လျော်ကြေးပေးခြင်း
Vol. 4 Ch. 46
အခန်း (၄၆) လျော်ကြေးပေးခြင်း
သုတေသနဌာနဒါရိုက်တာ ပျာယာခတ်သွားသည်။ စာရွက်များကို အလျှင်အမြန်ကောက်၍ ဖတ်ကြည့်လိုက်ပြီး၊ သူ တုန်လှုပ်သွား၏။
အစီရင်ခံစာတွင် ပြန်သိမ်းနိုင်တဲ့ဓါး၏ ဒီဇိုင်းပုံစံ ပေါက်ကြားသွားကြောင်း ဖော်ပြထားသည်။ သဘာဝကျစွာပင် ထိုဓါး၏ တီထွင်သူက တာဝန်ခံရမည်ဖြစ်သည်။
"ဒါ..ဒါ ကျွန်တော့်အမှား မဟုတ်ဘူး။ သူက အော်ဟစ်ပြီး ပြောလိုက်သည်။ "အဲ့ကောင်လေး ဟန်ရှောင်းပဲ ဖြစ်ရမယ်။ သူက ကျွန်တော့်ကို ချောက်ချချင်နေတာ အသိသာကြီး။ ဒီဇိုင်းပုံစံက သူပိုင်တာမှန်း လူတိုင်း သိတာပဲ၊ ကျွန်တော် နာမည်မပျက်အောင် ကူညီပါဦး၊ အကြီးအကဲ။"
"အစီရင်ခံစာက ရှင်းရှင်းလေးပြောထားတာ သုတေသနဌာနက ပြန်သိမ်းနိုင်တဲ့ဓါးကို တီထွင်ခဲ့တာတဲ့။" အကြီးအကဲက အေးစက်စွာပြန်ပြောသည်။ "ဒါက မင်းတာဝန်ခံရမှာပဲ။"
သုတေသနဌာနဒါရိုက်တာ ကျောရိုးတစ်လျောက် အေးစက်သလို ခံစားသွားရပြီး ရုတ်တရက်ဆိုသလို ဘာဖြစ်နေမှန်း သဘောပေါက်သွားသည်။
ထိပ်တန်းအရာရှိတွေက ဟန်ရှောင်းကို ထောက်ခံဖို့ ရွေးချယ်လိုက်ကြပြီလား။
သူတို့၏ အဆိုပြုလွှာအတွက် ဆုံးဖြတ်ချက် အလွန်ကြာမြင့်နေရသော အကြောင်းအရင်းမှာ ရိုးရိုးလေးပင်။ အထက်လူကြီးများက ဟန်ရှောင်းဘာလုပ်မလဲကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။
ပြီးနောက် ဟန်ရှောင်းက လူတိုင်းကို ကစားသွားနိုင်ခဲ့သည်။
ဒီဇိုင်းပုံစံကို ပေါက်ကြားစေခြင်းဖြင့် ဟန်ရှောင်းက အထက်လူကြီးများကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ "ဒီမှာ မင်းတို့လိုအပ်တဲ့ အကြောင်းပြချက်ပဲ၊ ငါ့ကို ကူညီမှာလား၊ မကူညီဘူးလား။"
သူတို့မမျှော်လင့်ထားသည်က ဟန်ရှောင်းတစ်ယောက် ဤကဲ့သို့ ပြောင်မြောက်လှသော တုန့်ပြန်မှုမျိုးဖြင့် သုတေသနဌာနကို အမှုဆင်ခဲ့ခြင်းပင်။ သူတို့က သူ့ကို နှစ်သိမ့်ပေးချင်တာထက်ပင် ပိုနေသည်။ နောက်ဆုံးမှာတော့၊ သူတို့က သူ၏ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ရှိချင်နေဆဲဖြစ်သည်။
အစတုန်းက၊ ဟန်ရှောင်း၏ ပြန်သိမ်းနိုင်တဲ့ဓါးသည် သူကမည်သို့ပင် လက်ဝါးကြီး အုပ်ထားပါစေ ဌာန၁၃အတွက်သာ ဖြစ်သော်လည်း၊ သုတေသနဌာန၏ လောဘကြီးမှုကြောင့် အခြာသူများလက်သို့ ရောက်ရှိသွားသည်။
ဟန်ရှောင်း၏ တုန့်ပြန်ချက်က နည်းနည်းတော့ ပြင်းထန်ပေမယ့် အထက်လူကြီးများက လျစ်လျူရှုထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီဇိုင်းပုံစံက သူ့အပိုင် မဟုတ်ဘူးလား။
သေချာသည်က၊ ဤနေရာတွင် ဟန်ရှောင်းသာ မဟုတ်ဘဲ သာမန်အေးဂျင့် တစ်ယောက်သာ ဖြစ်ပါက၊ သူတို့က သူ့ကို စစ်ခုံရုံးသို့ ပို့ဆောင်ပြီး ဌာန၁၃မှ ထုတ်ပစ်မည်မှာ သံသယရှိစရာ မလိုပေ။ ဟန်ရှောင်း၏ တမူထူးခြားသည့် ပုံရိပ်ကတော့ ထိုကဲ့သို့ မပြုလုပ်နိင်ရန် ဟန့်တားထားနိုင်၏။ သူပိုင်ဆိုင်ထားသည့် သတင်းအချက်အလက်များက အလွန်တန်ဖိုးကြီးလှ၏။ မည်သို့ပင်ဆိုစေ၊ ဟန်ရှောင်းကလည်း ခြေလွန်လက်လွန် မလုပ်ရသေးပေ။
ထို့အပြင်၊ ဌာန၏ တရားမျှတခြင်းကိုလည်း လူတိုင်းကိုပြရန် အရေးကြီးသေးသည်။
ထိုအချိန်တွင်၊ သုတေသနဌာနဒါရိုက်တာ၏ မျက်နှာက လုံးဝကို ဖြူလျော်သွား၏။ ဟန်ရှောင်းကို အနိုင်ကျင့်ဖို့ ရွေးချယ်မိလိုက်၍ အကြီးအကျယ် နောင်တရနေသည်။
ပြစ်မှုက သေဒဏ်ချမှတ်ရန်လောက်အထိ မကြီးကျယ်သော်လည်း၊ သူ၏ အရာရှိဘဝကတော့ ပြီးဆုံးသွားလေပြီ။
'ဟန်ရှောင်း၊ မျိုးမစစ်ကောင်' သူက ကျိတ်၍သာ ကြုံးဝါးနိုင်တော့သည်။
…
သုတေသနဌာနဒါရိုက်တာတစ်ယောက် လက်နက်များကို တရားမဝင်ရောင်းချသည့်အတွက် အရေးယူခံရသည့်သတင်း ပြန့်နှံ့သွားသောအခါ၊ ဌာန၁၃မှ အေးဂျင့်များအားလုံး မယုံနိုင်လောက်အောင် ဖြစ်ကုန်ကြသည်။
သူက ချက်ချင်း အကြီးအကျယ် ပြစ်ဒဏ်ချမှတ်ခြင်း မခံရသည့်အချက်ကို ကြည့်လျှင် လက်ရှိမြင်ရသည်ထက် လူတွေမသိနိုင်သော နောက်ကွယ်မှ ဖြစ်ရပ်များ ရှိနေနိုင်သည်။
အေးဂျင့်များအနေဖြင့် အချိန်ဘယ်လောက်မှ မယူလိုက်ရဘဲ ကိစ္စနှစ်ခုကို ဆက်စပ်ကာ ယုံကြည်နိုင်ဖွယ်မရှိသော ကောက်ချက်တစ်ခုကို ချလိုက်နိုင်၏။ ဟန်ရှောင်းက ဒါတွေအားလုံးကို စီစဉ်ခဲ့တာလား...
ဟန်ရှောင်းက ဂူအောင်းပြီး တိတ်တိတ်လေးသာ နေနေသည်ဟု အရင်က သူတို့ထင်ခဲ့သည်။ ပြောင်းပြန်ပင်၊ ထိုအရာက မုန်တိုင်းမကျမီ လေငြိမ်သွားခြင်းသာဖြစ်သည်။
“သူက တကယ်ကြီး သုတေသနဌာနဒါရိုက်တာကို ချောက်ချခဲ့တာလား။”
“ဘယ်လိုသတ္တိကောင်းလိုက်တာလဲ။”
“ဒါဆိုရင် အထက်လူကြီးတွေက သူ့ကို ထောက်ခံနေတဲ့သဘော မဟုတ်ဘူးလား။”
လူတိုင်းအတွက် ယုံကြည်ရအခက်ဆုံးမှာ ဟန်ရှောင်းက ဘာပြစ်ဒဏ်မှ မထိဘဲ လွတ်ကျွတ်နေခြင်းပင်။ ထို့ကြောင့် ဟန်ရှောင်း၏ နောက်ခံအစစ်အမှန်နှင့် ပတ်သက်၍ ထင်ကြေးများ အများအပြား ထွက်ပေါ်လာခဲ့သည်။
သတင်းများကြားပြီးနောက် အပျော်ဆုံးဖြစ်နေသူမှာ လီယာလင်းမှတစ်ပါး အခြားသူမဟုတ်ပေ။ သူမနဲ့ ဟန်ရှောင်း ဆက်စပ်မှုကြောင့် ထူးဆန်းတဲ့ အကြည့်တွေနဲ့ အကြည့်ခံခဲ့ရသည်။ ပထမဆုံး သူမလုပ်ခဲ့သည်က တိစုစုကို သွားရှာပြီး၊ သူ့ရှေ့၌ ဝင့်ဝင့်ကြွားကြွားပင် ပျော်ရွှင်ပြခဲ့သည်။ သို့သော်လည်း၊ တိစုစုက စိတ်မဆိုးနိုင်ပေ။ ထိုအစား သူမက ဟန်ရှောင်းကို ပို၍သာ စိတ်ဝင်စားလာသည်။
“လင်းလင်းရဲ့ အဖွဲ့ဝင်အသစ်က ဘယ်လိုလူများလဲ။”
...
လောလောဆယ် သုတေသနဌာနဒါရိုက်တာကို ပြင်းပြင်းထန်ထန် သတိပေးခြင်းသာ ပြုလုပ်ထားပြီး၊ ဟန်ရှောင်းကိုလည်း မထိရန် မှာကြားထားသည်။ သူ့လူများတော့ သူ၏ဒေါသကို ခံစားနေရသည်။ လော်ရွမ်းသည်လည်း စက်ကွင်းမလွတ်ပေ။ ရာထူးတိုးမည့်အစား၊ သာမန်ဝန်ထမ်းအဖြစ်သို့ ရာထူးကျသွားလေသည်။
“သေစမ်းကွာ” လော်ရွှမ်းက ကျိန်ဆဲနေသည်။
ဒီလိုဖြစ်လာမည်မှန်း သူသာ သိခဲ့လျှင်၊ ထောက်ပံ့ရေးဌာန၌ ဆက်လက်၍ ကျိုးကျိုးနွံနွံ နေခဲ့ပေမည်။ ယခုတော့၊ အလွန်နောက်ကျသွား၏။ ထောက်ပံ့ရေးဌာန ဒါရိုက်တာက သူ့ကို လက်ခံ၍ပင် စကားမပြောချင်တော့ပေ။
ဒါက မတရားဘူးလေ။
သူတို့က ဘာဖြစ်လို့ ဟန်ရှောင်းကို ကာကွယ်ပေးချင်တာလဲ။
သူက ငါ့ထက် ပိုတော်နေလို့လား။
လော်ရွှမ်းက ဒေါသကြောင့် ဘာမှမမြင်နိုင်တော့ပေ။
နောက်တစ်နေ့တွင်၊ အထက်လူကြီးများက လျော်ကြေးနှင့်ပက်သက်၍ သူနှင့်ဆွေးနွေးချင်ကြောင်း ဖုန်းကျွင်းထံမှ ဟန်ရှောင်း ကြားလိုက်ရသည်။
နောက်ဆုံးတော့၊ ဟန်ရှောင်းအတွက် ညှိနှိုင်းနိုင်မည့် အခွင့်အရေး ရလာခဲ့ပြီ။ နောင်အနာဂတ်တွင်၊ သဘောထားတင်းမာသူများသည် သူ့ကို အရေးမထားဘဲ တစ်ခုခုပြုလုပ်တော့မည် မဟုတ်ကြောင်း ဟန်ရှောင်းသိနေသည်။ ထို့ကြောင့် အဆင့်မြင့် အသိပညာကို ရရှိရန် ဤတစ်ကြိမ်သာ အခွင့်အရေး ရှိနိုင်၏။
ပုံမှန်အတိုင်း နှာခေါင်းစည်းတပ်လျက် ဟန်ရှောင်းက ဖုန်းကျွင်းနှင့်တွေ့ရန် ရုံးချုပ်သို့ ရောက်ရှိလာသည်။ ဖုန်းကျွင်းက သူ့ကို အကြီးအကဲ၏ ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။ ထိုအခန်းတွင် လူ ၃ယောက် စောင့်နေ၏။ အကြီးအကဲ၊ သုတေသနဌာန ဒါရိုက်တာနှင့် ပြတင်းပေါက်ကို မျက်နှာမူနေသည့် လူအိုကြီးတစ်ယောက်တို့ ဖြစ်ကြသည်။
"ကူဟွေ့၊ ကြယ်နဂါးနိုင်ငံ မဟာဗျူဟာ ကာကွယ်ရေး အကြီးအကဲ" အကြီးအကဲက မိတ်ဆက်သည်။
ဟန်ရှောင်း မျက်လုံးမှေးသွားသည်။ ဒါက ရင်းနှီးနေတဲ့ နာမည်ပဲ။ ဒါပေမယ့်၊ သူဘယ်မှာ ကြားဖူးလဲဆိုတာ စဉ်းစားမရတော့။
"တစ်စုံတစ်ယောက်က မင်းကို တွေ့ချင်နေတယ်။" ကူဟွေ့က လေသံအေးအေးဖြင့် ဆက်ပြောသည်။
လူအိုကြီးက လှည့်လာပြီး ဟန်ရှောင်းကို ပြုံးပြလိုက်သည်။
ဟန်ရှောင်း၏ သရုပ်ဆောင်ခြင်းစွမ်းရည်က ချက်ချင်းပင် အစွမ်းပြလေသည်။
"အရပ်ရှည်ရှည် လူအိုကြီး..."
အရပ်ရှည်ရှည် လူအိုကြီးက ရယ်လိုက်သည်။
"တော်တော် အံ့ဩသွားလား။"
"အဘိုးက ဘယ်သူလဲ။" ကြောင်တောင်တောင်နှင့် ခေါင်းညိတ်ပြီး ဟန်ရှောင်းက မေးလိုက်သည်။ ဂျာမီနယ်အဖွဲ့အစည်းတွင် သရုပ်ဆောင်ခဲ့သည့် အတိုင်းပင်။
"မင်းသိဖို့လိုတာက ဌာန၁၃ထဲမှာ ငါ့မှာ အာဏာနည်းနည်းရှိတယ်ပေါ့ကွာ။"
“…”
"ဟား၊ အရမ်းစိတ်လှုပ်ရှားမနေပါနဲ့။ ငါအရင်ထဲက မင်းကို သတိထားမိပါတယ်။ မင်းငါ့ကို အထင်ကြီးစရာကောင်းလောက်အောင် မျက်နှာသာတစ်ခု ပေးခဲ့တာပဲ။"
မစ်ရှင် အောင်မြင်ပြီ။
ဟန်ရှောင်း၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်နေခြင်းများ ပျောက်သွားသောအခါ၊ အရပ်ရှည်ရှည် လူအိုကြီးက သူ့ကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ငါ့ကိုပြော၊ ဒီကိစ္စကို မင်းဘယ်လို ဖြေရှင်းချင်သလဲ။"
အခန်း (၄၆) ပြီး၏။
လင်းဆက်