့်စုံတယ်လို့ ယူဆလို့ ရတယ်။ ကျုပ်က အားလုံးအတွက် ဒီကမ္ဘာကို ဖွင့်ပေးပါ့မယ် ”
“ ဝိဇ္ဇာမို ထာဝရ အသက်ရှည်ပါစေ … ”
“ ဝိဇ္ဇာမို ထာဝရ တည့်တံ့ပါစေ … ”
…………..
ကျင့်ကြံသူ သန်းပေါင်းများစွာက မိုဝူကျိသည် သူ့လူသားကမ္ဘာ ဖွင့်ပေးမည့်အကြောင်း ကြားသောအခါ ပျော်ရွှင်မှုဖြင့် အော်ဟစ်လိုက်ကြသည်။
ဤသည်မှာ မိုဝူကျိသာ သူ့ကမ္ဘာကို ပိတ်ထားဖို့ ရွေးချယ်ခဲ့လျှင်ပင် မိုဝူကျိအတွက် ဘာမှဖြစ်မည် မဟုတ်ပေ။ သို့သော်လည်း သူက သူတို့အတွက် ဖွင့်ပေးရန် ရွေးချယ်ခဲ့သည်။ ဆိုလိုသည်မှာ သူက သူတို့အားလုံး၏ အသက်ကို ကယ်တင်ပေးလိုခြင်း ဖြစ်ပေသည်။
“ ဝူကျိ …” လျန်ယင်ရှန်းက မိုဝူကျိသည် သူ့ကမ္ဘာကို ဖွင့်၍ လူအားလုံးကို ဝင်ခွင့်ပေးမည်ဟု ပြောသည်ကို ကြားလိုက်သောအခါ တအံ့တဩ ရေရွတ်လိုက်သည်။ သူမက မိုဝူကျိ ကမ္ဘာသည် မည်သို့ ကမ္ဘာမျိုး ဖြစ်ကြောင်း မသိပေ။ သူမက ကမ္ဘာဦးကမ္ဘာအပြင် လူများစွာကို ကယ်တင်ပေးနိုင်မည့် ကမ္ဘာ မရှိကြောင်း ပြောပြချင်မိသည်။
အကယ်၍ သူသာ လူများစွာကို ဝင်ခွင့်ပြုလိုက်ပါက ဤကမ္ဘာအား ပျက်စီးသွားစေနိုင်သည်။
မိုဝူကျိက လက်ဝေ့ပြကာ ဆက်ပြောလိုက်သည်
“ ကျုပ် ကမ္ဘာထဲ ဝင်မဲ့ ကျင့်ကြံသူတွေကို စေတနာကောင်းဖို့၊ ကိုယ်ကျိုးမငဲ့ဖို့ မတောင်းဆိုဘူး။ ဒါပေမဲ့ ချစ်တဲ့သူကို စတေးပစ်တာမျိုး၊ မိခင်နဲ့ကလေးအသက်ကို ပဓာန မထားတာမျိုးဆိုရင်တော့ ကျုပ်ကမ္ဘာထဲ ဝင်ခွင့်ရမှာ မဟုတ်ဘူး ”
“ ကျုပ်တို့ ဝိဇ္ဇာမိုရဲ့ စကားတွေကို လက်ခံပါတယ် ” လူများစွာက တစ်ပြိုင်နက် အော်ပြောလိုက်ကြသည်။
ရွှေရောင်လမ်းကြောင်းက တိတ်ဆိတ်သွားရုံသာမက အစီအစဉ်တကျ ဖြစ်လာသည်။
မိုဝူကျိက လက်ဝေ့လိုက်သည့်အခါ သူ့လူသားကမ္ဘာ၏ ဂိတ်တံခါးက ရွှေရောင်လမ်းကြောင်းရှေ့ ပေါ်လာ၏။
သူ့လူသားကမ္ဘာအတွင်း အရာများကို မည်သူမှ မမြင်နိုင်ခင် မိုဝူကျိက လက်ကို လွဲလိုက်သည်။ လူသားကမ္ဘာသည် နှစ်ပိုင်း ကွဲထွက်သွားလေ၏။ တစ်ဖက်မှာ သူ့ပစ္စည်းများ၊ ချိန်စုယင်၊ ချူယို့နှင့် ဟန်ချင်းရုတို့ ရှိပြီး နောက်တစ်ဖက်ကား ရွှေရောင်လမ်းကြောင်းနှင့် ဦးတည်ထားသည်။
လူသားကမ္ဘာ ပွင့်လာသည်နှင့် ကျင့်ကြံသူအားလုံးက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာကြသည်။ သူတို့က လူသားကမ္ဘာထဲ မဝင်ရသေးသော်လည်း ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခု ဖြစ်ကြောင်း ပြောနိုင်ကြပေသည်။ ဤကမ္ဘာက မိုဝူကျိ၏ ထိန်းချုပ်မှုအတွင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ မည်သူမှ ဂရုမစိုက်ကြပေ။ မည်သို့ပင်ဆိုစေကာမူ စကြဝဠာနှင့်အတူ ပျောက်ကွယ်သွားခြင်းထက် အသက်ရှင်ခြင်းက ပိုကောင်းသည် မဟုတ်ပါလော။
လူသားကမ္ဘာရှိ ကုန်းမြေက သူတို့အား စိတ်ဆန္ဒများနှင့် ပြည့်နှက်လာစေသည်။ ဤသည်က သူတို့ ဘေးကင်းကင်း နေထိုင်နိုင်မည့် နေရာလည်း ဖြစ်ပေသည်။
“ ဝူကျိ …” လျန်ယင်ရှန်းက မိုဝူကျိ၏ ကမ္ဘာအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်မိသည်။ သူမက ထိုကမ္ဘာသည် မည်သည့်ကမ္ဘာမျိုး ဖြစ်ကြောင်း သိလိုက်၏။ သူမကိုယ်တိုင်လည်း အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံပေရာ ချီသွေးကြောများကို ဖွင့်ထားလေ၏။ သူမက ဤသည်မှာ မိုဝူကျိ၏ ကိုယ်ပိုင်ကမ္ဘာဖြစ်ကြောင်း သိလိုက်သည်မှာ ပုံမှန်သာ ဖြစ်၏။
ထိုစဉ် သူမက ရှေးဟောင်းဝိဇ္ဇာတစ်ပါး ဖြစ်သော်လည်း သဘောထားကြီးမှုကား မိုဝူကျိနှင့် မယှဉ်နိုင်သေးကြောင်း ရုတ်ချည်း ခံစားမိလိုက်သည်။
“ အားလုံး အစီအစဉ်တကျ ကမ္ဘာထဲ ဝင်လို့ ရပြီ ” မိုဝူကျိက အသက်ပြင်းပြင်းရှုကာ ကျယ်ကျယ်လောင်လောင် ကြေညာပေးလိုက်သည်။
အားလုံးက လူသားကမ္ဘာအတွင်း စိတ်လှုပ်ရှားစွာ ဝင်ရောက်လိုက်ကြသည်။ သူတို့ ဝင်ရောက်သည့်အခါ ရပ်ကာ မိုဝူကျိအား ဦးညွှတ်သွားကြ၏။
ထိုစဉ် မိုဝူကျိက ဤစကြဝဠာအတွင်း တစ်စုံတစ်ခု ပေါ်လာကြောင်း ခံစားမိလိုက်သည်။ ဤအရာက သူ့လူသားကမ္ဘာအတွင်း အရှိန်ပြင်းပြင်း တိုးဝင်သွားလေ၏။ တချို့တဝက်က သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။
မိုဝူကျိက အံ့အားသင့်သွားလေ၏။ သူက ထိုအရာနှင့် ရင်းနှီးနေပေသည်။ ဤသည်မှာ ကံကြမ္မာ ဖြစ်၏။
အဆုံးမဲ့ ကံကြမ္မာက အင်မော်တယ်မှတင် မကပေ။ ပြိုကျပျက်စီးသွားသော ကမ္ဘာအားလုံး၏ ကံကြမ္မာ ဖြစ်၏။
ထိုစဉ် သူ့လူသားတာအိုက သိသိသာသာ မြင့်တက်လာသည်။ သူ့လူသားကမ္ဘာလည်း စတင် ကျယ်ပြန့်လာသည်။
လူသားကမ္ဘာသည် အဆုံးအစမဲ့ကာ ကျယ်ပြောလွန်းနေပြီးသား ဖြစ်၏။ ယခု အလွှာပုံစံအချို့ပင် စတင် ဖြစ်တည်လာသည်။ ထိုအလွှာများက ဆက်တိုက် ပုံပေါ်လာလေ၏။
“ ဒါက အစစ်အမှန်တာအိုပဲ ” မိုဝူကျိက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ့ခေါင်းအတွင်း အသိအမြင်အသစ် တစ်ခု ဖြစ်တည်လာသည်။
အစစ်အမှန် တာအိုက စကြဝဠာဆီမှ ရယူခြင်း မဟုတ်ဘဲ စကြဝဠာက ကိုယ့်တာအိုကို အသိအမှတ်ပြုလိုက်သည့်အခါတွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပေ၏။
***