← Chapters

အမှောင်ပျံလွှား

Vol. 63 Ch. 867

အမှောင်ပျံလွှား

Vol. 63 Ch. 867

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီး တစ်ယောက်တည်းသာလျှင် မျက်လုံးများပြူးသွားရသည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့ ဓမ္မစစ်သင်္ဘော နှစ်စင်းကို ထုတ်ယူကာ ဖောက်ခွဲပစ်လိုက်စဉ်ကတည်းက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အဆင့်တစ်တပ်ရင်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံးမှာ ဆွံ့အမှင်တက်သွားခဲ့ကြရသည် ဖြစ်သည်။ အထူးသဖြင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများမှာဆိုလျှင် မျက်ရည်များပင် ကျလာရသည့်အထိ စိတ်နှလုံးလှုပ်ရှားသွားရ၏။

အကယ်၍ သူတို့သာ ကယ်ဆယ်ရေးလုပ်ငန်းအား ဆောင်ရွက်နေရမည်ဆိုပါက သူတို့၏ အသက်ကိုသာ အဓိကထားနေမည် ဖြစ်သည်။ အခြားသူများကို ကယ်တင်နိုင်ရန် အသက်စွန့်ကာ ကြိုးစားနေကြမည်မဟုတ်ပေ။ သူတို့၏ ဓမ္မစစ်သင်္ဘောကြီးများကိုလည်း ဖောက်ခွဲပစ်ကြမည် မဟုတ်ပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ သူတို့မလုပ်မည့် အရာများကို လုပ်ပြခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ လုပ်ရပ်များကြောင့် သူတို့အားလုံးမှာ စိတ်နှလုံး လှုပ်ရှားသွားကြရတော့သည်။ အစတွင် အချို့မှာ ထို ဓမ္မစစ်သင်္ဘောကြီးများ၏ အားပျော့သော ပေါက်ကွဲမှုပြင်းအားများကြောင့် ၎င်းတို့အား လျစ်လျူရှုထားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းကာ နောက်ထပ် အစင်းလေးဆယ် ထပ်၍ ထုတ်ယူလိုက်သည် မဟုတ်ပါလော။ ထိုမြင်ကွင်းကြောင့် ဂိုဏ်းသားများအားလုံးမှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားခဲ့ရ၏။ ထို အခြင်းအရာအားလုံးမှာ လုံးဝ ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။

ဂိုဏ်းကြီးသုံးဂိုဏ်း အတူတကွ ပေါင်းစည်းလိုက်လျှင်တောင် အများဆုံး ဓမ္မစစ်သင်္ဘော အစင်းလေးဆယ်ဝန်းကျင်ခန့်သာ စုစည်းနိုင်မည် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အစင်းလေးဆယ်အား တစ်ပြိုင်နက်တည်း ထုတ်ယူခဲ့ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ၎င်းတို့အားလုံးကို ဖောက်ခွဲပစ်ခဲ့ခြင်း ဖြစ်၏။ ၎င်းတို့ဆီမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုပြင်းအားများမှာ သူတို့ထင်မှတ်ထားသလောက် ပြင်းထန်နေခြင်း မရှိပါသော်လည်း အတော်အသင့် အားကောင်းနေဆဲပင်.... မည်သို့ပင်ဆိုစေကာမူ မည်သူကမှ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ယုံကြည်နိုင်ကြမည်မဟုတ်ပေ။ သူတို့မှာ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် တွေးနေနိုင်ပေသည်။

သူတို့အားလုံး ထိုကဲ့သို့ တွေးနေကြစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ နောက်ထပ် ဓမ္မစစ်သင်္ဘော အစင်းနှစ်ရာခန့် ထပ်၍ ထုတ်ယူလိုက်ပြန်သည်။ ထိုအခိုက်အတန့်တွင် သူတို့အားလုံးမှာ ဇဝေဇဝါဖြစ်ကာ နားမလည်နိုင်လောက်အောင် ဖြစ်သွားကြတော့သည်။ အလျင်အမြန် သတိပြန်ကပ်လာခဲ့ပြီး တစ်ခုခုမှာ ထူးဆန်းနေကြောင်းနှင့် ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုအား ကြံစည်နေခြင်း ဖြစ်ရမည်ဖြစ်ကြောင်း ရိပ်မိသွားသည့် လူများပင်လျှင် ဆွံ့အသွားကြရ၏။ အဘယ်ကြောင့်ဆိုသော် ထို ဓမ္မစစ်သင်္ဘောကြီးများ၏ ပေါက်ကွဲမှုပြင်းအားများမှာ သူတို့မျှော်လင့်ထားသည့် ပမာဏထက် အတော်အသင့် နိမ့်ကျနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ဓမ္မစစ်သင်္ဘော အစင်းနှစ်ရာကျော်အား တစ်ပြိုင်နက်တည်း ထုတ်ယူပြခဲ့သည် မဟုတ်ပါလော။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို မည်သူမှ မကြုံဖူးသလို ကြားလည်း မကြားဖူးကြပေ။

သွေးရူးသွေးတန်းနှင့် နောက်သို့ ထွက်ပြေးနေသည့် ညာလက်ရုံး အကြီးအကဲကြီးထက် အများကြီးပို၍ ဆွံ့အမှင်တက်သွားရသည့်သူမှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီး ဖြစ်ပေသည်။ သူသည် မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်နေပြီး တစ်ခေါင်းလုံးထူပူသွားရ၏။ နောက်ဆုံးတွင် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ရှေ့သို့ပြေးထွက်လာပြီး လှမ်းအော်လိုက်တော့သည်။

" လုံနန်ကျစ်၊ တော်တော့... "

သို့သော် သူသည် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့ ထုတ်ယူခဲ့သည့် ဓမ္မစစ်သင်္ဘော အစင်းရေနှစ်ရာခန့်မှာ ညာလက်ရုံး အကြီးအကဲကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားပြီးနောက် ပေါက်ကွဲသွားတော့သည်။ ၎င်းတို့၏ ပေါက်ကွဲမှုပြင်းအားမှာ ဓမ္မစစ်သင်္ဘော အစင်းနှစ်ဆယ် စုပေါင်း၍ ထုတ်လွှတ်လိုက်သည့် တိုက်ကွက်တစ်ကွက်၏ ပြင်းအားနှင့် ညီမျှနေ၏။ သို့ဖြစ်ရာ ညာလက်ရုံး အကြီးအကဲကြီးမှာ ဂြိုဟ်အဆင့်တွင် ရှိနေသည့်တိုင်အောင် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာရဆဲပင်။ သူသည် မကျေနပ်ချက်များနှင့် ဒေါသမီးလျှံများ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် တိုက်ကွက်များ အဆက်မပြတ်ထုတ်လွှတ်ကာ ထိုပေါက်ကွဲမှု၏ ပြင်းအားကို လျှော့ချနိုင်ရန် ကြိုးစားရ၏။ တစ်ချိန်ထဲမှာပင် သူသည် ဒေါသတကြီးအော်ဟစ်ကာ နောက်သို့ ဆက်လက် ဆုတ်ခွာသွားနေဆဲပင်။

ညာလက်ရုံး အကြီးအကဲကြီး နောက်သို့ဆုတ်ခွာသွားစဉ် ခေါင်းဆောင်ကြီးမှာ အလျင်အမြန် ရောက်ရှိလာ၏။ သူသည် စိတ်ထဲတွင်မူ အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ သူသည် သူ နစ်နာကြေးပေးမည်ဟု ကတိပေးလိုက်ပြီးမှ ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ကူးများနှင့် မှန်းဆ၍ မရနိုင်လောက်အောင် များပြားသော ဓမ္မစစ်သင်္ဘောများအား ထုတ်ယူလိုက်သည့်အချက်အား တွေးမိလိုက်တိုင်း နှလုံးသားထဲ၌ ဒေါသမီးလျှံများ တောက်လောင်လာရ၏။ သို့သော် သူသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးဖြစ်နေဆဲပင်။ ထို့ကြောင့် ယခုတွင် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာပြီဖြစ်ရာ သူသည် သူ၏ ဒေါသများကို ချုပ်တည်းလိုက်ပြီးနောက် သူ၏ နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးကာ ညာလက်ရုံး အကြီးအကဲကြီးအား တိုက်ခိုက်လိုက်တော့သည်။

သူသည် တိုက်ပွဲကြီးအား အချိန်မဆွဲလိုသောကြောင့်နှင့် သူ၏ရန်သူအား သတ်ဖြတ်နိုင်ရန် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်နိုင်ရန် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် မရှိခဲ့သောကြောင့်သာ သူ၏ရန်သူအား လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ သို့သော် ယခုတွင် အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။

ထို့ကြောင့် သူ စတင်တိုက်ခိုက်လိုက်သဖြင့် စကြဝဠာကြီးထဲတွင် ထစ်ချုန်းသံများ မြည်ဟည်းကာ လျှပ်စီးများလက်လာပြီး လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။ ချောင်ပိတ်နေရပြီဖြစ်သည့် ညာလက်ရုံး အကြီးအကဲကြီးမှာမူ နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာရပြီး ဒဏ်ရာထပ်ရသွား၏။ သူသည် ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောက်နေရပြီဖြစ်သည်။ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကပင်လျှင် ယခုလိုမျိုး ဒဏ်ရာမရခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုကြောင့် ဤအခြေအနေအထိ ရောက်သွားခဲ့ရသည် မဟုတ်ပါလော။

" ငါ မင်းကို မရရအောင် သတ်မယ် " ညာလက်ရုံး အကြီးအကဲကြီးမှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်မိလိုက်သဖြင့် သူ၏ဒဏ်ရာများမှာ ပို၍ပင် ဆိုးလာရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် အမုန်းမီးများ တောက်လောင်နေ၏။ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးအား ရန်ငြိုးထားနေခြင်း မဟုတ်ဘဲ ဝမ်ပေါင်လဲ့အား မျက်မုန်းကျိုးနေခြင်း ဖြစ်ပေသည်။

" ခဗျားက ကျုပ်ကို သတ်ချင်တယ်ပေါ့ ဟုတ်လား။ စမ်းကြည့်လိုက်လေ " ဝမ်ပေါင်လဲ့မှာ သူ၏စကားကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မကျေမနပ် ဖြစ်သွားရသည်။ ထို့ကြောင့် သူသည် သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ သူ၏ ညာဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ထို့နောက် သူသည် ၎င်းအား ဝှေ့ယမ်းလိုက်သဖြင့်... စစ်မြေပြင်ကြီးတစ်ခုလုံးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားရတော့သည်။

ခဏအကြာတွင် ဓမ္မစစ်သင်္ဘော အစင်းရေခုနစ်ရာကျော် ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး စကြဝဠာကြီးထဲ၌ ပြည့်နှက်သွား၏။ ထို အံ့သြမှင်တက်ဖွယ်ရာ မြင်ကွင်းကြီးကြောင့် စစ်မြေပြင်ကြီး တစ်ခုလုံးမှာ ဆူညံပွက်လော ရိုက်သွားရတော့သည်။

ထွက်ပြေးဆုတ်ခွာနေကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာလည်း ဆွံ့အသွားရ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများမှာလည်း ထိုနည်းတူပင်။ ဝန်ကြီးချုပ်နှင့် နတ်သမီးလင်ယို အပါအဝင် ကျင့်ကြံသူများအားလုံးမှာ ကြက်သေသေနေကြရပြီ ဖြစ်သည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများမှာလည်း မလှုပ်မယှက်ရပ်ကာ မျက်လုံးပြူးကြီးများဖြင့် ငေးကြည့်နေကြ၏...

ဓမ္မစစ်သင်္ဘော အစင်းရေ ခုနစ်ရာကျော် ပေါ်ပေါက်လာသည့် မြင်ကွင်းကြောင့် လူတိုင်းမှာ ဆွံ့အမှင်တက်သွားကြရတော့သည်။

" ဒီ... ဒီ စစ်သင်္ဘောကြီးတွေကို စောစောတုန်းက စစ်သင်္ဘောကြီးတွေ‌နဲ့ ပေါင်းလိုက်မယ်ဆိုရင် အစင်းရေ တစ်ထောင်နီးပါးလောက်အထိ ရှိနေတာမလား "

" ဒါ ရန်သူတွေဘက်က စီစဉ်ထားတဲ့ ပုံရိပ်ယောင်ပညာရပ်တစ်ခုပဲ ဖြစ်ရမယ် "

" အဲတာ တကယ်ပဲ ဓမ္မစစ်သင်္ဘောကြီးလား "

စစ်မြေပြင်ကြီးတစ်ခုလုံးမှာ တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားရပြီ ဖြစ်သည်။ ညာလက်ရုံး အကြီးအကဲကြီးမှာမူ ဦးရေခွံများ ထုံကျဉ်လာပြီး တစ်ခေါင်းလုံး ထူပူသွားရ၏။ သူသည် မိုးကြိုးအချက်ရေ တစ်သိန်းတိတိ အပစ်ခံလိုက်ရသကဲ့သို့ပင်။ သူ၏ စိတ်ကူးထဲတွင်ပင် ယခုကဲ့သို့သော အဓိပ္ပါယ် လုံးဝမရှိသည့် ဖြစ်ရပ်မျိုးကြီးအား တွေးမိနိုင်မည် မဟုတ်ပေ...

လက်ရှိတွင် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခုသာရှိတော့၏။ ၎င်းမှာ... ထွက်ပြေးရန်ဖြစ်ပေသည်။

သူသည် ထို ဓမ္မစစ်သင်္ဘော တစ်စင်းချင်းစီတိုင်းမှာ အစွမ်းမထက်ပါသော်လည်း လက်ရှိ သူ ဒဏ်ရာရထားသည့် အနေအထားမျိုးနှင့်ဆိုလျှင် ပေါ့ဆမိလိုက်ပါက ဓမ္မစစ်သင်္ဘော အစင်းရေခုနစ်ရာကျော်၏ ပေါက်ကွဲမှုကြောင့် ဇီဝိန်ချုပ်သွားနိုင်သည်ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ထားသည်။ ထို့အပြင် သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့်လည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ညာလက်ရုံး အကြီးအကဲကြီးမှာ တိုက်ပွဲထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အသက်အန္တရာယ်နှင့် ကြုံလိုက်ရပြီဟု ခံစားလိုက်ရတော့သည်။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် ကျန်ရှိနေသေးသည့် ဂိုဏ်းသားများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကိုထုတ်သုံးကာ နောက်သို့ ထွက်ပြေးသွားတော့သည်။

" ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာမူ သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် အော်ပြောလိုက်၏။ သူသည် ညာလက်ရုံး အကြီးအကဲကြီးထက် အဆပေါင်းများစွာပို၍ တုန်လှုပ်ချောက်ချားနေရသည့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးကြောင့်သာမဟုတ်ပါက သူ၏နောက်သို့ ပြေးလိုက်သွားလောက်ပြီ ဖြစ်သည်။ ထိုခေါင်းဆောင်ကြီးမှာ အလွန်အင်မတန်မှ စိတ်ဓာတ်မာသည်ဟု ဆိုရပေမည်။ ထိုသို့သာမဟုတ်ပါက သူသည် မျက်ရည်လည်ရွဲနှင့် ချုံးပွဲချငိုကြွေးနေလောက်ပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့ တိုက်ခိုက်ရန်ပြင်လိုက်စဉ်မှာပင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ အော်ဟစ်ကာ သူ့အား တားဆီးလိုက်၏။

" လုံနန်ကျစ်။ ကျေးဇူးပြုပြီးတော့ ဆက်မလိုက်ပါနဲ့တော့။ တပ်ရင်းခေါင်းဆောင်ကြီးတွေအားလုံး... လုံ... လုံနန်ကျစ်ကို ကာကွယ်ပေးထားကြစမ်း " ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့ အမိန့်ထုတ်ပြန်လိုက်ပြီးနောက် အရှိန်ကုန်မြှင့်တင်ကာ ညာလက်ရုံး အကြီးအကဲကြီး၏‌ နောက်သို့ ပြေးလိုက်သွားတော့သည်။ သူသည် တစ်စက္ကန့်မျှ နောက်ကျသွားပါက ဝမ်ပေါင်လဲ့ သူ၏ ဓမ္မစစ်သင်္ဘောကြီးများအား ဖောက်ခွဲပစ်မည်ကို စိုးရိမ်နေခြင်းဖြစ်၏... ထိုသို့သာဆိုပါက သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း တစ်ဂိုဏ်းလုံးအား ရောင်းချပြီးလျှင်တောင် ဝမ်ပေါင်လဲ့အား နစ်နာကြေးအပြည့်အဝ ပြန်ပေးနိုင်တော့မည်မဟုတ်ပေ။

" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက ဘယ်လိုကောင်မျိုးကို စစ်ကူပို့လိုက်လဲကွာ။ သူက ငါ့ကို ဒုက္ခပေးဖို့ ကြံနေတာလား " ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲရင်း ထပ်၍ အရှိန်မြှင့်တင်လိုက်ပြန်သည်။ သူသည် ဝမ်ပေါင်လဲ့ ထို အကြီးအကဲကြီးအား လုံးဝ လိုက်မဖမ်းနိုင်ရန် သူတို့နှစ်ယောက်၏ ကြားသို့ ရောက်ရှိသွားသည့်အထိ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားလိုက်၏။

ထိုအချိန်တွင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာ သတိပြန်ကပ်သွားကြပြီဖြစ်ရာ ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်၌ ချက်ချင်းဆိုသလိုပင် ဝန်းရံလိုက်ကြ၏။ အပေါ်ယံတွင် သူတို့မှာ သူ့အား ကာကွယ်ပေးနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်ကာ အသားများ တဆတ်ဆတ် တုန်ရီနေကြရပြီ ဖြစ်သည်။ ‌ဤ တိုက်ပွဲကြီးမှာ အလွန်အင်မတန်မှ ပြင်းထန်လွန်းနေသည် မဟုတ်ပါလော။ သူတို့ဘက်မှ အမှားတစ်ခုလုပ်မိလိုက်ရုံနှင့် သူတို့၏ ဂိုဏ်းမှာ ကုန်းကောက်စရာ မရှိလောက်အောင် မွဲပြာကျသွားနိုင်ပေသည်။

" တာအိုရောင်းရင်း လုံနန်ကျစ်။ ကျေဇူးပြုပြီး စိတ်အေးအေးထားပါ။ တာအိုရောင်းရင်းရဲ့ အကူအညီအတွက် ကျွန်တော် တကယ့်ကို ကျေးဇူးတင်ပါတယ် "

" တာအိုရောင်းရင်းက တကယ်ကို အစွမ်းထက်လှပါပေတယ်။ ညာလက်ရုံး အကြီးအကဲကြီးက ခွေးတစ်ကောင်လို အမြီးကုပ်ပြီး ထွက်ပြေးသွားရတာပါ။ ကျွန်တော်တို့တွေ အောက်ကျနောက်ကျခံပြီး သူ့ကို လိုက်ဖမ်းနေစရာမလိုပါဘူး "

" ဟုတ်ပါတယ်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းအတွက် တာအိုရောင်းရင်း လုံနန်ကျစ် ပေးခဲ့တဲ့ အကူအညီတွေကြောင့် ကျွန်တော်တို့တွေ တာအိုရောင်းရင်းကို ထာဝရ ကျေးဇူးကြွေး တင်နေတော့မှာပါ "

ဝမ်ပေါင်လဲ့မှာမူ သူ၏ ဘေးပတ်ပတ်လည်မှ လူများ၏ စကားများကို နားထောင်ရင်း အနည်းငယ်ခန့် စိတ်ဓာတ်ကျသွားရပြီး နောင်တရသွားရ၏။ ထို့နောက် သူသည် အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့နှစ်ယောက် သူ၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် လူအုပ်ကြီးတစ်ခုလုံး၏ တောင်းဆိုမှုများကြောင့် သူ၏ ဓမ္မစစ်သင်္ဘောကြီးများအား စိတ်မပါလက်မပါနှင့် ပြန်လည် သိမ်းဆည်းလိုက်၏။

" ကပ်စေးနှဲလိုက်ကြတာကွာ။ ဓမ္မစစ်သင်္ဘော နည်းနည်းလောက်လေးကို။ ဘာလို့ အခုလို ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ။ ငါက အကူအညီပေးဖို့ ရောက်လာတာပါ။ ပြီးတော့ ငါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းကို တိုက်ထုတ်နိုင်ဖို့လည်း ကူညီပေးခဲ့တာလေ။ ငါ သူတို့အတွက် အများကြီး ပေးဆပ်ထားတာကို " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူ၏ ပတ်ပတ်လည်ရှိ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာမူ ဝမ်ပေါင်လဲ့ သူ၏ ဓမ္မစစ်သင်္ဘောများကို သိမ်းဆည်းလိုက်ပြီး ညာလက်ရုံး အကြီးအကဲကြီး အဝေးသို့ ထွက်ပြေးပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါမှသာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ သူတို့ထဲမှ အချို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ကြပြီးနောက် ထွက်ခွာသွားကြ၏။ တိုက်ပွဲကြီးမှာ ဆက်ဖြစ်နေသေးသည် မဟုတ်ပါလော။ သို့သော်လည်း မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသား အများစုမှာ ထွက်ပြေးဆုတ်ခွာသွားကြပြီ ဖြစ်သည်။ သူတို့မှာ ဦးဆောင်ပေးမည့် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် မရှိတော့သောကြောင့် တိုက်ခိုက်လိုစိတ်များအားလုံး ပျောက်ကွယ်သွားရပြီ ဖြစ်သည်။ သို့ဖြစ်ရာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း တန်ပြန်ထိုးစစ်ဆင်နိုင်မည့် အကောင်းဆုံးအချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

စစ်မြေပြင်ကြီးမှာ သတ်ကွင်းတစ်ခုကဲ့သို့ ဖြစ်သွား၏။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ တပ်ဖွဲ့များမှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေကြရင်း ဒဏ်ရာများရကာ အမြောက်အမြား သတ်ဖြတ်ချေမှုန်းခံလိုက်ရသည်။

ဝမ်ပေါင်လဲ့မှာမူ သက်ပြင်းချလိုက်ပြီး အဝေးသို့ထွက်ပြေးသွားသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးအား မေ့ပျောက်ထားလိုက်တော့သည်။ ခဏအကြာတွင် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး မျက်လုံးများမှေးကာ စစ်မြေပြင်ပေါ်ရှိ ထွက်ပြေးဆုတ်ခွာသွားနေကြသော မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ဤအခွင့်အရေးအား အသုံးချကာ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်အား လေ့ကျင့်ရန် သင့်မသင့် စဉ်းစားတွေးတောနေတော့သည်။ ထိုအချိန်တွင် သူ၏ မျက်ဝန်းများမှာ အရောင်ပြောင်းလဲသွား၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ‌နောက်သို့ ချာခနဲလှည့်သွားပြီး စစ်မြေပြင်ကြီး၏ အစွန်အဖျားပိုင်းနားရှိ နေရာတစ်ခုအား လှမ်း၍ စိုက်ကြည့်နေလိုက်တော့သည်။

ထိုနေရာတွင် ဒဏ်ရာများရထားသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသား ဆယ်ယောက်‌ကျော်မှာ သွေးရူးသွေးတန်းနှင့် နောက်သို့ ထွက်ပြေးဆုတ်ခွာသွား နေကြသည်။ သူတို့၏ ပတ်ပတ်လည်တွင်မူ သူတို့အား လိုက်လံဖမ်းဆီးနေကြသည့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများ ရှိနေကြ၏။

ထို မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများထဲတွင် ရှိနေသည့် ဝိညာဉ်စွမ်းအင် အမျှင်အတန်းတစ်ခုမှာ အားပျော့နေသည့်တိုင်အောင်... ဝမ်ပေါင်လဲ့မှာ ၎င်းအား အလွန်အင်မတန်မှ ရင်းနှီးနေသကဲ့သို့ ခံစားနေရ၏။

၎င်းမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိသေးပါသော်လည်း ဝမ်ပေါင်လဲ့၏ ဝိညာဉ်စွမ်းအင်များနှင့် ဆင်တူနေသည်။ ၎င်းမှာ... သူ ကမ္ဘာဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းက သူ၏ မိတ်ဆွေများ အမှောင်ပျံလွှား စစ်ဆင်ရေးထဲ၌ လိုက်ပါမသွားခင် သူတို့အား ပေးအပ်ခဲ့သည့် သူ၏ နတ်ဘုရားစိတ်ဆန္ဒ ဖြစ်ပေသည်။

All Chapters