အရှုံးသမား
Vol. 4 Ch. 47
အခန်း (၄၇) အရှုံးသမား
"ကျွန်တော် နစ်နာကြေးတစ်ချို့ လိုချင်တယ်။" ဟန်ရှောင်းက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
"မင်း ဒီဇိုင်းပုံစံကို ရောင်းပြီး ရလာတဲ့ငွေတွေက နစ်နာကြေးအတွက် မလုံလောက်သေးဘူးလား။" တေသနဌာန ဒါရိုက်တာက မနေနိုင်တော့ဘဲ ဝင်ပြောလေသည်။
ဟန်ရှောင်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းသာ ငါ့ရဲ့ ဒီဇိုင်းပုံစံကို ခိုးဖို့မကြံခဲ့ရင်၊ ဒီထက်တောင် ပိုက်ဆံပိုရှာနိုင်ဦးမယ်။ ပြီးတော့ မင်းက ကောင်းကောင်းမွန်မွန် တောင်းဆိုခဲ့ရင်၊ ငါက ဌာနကို ရောင်းရင်တောင် ရောင်းခဲ့ဦးမှာ။ ဒါပေမယ့်၊ မင်းကိုယ်မင်း ပြန်မေးကြည့်စမ်း - အဲလိုလုပ်ခဲ့လို့လား။"
သုတေသနဌာန ဒါရိုက်တာမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။
"ဘယ်လို နစ်နာကြေးမျိုး မင်းလိုချင်တာလဲ။" ကူဟွေ့က မေးလိုက်သည်။
ဟန်ရှောင်းက ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်ကာ၊ ခဏမျှ ချင့်ချိန်စဉ်းစားနေသလို ဟန်ဆောင်ပြီးနောက် ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုး နောက်တစ်ခါ ထပ်မဖြစ်စေချင်ဘူး။"
"ဒါက သေချာတာပေါ့။"
မည်သို့ပင်ဆိုစေ၊ ဟန်ရှောင်းက သူ၏ ပစ္စည်းများကို တစ်ဦးချင်း အမှာစာလက်ခံ၍သာ ရောင်းချသော်လည်း၊ ဌာန၁၃မှ အေးဂျင့်များကိုသာ ရောင်းချခြင်းဖြစ်သည်။ အမြောက်အများ ထုတ်လုပ်သည်လောက်တော့ ပမာဏမများသော်လည်း၊ ဌာနအတွက်သာ အကျိုးပြုခဲ့သည် မဟုတ်လား။ ထို့အပြင်၊ ပို၍ တန်ဖိုးရှိသည့် ဒီဇိုင်းပုံစံများ ပေါက်ကြားသွားခဲ့လျှင် ဘယ်လိုလုပ်မလဲ။
"ပြီးတော့..." ဟန်ရှောင်းက မေးစေ့ကို ပွတ်ရင်း ဆက်ပြောသည်။ "ကျွန်တော် အဆင့်မြင့် ယန္တရား အသိပညာကို ကြည့်ချင်တယ်။"
အရပ်ရှည်ရှည် လူအိုကြီး မျက်မှောင်ကြုတ်သွားသည်။ ဒါက တိုက်ဆိုင်တာလား၊ ဒါမှမဟုတ် ဟန်ရှောင်းက အစကတည်းက တောင်းဖို့ ကြံစည်ထားတာလား။
အဆင့်မြင့် ယန္တရား အသိပညာသည် ကြယ်နဂါးနိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ ထို့ပြင် အဆင့် (၅) ခွင့်ပြုမိန့်ရှိထားသူသာ ကြည့်ရှုနိုင်ပြီး "Galaxy" တွင် ရှိသော 'သူကောင်းပြုခြင်း' ဂုဏ်သတင်းနှင့် ညီမျှသည်။ နိုင်ငံ၆နိုင်ငံမှ တစ်နိုင်ငံချင်းစီနှင့် ဂျာမီနယ်အဖွဲ့အစည်းသည် မတူညီသော အဆင့်မြင့် အသိပညာများကို ပိုင်ဆိုင်ထားကြသော်လည်း၊ အယုံကြည်ရဆုံးနှင့် အထိုက်တန်ဆုံးလူများသာလျှင် ရရှိနိုင်ကြသည်။
ဟန်ရှောင်းက အပြင်ပန်း တည်ငြိမ်ပြီး မယိမ်းယိုင်သည့် ပုံစံဖမ်းထားသော်လည်း၊ တကယ်တမ်းတော့ အလွန် စိတ်လှုပ်ရှားနေ၏။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အခုတော့၊ အရာအားလုံးက အရပ်ရှည်ရှည် လူအိုကြီးပေါ်၌သာ မူတည်နေသည်။
"ဘာလို့ အဆင့်မြင့် အသိပညာကိုလဲ။"
"သိချင်ရုံပါပဲ။"
“…”
တင်းကြပ်လျက်ရှိသည့် တိတ်ဆိတ်မှုက ငါးမိနစ်ခန့်ကြာပြီးသော်၊ အရပ်ရှည်ရှည် လူအိုကြီးက ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ဟန်ရှောင်း၏ မျက်လုံးထဲသို့ နက်နက်နဲနဲစိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကောင်းပြီ၊ ငါခွင့်ပြုပေးမယ်။"
ဟန်ရှောင်းက ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး ပျော်ရွှင်သွားသော်လည်း သူ၏ ခံစားမှုများကို ထိန်းချုပ်လိုက်သည်။
ရုတ်တရက်၊ သုတေသနဌာန ဒါရိုက်တာက ဖြတ်ပြောလိုက်၏။ "ခဏစောင့်ပါဦး၊ အဆင့်မြင့် အသိပညာက အဆင့်(၅) ခွင့်ပြုမိန့်လိုအပ်တယ်။ ဒါက စည်းမျဉ်းနဲ့ မကိုက်ညီဘူး။"
ဟန်ရှောင်း နှုတ်ခမ်းတွန့်သွား၏။
ဒီမျိုးမစစ်က ငါ့အကြံကို ဖျက်ရဲရင်၊ ငါသူ့ကို အသားဖတ်ဖြစ်သွားအောင် ရိုက်ပစ်မယ်။
"မင်းက ဘယ်လိုအကြံပေးချင်လဲ။" ကူဟွေ့က မပျော်မရွှင်နှင့် မေးလိုက်သည်။ "စည်းမျဉ်းက စည်းမျဉ်းပဲလေ။ စီနီယာတို့က လက်ခံပေမယ့်၊ အခြားလူတွေက သဘောတူမယ်လို့ ကျွန်တော်မထင်ဘူး။"
အရပ်ရှည်ရှည် လူအိုကြီးက လှောင်ပြုံးပြုံးလိုက်သည်။
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။"
"ကျွန်တော် မလုပ်ရဲပါဘူး။" သုတေသနဌာန ဒါရိုက်တာက လက်တွေ့ကျကျ ပြန်ဖြေသည်။
ဌာန၁၃တွင် ရာထူးအဆင့်အတန်း ၂မျိုးရှိ၏။ ဌာနခွဲ ၁၃ခုမှ ခေါင်းဆောင်များအပြင်၊ ပို၍မြင့်မားသော ကော်မတီတစ်ခုလည်းရှိသည်။ ထိုကော်မတီကို အကြီးအကဲ အပါအဝင် အခြားရာထူးကြီးမြင့်သော အရာရှိများဖြင့် ဖွဲ့စည်းထားသည်။ ထိုအရာရှိများမှာ ကြယ်နဂါးနိုင်ငံအတွင်း ကြီးမားသော လွှမ်းမိုးနိုင်စွမ်း ရှိသူများဖြစ်ကြသည်။
အရပ်ရှည်ရှည် လူအိုကြီးမှာ ထိုကဲ့သို့သော အရာရှိများထဲမှ တစ်ယောက်ဖြစ်ပြီး၊ ကွန်ဆာဗေးတစ်များ၏ ခေါင်းဆောင်လည်းဖြစ်သည်။ သဘာဝကျစွာပင် သဘောထားတင်းမာသူများတွင်လည်း အာဏာကြီးမားသော နောက်ခံအရာရှိများ ရှိကြသည်။ ထို့ကြောင့် သုတေသနဌာန ဒါရိုက်တာက ဤကဲ့သို့ ကန့်ကွက်ရဲခြင်းဖြစ်သည်။
"ငါ့စကားနဲ့တင် လုံလောက်တယ်။" အရပ်ရှည်ရှည် လူအိုကြီးက ရှင်းရှင်းလင်းလင်းပင် ပြောလိုက်သည်။
သုတေသနဌာန ဒါရိုက်တာက အံကြိတ်လိုက်သည်။ ရုတ်တရက်၊ သူ၏ မျက်လုံးက လင်းလက်သွားသည်။
"ဒါဆို သူ့ကို နာရီဝက်ပဲ ကြည့်ခွင့်ပြုဖို့ အကြံပေးပါရစေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ သင့်တော်တဲ့ ခွင့်ပြုမိန့်မှ မရှိသေးတာ။"
ကူဟွေ့နှင့် အရပ်ရှည်ရှည် လူအိုကြီးက အကြည့်ခြင်း ဖလှယ်လိုက်ကြသည်။ ဒါက သင့်တော်တဲ့ အကြံပဲ။ ပြီးတော့၊ ဟန်ရှောင်းကလည်း ကြည့်ချင်ရုံပဲလို့ ပြောထားသည်ကိုး။
"ငါတို့မင်းကို အချိန် ၁နာရီပေးမယ်။" ကူဟွေ့က ကြေညာလိုက်သည်။
သုတေသနဌာန ဒါရိုက်တာက ကြိတ်ပြီး ပျော်ရွှင်သွား၏။ ၁နာရီဆိုရင်တောင် အဆင့်မြင့် အသိပညာရဲ့ သုံးပုံတစ်ပုံကို ကြည့်ဖို့ လုံလောက်မှာ မဟုတ်ဘူး။
တကယ်တမ်းတွင်တော့၊ ဟန်ရှောင်းက ရယ်မောနေသည်။
၁နာရီ။ ငါ့ရဲ့ အရည်အချင်းအမှတ်တွေနဲ့ ၁မိနစ်အတွင်း ဘာလုပ်မလဲဆိုတာ စောင့်ကြည့်လိုက်။
သူက နှုတ်ခမ်းကို ကိုက်ထားပြီး မပြုံးမိအောင် ထိန်းချုပ်နေရသည်။
စိတ်လျှော့... စိတ်လျှော့...
...
အဆင့်မြင့် အသိပညာကို အလွန်လုံခြုံသော လျှို့ဝှက်ကုဒ် အလွှာ၇ခုဖြင့် ပိတ်ထားသည်။ လော့ခ်ဖွင့်ရန် ကုဒ်သည် ဂဏန်း ၄၈ လုံးကျော် ပေါင်းစပ်ထားသော စီးရီးတစ်ခုဖြစ်ပြီး အဆက်မပြတ် ကုဒ်အသစ် ပြန်လည်ဖွဲ့စည်းနိုင်သည်။
အသိပညာများကို အထူးကွန်ပျူတာ တစ်ခုတည်းမှသာ ကြည့်ရှုနိုင်၏။
ကူဟွေ့က ဟန်ရှောင်းကို လျှို့ဝှက်မြေအောက်ခန်းသို့ဆင်းရန် ဓါတ်လှေကားဆီသို့ ခေါ်လာသည်။ ဓါတ်လှေကားတံခါး ပွင့်သွားသောအခါ၊ ဟန်ရှောင်း မြင်လိုက်ရသည်က စောင့်ကြည့်ရေးကင်မရာများ တစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ထားသည့် လင်းလက်နေသော သတ္တုစင်္ကြန်တစ်ခု ဖြစ်သည်။ အစောင့်များ မရှိသော်လည်း၊ ကော်ရစ်ဒါတစ်ခုလုံးက သတ္တုရှာဖွေစက်များနှင့် လေဆာအလင်းတန်းများ ပြည့်နှက်နေသည်။ နံရံနောက်တွင် သိုဝှက်ထားသည့် သေနတ်များက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပါက ချက်ချင်း အသက်ဝင်လာမည်ဖြစ်သည်။
ဒါက ခံတပ်ကြီးတစ်ခုလိုပင်။
"ဒီကော်ရစ်ဒါအတွက် မင်းတို့ဘယ်လောက်တောင် သုံးထားတာလဲ။"
"ဘီလျံတစ်ချို့ပေါ့။" ကူဟွေ့က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
ဟန်ရှောင်းက ညင်သာစွာ သက်ပြင်းချလိုက်သည်။
ဤစူပါကွန်ပျူတာသည် ကြယ်နဂါးနိုင်ငံ၏ အဆင့်အမြင့်ဆုံး ကွန်ပျူတာဖြစ်သည်။ ဤကွန်ပျူတာမှ တစ်စက္ကန့်အတွင်း ဆောင်ရွက်လိုက်သော အချက်အလက်က သာမန်ကွန်ပျုတာတစ်လုံးကို ပျက်စီးသွားစေနိုင်သည်။ နိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်ချက်အားလုံးက ဤကွန်ပျူတာထဲတွင် ရှိနေသည်။
သူ၏ ကွန်ပျူတာ အရည်အချင်းကို အမြင့်ဆုံးထိ မြှင့်တင်လိုက်လျှင်ပင်၊ ကွန်ပျုတာ၏ အကာအကွယ်စနစ်ကို ဟက်နိုင်မည် မဟုတ်ကြောင်း ဟန်ရှောင်းခန့်မှန်းမိ၏။
စင်္ကြန်လမ်းတစ်ခုလုံးကို ဖြတ်လျှောက်ရန် ငါးမိနစ်လုံးလုံး ကြာမြင့်ခဲ့ပြီးနောက် အဆုံးသို့ရောက်လာသည်။ စက်လုံးပုံစံ အခန်းတစ်ခုက ဟန်ရှောင်း၏ မြင်ကွင်း၌ ပေါ်လာ၏။ ထိုးဖောက်မြင်နိုင်သည့် လမ်းကြောင်းတစ်ခုက စက်လုံး၏ အလယ်ဗဟိုနှင့် ဆက်သွယ်ထားပြီး မျက်နှာပြင်တစ်ခုကိုလည်း တွေ့နေရသည်။ မောက်စ်နှင့် ကီးဘုတ်လည်း ရှိနေပြီး ထိုအရာက ကွန်ပျူတာ၏ မျက်နှာပြင်ဖြစ်သည်။
သူတို့ အခန်းထဲသို့ ဝင်လာသောအခါ၊ မရေမတွက်နိုင်သော ဖိုင်ဘာကြိုးများနှင့် အဆင့်မြင့်ကွန်ပျူတာ အစိတ်အပိုင်းများကို မှန်များထဲတွင် တွေ့လိုက်ရသည်။ တကယ်တော့ အခန်းတစ်ခုလုံးသည် စူပါကွန်ပျူတာကြီး ဖြစ်ပေသည်။
ဟန်ရှောင်းကတော့ အထင်ကြီးသည့်ပုံပင် မပေါ်ပင်။
"ဒီမှာ ဘာလို့ အောက်သိုးသိုးဖြစ်နေတာလဲ။ မင်းတို့တွေ လေဝင်လေထွက်စနစ်ကို မေ့သွားတာများလား။"ကူဟွေ့၏ မျက်လုံးများ တွန့်သွား၏။
သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ပြန်ဖြေသည်။ "ဒါက မျက်နှာပြင်ပဲ၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီ။ အဆင့်မြင့် အသိပညာကလွဲလို့ အခြားဘယ်သတင်းအချက်အလက်ကိုမှ ကြည့်လို့ရမှာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းအရ၊ ငါတို့မင်းကို စောင့်ကြည့်နေတယ်ဆိုတာ သတိပေးပါရစေ။ ပြီးတော့ မင်းကလည်း ဘာမှ ပေါက်ကရ မလုပ်တာ ကောင်းလိမ့်မယ်။"
ရပြီ၊ ငါမင်းတို့ကို ရယ်အောင်မလုပ်ပါဘူး။
ဟန်ရှောင်းက ခေါင်းညိတ်လိုက်ပြီး ကွန်ပျူတာဆီသို့ လျှောက်သွားလိုက်သည်။
ကွန်ပျူတာတွင် ရှာဖွေလို့ရသည့် နေရာတစ်ခု ရှိနေပြီး ဟန်ရှောင်းက "အဆင့်မြင့် အသိပညာ" ဟု ရိုက်ထည့်လိုက်ရာ ရလဒ်တစ်ချို့က မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
အက်စ်ပါ အဆင့်မြင့် အသိပညာ [DNA - စွမ်းအင်အဆင့် အားကောင်းစေခြင်း]
အက်စ်ပါ အဆင့်မြင့် အသိပညာ [DNA - ထိန်းချုပ်ခြင်း အားကောင်းစေခြင်း]
တိုက်ခိုက်သူ အဆင့်မြင့် အသိပညာ [DNA - စွမ်းအားပြင်းပေါက်ကွဲမှု]
တိုက်ခိုက်သူ အဆင့်မြင့် အသိပညာ [လှိုင်းထိန်းချုပ်ခြင်း]
အခန်း (၄၇) ပြီး၏။
လင်းဆက်