ဒီကောင်မလေးက ဘယ်ဆိုးလို့လဲ
Vol. 63 Ch. 868
ထိုစဉ်တုန်းက သူသည် သူ၏ မိတ်ဆွေများ တာဝန်ထမ်းဆောင်နေကြစဉ် အခြားသူများ သူ့ကိုယ်ပွား၏ နတ်ဘုရားစိတ်ဆန္ဒများကို သတိထားမိသွားပြီး သူတို့အား အန္တရာယ်ပြုမည်ကို စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူသည် ၎င်းတို့နှင့် အဆက်အသွယ် ဖြစ်တောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အခြားသူများမှာ ၎င်းတို့အား အလွယ်တကူ ရှာတွေ့နိုင်ကြတော့မည် မဟုတ်ပေ။
ထိုသို့ ဖြတ်တောက်လိုက်ရခြင်း၏ အားနည်းချက်မှာမူ ထို နတ်ဘုရားစိတ်ဆန္ဒများမှာ အရင်းအမြစ် မရှိတော့သည့် ရေများကဲ့သို့ ဖြစ်သွားခြင်းပင်။ သို့ဖြစ်ရာ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်နှင့်အတူ လိုက်၍ ပြောင်းလဲနေတော့မည်မဟုတ်ပေ။ ထို့ကြောင့်လည်း ၎င်းမှာ ဝိညာဉ်ကြားခံနယ်အဆင့်၌သာ ရှိနေသေးခြင်း ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ အာရုံခံမိလိုက်သည့် အရာကြောင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ထို နတ်ဘုရားစိတ်ဆန္ဒ အငွေ့အသက် ထွက်ပေါ်လာသည့် အရပ်မျက်နှာဘက်သို့ ပြေးသွားလိုက်တော့သည်။
" ဘယ်သူများ ဖြစ်နေမလဲ။ ကျောက်ယမုန့်လား၊ လင်းတျန်ဟောက်လား၊ လီဝူချန်းလား၊ လျှိုတောက်ပင်းလား။ ဒါမှမဟုတ် ကျင့်သိုမင်များလား "
ဝမ်ပေါင်လဲ့ ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာမလာခင်တုန်းက ပြည်ထောင်စုကြီးမှာ အမှောင်ပျံလွှားဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ခုအား တိတ်တဆိတ် ဆောင်ရွက်ခဲ့၏။ ထို စစ်ဆင်ရေးမှာ ထိပ်တန်းဆင့် လျှို့ဝှက်ချက်တစ်ခုဖြစ်ရာ လူအနည်းငယ်ခန့်သာ သိထားကြသည်။ ပြည်ထောင်စုကြီးထဲတွင် ဝမ်ပေါင်လဲ့မှာ ရာထူးအဆင့်အတန်း မြင့်မားနေသည်ဖြစ်ရာ ထိုအကြောင်းအား သိရှိထားသည်မှာ မထူးဆန်းပေ။
သူသည် ကမ္ဘာဂြိုဟ်ပေါ်ရှိ နေရာပေါင်း မြောက်မြားစွာ၌ ဖြစ်ပွားခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပျောက်ကွယ်မှုများအကြောင်း မှတ်တမ်းတင်ထားသော လျှို့ဝှက် စာရွက်စာတမ်းများကို မှတ်မိနေဆဲပင်။
ဥပမာပြရလျှင် လင်းတျန်ဟောက်၏ ဖခင်ဖြစ်သူ ကောင်းကင်မြို့တော်၏ မြို့တော်သခင်မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိ သားရဲစစ်ပွဲ မစခင်တုန်းက ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ဖူးသည်။ သူသည် ပြန်လည်ပေါ်ပေါက်လာပြီးနောက် ယခင်တုန်းကထက် အများကြီးပို၍ အစွမ်းထက်လာခဲ့ပြီး လူအများမှာလည်း သူသည် အနာဂတ်တွင် အလားအလာရှိသည့် လူတစ်ယောက်အဖြစ်သို့ ရောက်လာလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြ၏။
ထိုကဲ့သို့သော လူများ အမြောက်အမြား ရှိကြပေသည်။ ဝမ်ပေါင်လဲ့ ယခင်တုန်းက ဆုံခဲ့ဖူးသည့် ကျိုးရိရှန်မှာလည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုကြီးမှာ ရှဲ့ဟေးရန်သည်လည်း ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ကြောင်း အထင်လွဲနေခဲ့၏။ သို့သော် မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုကြီးမှာ ထိုကဲ့သို့သော ကိစ္စရပ်မျိုးအပေါ် အာရုံအပြည့်စိုက်ထားရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာ ပြည်ထောင်စုကြီးထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီးနောက် ဗုဒ္ဓဟူးဂြိုဟ်၏ ကြယ်တာရာရင်းမြစ်များကို ခိုးယူသွားခဲ့ရုံသာမက အမည်မသိ ပိုးမွှားတစ်မျိုးကိုအသုံးပြုကာ ၎င်းအား ဝါးမျိုပစ်ခဲ့သည် မဟုတ်ပါလော။
ထိုအခြင်းအရာများကြောင့် ပြည်ထောင်စုကြီးမှာ သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေရ၏။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်နှင့် ပေါင်းစည်းခဲ့ပြီးနောက် ပို၍အစွမ်းထက်လာခဲ့သလို ဘေးပတ်ပတ်လည်ရှိ ကြယ်အဖွဲ့အစည်းများထဲမှ လူမှုအဖွဲ့အစည်းများ၏ အကြောင်းကိုလည်း စတင်သိရှိလာတော့သည်။ ထို့ကြောင့်လည်း နောက်ဆုံးတွင် သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်၏ အကူအညီများနှင့်အတူ အမှောင်ပျံလွှားစစ်ဆင်ရေးအား စတင်ခဲ့ခြင်းဖြစ်၏။
သူတို့မှာ ယုံကြည်စိတ်ချရသည့် ပြည်ထောင်စုဂိုဏ်းသား အမြောက်အမြားကို လူများအား ပျောက်ကွယ်သွားအောင် လုပ်နိုင်သည့် နေရာများဆီသို့ စေလွှတ်ခဲ့၏။ အချို့ကိုမူ ပြည်ထောင်စုကြီး၏ အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ပေးခဲ့သည်။ သူတို့မှာ ပြင်ပကမ္ဘာထဲတွင် အခွင့်အရေးများ ရှာဖွေနိုင်မည်ဖြစ်သလို ပြည်ထောင်စုကြီး၏ ပတ်ပတ်လည်ရှိ အခြားလူမှုအဖွဲ့အစည်းများကိုလည်း ထောက်လှမ်းရမည်ဖြစ်သည်။ ထို့နောက် သူတို့မှာ ထို လူမှုအဖွဲ့အစည်းများထဲ၌ ပုန်းကွယ်ကာ သူလျှိုများအဖြစ် တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သည်။
ပုံမှန်အတိုင်းသာဆိုလျှင် ပြည်ထောင်စုကြီး၏ အစွမ်းအစနှင့် ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေခဲ့မည်ဖြစ်သည်။ သို့သော် သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ဆီမှ အကူအညီများ ရရှိခဲ့သောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့၏။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ မတော်တဆမှုများပေါ်ပေါက်လာမည် စိုးသောကြောင့် ထိုစဉ်တုန်းက ပြည်ထောင်စုကြီးထဲရှိ အစွမ်းအထက်ဆုံးကျင့်ကြံသူ အနေနှင့် ကိုယ်ပွားအချို့ ဖန်တီးကာ ၎င်းတို့အား သူ၏မိတ်ဆွေများဆီသို့ ပေးအပ်ခဲ့သည်။
သို့သော် သူသည် သူ ထိုကဲ့သို့ ပေးထားခဲ့သည့် နတ်ဘုရားစိတ်ဆန္ဒအား မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့၏ စစ်မြေပြင်ကြီးထဲ၌ အာရုံခံမိသွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ စိုးရိမ်တကြီး ဖြစ်သွားရသလို စိတ်ပူသွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ပိုင်ဆိုင်ထားနိုင်သည့် လူနှစ်မျိုးနှစ်စား ရှိနေကြောင်း ဝမ်ပေါင်လဲ့က သိထားသောကြောင့်ပင်။
ပထမတစ်မျိုးမှာ သူ ထို နတ်ဘုရားစိတ်ဆန္ဒများကို ပေးအပ်ခဲ့သည့် သူ၏ မိတ်ဆွေများဖြစ်ပြီး... ဒုတိယတစ်မျိုးမှာမူ သူ၏ မိတ်ဆွေများကို သတ်ဖြတ်ခဲ့ပြီး ထို နတ်ဘုရားစိတ်ဆန္ဒအား ခိုးယူခဲ့သည့် လူများ ဖြစ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကာ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်ပြီး သူ ထို နတ်ဘုရားစိတ်ဆန္ဒအား အာရုံခံမိခဲ့သည့် နေရာသို့ လျှပ်စီးတန်းတစ်ခု၏ အမြန်နှုန်းဖြင့် တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားလိုက်တော့သည်။
သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒနှင့် အဝေးကြီးတွင် ရှိမနေသည့်အပြင် ကျင့်ကြံခြင်းအဆင့် မြင့်မားနေပြီလည်းဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ လူရိပ်မှာ နောက်သို့ အဆက်မပြတ် ထွက်ပြေးဆုတ်ခွာသွားနေကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ၏ ရှေ့တွင် ပေါ်ပေါက်လာတော့သည်။
သူ၏ ပေါ်ပေါက်လာမှုကြောင့် နှစ်ဘက်စလုံးမှ ကျင့်ကြံသူများမှာ နှလုံးသားများ တဆတ်ဆတ် တုန်ရီသွားရ၏။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ ထိုကဲ့သို့ဖြစ်သွားရသည်မှာ မထူးဆန်းပေ။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများမှာမူ သူ ဓမ္မစစ်သင်္ဘောပေါင်း မြောက်မြားစွာအား ထုတ်ပြခဲ့သည်ကို မြင်ခဲ့ရသည်ဖြစ်ရာ သူသည် တမူထူးခြားသည့် ရာထူးအဆင့်အတန်း တစ်ခုခုကို ပိုင်ဆိုင်ထားရမည်ဟု တွေးနေကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ့အား ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ဟုပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ ရနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ သူ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားကြရတော့သည်။
" လူကြီးမင်း လုံနန်ကျစ် "
" မင်္ဂလာ လူကြီးမင်း "
ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများ အားလုံးမှာ သူ့အား ဂါဝရပြုရန် ရှေ့သို့ ပြေးထွက်လာကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် အလွန်အင်မတန်မှ စိုးရိမ်တုန်လှုပ်နေသည့်ပုံ ပေါက်နေသော မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသား ဆယ်ယောက်ကျော်အား အကဲခတ်ကြည့်ရှုလိုက်သည်။
သူတို့မှာ သေဆုံးကြရတော့မည်ဖြစ်ကြောင်း သိရှိထားသည့်ပုံပင်။ သူတို့မှာ အကယ်၍ ဝမ်ပေါင်လဲ့သာ ရောက်ရှိလာခြင်းမရှိပါက ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခုခု ရှိနေဦးမည်ဟု တွက်ထားခဲ့ကြ၏။ သို့သော် ယခုတွင်မူ သူတို့မှာ ကြံရာမရ ဖြစ်သွားကြရပြီး နာကြည်းမှုအပြည့်ဖြင့် ဟန်ဆောင်ရယ်မောနေကြတော့သည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားရ၏။ သူတို့မှာ အလွန်အင်တန်မှကြီးမားသော စစ်မြေပြင်ကြီးထဲ၌ အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိနေသေးသည့်တိုင်အောင် အလွန်အင်မတန်မှ အစွမ်းထက်လှသည့် လုံနန်ကျစ်ဆိုသည့် ကျင့်ကြံသူကြီး ယခုလို သူတို့ဆီသို့ ရောက်လာရသည့် အကြောင်းအရင်းကို သိချင်နေကြတော့သည်။
ထိုနေရာတွင် ရှိနေကြသည့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးလူမှာ... ယွမ်ယင်အဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။
ထိုသို့ဖြင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများ ဝမ်ပေါင်လဲ့အား ဂါဝရပြုနေကြပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ ကြံရာမရ ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ထိုလူအုပ်ကြီး တစ်ခုလုံးအား အလျင်အမြန် အကဲခတ်ကြည့်ရှုလိုက်၏။ နောက်ဆုံးတွင် သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများထဲမှ အမျိုးသမီးတစ်ယောက်အား သတိထားမိသွားတော့သည်။
ထိုအမျိုးသမီး၏ ရုပ်ရည်မှာ ကြည့်ပျော်ရှုပျော်ရှိပြီး သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာလည်း မဆိုးလှသည့် အနေအထားတွင် ရှိပေသည်။ သို့ဖြစ်ရာ သူမသည် မှုန်နေအောင် ချောမောလှပနေခြင်း မရှိသည့်တိုင်အောင် အတော်အသင့် ဆွဲဆောင်မှုရှိနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီး၏ ခန္ဓာကိုယ်ကိုယ်ပေါ်၌ သူ၏ နတ်ဘုရားစိတ်ဆန္ဒ အငွေ့အသက်များကို အာရုံခံမိနေ၏။ ထို အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားပျော့နေသောကြောင့် အခြားသူများမှာ ၎င်းအား အလွယ်တကူ အာရုံခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ အမှန်အတိုင်းဆိုရလျှင် ဂြိုဟ်အဆင့် ကျင့်ကြံသူများပင်လျှင် အနီးကပ်ကြည့်ရှုစစ်ဆေးခြင်း မရှိပါက ၎င်းအား ရှာတွေ့မည်မဟုတ်ပေ။
ထို နတ်ဘုရားစိတ်ဆန္ဒနှင့် ဝမ်ပေါင်လဲ့၏ ကြားမှ အချိတ်အဆက်မှာ ပြတ်တောက်နေပြီမဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းအား ဓမ္မရတနာတစ်ခုဟုပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ အမှုမဲ့အမှတ်မဲ့နှင့် ၎င်းအား အာရုံခံမိခဲ့ခြင်းမရှိပါက သူသည်လည်း ၎င်းအား သတိထားမိခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ယခုတွင် သူသည် သေချာသွားအောင် ၎င်းအား ထပ်ခါတစ်လဲလဲ အာရုံခံကြည့်လိုက်၏။ သို့သော် သူသည် ထိုအမျိုးသမီးအား လုံးဝမမြင်ဖူးသောကြောင့် သူမအား အသေးစိတ် ကြည့်ရှုစစ်ဆေးပြီးမှသာ ဖြစ်ကြောင်းကုန်စင်ကို သိရှိနိုင်မည် ဖြစ်သည်။ သို့သော် လက်ရှိတွင်မူ ထိုသို့ ဆောင်ရွက်ရန် မသင့်တော်သေးပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ ထိုစဉ်တွင် သူစိုက်ကြည့်နေသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူမှာမူ မျက်နှာတစ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်ဝန်းများထဲတွင် ဝမ်းနည်းစိတ်များနှင့် မျှော်လင့်ချက်ကင်းမဲ့နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူမသည် ဝမ်ပေါင်လဲ့၏ အကြည့်အား သတိထားမိလိုက်သောအခါ မည်သည့်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်လိမ့်မည်မဟုတ်ဟု ခံစားလိုက်ရ၏။
ထိုသို့ဖြင့် နှစ်ဘက်စလုံးမှ ကျင့်ကြံသူများ စိုးရိမ်တကြီး ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ အားပါပါ လှမ်းဆွဲလိုက်သဖြင့် စွမ်းအင်လှိုင်းကြီးတစ်မျိုး ထွက်ပေါ်လာပြီး ထို အမျိုးသမီးအား လွှမ်းခြုံသွားတော့သည်။ သူသည် သူမအား ရုန်းကန်ခွင့်ပင် မပေးဘဲ ဆွဲခေါ်သွားလိုက်၏။ သို့သော် သူသည် သူမအား သူ၏ သိုလှောင်အိတ်ထဲသို့ ချက်ချင်း ထည့်သွင်းလိုက်ခြင်းမရှိဘဲ ထို သိုလှောင်အိတ်ထဲရှိ သူ၏ ဓမ္မစစ်သင်္ဘောကြီးထဲ၌သာ အရင်ဆုံး ပိတ်လှောင်ထားလိုက်သည်။ သို့မှသာ ထိုအမျိုးသမီးမှာ သူ၏ သိုလှောင်အိတ်ထဲ၌ ရှိနေစဉ် မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရမည်မဟုတ်ပေ။
ထို့နောက် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။ သူသည် နှစ်ဘက်စလုံးမှ ကျင့်ကြံသူများ ဇဝေဇဝါ ဖြစ်နေကြသည်ကို သတိထားမိလိုက်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ ရုတ်တရက်ဆိုသလို ရောက်ရှိလာရသည့် အကြောင်းအရင်းနှင့် သူ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်အား ဖမ်းဆီးသွားရသည့် အကြောင်းရင်းတို့ကို နားမလည်နိုင်လောက်အောင် ဖြစ်နေကြ၏။
ဝမ်ပေါင်လဲ့မှာမူ ချောင်းဟန့်လိုက်၏။ သူသည် သူ၏ လုပ်ရပ်များကို ရှင်းပြနေစရာ အကြောင်းမရှိပါသော်လည်း ထို အမျိုးသမီးမှာ သူ၏ မိတ်ဆွေတစ်ယောက် ဖြစ်နေနိုင်သည်ဖြစ်ရာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။
" ဒီ ကောင်မလေးက ဘယ်ဆိုးလို့လဲကွ။ ငါသူ့ကို ကျင့်ကြံခြင်းလုပ်ငန်းစဉ်ထဲမှာ သုံးဖို့ ခေါ်သွားမယ်။ တခြားလူတွေကိုတော့... သတ်ပစ်လိုက်တော့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ထွက်ခွာသွား၏။ သူ ထွက်ခွာသွားသောအခါ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများမှာ အထူးတဆန်းဖြစ်နေကြသည့် အမူအရာများဖြင့် ထပ်၍ တိုက်ခိုက်လိုက်ကြတော့သည်။ ထို့ကြောင့် ပြင်းထန်သောတိုက်ပွဲကြီးတစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး ခဏအကြာတွင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ သေဆုံးသွားကြ၏။
ယခုတွင် တိုက်ပွဲကြီးတစ်ခုလုံးမှာ ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာ အစွမ်းကုန်ကြိုးစားကာ ထွက်ပြေးဆုတ်ခွာသွားခဲ့ကြသောကြောင့် အသေအပျောက်များ ရှိသည့်တိုင်အောင် ကျင့်ကြံသူတစ်ဝက်ကျော်မှာ စစ်မြေပြင်ထဲမှ အောင်မြင်စွာ ထွက်ပြေးဆုတ်ခွာသွားနိုင်ခဲ့၏။ ထို့အပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ လက်ချက်ဖြင့် အထိနာသွားခဲ့ရသည်ဖြစ်ရာ သူတို့၏ ကျူးကျော်စစ်ကြီးမှာလည်း တစ်ခဏမျှ ရပ်တန့်သွားရ၏။
သို့သော် စစ်ပွဲကြီးမှာ ယခုမှ စတင်သွားခဲ့ခြင်း ဖြစ်ပေသည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ အလျင်အမြန် ပြန်လည်ရောက်ရှိလာသည်။ သူသည် ညာလက်ရုံး အကြီးအကဲကြီးအား ဘာမှ မလုပ်နိုင်ခဲ့ဘဲ သူ့အား တစ်ခဏမျှ လိုက်လံဖမ်းဆီးခဲ့ပြီးနောက် လက်လျှော့ရန် ဆုံးဖြတ်ခဲ့၏။ သူသည် ပြန်လည် ရောက်ရှိလာပြီးနောက် ဝမ်ပေါင်လဲ့နှင့် မတွေ့ဘဲ ရှောင်တိမ်းနေရန် ဆုံးဖြတ်ထားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းအား ကယ်တင်ပေးခဲ့သည်ဖြစ်ရာ သူ့အား အလေးပေးဆက်ဆံရန် လိုအပ်နေပြီ မဟုတ်ပါလော။
ထို့အပြင် အဆင့်တစ်စစ်တပ်နှင့် ဝန်ကြီးချုပ်တို့မှာလည်း ဝမ်ပေါင်လဲ့အား သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြ၏။ အရေးအကြီးဆုံး အချက်မှာမူ သူသည် ပြန်ရောက်လာပြီးနောက် အချုပ်အနှောင်များကိုဖယ်ရှားကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား ချက်ချင်း လှမ်း၍ ဆက်သွယ်ခဲ့သဖြင့် သူ့ဆီမှ ဝမ်ပေါင်လဲ့၏ အစွမ်းအစများအကြောင်းကို သိရှိခဲ့ရခြင်းပင်။ သို့ဖြစ်ရာ သူသည် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားခဲ့ရ၏။ ထို့ကြောင့်လည်း သူသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေရသည့်တိုင်အောင် ဟန်ဆောင်ပြုံးကာ ကျေးဇူးတင်စကားဆိုလိုက်ရဆဲပင်။
" တာအိုရောင်းရင်း လုံနန်ကျစ်။ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ " ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဟန်ဆောင်ပြုံးကာ တရိုတသေ ဆိုလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာလည်း ပြုံးဖြဲဖြဲနှင့် ပြန်ပြောလိုက်၏။
" ဟားဟား။ ကျွန်တော်တို့က မဟာမိတ်တွေလေဗျာ။ ခေါင်းဆောင်ကြီးက ယဉ်ကျေးလွန်းနေပါပြီ။ ဒါနဲ့... ခေါင်းဆောင်ကြီး ကျွန်တော့်ရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေအတွက် နစ်နာကြေး ပြန်ပေးမှာမလား။ အဲဒီ ဓမ္မစစ်သင်္ဘော အစင်းနှစ်ရာကျော်ကို... ကျွန်တော်က ခြစ်ကုတ်စုဆောင်းပြီးတော့ တည်ဆောက်ထားရတာဗျ "
ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ပို၍ပင် စိတ်ကသိကအောက် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့မဲ့ ဖြစ်သွားရ၏။ သို့သော် သူသည် စိတ်ထဲတွင်မူ သူ့ကို အမြတ်ထုတ်ခဲ့သည့် ဝမ်ပေါင်လဲ့အား ကျိန်ဆဲနေမိတော့သည်။