← Chapters

အခန်း(၁)

Vol. 1 Ch. 1

အခန်း(၁)

Vol. 1 Ch. 1

လီဖူချန်းက သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီတွေ ပျောက်ဆုံးသွားတာ တစ်နှစ်တောင် ကျော်ခဲ့ပြီဖြစ်သည်။ အခုချိန်မှာတော့ သူ့ဘဝကို ရေစုန်မျှောရင်း အပျော်အပါးတွေနှင့်သာ အချိန် ဖြုန်းနေရသည်လေ။

တစ်ခါတစ်ရံမှာတော့ တစ်ချိန်က သူ့ကို မော်တောင် မကြည့်ရဲတဲ့ သူတွေရဲ့ စော်ကားခြင်းတွေ ရိုက်နှက် ပညာပေးခြင်းတွေကိုပါ ခံရသေးတယ်။ ဒါပေမဲ့ ဒါတွေက သူ့ကို စိတ်မပျက်စေပါဘူး။

သူက အရမ်းကို အင်အားကြီးတဲ့ မိသားစုက မိန်းမချောလေးနဲ့ စေ့စပ် ထားသေးတယ်လေ။ ဒီမိန်းမချောလေးက သူ့ရဲ့ ကစားဖော် ကစားဖက် ဖြစ်သလို သူ့ကို အရမ်း ခင်တွယ်သည့်အတွက် သူမရှိနေသရွေ့ သူ ဘယ်တော့မှ စိတ်ပျက်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ ထိုမိသားစုမှ လာရောက်ပြီး စေ့စပ်တာကို လာဖျက်သိမ်းခဲ့တယ်။ မိသားစု အတွင်းမှာ အရမ်း အရှက် ရခဲ့တဲ့ လီဖူချန်း တစ်ယောက် သူ့ရဲ့ ပါရမီတွေ ပြန်ရပြီး သူ့ကို နှိမ်ချ ဆက်ဆံခဲ့တဲ့သူတွေကို ပြန်ကလဲ့စား ချေနိုင်မလား ဆိုတာကတော့…

***

အခန်း(၁)

“လီဖူချန်း”

“မင်းနောက်ထပ် ဆယ်နှစ် လေ့ကျင့်ရင်တောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူးကွ။

လီဖူချန်း တစ်ယောက် ပြိုင်ပွဲ စင်မြင့် ထက်ကနေ လွင့်ထွက်သွားပြီး မြေကြီးပေါ်မှာ ပုံရက်သား လဲကျနေခဲ့တယ်။

သူ့ကို စင်မြင့်ပေါ်ကနေ မပြီး ပစ်လိုက်တဲ့ သူကတော့ အစိမ်းရောင်ဝတ်စုံနဲ့ လူပျိုပေါက်အရွယ် ကောင်လေး တစ်ယောက်ပဲ ဖြစ်တယ်။

“အဟက်"

“ငါထင်ထားတဲ့ အတိုင်းပဲ မင်းက ငါ့ရဲ့ တိုက်ကွက် သုံးကွက်တောင် မခံနိုင်ပါလား"

ဒီတစ်ကြိမ်ဟာ လီဖူချန်း တစ်ယောက် လီယွန်ဟီကို တစ်နှစ်အတွင်းမှာ ခုနစ်ကြိမ်မြောက် ရှုံးခဲ့တာဖြစ်သည်။

သိုင်းပြိုင်ပွဲကို ရပ်ကြည့်နေတဲ့ လူအုပ်ထဲမှ တစ်ယောက်က “မနှစ်တုန်းကတော့ လီဖူချန်းဟာ ပါရမီရှင်တစ်ယောက်ပဲကွ။ အဲတုန်းက သူက လီယွန်ဟီကို သက်သက်သာသာပဲ အနိုင်ယူခဲ့တာ"

“ဒါပေမဲ့ မမျှော်လင့်ပဲ ဒီနှစ်မှာ သူ့ရဲ့ပါရမီတွေက ပျောက်ကွယ်သွားပြီး အသုံးမကျတဲ့လူ ဖြစ်သွားတယ်။ သူ့ရဲ့ စွမ်းရည်တွေက တိုးတက်မလာပဲနဲ့ ပျောက်တောင် သွားသေးတယ်။ ပြီးတော့ လီယွန်ဟီကို မနိုင်မှန်း သိတာတောင် စိန်ခေါ်တာကို အမြဲလက်ခံပြီး ပြန်တိုက်သေးတယ်။ ဘယ်လောက် တုံးလိုက်တဲ့ငကြောင်လဲ"

“မင်းမှားနေပြီ။ သူက တုံးတာမဟုတ်ဘူး။ လီဖူချန်းက မာနကြီးတဲ့ လူတစ်ယောက်ပဲ။ သူက ဘယ်စိန်ခေါ်မှုမျိုးမဆို ကြောက်ရွံ့ပြီး ငြင်းပယ်လိုက်မယ့် သူမျိုး မဟုတ်လို့ပဲ”ဟု လူတစ်ယောက်က ပြန်ရှင်းပြသည်။

“ဒီပြဿနာတွေက လီဖူချန်းရဲ့ ဇနီးလောင်း ကောင်းရှုကြောင့် ဖြစ်တာပဲကွ။ ငါတို့ထဲမှာ လီယွန်ဟီက ကောင်းရှုကို ဘယ်လောက် ကြိုက်လဲ ဆိုတာ မသိတဲ့လူ ရှိလို့လား။ သူတို့သုံးယောက်က ငယ်ငယ်လေး ကတည်းက အတူတူ ကြီးပြင်း လာကြတာလေ။ ဒါကို ကောင်းရှုနဲ့ လီဖူချန်းက စေ့စပ် လိုက်ကြတယ် ဆိုတော့ လီယွန်ဟီ ဘယ်လောက် ဒေါသထွက်မလည်း စဉ်းစားကြည့်ပေါ့"ဟု နောက်တစ်ယောက် ကလည်း သူသိထားတာကို ဝင်ပြောပြပြန်သည်။

ပတ်ဝန်းကျင်က လှောင်ပြော ရယ်မောသံ တွေက လီဖူချန်းရဲ့ နားထဲကို တိုက်ရိုက်ကြီး ဝင်လာခဲ့ကြသည်။ အဲဒီ လှောင်ပြောင် ရယ်မောသံ တွေကြောင့် သူဟာ အသက်ရှူ နေရတာတောင် ပိုခက်လာသလိုပဲ။ တစ်နှစ်။ အရာအားလုံးဟာ လွန်ခဲ့တဲ့ တစ်နှစ်က စခဲ့တာလေ။

လွန်ခဲ့တဲ့ အစောပိုင်း နှစ်တွေတုန်းက လီဖူချန်းဟာ လီကလန်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်တယ်။ လီယွန်ဟီ ဆိုတာ သူ လက်သန်းလေးနဲ့ တောက်လိုက်ရင်တောင် လဲပြို သွားခဲ့တဲ့သူ တစ်ယောက်။

တစ်နေ့မှာ ရုတ်တရက် သူ့အတွင်းအားတွေ ကုန်ဆုံးသွားပြီး ကျင့်ကြံခြင်း ပါရမီတွေလည်း ပျောက်ကွယ် သွားခဲ့တယ်။ သူက အာရုံပြုပြီး အတွင်းအား တည်ဆောက်ဖို့ ကြိုးစား လိုက်တိုင်းမှာ

သူ့ခေါင်းဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်တော့မတတ် နာကျင် ကိုက်ခဲလာတယ်။ အဲသည် နာကျင်မှုက သူ့ကို ကောင်းကောင်း မကျင့်ကြံနိုင်အောင် ဒုက္ခ ပေးနေတာ ဖြစ်တယ်။ စိန်ခေါ်ပွဲ တစ်ခုမှာ လီယွန်ဟီက လီဖူချန်းရဲ့ စွမ်းအင်တွေ ဆုတ်ယုတ် သွားတာတွေကို သိရှိသွားခဲ့ပြီး အဲသည် ကတည်းက လီဖူချန်းကို ဆက်တိုက် စိန်ခေါ် အနိုင်ကျင့် နေခဲ့တာ ဖြစ်တယ်။

သူ့ရဲ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကောင်းကင်ကို လှမ်းကြည့် လိုက်ပြီး “စောက်သုံးမကျတဲ့ ကောင်းကင်ဘုံ။ ငါဘယ်တုန်းက မင်းကို စော်ကားခဲ့ဖူးလို့လဲ။ မင်းက ငါ့ပါရမီတွေကိုတောင် ပြန်နုတ်ယူ သွားသေးတယ်။ ဒီလောကကြီးက ခွန်အားကြီးသူက အားနွဲ့သူ အနိုင်ကျင့်ကြတဲ့ ကမ္ဘာကြီး ဆိုတာကိုတောင် မင်း မသိဘူးလား။ မင်း စောက်သုံးမကျလို့ ငါအခု လူတစ်ကာ အနိုင်ကျင့်တာ ခံနေရပြီကွ”လို့ ကောင်းကောင်းကြီး မကျေနပ်ချက်တွေကို စိတ်ထဲ ပြောလိုက်တယ်။

လီဖူချန်းရဲ့ စိတ်ထဲမှာတော့ အရမ်းပဲ ဒေါသထွက်နေတာ ဖြစ်သည်။

သူစိတ်ထဲက ပြောတာတွေကို ကောင်းကင်ဘုံက မကြားတာပဲ တော်ပါသေးသည်။ (ဒီလောက် ရိုင်းတဲ့ကောင်ကို ကောင်းကင်ဘုံက သူ့ပါရမီတွေ နုတ်ယူသသွားတာ နည်းတောင် နည်းသေးသည် မဟုတ်ပါလား)

စင်အောက်မှာ လဲကျနေတဲ့ လီဖူချန်းကို ကြည့်ပြီး လီယွန်ဟီက အရာရာက ကျေနပ်ဖို့ ကောင်းလွန်းနေသလို ခံစားလိုက်ရသည်။

သူက အမြဲတမ်း လီဖူချန်းကို မနာလို နေခဲ့ရတာလေ။ လီဖူချန်းရဲ့အဖေက လီကလန် ခေါင်းဆောင် ဖြစ်နေတာကိုလည်း မနာလိုတယ်။ လီဖူချန်းရဲ့ ပါရမီက သူ့ထက် ကောင်းနေပြီး

လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းတွေ သူ့ထက် ပေါပေါများများ ရနေတာကိုလည်း သူ မနာလိုဖြစ်တယ်။ သူ့အဖေသာ လီကလန် ခေါင်းဆောင် ဖြစ်ခဲ့ရင် သူလည်း လီဖူချန်းလို အဆင့်ရောက်အောင် ကျင့်ကြံနိုင်မယ်လို့လည်း သူယုံကြည်တယ်။

အခုချိန်မှာတော့ လီဖူချန်းရဲ့ ပါရမီတွေ ပျောက်ကွယ်ကုန်ပြီ။ သူ့အဖေ လီကလန် ခေါင်းဆောင်တောင် ကယ်နိုင်မှာ မဟုတ်တော့ဘူးလေ။

ကလန်တစ်ခုမှာ ခေါင်းဆောင် ဆိုတာ ဟန်ပြပဲဖြစ်သည်။ ခေါင်းဆောင်ရဲ့နောက်က ကလန် အကြီးအကဲတွေက စဉ်းစား ဆုံးဖြတ်ကြတာ ဖြစ်သည်။ အကြီးအကဲတွေ ဆုံးဖြတ်ပြီး သွားရင်တော့ ကလန် ခေါင်းဆောင်လည်း ပြင်နိုင်မည် မဟုတ်ပေ။ ဒါပေမဲ့ ပုံမှန် အသေးအဖွဲ ကိစ္စတွေ ဆိုရင်တော့ ခေါင်းဆောင်ကပဲ ဆုံးဖြတ်လေ့ရှိသည်။

“လီဖူချန်း"

“ငါမင်းကို အကောင်းဆုံးအကြံ တစ်ခုပေးမယ်။ ကောင်းရှုကို မေ့လိုက်ပါ။ သူမက မင်းလို အသုံးမကျတဲ့ကောင်နဲ့ မတန်ဘူး"

ပြောပြီးတာနဲ့ လီယွန်ဟီက လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာ သွားတော့သည်။

ရပ်ကြည့် နေသူများကလည်း တစ်ယောက်ပြီး တစ်ယောက် အလျှိုလျှို ထွက်ခွာသွားကြပြီး နောက်ဆုံး လေ့ကျင့်ရေး ကွင်းထဲမှာ လီဖူချန်း တစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ လေ့ကျင့်ရေးကွင်းနဲ့ အနည်းငယ်ဝေးတဲ့ အဆောင် တစ်ခုထဲမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်း အရွယ် ယောက်ျားကြီးတစ်ဦး ဖြစ်ရပ် တစ်ခုလုံးကို သေသေချာချာ ရပ်ကြည့်နေသည်။

"ဖူချန်း”

“အဖေက ခေါင်းဆောင် ဖြစ်ပေမဲ့လည်း ဒီကိစ္စမှာတော့ မင်းကို ဝင်ကူညီလို့မရဘူး။ မင်း ဒီအခက်အခဲကို ကိုယ့်ဘာသာ ကိုယ်ကျော်လွှားနိုင်မှ ဖြစ်မယ်"

အဖေ တစ်ယောက် အနေနဲ့ သားဖြစ်သူ စော်ကား ခံနေရတာကို ရပ်ကြည့်နေရတာဟာ အလွန် နာကျင်စရာ ကောင်းတဲ့ အရာဖြစ်သည်။

ဒါပေမဲ့ သူသာ ဝင်ပါလိုက်မယ်ဆိုရင် သူ့သားဟာ ပိုလို့တောင် အစော်ကား ခံရနိုင်ပြီး လူမုန်းလည်း ပိုများသွား နိုင်တယ်ဆိုတာ သူက ကောင်းကောင်းကြီး နားလည် သဘောပေါက် ထားသည်။

ဒီကမ္ဘာမှာက အင်အားကြီးသူက အောင်နိုင်သူပဲလေ။ မင်း အောင်နိုင်နေ သေးသရွေ့ ကတော့ မင်းကို အားလုံးက ဝိုင်းဝန်း ပြီး ချီးကျူးကြမှာပဲ။ ဒါပေမဲ့ သူတို့ စိတ်အတွင်း တစ်နေရာမှာတော့ မင်းကို ကျရှုံး သွားစေလိုတဲ့ မစ္ဆာရိယ စိတ်တွေ ရှိနေတတ်ကြတယ်။

***

ညဉ့်နက်ချိန် လီကလန် အတွင်း တစ်နေရာ၌ လီဖူချန်းက မြက်ဖျာ တစ်ခုအပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ ကျောက်စိမ်းနီ နည်းစနစ် ပညာရပ်ကို မဆုတ်မနစ် လေ့ကျင့်နေသည်။ ကျောက်စိမ်းနီ နည်းစနစ်ဆိုတာ လီကလန်မှာ ရှိတဲ့ တစ်ခုတည်းသော အဝါရောင် အဆင့် ထိပ်တန်း နည်းစနစ်တစ်ခု ဖြစ်သည်။

ဒီပညာရပ်က အဆင့် ခုနစ်ဆင့် ရှိတာဖြစ်သည်။ လွန်ခဲ့တဲ့တစ်နှစ်က ဒီပညာရပ်ရဲ့ တတိယအဆင့် အထိ ရောက်အောင် လီဖူချန်းက လေ့ကျင့်နိုင်ခဲ့သည်။ ဒါပေမဲ့ အခုထိ ဒီပညာရပ်က လုံးဝ မတိုးတက် လာတော့ဘူး။ လီဖူချန်းရဲ့ ပါရမီနဲ့ဆိုရင် တစ်နှစ်ဆိုတာ တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို ကောင်းကောင်းကြီး ရောက်သွားနိုင်တဲ့အချိန် ဖြစ်သည်။

ဒါပေမဲ့ သူကတော့ တတိယအဆင့်ကနေ မတက်လာတော့ပေ။

“အား…"

အကြိမ်ပေါင်းများစွာ ကြိုးစားပေမဲ့လည်း သူ့ခေါင်းထဲက နာကျင်မှုကြောင့် နောက်ဆုံးမှာ လီဖူချန်းက အော်ဟစ်လိုက်သည်။

ဒီနာကျင်မှုကြီးက ငါ့ကို ဓားနဲ့ အကြိမ်ကြိမ် ထိုးတာထက်ကိုတောင် နာသေးတယ်ကွာ။

ငါ့ရဲ့ စိတ်ဝိညာဉ်ကို အပိုင်းပိုင်း ဆုတ်ဖြဲ လိုက်သလိုပါပဲလား။ နဖူးထက်က ချွေးတွေကို သုတ်လိုက်ပြီး သူ့ရဲ့ မျက်လုံးတွေကို မဖွင့်ချင်ပဲ ဖွင့်လိုက်ရသည်။ သူ့ရဲ့ နှုတ်ခမ်းထောင့်မှာတော့ သွားဖြင့် နှုတ်ခမ်းကို ဖိကိုက်ထားသောကြောင့် သွေးအနည်းငယ် ထွက်နေလေသည်။

“ဘာကြောင့် အခုလို ဖြစ်နေရတာလဲ" အခုချိန်အထိ လီဖူချန်းဟာ သူ ဘာဖြစ်နေတာလဲ ဆိုတာ နားမလည်နိုင်သေးဘူး။ သူက စိန်ခေါ်ပွဲမှာ ရှုံးမယ် ဆိုတာကိုတော့ ကြိုတင် သိထားတယ်။ ဒါပေမဲ့ နောက်ဆုံးတစ်ခါက အကွက် ၂၀ ပြည့်မှ ရှုံးခဲ့တာလေ။ သူ့အဖြစ်ကို မြွေဆိပ် မိထားသော လူတစ်ယောက်လိုပင်။ အဆိပ်တွေက တဖြည်းဖြည်း သူ့ရဲ့ ရိုးတွင်းခြင်ဆီ အထိ လှိုက်စားပြီး နောက်ဆုံး မကျန်မှ သေဆုံးရမည့် အဖြစ်ပါတကား။

***

ဒီလိုနဲ့ ညအချိန်တွေ ကုန်ဆုံးသွားပြီး နေ့အလင်းရောင်က စတင် ထွက်ပေါ် လာခဲ့သည်။

ဒီနေ့ မနက်ခင်း စောစောစီးစီးမှာပဲ လီကလန်ကို ဧည့်သည် တစ်ယောက် အလည်အပတ် ရောက်လာခဲ့တယ်။

သူကတော့ ကောင်းကလန်ရဲ့ ခေါင်းဆောင် ကောင်းယုပဲ ဖြစ်သည်။

ဧည့်ခန်းဆောင်ထဲ မှာတော့ အဖြူရောင်ဝတ်စုံနဲ့ လီရှန်းဟန်က ဧည့်သည်ကို ဖော်ဖော်ရွေရွေပဲ ကြိုဆို ဧည့်ခံလိုက်သည်။

“ကောင်းယု"

“ဘယ်လေတိုက်လို့ ဒီနေ့ ဒီကို ရောက်လာရတာလဲကွ"

ကောင်းယုက အရပ် ရှစ်ပေခန့်ရှိပြီး တုတ်တုတ်ခိုင်ခိုင်နှင့် လူထွားကြီး တစ်ဦးဖြစ်သည်။

ကောင်းယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ငါဒီနေ့ လုပ်စရာ မရှိဘဲ အားနေတယ်လေ။

ဒါကြောင့် ဖူချန်း ဘယ်လိုနေလဲလို့ လာကြည့်တာ"

“သူက အရင်အတိုင်းပါပဲ။ လေ့ကျင်ဖို့ အရမ်းခက်ခဲနေပြီး သူ့ပါရမီတွေက ပြန်မပေါ် လာသေးဘူး။ တစ်နေ့ သူ့ပါရမီတွေ ပြန်ရလာအောင်ပဲ မျှော်လင့်နေရတာပဲ။

လီရှန်းဟန်ကို ကြည့်ရတာ အရမ်း ဝမ်းနည်းနေသည့်ပုံပင်။

“မလောပါနဲ့။ ဒါက ယာယီပဲဖြစ်တာ နေမှာပါ။ သူတစ်နေ့ အရင်လို ပါရမီရှင် ပြန်ဖြစ်လာမယ်လို့ ငါယုံကြည်တယ်" လို့ ကောင်းယုက လီရှန်းဟန်ကို အားပေးလိုက်တယ်။

ကောင်းယုက တုံ့ဆိုင်းဆိုင်းဖြင့် ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ထုတ်လိုက်တယ်။

“ဒီထဲမှာ သွေးကြောတွေ ပြန်လည် တည်ဆောင်နိုင်တဲ့ ဆေးတစ်လုံးရှိတယ်။ ဒါက သူ့ကို အကျိုး သက်ရောက် စေမယ်လို့ ငါထင်တယ်"

“သွေးကြော ပြန်လည် တည်ဆောက် နိုင်တဲ့ဆေး" လီရှန်ဟန်းက ဆေးလုံးကို လက်ခံမယူသေးပဲ ထူးဆန်းတဲ့ အကြည့်နဲ့ ကောင်းယုကို ကြည့်လိုက်တယ်။ ဒီဆေးက တခြား သာမန်ဆေးတွေလို မဟုတ်ဘူးလေ။ အဝါရောင်အဆင့် ထိပ်တန်းဆေး တစ်လက်ဖြစ်တယ်။ ဆေးတစ်လုံးကို ရွှေသား တစ်ထောင်လောက် တန်တယ်။ ကောင်းယုက လီဖူချန်းကို ငယ်စဉ်ကတည်းက သူ့သမီးနဲ့ စေ့စပ်ထားပေမဲ့လည်း တကယ် လက်ထပ် ထိမ်းမြားခြင်း မလုပ်ရသေးဘူးလေ။ ဒါကြောင့် ဒီလိုဈေးကြီးတဲ့ ဆေးလုံးကို အလကား သက်သက်တော့ မပေးလောက်ဘူး။ ဒီကိစ္စက လီရှန်းဟန်ကို ခေါင်းရှုပ် သွားစေတယ်။ ကောင်းယု စိတ်မကောင်းသည့် ပုံဖြင့် “ဒါက ဆေးလုံး တစ်လုံးပါပဲကွာ မင်းက ငါပေးတာကို မကြိုက်လို့လား"

“ဆေးလုံးကို လက်မခံချင်လို့ မဟုတ်ပါဘူးကွာ။ ကောင်းယု။ မင်းမှာ တခြားပြောစရာ ရှိတဲ့ ပုံမလို့ပါ"

မိတ်ဆွေဖြစ်လာတာ နှစ်ပေါင်း မနည်းတော့သည့် အတွက် ကောင်းယုက တစ်ခုခုကို ဖုံးကွယ်ထားသည်ကို လီရှန်းဟန်က သိနေလေသည်။ ကောင်းယုက ကျောက်စိမ်းပုလင်းကို ဘေးချထားလိုက်ပြီး ပြောလိုက်တယ်။

ရှန်းဟန် ငါဒီနေ့ မင်းနဲ့ ဆွေးနွေးစရာ တစ်ခုရှိလို့ လာခဲ့တာ။

“ပြောလေ။ ငါသေသေချာချာ နားထောင်နေပါတယ်"

လီရှန်းဟန်ရဲ့ စိတ်ထဲမှာ နည်းနည်းတော့ မသိုးမသန့် ဖြစ်သွားခဲ့တယ်။

လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး ကောင်းယုက  “လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ငါ့သမီး ကောင်းရှုက လူသားနယ်ပယ် အဆင့် ခုနစ်ကို လှမ်းတက် သွားခဲ့တယ်”

“လူသားနယ်ပယ် အဆင့် ခုနစ်"

လီရှန်းဟန်က နည်းနည်း လန့်သွားတယ်။ ကောင်းရှုကော သူ့သား လီဖူချန်းကောက ဒီနှစ်မှာ အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတာလေ။ ဒါကို သူမကို လူသားနယ်ပယ် အဆင့် ခုနစ်ကို လှမ်းတက်သွားပြီ ဆိုတော့။ ကောင်းယုနှင့်သာ မိတ်ဆွေဟောင်းတွေ မဟုတ်ခဲ့ပါက သူ့ကိုဟာသာ လာပြောနေတယ်လို့ လီရှန်းဟန်က ယူဆလိုက်မှာ ဖြစ်သည်။

ဒီနေရာမှာ တစ်ခုသိရမှာက လီကလန်ရဲ့ လက်ရှိ ပြိုင်ဘက်ကင်း ပါရမီရှင် လီယွန်ဟိုင်က အသက့် ဆယ့်ငါးနှစ်မှာ လူသားနယ်ပယ် အဆင့်ခြောက်ကိုပဲ ရောက်သေးတာ ဖြစ်သည်။ လီဖူချန်းနဲ့ လီယွန်ဟီတို့ကတော့ အဆင့်လေးမှာပဲ ရှိသေးသည်။ အဆင့် သုံးဆင့်တောင် ကွာခြားနေတာ ဖြစ်သည်။

လီဟန်ရှန်းက မေးလိုက်သည်။ “ငါမှတ်မိသလောက် ဆိုရင် မင်းရဲ့သမီးက လွန်ခဲ့တဲ့ ခြောက်လကမှ

အဆင့်ခြောက်ကို ရောက်ထားတာ မဟုတ်ဘူးလား"

ကောင်းယုက ခပ်တိုးတိုး ရယ်လိုက်သည်။ “ဒီကောင်မလေးက ကောင်းကင်ဘုံက ကောင်းချီးပေးတဲ့ ပါရမီနည်းနည်း ပါလာတယ်။ ငါတို့ ကောင်းကလန်ရဲ့ ရေစန္ဒာ ပညာရပ်ကိုတောင် အဆင့်ခြောက်အထိ ရောက်အောင် လေ့ကျင့်ပြီးသွားပြီကွ။ ကောင်းယုရဲ့ စိတ်ထဲမှာတော့ အရမ်းကြွားသလိုများ ဖြစ်သွားပြီလားလို့တောင် စိုးရိမ်သွားတယ်။

“အစ်ကို ရှန်းဟန်”

“ကျွန်တော့်သမီးက မိုးပြာရောင် ဂိုဏ်းက တပည့်အဖြစ် ရွေးချယ်မှုကို ခံလိုက်ရပြီ။ ဒါကြောင့် စေ့စပ်ထားတာက ဖြစ်နိုင်တော့မယ် မထင်ဘူး"

ကောင်းယုက သူလာတဲ့ ကိစ္စကို အမှန်အတိုင်းပဲ ပြောလိုက်တယ်။

လီရှန်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး "သူတို့က ငယ်ပါသေးတယ်။

နောက်မှ ဒီအကြောင်း ဆွေးနွေးရင် မကောင်းဘူးလား”လို့ မေးလိုက်တယ်။

ကောင်းယုက တည်ကြည် လေးနက်သော အသံဖြင့်  “ဒါက ကျွန်တော့် သမီးရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်။ အစ်ကိုရှန်းဟန် ခွင့်ပြုပေးပါလား"

လီရှန်းဟန်ရဲ့ မျက်နှာပေါ်မှာ ဒေါသ အရိပ်အရောင်တွေ ပေါ်လာခဲ့သည်။

“မင်းက ဘာဖြစ်နေတာလဲ"

"ကောင်းကလန်က သူတို့ရဲ့ ကတိကို ပြန်ဖျက်ချင် နေတာလား" ဒီစေ့စပ်တဲ့ ကိစ္စက ကောင်းကလန်က အရင်ကမ်းလှမ်းခဲ့တာနော်။ အခု မင်းတို့က စေ့စပ်ထားတာကို ဖျက်ချင်တယ် ဆိုတော့ လူတွေက လီကလန်ကို ဘယ်လို ထင်ကြမလဲ။ မင်းထင်နေတာ ငါတို့လီကလန်က သြဇာအာဏာ ကျဆင်းနေပြီလို့လား။ မင်းတို့ ကောင်းကလန်က လူတစ်ယောက်နဲ့ လက်ထပ်ဖို့ဆိုတာ လီကလန်က မထိုက်တန်ဘူးလား။

“အစ်ကိုရှန်းဟန် ကျွန်တော်တို့ ကောင်းကလန်က ဒီကိစ္စအတွက် လျော်ကြေး ပေးပါ့မယ်ဗျာ။

အခု ဒီဆေးလုံးကို အရင် လက်ခံထားလိုက်ပါ။ နောက်ရက် အနည်းငယ်ကြာရင် ယုံဝူးမြို့က ကျွန်တော်တို့ရဲ့ အကောင်းဆုံး တည်းခိုခန်းကို လီကလန်ကို ထပ်ပေးပါ့မယ်"

ကောင်းယုက သူလာရင်းကိစ္စကို ပြောလိုက်ရတဲ့အတွက် စိတ်ပေါ့သွားတယ်။

အမှန်အတိုင်း ပြောရရင် ကောင်းယု ပြောတာကလည်း မမှားပါဘူး။ မိသားစု နှစ်စု ကြားက လက်ထပ်ပွဲအတွက် မိသားစု သြဇာထက် မထင်ဆိုတာ ရှိတယ်လေ။

ဒီနောက်ပိုင်း ဆယ်စုနှစ်တွေမှာ လီကလန်က လူငယ်တစ်ယောက်ကမှ မိုးပြာရောင်ဂိုဏ်းက ရွေးချယ်တာကို ခံခဲ့ရခြင်း မရှိဘူးလေ။ ဒါပေမဲ့ ကောင်းကလန်ကတော့ တစ်နှစ်ခြားကို တစ်ယောက်လောက် မိုးပြာရောင် ဂိုဏ်းက ရွေးချယ်တာကို ခံရတဲ့အတွက် သြဇာအာဏာ တဖြည်းဖြည်းနဲ့ တက်လာခဲ့တယ်။

ဒီနှစ်မှာတော့ ကောင်းရှုက ရွေးချယ်မှု မတိုင်မီကတည်းက မိုးပြာရောင်ဂိုဏ်းက တပည့်အဖြစ် လက်ခံခြင်းကို ခံခဲ့ရပြီလေ။ ဒီလို ရွေးချယ်ပွဲမတိုင်မီ တပည့် အဖြစ် ရွေးချယ်ခံရတဲ့ တပည့်တွေက အနာဂတ် ကြီးကြီးမားမား ရှိကြသူတွေပဲ ဖြစ်သည်။

ဒီလိုသာ အရွေးမခံခဲ့ရရင် ကောင်းကလန်ကအလျင်စလိုနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ စီစဉ်ခဲ့မှာ မဟုတ်ဘူးလေ။ လီကလန်ဆိုတာ ဒီနယ်တစ်ဝိုက်က အဓိက ကလန်ကြီးလေးခုထဲက တစ်ခုဖြစ်ပြီး ကောင်းကလန်လို တက်သစ်စ ကလန်အတွက်တော့ အင်အား ကြီးမားလွန်းတာ ဖြစ်တယ်။

လီဖူချန်း အတွက်ကတော့ ဝမ်းနည်းစရာပဲ ဖြစ်သည်။  အရင်တုန်းကတော့ သူက ကြီးကျယ်တဲ့ ပါရမီပိုင်ရှင် ဖြစ်ခဲ့ပေမဲ့လည်း ကံတရားဟုပဲ ခေါ်ရမည်လား ဘာလားတော့ မသိပေမဲ့ ရုတ်တရက်ကြီး သူ့ရဲ့ပါရမီတွေက ပျောက်သွားခဲ့ပြီလေ။ ဒီလို ရေပေါ်ဆီတစ်ယောက်နှင့် ကောင်းကလန်ရဲ့ လင်းလက်လာမည့် ကြယ်တစ်ပွင့်နှင့် ယှဉ်လို့ရပါမည်နည်း။ ဒါကြောင့် ကောင်းကလန်က စေ့စပ်ပွဲဖျက်သိမ်းချင်တာ ဖြစ်သည်။

“ငါတို့လီကလန်က ဆေးလုံးကော တည်းခိုခန်းကိုပါ လက်ခံမှာမဟုတ်ဘူး။ ဒီကိစ္စအတွက်နဲ့ ငါ့ကို ဘာမှပေးစရာလည်း မလိုဘူး။ ညီလေးကောင်းယု အခုကစပြီး မင်းနဲ့ငါ မိတ်ဆွေ မဟုတ်တော့ဘူး"

လီရှန်းဟန် စိတ်ထဲမှာ အရမ်း နောင်တရနေတယ်။ ကောင်းကလန် အခုလို တိုးတက်လာတယ် ဆိုတာ လီကလန်က အနောက်ကနေ အထောက်အပံ့ ပေးခဲ့လို့လေ။ သူဘယ်တော့မှ ကောင်းကလန်က ဒီလို ကတိမတည်တဲ့အရာမျိုး လုပ်ဆောင် လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ကောင်းယုက “အစ်ကို ရှမ်းဟန် ကျွန်တော် ပြောချင်တာတွေ ပြောပြီးပြီ ဆိုတော့ ဘာမှ ဆက်ပြောစရာ မရှိတော့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ကောင်းကလန် အမှားလို့ပဲ သတ်မှတ်လိုက်ပါ။

နှုတ်ဆက် လိုက်ပါတယ်”ဟုပြော၍ ထွက်ခွာ သွားလေတော့သည်။

“မင်းရဲ့ဆေးကို ပြန်ယူသွား" လီရှန်းဟန်က လက်ကို လှုပ်လိုက်တဲ့အခါမှာ ကျောက်စိမ်း ပုလင်းလေးက လေထဲမှာ ပျံသွားပြီး ကောင်းယုဆီ ရောက်သွားသည်။

***

နောက်ရက် အနည်းငယ် အကြာမှာတော့ ကောင်းကလန်က စေ့စပ်ခြင်းကို ဖျက်သိမ်းသည့် သတင်း ပျံ့နှံ့လာလေတော့သည်။ ယုံဝူးမြို့ တစ်မြို့လုံးကလည်း ဒီသတင်းကြောင့် အံ့အားသင့် သွားကြသည်။ လီကလန်နှင့် လီဖူချန်းကလည်း အားလုံးရဲ့ ဟားစရာ သတင်းတစ်ပုဒ် ဖြစ်လာလေတော့သည်။

***

All Chapters