← Chapters

မျှော်လင့်ချက် ကင်းမဲ့ခြင်း

Vol. 7 Ch. Chapter 7

မျှော်လင့်ချက် ကင်းမဲ့ခြင်း

Vol. 7 Ch. Chapter 7

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 7 - မျှော်လင့်ချက် ကင်းမဲ့ခြင်း

ဒီနေ့ညနေပိုင်း ကင်းလှည့်ပြီး ပြန်ရောက်လာတော့ သခင်မလေးက ပါကင်ဘူးလေးတစ်ခုထဲကနေ ချစ်စရာကောင်းတဲ့ ဖန်လုံးလေးတစ်ခုကို ထုတ်ပြီး သူ့လက်ထဲထည့်ပေးလိုက်တယ်။

"အေမီ၊ ဒီဖန်လုံးလေးက နင့်အတွက်အဖိုးတန်တဲ့အရာပဲ။ တခြားသူတွေနောက် ပါမသွားအောင် သေချာထိန်းသိမ်းရမယ်နော်။ ကျောင်းပန်းခြံထဲမှာ ခနသွားရပ်နေလိုက်။ လုမယ့်သူတွေလာရင် တတ်နိုင်သလောက် B အဆင့် ထက်မကျော်တဲ့ စွမ်းအားမျိုးနဲ့ခုခံနော်။ ညစာစားချိန်ရောက်တဲ့အထိ ကာကွယ်ပေးနိုင်ရင်ရပြီ။"

အေမီက သခင်မလေး ဘာသဘောနဲ့ဒီအမိန့်မျိုးပေးတာလဲ နားလည်ပုံမရပေမဲ့ သခင်မလေးအမိန့်ကိုနာခံပြီး ဖန်လုံးကိုကာကွယ်ဖို့ အသင့်ဖြစ်နေပြီးသား။ ဖန်လုံးကို လက်ထဲမှာကိုင်ပြီးတာနဲ့ သခင်မလေးပြောသလို ကျောင်းပန်းခြံထဲမှာ အတန်ကြာအောင် ရပ်နေခဲ့တယ်။ သိပ်မကြာခင်မှာပဲ သခင်မလေးပြောထားသလို ဖန်လုံးကိုလိုချင်နေတဲ့ သူခိုးကောင်တွေ ရောက်လာပါရောလား။

ပုံမှန်အတိုင်းဆိုရင် အေမီက သခင်မလေးထိန်းသိမ်းခိုင်းထားတဲ့ ပစ္စည်းကိုလာယူတဲ့ သူတွေအားလုံးကို အားကုန်သုံးပြီး အသေသတ်ပစ်မှာ။ ဒါပေမဲ့ သခင်မလေးက B အဆင့်စွမ်းအားပဲသုံးဆိုတော့ မတတ်နိုင်ဘူးလေ။

အခုလည်းအေမီက တောအုပ်ထဲမှာ ပြေးနေရင်း မိုးပေါ်ကို မော့ကြည့်လိုက်တယ်။ ဖန်လုံးရသွားတဲ့ သူခိုးမလေးရဲ့ဆိုင်ကယ်ပျံကို သူ့မျက်လုံးထဲက မှန်ဘီလူးတွေနဲ့ သေချာကြည့်လိုက်တယ်။ နောက်တော့ သူ့ဒူးတွေကို ပြေးနေရင်းကွေးပြီး အစွမ်းကုန်ခုန်လိုက်တယ်။ အေမီရဲ့ခန္ဓာကိုယ်က သာမန်လူတွေ ခုန်တက်ဖို့မဖြစ်နိုင်တဲ့ အမြင့်တစ်ခုအထိ မြောက်တက်သွားပြီး တောအုပ်ထဲက အပင်တစ်ပင်ရဲ့သစ်ကိုင်းပေါ်ကို ရောက်သွားတယ်။

အေမီက သစ်ကိုင်းပေါ်ကို အောင်မြင်စွာ ခြေချပြီးတဲ့နောက် ဟန်ချက်ကိုထိန်းဖို့ သစ်ကိုင်းပေါ်မှာ ထိုင်ချလိုက်ပြီး အဝေးကိုပျံသန်းသွားဖို့ ကြိုးစားနေတဲ့ ဆိုင်ကယ်ကို နောက်တစ်ခါကြည့်လိုက်တယ်။ စက္ကန့်တစ်ခုရဲ့သေးငယ်တဲ့ အပိုင်းလေးတစ်ခုအတွင်းမှာပဲ သူ့ခေါင်းထဲက ဉာဏ်ရည်တုက ရှုပ်ထွေးလှပပါတယ်ဆိုတဲ့ တွက်ချက်မှုတွေအများကြီးကို တစ်ပြိုင်နက်တည်း လုပ်လိုက်တယ်။ အဲဒီနောက် တစ်ကြိမ်ထပ်ပြီးခုန်တယ်။ သစ်ကိုင်းက အေမီရဲ့ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်လာတဲ့ အားအဟုန်ကို မခံနိုင်တော့ဘဲ ကျိုးကျသွားတယ်။ ဒါပေမဲ့ အေမီရဲ့ခန္ဓာကိုယ်ကတော့ မြားတစ်စင်းလိုမျိုး လေထုထဲကို မြောက်တက်သွားပြီး သစ်တောနဲ့လွတ်ရုံသာ ပျံသန်းနိုင်စွမ်းရှိတဲ့ ဆိုင်ကယ်ပျံရဲ့ဘေးကို ရောက်လာတယ်။

ဆိုင်ကယ်ပေါ်မှာရှိနေတဲ့ ကောင်မလေးက သူနဲ့ဘေးချင်းယှဥ်ပြီး လေထုထဲမှာမျောနေတဲ့ အေမီကိုကြည့်လိုက်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ သူမြင်နေတာ ဖြစ်ရောဖြစ်နိုင်လို့လား။ ဒါပေမဲ့ သူ့စိတ်က သူ့ကိုယ်သူ အဖြေမပေးနိုင်သေးခင်မှာပဲ အေမီက စတင်လှုပ်ရှားလိုက်တယ်။ ဆိုင်ကယ်ဘက်လန်းရဲ့လက်ကိုင်ကို အေမီက ဆောင့်ဆွဲလိုက်တဲ့အတွက် လေထုထဲမှာ ဟန်ချက်ပျက်သွားတယ်။ အေမီက လေထုထဲမှာပဲ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှာရှိနေတဲ့ နျူရေကို ညာခြေထောက်နဲ့ကန်လိုက်တယ်။ နျူရေက အတတ်နိုင်ဆုံးရှောင်ဖို့လုပ်ပေမဲ့ သူတို့က လေထုထဲမှာ ရှိနေတာဖြစ်ပြီး နေရာက ကျဥ်းကျဥ်းလေးပါ။

"သေစမ်း...." အခြေအနေမဟန်မှန်းသိတဲ့ နျူရေက လုံခြုံရေးခါးပတ်ကို ဖြုတ်လိုက်ပြီး ဆိုင်ကယ်ပေါ်ကနေ ခုန်ချလိုက်တယ်။ နဂိုကတည်းက အေမီခုန်တက်လာတဲ့အရှိန်ကြောင့် ဆိုင်ကယ်က ဟန်ချက်ပျက်နေပြီဖြစ်လို့ အောက်ကိုထိုးကျနေတာပါ။ အန္တရာယ်များတဲ့ သံမဏိအရုပ်မနဲ့အတူ နျူရေမြေပေါ်ကို မဆင်းချင်ဘူး။

ဘုန်း... ဝေါ... ဖောင်း...

ဆိုင်ကယ်က လေပေါ်ကနေ ထိုးစိုက်ကျသွားပြီး တောအုပ်အလွန်က ကျောက်သားစင်္ကြာန်လမ်းပေါ်ကို ပြုတ်ကျသွားတယ်။ တစ်စတုရန်းပေရှိတဲ့ ကျောက်သားချပ်တွေအကုန်လုံး အရှိန်ကြောင့် ကွဲကြေကုန်ပြီး လေထုထဲကနေ ကြည့်မယ်ဆိုရင် ဖုန်လုံးကြီးကိုသာ မြင်ရတယ်။

နျူရေကတော့ လက်နက်အပြည့်အစုံနဲ့ မြေပေါ်ကိုကြောင်လေးတစ်ကောင်လို သာသာယာယာ ဆင်းလိုက်တယ်။ သူ့လက်ထဲမှာတော့ ဖန်လုံးက ရှိနေတုန်းပဲ။ နျူရေက ဖုန်လုံးကြီးထဲကို ကြည့်လိုက်တယ်။ ဖုန်လုံးက ပျောက်ကွယ်မသွားသေးပေမဲ့ အထဲကနေ သံမဏိအရုပ်မက လေးလံတဲ့ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း လျှောက်ပြီးထွက်လာတယ်။

"သောက်ကျိုးနည်း၊ ဆိုင်ကယ်နဲ့အတူအမြင့်ကြီးကနေ ပြုတ်ကျလာတာတောင် ဘာမှဖြစ်မသွားဘူးလား။"

တော်ရုံစက်ရုပ်တစ်ရုပ်သာဆိုရင် တစ်ခုခုခြွတ်ယွင်းသွားမှာပဲ။ ဒါပေမဲ့ နျူရေရင်ဆိုင်နေရတာက သာမန်စက်ရုပ်တစ်ရုပ် မဟုတ်ဘူးလေ။ တစ်ယောက်ချင်းယှဥ်ချရင် အေမီကို နိုင်မှာမဟုတ်မှန်းသိတာနဲ့ နျူရေက တိုက်ပွဲကွင်းပြင်ဘက်ကို စပြေးတယ်။ အစတည်းက ဆိုင်ကယ်ပျံနဲ့ သူက အဲဒီလိုပြေးလာတာမလို့ သိပ်အဝေးကြီးမဟုတ်ဘူး။​ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဗင်းဆင့်က လေထုထဲကနေ ရုတ်တရက်ပေါ်လာပြီး နျူရေပခုံးကို ပုတ်လိုက်တယ်။

"ငါနဲ့အတူလိုက်ခဲ့။" နောက်တော့ ဗင်းဆင့်က နျူရေ့ပခုံးကိုကိုင်ထားရင်း သူ့နာရီခလုတ်ကို နှိပ်တယ်။ နှစ်ယောက်လုံးကို အလက်ထရွန်လှိုင်းတွေ ဖုံးလွှမ်းသွားပြီး ကိုယ်ပျောက်သွားတယ်။

ဗင်းဆင့်မှာ ကိုယ်ပျောက်နာရီ ရှိနေမယ်လို့ နျူရေမျှော်လင့်မထားတဲ့အတွက် ဝမ်းသာမိသွားတာတော့ အမှန်ပဲ။ ကိုယ်ပျောက်နေရင်း နျူရေက အေမီကို လှမ်းကြည့်လိုက်တယ်။ အေမီက သူ့ထက်ပိုမြန်ပါတယ်။ ဗင်းဆင့်ပေါ်မလာခင်ကအထိ သူလွတ်အောင်ပြေးနိုင်မယ်လို့ ထင်မထားဘူး။

'ကံကောင်းပြီး ငါတို့မှာ အားကိုးရတဲ့ အသင်းသားတစ်ယောက်ပါနေလို့။' နျူရေက သူ့လက်ထဲက ဖန်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တယ်။

ဒါပေမဲ့ ကံမကောင်း​တာက ပတ်ဝန်းကျင်ကို လိုက်ကြည့်နေတဲ့ အေမီရဲ့မျက်လုံးတွေထဲက မျက်ဘီလူးတွေကို ရုတ်တရက် အစိမ်းရောင်အလွှာတစ်ခုဖုံးသွားပြီး သူတို့ရှိနေတဲ့နေရာကို စိုက်ကြည့်လိုက်တယ်။

'နေဦး၊ အဲဒါအပူလှိုင်းအမြင်လား။' အဆိုးဆုံးကိစ္စရပ်တစ်ခုကို နျူရေတွေးမိလိုက်ချိန်မှာပဲ အေမီက သူတို့ဆီကို ပြေးလာနေပါပြီ။

"ပြေး... ပြေး... ထောင်ချောက်တွေဆီကိုပြေး။" ဗင်းဆင့်က နျူရေကို ဦးဆောင်ပြီး သူ့ထောင်ချောက်တွေ ရှိရာကိုပြေးတယ်။ ကြည့်ရတာ သူ့ကိုယ်ပျောက်စနစ်က အပူလှိုင်းတွေကိုတော့ ဖုံးနိုင်ပုံမပေါ်ဘူး။ အေမီကလည်း နောက်ကနေ လိုက်လာတယ်။ အေမီက ပိုမြန်တာကြောင့် ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ လိုက်မီလာပြီး သူတို့ကိုလက်နဲ့ရိုက်ချဖို့လုပ်ပေမဲ့ မမြင်ရတဲ့ ထောင်ချောက်တစ်ခုက အသက်ဝင်လာပြီး လျှပ်စီးလှိုင်းတွေက အေမီကိုဖုံးအုပ်သွားတယ်။

ထန်း... ထန်း... ထန်း....

လျှပ်စစ်စွမ်းအင်သုံးထောင်ချောက်က အေမီကို ဓာတ်နဲ့တို့ရင်း နောက်ဆုံးခံနိုင်ရည်ကျော်ပြီး ပေါက်ကွဲသွားတယ်။ နျူရေတို့အုပ်စုကတော့ အတော်ဝေးဝေးတစ်နေရာအထိ ထွက်ပြေးပြီး သစ်ပင်အကွယ်ကနေ အေမီကို စောင့်ကြည့်နေတယ်။

"အဲဒီစက်ရုပ်က အရမ်းမာတယ်ဆိုရင်တော့ သူ့ခန္ဓာကိုယ်က ဆားကစ်တွေနဲ့လုပ်ထားတာပဲ။ ဒီလျှပ်စစ်လှိုင်းတွေက လူမသေစေနိုင်ဘူးဆိုပေမဲ့ စက်ပစ္စည်းတွေကို ဆိုးဆိုးဝါးဝါးဒုက္ခပေးနိုင်တယ်။"

ဗင်းဆင့်က သူ့တီထွင်မှုကို ဂုဏ်ယူစွာနဲ့ နျူရေကိုရှင်းပြလိုက်တယ်။ ဒါပေမဲ့ နျူရေကတော့ ခေါင်းခါလိုက်ပြီး လျှပ်စစ်ရှေ့တိုက်ခံရတာကြောင့် တစ်ကိုယ်လုံးကနေ အငွေ့တွေထနေတဲ့ အေမီကိုကြည့်လိုက်တယ်။ အခုအေမီရဲ့အိမ်စေဝတ်စုံက အဲဒီလှိုင်းတွေကြောင့် မီးပူကျွမ်းသလိုမျိုး အငွေ့တွေထွက်နေတယ်။

"ဒီလောက်နဲ့တော့ ကျောင်းအုပ်ရဲ့စက်ရုပ်က ပျက်စီးမယ်လို့ မထင်ဘူး။" နျူရေက ကြောက်လန့်စွာပြောလိုက်တယ်။ သူစကားဆုံးလို့မကြာခင်မှာပဲ အေမီက စတင်လှုပ်ရှားလာပြီး နျူရေတို့ပုန်းနေတဲ့ နေရာဆီ တည့်တည့်ပြေးလာတယ်။ ဗင်းဆင့်ကတော့ ဒါကိုကြည့်ပြီး အော်ရယ်နေလိုက်သေးတယ်။

"တစ်ခုတည်းက အလုပ်မဖြစ်ရင်တောင် ငါထောင်ထားတဲ့ ထောင်ချောက်တွေက အများကြီး..."

ဘုန်း.... ဘုန်း.... ဘုန်း....

ဒါပေမဲ့ သူ့စကားမဆုံးခင်မှာပဲ နောက်ထပ်လျှပ်စစ်မိုင်းတွေအကုန်လုံး ခံနိုင်ရည်ကျော်ပြီး ပေါက်ကွဲကုန်တယ်။ သူသတိဝင်လာပြီး နောက်လှည့်ကြည့်တော့

ခနခနရှော့တိုက်ခံနေရတာကြောင့် ဆံပင်တွေမိုးပေါ်ထောင်နေတဲ့ အေမီက သူ့လက်သီးကိုမြှောက်ပြီး သူတို့ပုန်းနေတဲ့ သစ်ပင်ကို ထိုးချလိုက်တာ မြင်လိုက်ရတယ်။

ဖြောင်း....

ကျိုးပဲ့သံအကျယ်ကြီးနဲ့အတူ သစ်သားအပိုင်းအစတွေအကုန်လုံး လေထုထဲမြောက်တက်လာတယ်။ အေမီရဲ့လက်သီးက သူတို့ပုန်းနေတဲ့ သစ်ပင်ရဲ့ပင်စည်ကို တိုက်ရိုက်ထိုးဖောက်မိသွားပြီး ဗင်းဆင့်ရဲ့ပါးကို လက်ထိတယ်။

ဝှီး....

ဗင်းဆင့်တစ်ယောက် အော်တောင်မအောင်နိုင်ဘဲ

မီတာဒါဇင်နဲ့ချီပြီး လွင့်သွားတယ်။ ကိုယ်ပျောက်နေတဲ့ နျူရေကတော့ ဆိုင်းယပ်မရှိတော့တဲ့အတွက် ဖန်လုံးလေး ကိုင်လျက်သားအနေအထားနဲ့ မြင်ကွင်းထဲမှာ ပြန်ပေါ်လာတယ်။ နျူရေက အေမီကို အတင်းပြုံးထားရတဲ့အပြုံးနဲ့ ကြည့်လိုက်တယ်။

'မကောင်းတော့ဘူး၊ ကျောင်းအုပ်ရဲ့သံမဏိအရုပ်မက လုံးဝတားဆီးမရနိုင်တဲ့ နွားသိုးရိုင်းကြီးလိုပဲ။'

ကံကောင်းတာက အတန်းAရဲ့တခြားကျောင်းသားတွေ နျူရေတို့ကိုမီလာပါပြီ။ ဂရေဟမ်က သူ့ခါးက ဓားကိုဖြုတ်ရင်း အေမီနဲ့နျူရေကြားထဲ ခုန်ဝင်လိုက်တယ်။

"ဟေး၊ နျူရေ။ အချိန်ပြည့်ဖို့က နောက်ထပ်ဆယ့်ငါးမိနစ်ပဲ လိုတော့တာ။ ငါတို့သူ့ကို တားမယ်။ အားကိုးလိုက်ပြီနော်။" အေမီက ဂရေဟမ်ရဲ့ဓားကို လက်ဖျံနဲ့တားဆီးထားတာဖြစ်ပြီး ဂရေဟမ်စကားပြောနေတုန်းမှာပဲ နောက်လက်တစ်ဖက်က လှုပ်ရှားလာပြီး ဂရေဟမ်ရဲ့ဗိုက်ကို ထိုးချလိုက်တယ်။ ဂရေဟမ်က ဒူးထောက်ကျသွားပေမဲ့ တ​ခြားကျောင်းသားကိုးယောက်လောက် ထပ်ရောက်လာပြီး အေမီကို နျူရေနောက် ဆက်လိုက်လို့မရအောင် ဓားတွေနဲ့ဝိုင်းခုတ်နေကြတယ်။ သေနတ်ကျည်အတုတွေက အသုံးမှမဝင်တာ။

"အားလုံးပဲ..." နျူရေက သူ့အသင်းသားတွေကြောင့် အားတက်လာပြီး ဖန်လုံးကိုသယ်က ဆက်ပြေးတယ်။ ပြေးရင်းနဲ့ သူ့အသင်းသားတွေရိုက်နှက်ခံနေရတဲ့အသံနဲ့ တဖြည်းဖြည်းဝေးလာတဲ့အထိပဲ။ ဒါပေမဲ့ မြက်ခင်းပြင်တစ်နေရာရောက်တော့ သူ့ခြေထောက်နှစ်ခုလုံး လှုပ်လို့မရတော့တဲ့အတွက် ငုံကြည့်လိုက်တော့ သူ့ခြေထောက်ကို သလင်းကျောက်တွေက ဖုံးထားပြီးပြီ။

လက်ကြီးစွမ်းအားနဲ့မြူတန့်ဂိုးလ်နဲ့ ခရစ်စတယ်မြူတန့် ဘယ်လာတို့က အောင်နိုင်သူကြီးတွေအထာနဲ့ သူ့ရှေ့မှာ ရပ်နေပြီး လက်ကိုဖြန့်လိုက်တယ်။

"အတန်းAက ကောင်မလေး၊ နင့်လက်ထဲက ဖန်လုံးကို အသာတကြည်ပေးလိုက်တာကောင်းမယ်။"

ရုတ်တရက် နျူရေက ပြုံးလိုက်တယ်။ နောက်တော့ သိပ်ပြီးမူမနေတော့ဘဲ လက်ထဲက ဖန်လုံးကို ဘယ်လာဆီ ပစ်ပေးလိုက်တယ်။ "ကောင်းပြီလေ၊ နင်ယူချင်လဲ ယူလိုက်ပေါ့။"

ဘယ်လာကတော့ ဖန်လုံးကို အမိအရဖမ်းလိုက်ပြီးတဲ့နောက် ဖြစ်ပျက်နေတာတွေကို မယုံနိုင်ဘူးဖြစ်နေတယ်။ "နေပါဦး၊ ငါတို့ဖန်လုံးရလာတာ မလွယ်လွန်းဘူးလား။"

ဘယ်လာ့ပါးစပ်ထဲက စကားထွက်လာပြီးပြီးချင်းမှာပဲ သူတို့အပေါ်မှာ ကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့ သံမဏိအရုပ်မပေါ်လာပြီး သူ့အရိပ်က ကျောင်းသားနှစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်ကို မိုးကျလာတယ်။

"မကောင်းတော့ဘူး..." ဂိုးလ်က သူ့လက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတဲ့ အေမီရဲ့ခြေထောက်ကန်ချက်ကို တားဆီးလိုက်တယ်။ အေမီက ပိုသန်မာတာကြောင့် သူ့ခန္ဓာကိုယ်တစ်ဝက်က မြက်ခင်းပြင်ထဲ နစ်ဝင်သွားတယ်။ ဘယ်လာကတော့ အခြေအနေမဟန်မှန်းသိတာနဲ့ စပြေးတယ်။ ဒါပေမဲ့ အေမီက ချက်ချင်းပဲ ဂိုးလ်ပေါ်ကနေ ပြေးဆင်းပြီး ဘယ်လာရဲ့ပခုံးကိုဆုပ်ကိုင်လိုက်တယ်။

"သူဘယ်လိုလုပ်ပြီး...." ဘယ်လာရဲ့နဖူးပေါ်ကနေ ချွေးတွေစီးကျလာတယ်။ ဒါပေမဲ့ စကားမဆုံးသေးခင်မှာပဲ သူ့ခန္ဓာကိုယ် လေထုထဲကိုမြောက်တက်သွားပြီး တိမ်တွေကို မြင်လိုက်ရတယ်။ နောက်တော့ မြက်ခင်းပြင်ကို နောက်တစ်ခါမြင်လိုက်ရပြီး မှောင်မိုက်သွားတော့တယ်။

ဘုန်း....

နျူရေကတော့ ဘယ်လာတစ်ယောက် ပခုံးကနေတစ်ဆင့် ဆွဲမြှောက်ခံရပြီး ၁၈၀ ဒီဂရီတိတိ လေထုထဲမှာ လည်ပြီးမြက်ခင်းနဲ့ရိုက်ချခံလိုက်ရတာကို ကြည့်ရင်း တံထွေးမျိုချလိုက်မိတယ်။ ဒီအကွက်ကို သူသိတာပေါ့။ စူပါဟီးရိုးရုပ်ရှင်ကြိုက်တဲ့သူတိုင်း လေးစားကြတဲ့ Hulkရဲ့နတ်ဘုရားကိုင်ပေါက်သိုင်းလေ။ တကယ်တော့ ဘယ်လာတို့ သူ့ကိုဖမ်းမိသွားကတည်းက သူ့အတန်းဖော်တွေ အသံတိတ်သွားလို့ အခြေအနေမဟန်တော့မှန်း သိပြီးသား။ ဒါကြောင့် ဖန်လုံးကို သူများပေးလိုက်တာ။ ဒီလိုမှမဟုတ်ရင် နတ်ဘုရားကိုင်ပေါက်သိုင်းကွက်က သူ့အတွက်ဖြစ်သွားလိမ့်မယ်။

အေမီက ခရစ်စတယ်တွေနဲ့ အချုပ်ခံထားရတဲ့ နျူရေရှေ့မှာပဲ ဘယ်လာ့လက်ထဲက ဖန်လုံးကို လုယူပြီး လက်ထဲမှာ ကိုင်ကြည့်လိုက်တယ်။ ဖန်လုံးက တိုက်ပွဲရှည်ကြီးတစ်ခုကို ဖြတ်သန်းထားရတာမလို့ နည်းနည်း အက်ကွဲနေပေမဲ့ ကြည့်လို့ကောင်းနေတုန်းပဲ။

ရွှတ်....

အရိပ်တစ်ရိပ်က အေမီနားကနေ ဖြတ်သန်းသွားပြီး အေမီ့လက်ထဲမှာ ဖန်လုံးမရှိနေတော့ဘူး။ အေမီရဲ့မျက်လုံးထဲက မှန်ဘီလူးတွေက နောက်ပြန်လည်သွားပြီး အစောပိုင်းက မြင်လိုက်ရတဲ့ ပုံရိပ်ကို အနှေးပြန်ကြည့်တယ်။ နောက်တော့ အရိပ်ထွက်သွားတဲ့နေရာကို ခန့်မှန်းပြီးလှမ်းကြည့်တယ်။ ခပ်လှမ်းလှမ်းတစ်နေရာမှာ အနက်ရောင်အရိပ်လှုပ်ရှားနေတာတွေ့တော့ နျူရေကို ဂရုမစိုက်တော့ဘဲ မြေပြင်ကိုကန်ကာ တစ်ဟုန်ထိုးပြေးထွက်သွားတယ်။

အီဗန်တစ်ယောက် သူ့ဘဝမှာ ဒီလောက်မြန်မြန် မပြေးဖူးသေးဘူး။ ဒါပေမဲ့ လက်ထဲက ဖန်လုံးကို ပြန်ငုံကြည့်ပြီး ပြေးရတာ တန်ပါတယ်လို့ မှတ်ချက်ချမိတယ်။ အခုသူပြေးနေတာ မြန်လွန်းလို့ လေထုရဲ့ခုခံအား အတားအဆီး​ကိုတောင် ခံစားမိနေပြီ။ လေထုအတားအဆီးကို ထိုးဖောက်နိုင်တဲ့အထိ ပြေးနိုင်ရင် သူ့အရှိန်က အသံမြန်နှုန်းကို ကျော်သွားပြီး အသံပေါက်ကွဲမှုကို ဖန်တီးနိုင်လိမ့်မယ်။ ဒါပေမဲ့ သူ့အရှိန်က အတားအဆီးကို ခံစားမိရုံပဲ ရှိသေးတာပါ။

ပြီးတော့ သူအခုလိုပြေးဖို့ တစ်နေလုံးစာအတွက် သွေးအိတ်တွေအကုန်လုံးကို တစ်ခါတည်း သောက်ပစ်ခဲ့ရတာ။ သင်တန်းချိန်မှာ အနိုင်ရဖို့ဆိုတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့...

သူရှေ့တည့်တည့်ကိုမကြည့်ဘဲ ညာဖက်ဘေးကို ​လှည့်ကြည့်လိုက်မိတော့ သူ့ဘဝမှာ မမြင်ချင်ဆုံးအရာကို မြင်လိုက်ရတာပဲ။ ဟိုသောက်ကျိုးနည်း သံမဏိအရုပ်မက သူနဲ့ဘေးချင်းယှဥ်လျက် ပြေးနေတာကို တွေ့လိုက်ရလို့လေ။

အောင်မလေး....

သူအံ့ဩလွန်းလို့ ပြေးနေတာကို ရပ်လိုက်မိလုနီးနီးပဲ။ ဒါပေမဲ့ သူရပ်လို့မရဘူး။ အခုအချိန်မှာ ရပ်လိုက်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့အတူတူပဲ။ အဲဒီအရုပ်မက ဖန်လုံးရဖို့ သူ့ကိုမညှာမတာရိုက်နှက်ပြီး လုတော့မှာ။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူတို့ကျောင်းကို အခါနှစ်ဆယ်လောက် ပတ်မိသွားပြီ။ သူတို့သွားနေတာ အသံမြန်နှုန်းနဲ့ယှဥ်ရင် အများကြီးနှေးပေမဲ့ ပြိုင်ပွဲဝင်ဆိုင်ကယ်တစ်စင်းလောက်တော့ မြန်နေသေးတာကိုး။

အေမီက ပြေးနေရင်း သူနဲ့နီးလာပြီး ဖန်လုံးကိုလုဖို့လုပ်တော့ အီဗန်က ဓားကိုထုတ်ပြီး ခုခံရတယ်။ လေထုထဲမှာတင် သံမဏိအရုပ်မရဲ့လက်နဲ့အီဗန်ရဲ့ဓား ခတ်မိပြီး မီးပွားတွေဖြာထွက်လာတယ်။ တခြားကျောင်းသားတွေ မျက်လုံးထဲမှာတော့ သူတို့နှစ်ယောက်ကို အရိပ်တွေအဖြစ်ပဲ မြင်ရတယ်။

အီဗန်က ဒီလိုဆက်ပြေးနေရင် သက်လုံကျဆင်းပြီး အဖမ်းခံရနိုင်တာကို သိတဲ့အတွက်ကြောင့် ဆက်ပြေးမနေတော့ဘဲ အေမီကို ဓားနဲ့အားကုန်​ခုတ်ချလိုက်ပါတယ်။

ဝေါ....

အီဗန်နဲ့အေမီတို့ ပြေးနေရာကနေ ရုတ်တရက်ရပ်လိုက်တဲ့အတွက် သူတို့နောက်ကလိုက်လာတဲ့ အားအဟုန်လေပြင်းတွေက သူတို့ကိုကျော်တက်သွားပြီး သူတို့ဆံပင်နဲ့အဝတ်အစားတွေ လှုပ်ခတ်ကုန်ပါတယ်။ အီဗန်က ဓားချက်ကို အရှိန်မကုန်သေးခင် ခုတ်ချလိုက်တဲ့အတွက် သူ့ဓားက အလွန်ကြီးမားတဲ့ အားအဟုန်ကို သယ်ဆောင်ထားပြီး အေမီက သူ့လက်နှစ်ဖက်နဲ့ ပေါင်းစည်းခုခံလိုက်တယ်။

ရွှမ်း....

ဓားချက်ရဲ့အားအဟုန်က မြက်ခင်းပြင်ရဲ့မြက်တွေကို ထက်ပိုင်းပြတ်သွားစေပြီး ဧရာမပေါက်ကွဲသံကြီးကြောင့် ကျောင်းဝန်းထဲက ငှက်တွေပျံပြေးကုန်ပါတယ်။ တခြားကျောင်းသားတွေကတော့ ဒီတိုက်ပွဲကို မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ကြည့်နေကြတယ်။ အီဗန်ရဲ့စွမ်းအားက သူတို့လိုက်နိုင်တာထက် ကျော်နေပါပြီ။ အီဗန်ကိုယ်တိုင်လည်း သူ့ကိုယ်သူအံ့ဩနေပါတယ်။ သူ့တစ်သက် ဒီလိုဓားချက်မျိုး ထုတ်ဖော်နိုင်လိမ့်မယ်လို့ ထင်ကိုမထားတာ။

ဒါပေမဲ့....

အဲဒါက သူလုပ်နိုင်တာ အကုန်ပဲ။ ဓားချက်ကိုသုံးပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ထဲက အားအင်တွေခမ်းသွားပြီး အင်မတန်ဆာလောင်မှုကို ခံစားလိုက်ရတယ်။ အဲဒီနောက်တော့ သူဒူးထောက်ကျသွားပြီး အေမီက သူ့အနားကိုရောက်လာကာ ဖန်လုံးကို ယူလိုက်ပါတယ်။

"ဟာသပဲ၊ ငါ့အစွမ်းက သူ့ကိုဒီလောက်လေးပဲ ထိခိုက်စေတာလား။" အီဗန်မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားလိုက်ရတယ်။ အေမီရဲ့လက်ဖျံမှာ အဖြူရောင်ခြစ်ရာသေးသေးလေးကလွဲလို့ သူ့ဓားချက်ကြောင့်ဖြစ်လာတဲ့ တခြားဘာထိခိုက်မှုမှမရှိဘူး။

"အားမလျှော့နဲ့ဦး၊ အီဗန်။ ငါတို့ကျန်သေးတယ်ကွ။" အတန်းDက ဂျိုနသန်တို့အုပ်စုက အီဗန်ရှုံးနိမ့်သွားပေမဲ့ အီဗန်ပြသထားတဲ့ စွမ်းအားကြောင့် စိတ်ဓာတ်တက်ကြွနေဆဲပါ။ သူတို့က သူတို့လက်ထဲက ဓားတွေကို ကိုင်ပြီး အေမီဆီက ဖန်လုံးလုဖို့ ဆက်ကြိုးစားတယ်။ ဒါပေမဲ့ အကုန်လုံးကို အေမီက တစ်ယောက်တစ်ချက်ပဲ ရိုက်ပြီးအမှောက်သိပ်ပစ်လိုက်တယ်။

ဝင်လုဆည်းဆည်းနေမင်းက ကောင်းကင်မှာမေးတင်နေပြီး ပုစွန်ဆီရောင်နေရောင်ခြည်က အားလုံးအပေါ် ဖြာကျနေတယ်။ တိုက်ပွဲအကြွင်းအကျန်တွေရဲ့အလယ်မှာတော့ ပေလူးနေတဲ့ အိမ်စေဝတ်စုံနဲ့ ကောင်မလေးရပ်နေပြီး ဖန်လုံးကို ကောင်းကင်ပေါ်မြှောက်ပြလိုက်တယ်။ အက်ကွဲရာတွေနဲ့ ရှုပ်ထွေးပြီး အလင်းတောင် ကောင်းကောင်းမပြန်နိုင်တော့ပေမဲ့ အေမီလက်ထဲမှာ သခင်မလေးရဲ့ဖန်လုံးက ရှိနေဆဲပါ။

"နောက်ဆုံးတော့ အချိန်ပြည့်တဲ့အထိ သခင်မလေးရဲ့ဖန်လုံးကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ မစ်ရှင် ပြီးဆုံး။"

'ကာကွယ်ပေးရုံပဲတဲ့လား၊ အောင်မလေး ကာကွယ်ပေးရုံမလို့ပဲ။' အေမီပြောလိုက်တဲ့စကားကို နားနဲ့သေချာကြားလိုက်တဲ့ အေမီ့ခြေရင်းက ကျောင်းသားတွေအကုန်လုံး ငိုချင်စိတ်ပေါက်လာတော့တယ်။

...

"ကျေားင်အုပ်ရှင့်၊ အီဗန်နဲ့တစ်ယောက်ချင်းယှဥ်ချနေတုန်း တွဲဖက်ဆရာအေမီရဲ့ခွန်အားက B အဆင့်ကို နည်းနည်းကျော်သွားတယ်မဟုတ်လား။ ဒါမျိုးက ခွင့်ပြုထားလို့လား။"

ဝင်လုဆဲဆဲ ညနေခင်းနေရောင်က ကျောင်းအုပ်ရုံးခန်းပြတင်းပေါက်ကို ပြတင်းပေါက်ကို ကျော်ပြီးကျရောက်နေတယ်။ ရုံးခန်းထဲမှာတော့ မက်ဒါနာနဲ့အတူ ဘရီစာနဲ့တခြားဆရာတွေ ရှိနေပြီး ဘရီစာက ပြောလိုက်ပါတယ်။

"တကယ်လို့ အေမီနေရာမှာ ဆရာမဘရီစာဆိုရင်ရော အီဗန်ရဲ့ဓားချက်ကို အားကုန်ထုတ်ပြီး မကာကွယ်ဘဲ နေမှာလား။" မက်ဒါနာက လက်ဖက်ရည်ခွက်ကို ဇွန်းသေးသေးလေးနဲ့ မွှေလိုက်ရင်း ပြောလိုက်ပါတယ်။

ကလန်... ကလန်... ကလန်....

သတ္တုဇွန်းနဲ့ကြွေပန်းကန်နှုတ်ခမ်းသား ထိမိတဲ့အသံက တိတ်ဆိတ်တဲ့ ရုံးခန်းထံမှာ ထွက်ပေါ်နေတယ်။ ဘရီစာက မက်ဒါနာကိုကြည့်ရင်း နှုတ်ခမ်းကိုကိုက်လိုက်တယ်။

"သေချာပေါက် အစွမ်းကုန်ကာကွယ်ရင်တောင်မှ ကျွန်မဒဏ်ရာရသွားနိုင်တာမလို့ မပေါ့ဆဘဲ မနေရဲပါဘူး။"

"ဒီလောက်ဆိုရင် ရှင်သဘောပေါက်လောက်ပါတယ်။ အီဗန်က ပထမဆုံးလက်တွေ့တိုက်ပွဲမှာတင် Ulitimate Skillတစ်ခုကို ပျိုးထောင်နိုင်ခဲ့ပြီလေ။" မက်ဒါနာက ပြောလိုက်ရင်း လက်ဖက်ရည်ကို တစ်ငုံ​မော့သောက်လိုက်တယ်။

"ဒီနှစ်ကလေးတွေက အရင်နှစ်နဲ့ယှဥ်ရင် အရေအတွက်နည်းပေမဲ့ ပိုထူးချွန်ကြတယ်။ ကျောင်းလာအပ်တုန်းက သိပ်ထူးချွန်ပုံမပြပေမဲ့ ကျောင်းနှစ်ဆုံးရင် ထူးခြားတဲ့ကျောင်းသားတချို့ ပေါ်လာလိမ့်မယ်။ အီဗန်နဲ့နျူရေတင်မဟုတ်ဘူး။ ဂိုးလ်၊ ဘယ်လာ၊ ဂျိုနသန်၊ ဂရဟမ်၊ ဗင်းဆင့်နဲ့ တခြားအတန်းက သူတွေရောပဲ။"

"စာအုပ်တစ်အုပ်ကို အဖုံးနဲ့တင် မဆုံးဖြတ်သင့်ဘူးဆိုတာ တကယ်မှန်တာပဲ။" တခြားဝါရင့်ဆရာနှစ်ယောက်ကလည်း ဝင်ဆွေးနွေးလိုက်တယ်။

"ကျောင်းဆင်းချိန်လည်း ရောက်ပြီဆိုတော့ ရှင်တို့အလုပ်တွေ လက်စသတ်ပြီးရင် ပြန်ကြတော့လေ။ ကျွန်မကတော့ ဒီမှာနေတာမလို့ ကိစ္စမရှိပေမဲ့ပေါ့။"

မက်ဒါနာက ပြောလိုက်တော့ ဆရာတွေက တစ်ယောက်ပြီးတစ်ယောက် မက်ဒါနာကို နှုတ်ဆက်ပြီး ပြန်ထွက်သွားကြတယ်။ ဒါပေမဲ့ ဘရီစာက ထွက်မသွားသေးဘဲ အခန်းထဲမှာ ရှိနေသေးတယ်။

"ဆရာမဘရီစာ၊ ကျွန်မဘာကူညီပေးရမလဲ။"

"ဟုတ်ကဲ့၊ ကျောင်းအုပ်ပေးထားတဲ့ ဒိုင်းအတွက် ကျေးဇူးတင်ချင်လို့ပါ။" ဘရီစာက သူ့ရဲ့လေးထောင့်ပုံ ငွေရောင်ဒိုင်းသစ်ကို လက်နဲ့သုံးသပ်လိုက်ရင်း ပြောလိုက်တယ်။ ဒီဇိုင်းက ဇက်သတ္တုအစစ်မလို့ သူ့အတွက် အများကြီးအသုံးဝင်တယ်လေ။

မက်ဒါနာကတော့ ဘရီစာကို ပြုံးပြရင်း "ဒါက ကိစ္စမရှိပါဘူး၊ ရှင်က ကျန်းမာရေးမကောင်းတဲ့ သမီးတစ်ယောက်အတွက် ရုန်းကန်နေတဲ့ သန်မာတဲ့အမေပဲမဟုတ်လား။"

ဘရီစာက မက်ဒါနာပြောလိုက်တဲ့ စကားကြောင့် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူတို့ရဲ့အားနည်းတယ်ထင်ရတဲ့ ကျောင်းအုပ်ကို ကြည့်လိုက်တယ်။ ရွှေရောင်ဆံပင်ရှည်နဲ့ အလှလေးက ဘာမှမဖြစ်သလို ပြုံးပြနေပေမဲ့ အန္တရာယ်အငွေ့အသက်တချို့က အခန်းထဲမှာ ပြည့်နှက်လာပါတယ်။

"အံ့ဩမသွားပါနဲ့၊ ကျွန်မတို့က လောလောဆယ် တစ်လှေတည်းစီးနေရတဲ့ သူတွေမလို့ အချင်းချင်းကူညီပေးနေတဲ့သဘောပါ။ ရှင့်အနေနဲ့ ဆရာမတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်မယ်ဆိုရင် အဆင်ပြေပါတယ်။"

ဘရီစာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျောင်းအုပ်ပေါ်လီယာနာ (မက်ဒါနာ)ကို ခေါင်းညိတ်ပြတယ်။ အဲဒီနောက် ရုံးခန်းထဲကနေ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့တယ်။

All Chapters