အံ့ဖွယ်နေမင်း ခေါင်းဆောင်များ၏ အစွမ်း
Vol. 16 Ch. 216
မိစ္ဆာက အော်ဟစ်လျက် ရုန်းကန်နေပြီး လှံကို ဆွဲကိုင်ကာ အပြင်သို့ ပြေးထွက်လိုနေသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်လျှင် ခမ်းနားလှသော ဓားအလင်းတစ်ခု ကျဆင်းလာသည်။ ဓားအလင်းသည် မိစ္ဆာ၏လက်ကို ဖြတ်တောက်လိုက်ပြီး မိစ္ဆာလက်နက်နှင့်အတူ အောက်သို့ ပြုတ်ကျသွားသည်။
မိစ္ဆာက နာကျင်စွာ အော်ဟစ်လိုက်သည်။ မိစ္ဆာသည် အဆုံးမရှိသော မလိုလားခြင်း၊ မကျေနပ်ခြင်း၊ အမုန်းတရားများဖြင့် ပြည့်နေသည်။ မိစ္ဆာ၏ ပုံရိပ်သည် ရွှေရောင်အလင်းထဲသို့ ဆွဲသွင်းခံလိုက်ရပြီး လမ်းကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
ဟန်မူယဲ့က လက်ပြတ်နှင့် မိစ္ဆာလက်နက်ကို သိုလှောင်လက်စွပ်ထဲသို့ ဆွဲယူလိုက်သည်။
သူ့ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်မိစ္ဆာများက ပြေးဝင်လာပြီး မိစ္ဆာလက်နက်ကို လုယူရန် ကြိုးစားကြ၏။
ထိုရတနာမျိုးက မိစ္ဆာမျိုးနွယ်စုအတွက် အလွန်တန်ဖိုးကြီးသည်။
ကလင်…
ဓားမြည်သံနှင့်အတူ ကျောက်ယိုကျစ်က ဓားကျိုးကိုလှုပ်ရှားလျက် အနက်ရောင် ချပ်ဝတ်မိစ္ဆာနှစ်ကောင်ကို ပိုင်းဖြတ်လိုက်သည်။
တစ်ဖက်မှာ လီသုံး၏ဓားက ဖျတ်ခနဲလှုပ်ရှားသွားသည်။ သူမကလည်း အနက်ရောင် ချပ်ဝတ်မိစ္ဆာနှစ်ကောင်ကို ဓားဖြင့် တစ်ခါတည်း ထိုးချလိုက်သည်။
သူတို့နှစ်ယောက်သည် ဓားအလင်းများနှင့်အတူ လှုပ်ရှားနေပြီး ဟန်မူယဲ့၏ ပတ်ဝန်းကျင်ကို ရှင်းလင်းပေးကြသည်။
“ကောင်းလိုက်တဲ့ ဓားသိုင်း…”
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးကျင့်ကြံသူက ရှေ့သို့လျှောက်လာပြီး ဟန်မူယဲ့၏ ပတ်ဝန်းကျင်မှာရှိသော ဓားအလင်းများကို အံ့အားသင့်စွာ ကြည့်သည်။
“သွားကြစို့… ဒီနေရာက ပိတ်သွားတော့မှာ။ ငါတို့ အခုထွက်မသွားရင် ပြန်သွားနိုင်မှာမဟုတ်ဘူး”
အနက်ရောင်ဝတ်အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့ကိုကြည့်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူမက လက်မြှောက်လိုက်ပြီး ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်၏။
ဝှစ် ....
ဓားအလင်းသည် ဖျတ်ခနဲပေါ်လာပြီး ပျောက်ကွယ်သွားသည်။
ဘုန်း ....
ရာချီသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများ ပေါက်ကွဲသွားကြသည်။
‘သူမက ရာချီတဲ့အနက်ရောင်ချပ်ဝတ်မိစ္ဆာတွေကို ဓားတစ်ချက်နဲ့သတ်လိုက်တာလား…’
‘ကြောက်စရာဓားသိုင်းပဲ…’
ဟန်မူယဲ့က မျက်တောင်ပင့်ပြီး အမျိုးသမီးကျင့်ကြံသူ၏ လက်ထဲတွင်ရှိသော ဓားကို ကြည့်လိုက်သည်။
အံ့ဖွယ်နေမင်းဓား…။
အမျိုးသမီးကျင့်ကြံသူသည် တစ်ဘက်သို့ လှည့်ထွက်သွားသည်။ ဟန်မူယဲ့က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ချီပင်လယ်ထဲမှာ ကျန်နေသော ဓားဆန္ဒ ၁၉ခုကို ဖြည်းဖြည်းချင်း ပြန်သိမ်းသည်။
သူ့ဒန်ထျန်ထဲတွင် ရှိနေသော ဓားဆေးလုံးသုံးလုံးသည် လျင်မြန်စွာလှည့်ပတ်လိုက်ပြီး ဆူပွက်နေသော သဘာဝစွမ်းအင်များကို ဖိနှိပ်သည်။ ထို့နောက် သူက အမျိုးသမီးကျင့်ကြံသူနောက်သို့ လိုက်သွားသည်။
ကျန်သောလူများက ဟန်မူယဲ့ကို ကာကွယ်ပေးထားပြီး မှိန်ဖျော့နေသော သဘာဝစွမ်းအင်အလင်းအတွင်းရှိ အာကာသလမ်းကြောင်းထဲမှ တစ်ဟုန်ထိုး ပြေးထွက်ကြသည်။
သူတို့ အပြင်သို့ရောက်လာသောအခါတွင် ဒါဇင်နှင့်ချီသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများ လိုက်ပါလာသည်ကို တွေ့ရ၏။
အာကာသလမ်းကြောင်းမှာကား လုံးဝ လွင့်ပျယ်သွားပြီး အလင်းတန်းမှာ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
ဒါဇင်နှင့်ချီသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများမှာ မျက်နှာသေကြီးများဖြင့် နေရာမှာတင်ရပ်နေပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သန်းချီနေသောကျင့်ကြံသူများကို ကြည့်လိုက်ကြသည်။
မိစ္ဆာများလည်း ကြောက်တတ်ပေသည်။
ဟန်မူယဲ့က ထိုအနက်ရောင်ချပ်ဝတ်မိစ္ဆာများကို သတ်ရန် စိတ်မဝင်စားတော့ပါ။
သူသည် တိမ်မြုံကမ်းပါး၏ ချောက်ကမ်းပါးသို့ အနက်ရောင်ဝတ် အမျိုးသမီးကျင့်ကြံသူနောက်မှ လိုက်သွားသည်။
ဟန်မူယဲ့သည် ချောက်ကမ်းပါးပေါ်တွင် ရပ်ကာ အနက်ရောင်ချပ်ဝတ်မိစ္ဆာများဆီသို့ စုပြုံဝင်သွားသော မရေမတွက်နိုင်လောက်သည့်ကျင့်ကြံသူများကို ပြုံးလျက် ကြည့်သည်။
ထိုသာမန်ကျင့်ကြံသူများသည် အကြိမ်ပေါင်းများစွာ သေဆုံးလုနီးပါးဖြစ်ခဲ့ကြောင်း နားမလည်ကြပါ။
ကောင်းကင်ဘုံအဆင့် မိစ္ဆာငါးယောက်က ထူးစွန်းရှစ်ကို ဝိုင်းတိုက်ခဲ့သောအချိန်တွင် ဟန်မူယဲ့၏ ဝိညာဉ်လိပ်ပြာဓားက ထူစွန်းရှစ်ကို ကူညီ၍ မိစ္ဆာများကို သတ်ပေးခဲ့သောကြောင့် တိမ်မြုံကမ်းပါးမှာ ကျရှုံးမသွားခြင်းဖြစ်သည်။
အကယ်၍ ဟွမ်လောင်လျှိုသည်သာ ဝိညာဉ်သူငယ်တတိယအဆင့်မိစ္ဆာကို မသတ်ခဲ့ဘဲ ထူစွန်းရှစ်က ရှုံးနိမ့်ခြင်း သို့မဟုတ် သေဆုံးခြင်းကို ကြုံတွေ့ခဲ့ရလျှင် တိမ်မြုံကမ်းပါးတွင် ကျင့်ကြံသူများ၏သွေးသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပေလိမ့်မည်။
အာကာသလမ်းကြောင်းထဲမှ မိစ္ဆာထွက်လာသောအခါတွင် အော်သံတစ်ချက်မျှဖြင့် မိုင်တစ်ရာပတ်လည်ကို ဖိနှိပ်ခဲ့သည်။
ကမ်းပါး၏အောက်ခြေမှာ စိတ်အားထက်သန်နေသော ကျင့်ကြံသူများသည် အာကာသလမ်းကြောင်းထဲတွင် မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်မိစ္ဆာများ ရှိနေကြောင်း မသိခဲ့ပေ။
အကယ်၍ စွမ်းအားကြီးမိစ္ဆာတစ်ကောင်သာ အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို ဦးဆောင်၍ ထွက်လာနိုင်လျှင် တောင်ပေါ်တွင် ရှိသောကျင့်ကြံသူများအားလုံး မိစ္ဆာများ၏အစာ ဖြစ်သွားလိမ့်မည်။
တစ်ခါတစ်ရံမှာ မသိခြင်းက ကောင်းချီးတစ်ခုဖြစ်၏။
“အံ့ဖွယ်နေမင်းကိုယ်ရံတော်ရဲ့တာဝန်က ကျင့်ကြံသူနဲ့ သေမျိုးတွေ လွတ်လွတ်လပ်လပ်နေနိုင်အောင် အံ့ဖွယ်ကောင်းကင်ကမ္ဘာကို ကာကွယ်ဖို့ပဲ”
အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးကျင့်ကြံသူက တိုးတိုးလေးပြောသည်။
အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“ဟန်မူယဲ့… နင်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားထိန်းလား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“အမတ်ချုပ်ကြီးရဲ့အမိန့်နဲ့ ငါ ဓားစံအိမ်သို့ ရောက်ခဲ့သေးတယ်”
အမျိုးသမီးကျင့်ကြံသူ၏ စကားများကြောင့် ဟန်မူယဲ့ ကြောင်အသွားသည်။
အံ့ဖွယ်နေမင်းဓားထဲသို့ ဓားချီများ စီးဝင်သွားသောအခါတွင် ဖြစ်ပေါ်ခဲ့သော ပုံရိပ်အား သူ အမှတ်ရလာသည်။
အမတ်ချုပ်ကြီးက ဓားစံအိမ်သို့ လူလွှတ်လိမ့်မည်ဟု သူမထင်ခဲ့ပေ။
“အံ့ဖွယ်နေမင်းနည်းစနစ်ကို လေ့ကျင့်ပြီးသွားရင် နင်က အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေရဲ့ ယာယီခေါင်းဆောင်ဖြစ်ဖို့ အဆင့်မှီတယ်”
အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ထူးမခြားနားစွာ ပြောသည်။
“နင့်ရဲ့ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်နိုင်စွမ်းက ယာယီခေါင်းဆောင်သုံးရာထဲမှာ အဆင့်၂၅၀လောက် ရှိလိမ့်မယ်”
အမျိုးသမီးကျင့်ကြံသူ ပြောလိုက်သော အဆင့်သတ်မှတ်ချက်တွင် ဓားတစ်သောင်းတို့ အိမ်အပြန်နှင့် ဓားဆန္ဒတို့အား ထည့်တွက်ထားသလား သူမသိပေ။
ဓားတစ်သောင်းတို့အိမ်အပြန်နှင့် သူ၏ဓားဆန္ဒတို့ဖြင့် ဆိုပါက သူသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်များကိုပင် တိုက်ခိုက်နိုင်သည်။ သူက အာကာသလမ်းကြောင်းထဲမှာ ရှိသောမိစ္ဆာကို ဖိနှိပ်ကာ ထပ်မံချိပ်ပိတ်ခဲ့သည်။
“နင့်တိုက်ခိုက်နိုင်စွမ်းက ကောင်းမွန်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အတော်ဆုံးတစ်ယောက် ဖြစ်တယ်ဆိုရင်တောင် ဂုဏ်ယူသင့်တယ်ထင်မနေနဲ့”
အမျိုးသမီးကျင့်ကြံသူက သူ့အတွေးကိုမြင်နေရသည့်အလား ဂရုမစိုက်စွာပြောသည်။
“အလယ်ပိုင်းကုန်းမြေမှာ ယာယီခေါင်းဆောင်သုံးရာရှိတယ်။ သူတို့အားလုံးက သူတို့ထက် အဆင့်မြင့်တဲ့လူကို တိုက်ခိုက်နိုင်တယ်။ ထိပ်ဆုံးတစ်ရာကတော့ တစ်ယောက်တည်းနဲ့ ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်ကို သတ်ပစ်နိုင်တယ်”
‘အဲဒီလောက်တောင်သန်မာတယ်လား’
‘သူမကရော ယာယီခေါင်းဆောင်တစ်ယောက်လား’
ရှုရီ သူ့ကိုပေးခဲ့သော အံ့ဖွယ်နေမင်းဓားထဲတွင် ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေ၏စွမ်းအားကို မြင်ခဲ့သည်။
သို့ပေမဲ့ သူတို့က အလွန်သန်မာနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“အဲဒါဆိုရင် တရားဝင်ခေါင်းဆောင်ကရော”
ဟန်မူယဲ့က သိချင်စိတ်များနှင့်အတူ မေးသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် အမျိုးသမီးကျင့်ကြံသူက ပြုံးသည်။
“ဒီတစ်ကြိမ်မှာ တောင်ပိုင်းမိစ္ဆာတွေက ဘာဖြစ်လို့ အနောက်ဘက်နယ်စပ်ကုန်းမြေကို တိုက်ခိုက်လာလဲ နင်သိလား”
“သူတို့ကို ခေါင်းဆောင်ချမ်ရီမင်က ဖိနှိပ်ထားတဲ့အတွက် ရွေးချယ်စရာမရှိတော့ဘဲ အနောက်ဘက်ကို ပြောင်းရွှေ့ဖို့ ကြိုးစားကြတာပဲ”
“တောင်ပိုင်းဒေသအခြေစိုက်ခေါင်းဆောင်က ဘယ်လောက်သန်မာမယ်လို့ နင်ထင်လဲ”
ထိုအချိန်မှာ အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ ဖြတ်ပြေးသွားသည်။
“ဒါပေမဲ့ သူက ငါ့ဦးလေးနှစ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ အဲဒါကြောင့် စစ်တပ်အကျိုးဆောင်မှုနဲ့ အနိုင်ယူချင်တာပဲ”
‘ဦးလေးနှစ်’
သူသည် ရှုရီ၏ အံ့ဖွယ်နေမင်းဓားမှ ရခဲ့သောအချက်အလက်များနှင့် ဟူထိုက်ရှန့် ပြောခဲ့သောစကားများကို အမှတ်ရလိုက်သည်။
“သားသတ်သမားလု၊ လုယန်လား”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
အမျိုးသမီးကျင့်ကြံသူက သူ့ကို သိချင်စိတ်များနဲ့ကြည့်သည်။
“နင်က သားသတ်သမားလုရဲ့နာမည်ကို သိတယ်လား”
“ငါ့နာမည်က လုရှောင်ယွင်။ ယာယီခေါင်းဆောင်အဆင့်၁၈ပဲ”
“နောက်နှစ်သုံးဆယ်ကြာတဲ့အခါ ခေါင်းဆောင်အသစ်ပြိုင်ပွဲကို မပျက်ကွက်စေနဲ့”
အမျိုးသမီးကျင့်ကြံသူက အောက်သို့ငုံ့ကြည့်ပြီး ရုတ်တရက်ပြုံးသည်။
“လူနည်းနည်းလောက် ပြန်ပေးဆွဲသွားလည်း ကိစ္စမရှိဘူးမဟုတ်လား”
ထို့နောက် သူမက ကမ်းပါးအောက်သို့ ခုန်ဆင်းသွားသည်။
ဟန်မူယဲ့သည် ကမ်းပါးပေါ်တွင် ရပ်နေပြီး မလှုပ်ပေ။
“နှစ်သုံးဆယ်ကြာရင် အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်ရာထူးအတွက် ပြိုင်ပွဲလုပ်လိမ့်မယ်”
လက်ရှိ သူ့တိုက်ခိုက်နိုင်စွမ်းမှာ အဆင့်၂၅၀ ၌သာ ရှိသည်။
သူ၏သွေးများ ဆူပွက်လာ၏။
သူ့ဒန်ထျန်ထဲတွင် ဓားဆေးလုံးသုံးလုံးက တုန်ခါသွားသည်။ သူ့စိတ်နယ်ပယ်ထဲတွင် အစိမ်းရောင်ဓားလေးက ဓားအလင်းများကို ထုတ်ပေးနေသည်။
‘အလယ်ကုန်းမြေရဲ့ပညာရှင်တွေနဲ့ ယှဉ်ပြိုင်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်’
တိမ်မြုံကမ်းပါးတိုက်ပွဲတွင် ထူစွန်းရှစ်က ကောင်းကင်ဘုံအဆင့် ပညာရှင်လေးယောက်ကို ဓားတစ်ချက်ဖြင့် သတ်ခဲ့ကြောင်း သူမြင်လိုက်သည်။ ဟွမ်လောင်လျှိုက ဝိညာဉ်သူငယ်တတိယအဆင့်မိစ္ဆာကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်းကိုလည်း သူ မြင်ရသည်။ သူသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အပြင်ဘက်ကိုလည်း မြင်ခဲ့ရသည်။
သူသည် နောက်ဆုံးတွင် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထွက်သွားရန် အချိန်ရောက်လာမည်ဟု ခံစားမိသည်။
....
ခုနစ်ရက်အကြာတွင် လင်တောက်ဂိုဏ်းက ခံတပ်ချရန်အတွက် ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်ကို လွှတ်လိုက်သည်။
ဝမ်ဟယ်အမည်ရသောအကြီးအကဲသည် သတင်းတစ်ခုလည်း ယူဆောင်လာ၏။
လင်တောက်ဂိုဏ်းတွင် ပုန်းအောင်းနေခဲ့သော မီးတောက်နီစစ်တပ်ခေါင်းဆောင်၏ ပုန်ကန်တပ်ဖွဲ့မှ ကောင်းဟယ်သည် တံခါးပိတ်ကျင့်ကြံနေသော ဖုန်းလင်ဂိုဏ်း၏ ပထမအကြီးအကဲ မျက်နှာတစ်ထောင်သူတော်စင်ကို အလစ်တိုက်ကာ အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။
ကောင်းဟယ်က အခွင့်ကောင်းယူ၍ လင်တောက်ဂိုဏ်း ချိပ်ပိတ်ထားသော အာကာသလမ်းကြောင်းကိုဖွင့်ကာ အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထွက်သွားသည်။
ထို့ကြောင့် ဖုန်းရှို့တောင်ပြိုလဲသွားချိန်မှာ မျက်နှာတစ်ထောင်သူတော်စင်က ချက်ချင်း ရောက်မလာနိုင်ခြင်းဖြစ်သည်။
အကယ်၍ မျက်နှာတစ်ထောင်သူတော်စင်ရောက်လာပြီး ထူစွန်းရှစ်နှင့် ပူးပေါင်းလိုက်လျှင် တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများကို ကြောက်စရာမလိုပေ။
မီးတောက်နီစစ်တပ်၏ ပုန်ကန်သူခေါင်းဆောင်က တပ်ဖွဲ့များကိုဦးဆောင်၍ ဓားစံအိမ်ကို တိုက်ခိုက်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို စတေးခဲ့သည်။ သို့ပေမဲ့ သူ့အစီအစဉ်၏သော့ချက်မှာ လင်တောက်ဂိုဏ်း ချိပ်ပိတ်ထားသော အာကာသလမ်းကြောင်း ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
နှစ်တစ်ထောင်ကြာသွားသောအခါတွင် တပ်ဖွဲ့သုံးထောင်မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် အံ့ဖွယ်ကောင်းကင်ကမ္ဘာမှ ထွက်ခွာသွားကြသည်။
ထိုတွက်ချက်နိုင်စွမ်းမျိုးက ကြောက်စရာကောင်းလှသည်။
ဟန်မူယဲ့သည် သစ်သားမျိုးဆက်၏ မဟာအကြီးအကဲ ဝူကျီးယွမ် ရောက်လာသောအခါတွင် တပည့်တစ်စုနှင့်အတူ အံ့ဖွယ်ကိုးပါးဓားတောင်သို့ ပြန်လာခဲ့သည်။
တောင်ပိုင်းကုန်းမြေသည် နောက်ဆုံးတိုက်ပွဲ၌ ဝိညာဉ်သူငယ် တတိယအဆင့် မိစ္ဆာနှစ်ကောင်အပါအဝင် များပြားလှသော ကောင်းကင်ဘုံအဆင့်ပညာရှင်များကို ဆုံးရှုံးခဲ့ရသည်။ တစ်ယောက်က သေဆုံးသွားပြီး တစ်ယောက်သည် အံ့ဖွယ်ကောင်းကင်ကမ္ဘာမှ ထွက်သွားသည်။ သူတို့၏အင်အားမှာ များစွာ ယုတ်လျော့သွားကာ အနောက်ဘက်ကုန်းမြေအား ယာယီအတွင်း တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပါ။
ကောင်းဟယ်နှင့် တခြားလူများရောက်လာသောအခါတွင် စစ်တပ်ကိုစုစည်းပြီး ဖုန်းရှို့တောင်သို့ ပြန်သွားကြသည်။
ယွမ်ထိုက်တာအိုဂိုဏ်း၏ တပည့်များက ယွမ်ထိုက်တောင်ကုန်းသို့ ပြန်ရောက်လာသောအခါတွင် စုတ်ပြတ်နေသည့် ယွမ်ထိုက်တောင်ကို မြင်လိုက်ရသည်။ မရေမတွက်နိုင်လောက်သောတပည့်များက ကျယ်လောင်စွာငိုကြွေးနေပြီး အံတင်းတင်းကြိတ်လျက် ကျိန်ဆဲနေသည်။
“မင်းတို့က လူမဟုတ်ဘူး”
ထိုအချိန်မှာ ဟန်မူယဲ့က အံ့ဖွယ်ကိုးခုတောင်သို့ သင်္ဘောပျံနှင့်အတူ ပြန်သွားပြီဖြစ်သည်။