ဓားဆန္ဒများ
Vol. 16 Ch. 215
ထိုမိစ္ဆာများ လမ်းကြောင်းမှ ထွက်လာလျှင် တိမ်မြုံကမ်းပါးမှာရှိသော ကျင့်ကြံသူများအားလုံး ဝါးမြိုခံရပေလိမ့်မည်။
“လီရှီးရှီး… ငါ ရွှေအမြုတေကိုဖောက်ခွဲပြီး အခွင့်ရေးတစ်ခု ဖန်တီးပေးမယ်။ မင်းရဲ့စွမ်းအားနဲ့ ဓားပျံစီးနင်းပြီးတော့ စီနီယာအစ်ကိုကြီးဟန်ကို ဒီနေရာကနေ ခေါ်ထုတ်သွားတော့”
စွန်းမူက ဖိနှိပ်ခံထားရသော တိမ်မြုံကမ်းပါး၏ သောင်းချီသည့် ကျင့်ကြံသူများကို တစ်ချက် ကြည့်သည်။ ထို့နောက် ခပ်အုပ်အုပ်အသံဖြင့် ပြောသည်။
“ဒီမကောင်းဆိုးဝါးမိစ္ဆာတွေက မင်းနောက်ကို ခဏလောက်တော့ လိုက်လာမှာမဟုတ်ဘူး”
လီသုံးက ခေါင်းညိတ်ပြီး လက်ထဲတွင် ရှိသောဓားကို ညင်သာစွာ မြှောက်လိုက်သည်။
တိမ်မြုံကမ်းပါး၏ သန်းချီနေသော ကျင့်ကြံသူများကို ငါးစာအဖြစ်အသုံးချ၍ သူတို့က လက်ရွေးစင်မျိုးဆက်သစ်များကို ကာကွယ်ပြီး ထွက်သွားစေရမည်။
နေရာတိုင်းတွင် သွေးများရှိနေသည်။ ထိုမကောင်းဆိုးဝါးမိစ္ဆာများသည် ထွက်ပြေးသွားသောလူများကို စိတ်မဝင်စားကြပါ။
ထိုသို့ ညွှန်ကြားသောသူသည် စွန်းမူတစ်ယောက်တည်း မဟုတ်ပေ။ လော့ရှောင်ယွီ၏ ရှေ့တွင်လည်း ဖုန်းလင်ဂိုဏ်း၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် မတ်တပ်ရပ်နေသည်။
သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ထိုလူများက မည်သူ့ကိုလက်လွှတ်ပြီး မည်သူ့ကို စတေးရမည်ဖြစ်ကြောင်း နားလည်ထားကြသည်။
စွန်းမူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့ထွက်သွားသည်။
သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်အလင်းများ ပေါ်ထွက်လာသောအချိန်တွင် ဟန်မူယဲ့က လက်မြှောက်ပြီး သူ့ပခုံးကို ဖိထားလိုက်သည်။
“ကျုပ် လုပ်မယ်”
ဟန်မူယဲ့၏ ခန္ဓာကိုယ်မှ ဓားအလင်းများ ကြွတက်လာသည်။
သူက ထွက်ပြေးလွတ်မြောက်ရန် ယုံကြည်ချက် ရှိသည်။
သို့ပေမဲ့ ယနေ့တွင် သူထွက်သွားပါက သူ့စိတ်နှလုံးမှာ ငြိမ်းချမ်းနိုင်တော့မည် မဟုတ်ပေ။
တိမ်မြုံကမ်းပါးတွင် ကျင့်ကြံသူပေါင်း တစ်သန်းနီးပါးရှိသည်။
လုချန်းဖျင်၊ ကျန်းဟန်၊ ကျောက်ယိုကျစ်၊ စုန့်တစ်ဆယ်၊ ဟယ်ရွှမ်ချီနှင့် သူ ရင်းနှီးသော မရေမတွက်နိုင်သည့် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ကျင့်ကြံသူများ ရှိသည်။
သူ့တွင် တိုက်ခိုက်နိုင်သောခွန်အားမရှိလျှင် နောက်လှည့်ပြီး ထွက်ပြေးပေလိမ့်မည်။ အနာဂတ်မှာ သူ့ကျင့်ကြံဆင့် မြင့်မားလာလျှင် အားလုံးအတွက် လက်စားချေပေးရန်အတွက် ထိုမိစ္ဆာများကို သတ်ဖြတ်ပေမည်။
သို့ပေမဲ့ ယခုအချိန်မှာတော့ သူ ထွက်မသွားချင်ပေ။
သူ့စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားရှိသည်။
သူ့ချီပင်လယ်ထဲတွင် ဓားဆန္ဒ ၅၁ခု ရှိသည်။
သူ့ဒန်ထျန်ထဲတွင် ဓားဆန္ဒတစ်ခုနှင့် အင်မော်တယ်အဆင့်ဆေးလုံး ၁၇လုံး ရှိသည်။
‘ငါက တိုက်တောင်မတိုက်ရသေးဘဲ ထွက်မသွားနိုင်ဘူး’
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ဓားအလင်းကို စုစည်းလိုက်သည်။
ခြေတစ်လှမ်းမျှဖြင့် အင်မော်တယ်အဆင့် ဆေးလုံး ၁၇လုံးမှာ ပေါက်ကွဲသွားသည်။
ရုတ်ချည်း ပေါက်ကွဲထွက်လာသော သဘာဝစွမ်းအင်များသည် ဟန်မူယဲ့ကို လွှမ်းခြုံထားသော တိမ်တိုက်တစ်ခုအလား ဖြစ်လာ၏။
ကံကြမ္မာဓားနှင့် ခရမ်းမီးတောက်ဓားတို့ သွယ်ယှက်သွားသည်။ ဓားဆန္ဒနှစ်ခုသည် တိုက်ရိုက်ပေါင်းစပ်သွားပြီး မီးလောင်ပြင်ဓားသိုင်းအဖြစ် ပြောင်းလဲသွားသည်။
မီးနဂါးတစ်ကောင်သည် ဟိန်းဟောက်လျက် ထွက်ပေါ်လာပြီး မိစ္ဆာ၏ ရင်ဘတ်ကို ဝင်ရောက်တိုက်ခိုက်သည်။
ယခင်က ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲ ကောင်းချန်ကုန်းတို့သည် ဓားတစ်လက်ဖြင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာရလုနီးပါး ဖြစ်စေခဲ့သည်။ ထိုလူသည် ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင် ကျန်းချန် ဖြစ်သည်။
ယနေ့တွင် ဟန်မူယဲ့၏ ဒန်ထျန်ထဲတွင် မသေမျိုးအဆင့် ဆေးလုံး၁၇လုံးသည် ပေါက်ကွဲသွားပြီး သဘာဝစွမ်းအင်တို့မှာ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျင့်ကြံသူနှစ်ယောက်ထက် လျော့နည်းခြင်း မရှိတော့ပေ။
သူ့ဓား ထွက်ပေါ်လာသောအခါတွင် မီးနဂါး၏စွမ်းအားသည် မကောင်းဆိုးဝါးနတ်ဆိုးကို တိုက်ရိုက်တွန်းထုတ်လိုက်ပြီး အာကာသလမ်းကြောင်းထဲသို့ ကျသွားစေသည်။
မိစ္ဆာက ဟိန်းဟောက်လိုက်ပြီး ပြေးထွက်လာတော့မည့်အချိန်မှာ ဟန်မူယဲ့က ပျံသန်းလိုက်ပြီး အာကာသလမ်းကြောင်းထဲသို့ တိုးဝင်သွားသည်။
“သူ… သူက မကောင်းဆိုးဝါးမိစ္ဆာနဲ့ အတူတူသေချင်နေတာလား”
လော့ရှောင်ယွီ၏ အမူအရာမှာ ရှုပ်ထွေးနေပြီး တီးတိုးရေရွတ်သည်။
“သူက စစ်မှန်တဲ့ ဓားကျင့်ကြံသူပဲ....”
ကလင်…
ဓားအော်သံတစ်ချက် နှင့်အတူ အနက်ရောင်ဓားကို ကိုင်ထားသောလီသုံးသည်လည်း အာကာသလမ်းကြောင်းထဲသို့ ပျံသန်းသွားသည်။
အဝေးတွင် မကောင်းဆိုးဝါးမိစ္ဆာမှာ အာကာသလမ်းကြောင်းထဲသို့ ပြန်ရောက်သွားသောကြောင့် ကောင်းကင်မိစ္ဆာအော်သံ၏ စိတ်ဖိနှိပ်ခြင်းစွမ်းရည်သည်လည်း ပျောက်ကွယ်သွားသည်။ မရေမတွက်နိုင်လောက်သော အဆင့်နိမ့်ကျင့်ကြံသူများအားလုံးမှာ မတ်တပ်ရပ်လာနိုင်ကြ၏။
တစ်စုံတစ်ယောက်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းနောက်လှည့်ကာ ထွက်ပြေးသွားသည်။
ဓမ္မလက်နက်ကို ကိုင်ထားသော တစ်စုံတစ်ယောက်သည်ကား အာကာသလမ်းကြောင်းဆီသို့ ပြေးဝင်လာသည်။
“မရီးကိုခေါ်ပြီး ထွက်သွားတော့”
လက်တစ်ဖက်သာ ရှိသောကျောက်ယိုကျစ်က တိုးညင်းစွာ ပြောသည်။
“အစ်ကိုဟွမ်ဟာ မိစ္ဆာကြီးကိုသတ်ပြီး မိစ္ဆာအဖြစ်ပြောင်းသွားတာကြောင့် ထွက်သွားခဲ့ရတယ်။ ငါတို့က မိန်းကလေးလုကို ထိခိုက်စေလို့မဖြစ်ဘူး”
လုချန်းဖျင်၏ ဘေးမှာရပ်နေသော ကျင့်ကြံသူများက ခေါင်းညိတ်ကြသည်။
လုချန်းဖျင်၏ အမူအရာမှာ ရှုပ်ထွေးနေသည်။ သူမက လက်သီးကို တင်းတင်းဆုပ်ထားပြီး ငြင်းပယ်ခြင်းမပြုပေ။
“ငါ စီနီယာအစ်ကိုဟန်ကို သွားကူညီလိုက်မယ်”
ကျောက်ယိုကျစ်၏ မျက်လုံးများက တောက်ပလာပြီး လက်ထဲမှ ဓားကျိုးကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။
“ဒါက သေဆုံးခြင်းလေးပဲ မဟုတ်လား”
သူက ပြောပြီးသည်နှင့် မှိန်ဖျော့နေသော အာကာသလမ်းကြောင်းဆီသို့ ပြေးဝင်သွား၏။
အဝေးတစ်နေရာရှိ တောင်ပေါ်တွင် အဖြူအနက် ရောနေသော အမျိုးသားသိုင်းပညာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး၏ မျက်လုံးများ တောက်ပသွားသည်။
သူမက အာကာသလမ်းကြောင်းထဲသို့ ပြေးဝင်သွားသောကျင့်ကြံသူများကို ကြည့်ပြီး ပြုံးလိုက်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေက အတော်လေး ရဲရင့်ကြမယ်လို့ မထင်ထားဘူး။ သူလည်း ဓားကျင့်ကြံသူတစ်ယောက်ပဲ ထင်တယ်”
သူမက စကားပြောလိုက်ပြီး ဓားအိမ်ထဲတွင် ရှိနေသော အနက်ရောင်ဓားကို ကိုင်လျက် ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူမ၏ပုံရိပ်သည် ပေထောင်ချီအကွာကို ဖြတ်သန်းသွားပြီး အာကာသလမ်းကြောင်းမှ ထွက်ပေါ်လာသော အလင်းတန်းဆီသို့ ရောက်သွားသည်။
“တာဝန်ကြောင့်သာမဟုတ်ရင် ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်သွားပြီး အပြင်လောကကို တကယ်ကြည့်ချင်မိတယ်”
အမျိုးသမီးကျင့်ကြံသူက တီးတိုးရေရွတ်လိုက်ပြီး အာကာသလမ်းကြောင်းထဲသို့ ဆင်းသက်လိုက်သည်။
ဘုန်း ....
အထဲသို့ရောက်သွားသောအခါတွင် ကျယ်လောင်လှသောတိုက်ပွဲသံကို ကြားလိုက်ရသည်။
လမ်းကြောင်း၏ ရှေ့တွင် ရွှေအလင်းများဖြင့် ပြည့်နေသည်။ ချိပ်ပိတ်ထားသော လမ်းကြောင်းထဲတွင် ဓားအလင်းများသည် မျက်စိကျိန်းလောက်အောင် စူးရှနေ၏။
“အံ့ဖွယ်နေမင်းပညာရပ်လား”
အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့၏ ကိုယ်ပေါ်မှာစုစည်းနေသော ဓားအလင်းကို ကြည့်ကာ ရေရွတ်သည်။
“အဲဒီတော့ သူဟာ အမတ်ချုပ်ကြီးပြောတဲ့လူပေါ့”
ဘုန်း ....
ဓားအလင်းသည် မိစ္ဆာအလင်းနှင့် ရင်ဆိုင်ပြီး ပြိုကွဲသွားသည်။ ဓားဆန္ဒသည် စွမ်းအား ကုန်သွားပြီဖြစ်သည်။
“မင်းမှာ ဓားဆန္ဒတွေ ဘယ်လောက်များများကျန်သေးလဲ ကြည့်ရအောင်”
မိစ္ဆာက ဟိန်းဟောက်လိုက်ပြီး မီးတောက်များ စွဲနေသောဓားမော့ရှည်ဖြင့် ဟန်မူယဲ့၏ ခေါင်းကို ခုတ်ချသည်။
ဝှစ် ....
ဟန်မူယဲ့၏ ခေါင်းပေါ်တွင် ဓားအလင်းတစ်ခု ထပ်မံပေါ်ထွက်လာပြီး ဓားမော့ရှည်ဖြင့် ထိတွေ့သည်။
ဟန်မူယဲ့ နောက်ဆုတ် မသွားပေ။ မကောင်းဆိုးဝါးမိစ္ဆာသည်သာ နောက်ဆုတ်လိုက်ရပြီး နောက်မှာရှိနေသော အနက်ရောင်ချပ်ဝတ်မိစ္ဆာနှင့် ဝင်တိုက်သည်။
ဂါး ....
“ငါသာ ဒီနေရာမှာ နှစ်တစ်သောင်းလောက် ဖိနှိပ်မခံရရင် ဓားဆန္ဒလေးတစ်ခုကြောင့် နောက်ဆုတ်သွားရမှာမဟုတ်ဘူး”
မကောင်းဆိုးဝါးမိစ္ဆာက ဟိန်းဟောက်လိုက်ပြီး ဘေးမှာရှိနေသော အနက်ရောင်ချပ်ဝတ်မိစ္ဆာကို ဆွဲယူလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို လက်ဖြင့် ချေမွလိုက်ပြီး အနက်မိစ္ဆာချီများကို သူ့ခန္ဓာကိုယ်၌ စုစည်းလိုက်သည်။
ဟန်မူယဲ့က လက်မြောက်လိုက်သည်။ ကံကြမ္မာဓားနှင့် ခရမ်းမီးတောက်ဓားတို့ ပေါင်းစပ်သွားပြီး နောက်ထပ်ဓားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်မိစ္ဆာများမှာ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ချက်ချင်းပြာဖြစ်သွားသည်။
အံ့ဖွယ်နေမင်းပညာရပ်သည် မိစ္ဆာများအားဖိနှိပ်ရန် ဖန်တီးထားကြောင်း ဟန်မူယဲ့သည် ယခင်ကတည်းက သတိထားမိသည်။
“ငရဲကို သွားလိုက်တော့ ....”
ဒေါသထွက်နေသောမိစ္ဆာက လက်မြှောက်လိုက်သည်။ သူ့လက်ထဲတွင် ရှိနေသော မိစ္ဆာရတနာဓားမော့သည် လှံအဖြစ်ပြောင်းသွားသည်။
မိစ္ဆာကြီးက လှံကိုကိုင်ထားပြီး အဆုံးမရှိသောမိစ္ဆာချီများကို ဟန်မူယဲ့ဆီသို့ တွန်းပို့လိုက်သည်။
အာကာသလမ်းကြောင်းမှာ ပိတ်ခါနီးဖြစ်ရာ ဤမိစ္ဆာသည် အပြင်သို့မထွက်နိုင်လျှင် နောက်တစ်ကြိမ် ပိတ်လှောင်ခံရမည်။
ချိပ်ပိတ်ခံထားရသည်မှာ နှစ်တစ်သောင်းကြာပြီ ဖြစ်ရာ မိစ္ဆာကြီးသည် သည်းခံနိုင်စွမ်းအားတို့ ကုန်ဆုံးနေပြီ ဖြစ်သည်။
ဟူး…
ဟန်မူယဲ့က လက်မြောက်လိုက်လျှင် ဓားဆန္ဒဖြင့် ပြည့်နှက်နေသော ဓားအရိပ်တစ်ခု ပေါ်ထွက်လာသည်။
သူ့ဓားနှစ်လက်သည် ဓားအလင်းကို စေညွှန်လျှက် ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ဖြင့် မိစ္ဆာကို တွန်းထုတ်လိုက်သည်။
ထိုနည်းစနစ်သည် ကောင်းကင်ဘုံအဆင့်များဖြင့်ပင် ယှဉ်နိုင်သည်။
မကောင်းဆိုးဝါးမိစ္ဆာ ပြန်လှည့်မလာနိုင်ခင်တွင် ဟန်မူယဲ့က လက်မြှောက်ပြီး ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို ထပ်မံထုတ်ဖော်လိုက်သည်။
ဓားအလင်းသည် မျက်စိကျိန်းမတတ် တောက်ပနေပြီး အားကောင်းလှသည်။
ဘုန်း ....
မိစ္ဆာမှာ နောက်ဆုတ်သွားရပြန်သည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူက ရေရွတ်သည်။
“အဲဒါက ရှစ်ခုမြောက်ဓားဆန္ဒလား… ကိုးခုမြောက်ဓားဆန္ဒလား…”
“ဘုန်း ....”
နောက်ထပ် နည်းစနစ်တစ်ခု။
“ဆယ်ကြိမ်…”
“ဆယ့်တစ်ကြိမ်…”
အာကာသလမ်းကြောင်းထဲသို့ ပြေးဝင်လာကြသော လီသုံး၊ ကျောက်ယိုကျစ်နှင့် တခြားလူများသည် အသေခံတိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့ပေမဲ့ သူတို့က မျက်လုံးပြူးသွားပြီး ဟန်မူယဲ့၏ ဓားနှစ်လက်ခုတ်ပိုင်းခြင်းကိုသာ ကြည့်နေရသည်။
‘ကောင်းလိုက်တဲ့ဓားသိုင်း… ကောင်းလိုက်တဲ့ကျွမ်းကျင်မှု…’
သူတို့အားလုံး မှင်တက်နေကြသည်။
အင်မော်တယ်အဆင့်ဆေးလုံးများနှင့် ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်တို့ ပေါင်းစပ်ပြီး ပေါ်ထွက်လာသော ဓားဆန္ဒစွမ်းအားကို မိစ္ဆာကြီးမှာ မခုခံနိုင်ပေ။
မိစ္ဆာတစ်ကောင်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့် တိုက်ခိုက်နိုင်စွမ်းရှိသည်။ မိစ္ဆာလက်နက်ဖြင့်ဆိုပါက ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးဦးကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်၏။
သို့ပေမဲ့ ဤလမ်းကြောင်းထဲတွင် ဟန်မူယဲ့၏ အင်မော်တယ်အဆင့်ဆေးလုံးများမှ ထွက်ပေါ်လာသောသဘာဝစွမ်းအား၊ ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ဖြင့် ပေါင်းစပ်ထားသော ဓားဆန္ဒတို့ကြောင့် မိစ္ဆာများမှာ နောက်သို့သာ ဆုတ်သွားရသည်။
သူတို့အားလုံး တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရသည်။
ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်၏ အောက်တွင် နောက်မဆုတ်ဘဲ မနေနိုင်ပါ။
“ရူးတာပဲ… ဒါက လုံးဝ ရူးတာပဲ… နင့်မှာ ဓားဆန္ဒတွေ အများကြီး စုစည်းထားတာ နင့်အသက်က အရမ်းရှည်တယ် ထင်နေလား”
အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူအမျိုးသမီးက ဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
သို့ပေမဲ့ သူမ၏ မျက်လုံးထဲတွင် ရှိသောအလင်းများက ပိုမိုသိသာလာသည်။
“မင်းမှာ နောက်ထပ်ဓားဆန္ဒတွေရှိမယ်လို့ ငါမယုံဘူး”
မိစ္ဆာက ဟိန်းဟောက်လိုက်သည်။
ဘုန်း ....
ဓားအလင်းတစ်ခု ထပ်မံကျဆင်းလာသည်။
“မင်းမှာ နောက်ထပ်ဓားဆန္ဒတွေ မရှိနိုင်တော့ဘူး”
မိစ္ဆာ၏အသံက အက်ကွဲနေသည်။
ဘုန်း ....
နောက်ထပ် ဓားတစ်ချက် ထွက်ပေါ်လာသည်။
“မင်းမှာ သေချာပေါက်မရှိတော့ ....”
ဘုန်း ....
ဘုန်း ....
ဘုန်း ....
၂၉ကြိမ် သို့မဟုတ် အကြိမ် ၃၀မြောက် ဓားအလင်း ဖြစ်နိုင်သည်။
မိစ္ဆာမှာ တုန်ခါသွားပြီး နောက်တွင် ရှိနေသောအလင်းလွှာနှင့် တိုက်မိသွားသည်။ အလင်းလွှာသည် မိစ္ဆာကို လွှမ်းခြုံလိုက်သည်။
ထို့နောက် မိစ္ဆာ၏ ခန္ဓာကိုယ်ကို ပြန်လည်ဆွဲယူနေသည်။