← Chapters

ငါ ပိုက်ဆံတတ်နိုင်မှာ မဟုတ်ဘူး

Vol. 63 Ch. 869

ငါ ပိုက်ဆံတတ်နိုင်မှာ မဟုတ်ဘူး

Vol. 63 Ch. 869

သူသည် ဝမ်ပေါင်လဲ့အား အသက်ထွက်သွားသည့်အထိပင် ရိုက်နှက်ပစ်ချင်နေ၏။ သို့သော် မဖြစ်နိုင်ပေ။ ထို့အပြင် သူသည် ထိုကဲ့သို့ ရိုက်နှက်ခွင့်ပင် ရလိမ့်မည်မဟုတ်ဟု ခံစားနေရ၏။

သူသည် အလွန်အင်မတန်မှ စိတ်ဓာတ်ကျနေရသဖြင့် ဟန်ဆောင်ပန်ဆောင်ပင် မပြုံးနိုင်တော့ပေ။ ထို့ကြောင့် သူသည် သူ၏ဂိုဏ်းသားများအား ကျောပေးကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း အံကြိတ်၍ ဆိုလိုက်တော့သည်။

" ငါ့ရဲ့ဂိုဏ်းကို ရောင်းပစ်ရင်တောင် ဓမ္မစစ်သင်္ဘော အစင်းနှစ်ရာကျော် ရမှာမဟုတ်ဘူး။ တရားမလွန်နဲ့နော် လုံနန်ကျစ် "

" ကျုပ်က ခဗျားရဲ့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းအတွက် အသက်စွန့်ပြီး ကြိုးစားပေးခဲ့ရတာလေ။ နောက်ဆက်တွဲ အကျိုးဆက်တွေကိုတောင် ထည့်မတွက်ပဲ ခဗျားတို့ကို အကူအညီပေးနိုင်ဖို့ ဒီကို မရောက်ရောက်အောင်လာခဲ့တာ။ အဲတာကို ခဗျားက ကျုပ်ကို တရားမလွန်နဲ့လို့ လာပြောနေတယ်ပေါ့။ ခဗျားက အကြွေး ပြန်မဆပ်ချင်တာလားဗျ " ဝမ်ပေါင်လဲ့မှာ ခေါင်းဆောင်ကြီး၏ စကားများကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မရွှင်မပျဖြစ်သွားပြီး သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တိုက်ခိုက်ရပါက အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ထားခြင်း မရှိပါသော်လည်း ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးကိုမူ အနိုင်ကျင့်နိုင်စွမ်း ရှိနေမည်ဖြစ်ကြောင်း မှတ်ယူထားသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စကားပြောရင်းပြောရင်း ပို၍ပင် အမျက်ချောင်းချောင်း ထွက်လာရတော့သည်။

" ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းက ဒီလိုမျိုးပဲလား။ လုံနန်ကျစ်ဆိုတဲ့ ထာဝရဝိညာဉ်အဆင့်မှာပဲ ရှိတဲ့ ကျုပ်က ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း အန္တရာယ်နဲ့ကြုံနေခဲ့ရတာကို သိလို့ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးဆီ ခွင့်တောင်းပြီး ဒီကိုရောက်အောင် လာခဲ့ရတာ။ ကျုပ်က အဝေးကြီး လာရမယ့်အပြင် ဒီတိုက်ပွဲတွေမှာ ဂြိုဟ်အဆင့် အစွမ်းထက်ကျင့်ကြံသူတွေ ရှိနေမယ်ဆိုတာကို သိထားတာတောင်မှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ အရင်တုန်းက ခဗျားတို့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းက ကျုပ်ကိုသတ်ဖို့ ထပ်ခါတလဲလဲ ကြိုးစားခဲ့သလို ဖမ်းဆီးဖို့လည်း ထပ်ခါတလဲလဲ ကြိုးစားခဲ့ကြတာ။ ခဗျားတို့တွေ အကုန်လုံးက ကျုပ်ကို အမြဲတမ်း အထင်သေးခဲ့ပြီးတော့ အနိုင်ကျင့်ခဲ့တောင်မှ ကျုပ်က... "

" ကျုပ်က ခဗျားတို့ကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာဗျ။ ကျုပ်က ကျုပ်ရဲ့စစ်တပ်နဲ့ ထာဝရဝိညာဉ်အဆင့် ရုပ်သေးရုပ်ဆယ့်နှစ်ရုပ်ကိုပါ ခေါ်လာခဲ့ရတာ။ ဒါပေမဲ့ ပြန်ရလိုက်တဲ့ စကားကဘာတဲ့။ ကျုပ်က တရားလွန်နေတယ်တဲ့လား " ဝမ်ပေါင်လဲ့ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည့် စကားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် စစ်မြေပြင်ကြီးထဲ၌ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများမှာ ရပ်တန့်သွားရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် စကားဆုံးမသွားသေးပေ။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ မျက်စိမျက်နှာ ပျက်နေရပြီ ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ စကားသံအကျယ်ကြီးမှာ အရပ်မျက်နှာအနှံ့သို့ ဆက်လက်ပျံ့နှံ့သွားနေဆဲပင်။

" ကျုပ်က ဒီကိုရောက်လာပြီးတော့ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးကို ချက်ချင်းကယ်တင်ပေးခဲ့တာ။ သူဆိုရင် အရင်တုန်းက ကျုပ်ကိုသတ်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ ကျုပ်က နှစ်ကိုယ်ကြား ပဋိပက္ခတွေကို ထည့်တွက်မနေဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အရာကိုပဲ လုပ်ခဲ့တာ။ ဘာလို့လဲဆိုတော့ ကျုပ်တို့တွေအားလုံးက နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက ဖြစ်နေလို့လေ။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေမှရမှာပေါ့။ လက်ရှိမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဘေးချိတ်ထားပြီး ကျုပ်တို့ လူမှုအဖွဲ့အစည်းရဲ့ ကောင်းစားရေးကို ရှေးရှုဖို့ပဲလိုတယ် "

" ဒါပေမဲ့ ကျုပ်ပြန်ရလိုက်တာက ဘာတဲ့။ ကျုပ်က တရားလွန်နေတယ်တဲ့လား "

သူ ထိုသို့ဆိုလိုက်သောအခါ ဘေးပတ်ပတ်လည်ရှိ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသား အားလုံးမှာ နှုတ်ဆိတ်သွားကြ၏။ အထူးသဖြင့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာဆိုလျှင် ခေါင်းငုံ့သွားရသည်။ ဝမ်ပေါင်လဲ့၏ ဘေးတွင်ရှိနေကြသည့် အဆင့်တစ်တပ်ရင်းမှ ကျင့်ကြံသူများမှာလည်း သူ့ဘက်မှ ရပ်တည်ပေးနေကြ၏။ ယခုတွင် သူတို့အားလုံးမှာ အေးတိအေးစက် မျက်ဝန်းများဖြင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းအား စိုက်ကြည့်နေကြတော့သည်။ ထာဝရဝိညာဉ်အဆင့် အကျင့်ကြယ်သူများ ဖြစ်ကြသည့် ဝန်ကြီးချုပ်နှင့် နတ်သမီးလင်ယိုတို့မှာလည်း ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာကြပြီး သူ၏နောက်တွင်ရပ်နေကြသည်။

သူတို့၏ ခန္ဓာကိုယ်များပေါ်ရှိ ဒဏ်ရာများနှင့် မောပန်းနွမ်းနယ်နေကြသည့် မျက်နှာအမူအရာများကြောင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ စကားထပ်ပြောချင်နေသည့်တိုင်အောင် မည်သို့မည်ဖုံ စကားစရမှန်းမသိ ဖြစ်နေတော့သည်။

" ကျုပ်က အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးကို ကယ်တင်ပေးခဲ့ပြီးတော့ ခဗျား ဒုက္ခရောက်နေတာကိုမြင်လို့ ချက်ချင်း ပြေးထွက်လာခဲ့တာ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက ညာလက်ရုံး အကြီးအကဲကြီးရဲ့ တိုက်ကွက်ကြောင့် ကျုပ် သွေးတွေပါ အန်ထွက်လာရတဲ့ အထိပဲ။ ကျုပ်လို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူလေးတစ်ယောက်က ဂြိုဟ်အဆင့် လက်ဖဝါးတိုက်ကွက်ကြီးနဲ့ ကြုံခဲ့ရတာတောင် ပုန်းကွယ်ရှောင်တိမ်းနေတာမျိုး လုပ်ခဲ့လို့လား။ ကြောက်ဒူးတုန်ပြီး ထွက်ပြေးသွားတာမျိုး လုပ်ခဲ့လို့လား။ မလုပ်ခဲ့ဘူးလေ။ အံကြိတ်ပြီးတော့ တောင့်ခံခဲ့တာ။ အဲတာကို ကျုပ် ပြန်ရလိုက်တဲ့ ကျေးဇူးတင်စကားက ကျုပ်က တရားလွန်နေတာတဲ့လား "

" ကျုပ်က အသက်စွန့်ပြီးတော့ ဂြိုဟ်အဆင့် လက်ဖဝါးတိုက်ကွက်ကြီး တစ်ခုကို တောင့်ခံပေးခဲ့တဲ့အပြင် သူ ထွက်ပြေးသွားတော့မှာကို သတိထားမိခဲ့လို့ ဘာနောက်ဆက်တွဲ အကျိုးဆက်တွေကိုမှ ထည့်တွက်မနေဘဲ ကျုပ်ရဲ့ ဓမ္မစစ်သင်္ဘောကြီးတွေကို ထုတ်ယူခဲ့တာ။ အဲဒီတုန်းကဆိုရင် ကျုပ်က နှမြောတသ ဖြစ်နေခဲ့ရတာတောင် ခ‌ဗျား အဲဒီ ညာလက်ရုံးအကြီးအကဲကြီးကို သတ်ဖြတ်နိုင်မယ့် အခွင့်အရေးတစ်ခု ရဖို့အတွက် တွေဝေတုံ့ဆိုင်းမနေဘဲ အဲဒီ စစ်သင်္ဘောကြီးတွေကို ဖောက်ခွဲပစ်ခဲ့တာ။ အဲတာ ခဗျားတို့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း အပြတ်အသတ် အနိုင်ရရှိနိုင်အောင်လို့ ကျုပ် လုပ်ပေးခဲ့တာဗျ။ ဒါပေမဲ့ အခုတော့ ကျုပ်က အသုံးမဝင်တော့ဘူးပေါ့ ဟုတ်လား "

" ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းက ဒီလိုမျိုးပဲလား။ ခြေကုန်လက်ပန်းကျနေတာတောင် အသက်စွန့်ပြီးတော့ ရောက်လာရတဲ့ ကျုပ်တို့လို နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသား‌တွေ ကူညီပေးခဲ့ရတဲ့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းဆိုတာ ဒါလား။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီး။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ဘယ်သူ့အတွက်မှ လွယ်ကူနေတာမဟုတ်ဘူး။ ဘယ်သူကမှလည်း ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ကျင့်ကြံခြင်း အထောက်အကူပြု ပစ္စည်းတွေကို အလကားရနေတာ မဟုတ်ဘူး။ လုံနန်ကျစ်ဆိုတဲ့ ကျုပ်က အဲဒီ ဓမ္မစစ်သင်္ဘောကြီးတွေကို ဖန်တီးတည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို အသက်စွန့်ပြီးတော့ ရှာဖွေစုဆောင်းထားရတာ။ အခုတော့ ကျုပ် ခဗျားရဲ့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို ကူညီပေးမိခဲ့လို့ အဲဒီ စစ်သင်္ဘောကြီးတွေ ဖျက်ဆီးခံလိုက်ရပြီ။ ခဗျားကိုယ်တိုင် ကျုပ်ကို နစ်နာကြေး ပြန်ပေးမယ်ဆိုပြီး ကတိပေးခဲ့တာလေ။ ခဗျား ကတိမတာကို ကျုပ်ဘက်က စော‌ဒက‌ မတက်ခဲ့တာတောင်မှ ခဗျားက ကျုပ်ကို တရားလွန်နေတယ်လို့ ပြောရဲသေးတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဒေါသစိတ်များကြောင့် အသားများပင် တဆတ်ဆတ် တုန်ရီလာရတော့သည်။ သူ၏ စကားများကို ကြားလိုက်ရသည့် လူတိုင်းမှာ စိတ်နှလုံး လှုပ်ရှားသွားကြရသည်သာ ဖြစ်သည်။

" ကျုပ်ရဲ့ လုပ်ရပ်တွေထဲမှာ တရားလွန်တာဆိုလို့ ခဗျားတို့ကို ကယ်တင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲရှိတယ် " ဝမ်ပေါင်လဲ့၏ နောက်ဆုံးစကားတစ်ခွန်းကြောင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများမှာ ရှက်ရွံ့သွားကြရတော့သည်။ သူပြောခဲ့သမျှ စကားတိုင်းမှာ မှန်ကန်နေသည် မဟုတ်ပါလော။

အကယ်၍ ဝမ်ပေါင်လဲ့သာ ရောက်ရှိလာခဲ့ခြင်း မရှိပါက ဤတိုက်ပွဲကြီးမှာ ယခုလို ပြီးဆုံးသွားမည်မဟုတ်ပေ။ သူတို့မှာ ယခုအချိန်ထိ ဆက်လက်တိုက်ခိုက်နေရဦးမည်သာ ဖြစ်သည်။ ထို့အပြင် သူတို့သာမက သူတို့၏ဘေးမှ တာအိုရောင်းရင်းများမှာလည်း အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။

သို့သော် သူတို့ ထိုကဲ့သို့ တွေးမိသွားကြစဉ် နောက်ထပ် အတွေးတစ်ခုမှာလည်း သူတို့၏ ခေါင်းထဲ၌ ပေါ်ပေါက်လာ၏။ ၎င်းမှာ... သူတို့ ငွေကြေးမတတ်နိုင်သည့် အချက်ပင်။

သူတို့မှာ ဓမ္မစစ်သင်္ဘော အစင်းရေနှစ်‌ရာကျော်အား မည်ကဲ့သို့ ပြန်လျော်ပေးနိုင်ပါ့မည်နည်း... ထို့အပြင် ထို ဓမ္မစစ်သင်္ဘောကြီးများမှာ အပြစ်အနာအဆာများ ရှိနေခဲ့ပါသော်လည်း သူတို့မှာ ယခုမှ ထိုအချက်အား ထုတ်ပြော၍ မဖြစ်တော့ပေ။ ထိုသို့သာ ပြောမိလိုက်ပါက သူတို့မှာ ကျေးဇူးမသိတတ်သည့်ပုံ ပေါက်သွားနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်ကတည်းက ယခုလို အခြားသူများ၏ ကိုယ်ကျင့်တရားများအပေါ် အမြတ်ထုတ်သည့် နည်းလမ်းအား ကျွမ်းကျင်တတ်မြောက်ထားခဲ့၏။ ယခုတွင် ထိုနည်းလမ်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင်လည်း အသုံးဝင်နေပြီ ဖြစ်သည်။

ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ မျက်နှာရှုံ့မဲ့နေရပြီ ဖြစ်သည်။ သူသည် မခံမရပ်နိုင်လောက်အောင် ဖြစ်နေပါသော်လည်း ခွန်းတုံ့ပြန် ပြောဆိုနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့်လည်း နောက်ဆုံးတွင် သူသည် အံကြိတ်ကာ သူ၏ ညာဘက်လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ သူ၏ နောက်ဘက်ရှိ စကြဝဠာကြီးထဲတွင် အလင်းတန်း ခုနစ်ခု ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။

၎င်းတို့ထဲမှ အလင်းတန်းငါးခုမှာ တဖြည်းဖြည်းနှင့် မှေးမှိန်လာပြီး ဓမ္မစစ်သင်္ဘောအစစ် ငါးစင်းအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့ထဲမှ သုံးစင်းမှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်နှင့် တစ်စင်းမှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်တွင် ရှိနေပြီး နောက်ဆုံးတစ်စင်းမှာမူ မိကျောင်းပုံစံ ဖြစ်နေ၏။ ထို ဓမ္မစစ်သင်္ဘောကြီးဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်အငွေ့အသက်များမှာမူ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည်။

အခြား အလင်းတန်းနှစ်ခုထဲမှ တစ်ခုမှာ ဓားပျံတစ်လက်ဖြစ်ပြီး အခြားတစ်ခုမှာ လှံတစ်လက် ဖြစ်ပေသည်။ ထို ဓမ္မရတနာနှစ်ခုမှာ အရည်အသွေးမြင့် ပစ္စည်းများ ဖြစ်ကြ၏။ ၎င်းတို့မှာ နတ်ဘုရားလက်နက်အဆင့်တွင် မရှိသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ နဝမအဆင့် ဓမ္မလက်နက်များထက် အများကြီးပို၍ အစွမ်းထက်ပြီး ဂြိုဟ်အဆင့်ဓမ္မရတနာများ ဖြစ်နေကြပြီဖြစ်သည်။

" လုံနန်ကျစ်။ ငါ မင်းကို ဒီပစ္စည်းတွေ အရင်ပေးထားမယ်... " ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ အံကြိတ်ကာ တစ်ခွန်းချင်စီ ဆိုလိုက်တော့သည်။ သူသည် သူ၏နှလုံးသားထဲမှ မကျေနပ်ချက်များနှင့် နာကျင်မှု ဝေဒနာများကို ချုပ်တည်းနိုင်စွမ်း မရှိလောက်အောင် ဖြစ်နေရပြီဖြစ်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရသည်။ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဆက်၍ သည်းမခံနိုင်တော့သည့် အနေအထားသို့ ရောက်နေသည်ကို မြင်နေရ၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသေးသည့်တိုင်အောင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ရှိနေသရွေ့ သူတို့မှာ သူ့အပေါ် အကြွေးတင်နေဦးမည်သာဖြစ်ကြောင်း မှတ်ယူလိုက်သည်။ သို့ဖြစ်ရာ သူသည် သူတို့ဆီသို့ အကြိမ်ရေအနည်းငယ်ခန့် ထပ်၍ လာရောက်ကာ အကြွေးထပ်တောင်းလိုက်ရုံပင်။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး ဓမ္မစစ်သင်္ဘော ငါးစင်းနှင့် ဓမ္မရတနာနှစ်ခုအား သိမ်းဆည်းလိုက်တော့သည်။

" ကျုပ်ဘက်က ရှုံးတာပေါ့။ ဓမ္မစစ်သင်္ဘော အစင်းနှစ်ရာကျော် အဆုံးရှုံးခံခဲ့ရတာကို ဓမ္မစစ်သင်္ဘော ငါးစင်းနဲ့ ဓမ္မရတနာနှစ်ခုကိုပဲ နစ်နာကြေးပြန်ရတယ်။ လောလောဆယ်တော့ လက်ခံလိုက်ပါ့မယ် " ဝမ်ပေါင်လဲ့မှာ အပြင်ပန်းတွင် စိတ်ဓာတ်ကျနေသည့်ပုံ ပေါ်ပါသော်လည်း စိတ်ထဲတွင်မူ အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်နေတော့သည်။ သူသည် အလိုအလျောက် ပေါက်ကွဲနိုင်သည့် အစွမ်းတစ်ခုသာ ပိုင်ဆိုင်ထားပြီး အမှိုက်သာသာ အဆင့်တွင်သာရှိသော ဓမ္မစစ်သင်္ဘော အစင်းနှစ်ရာကျော်အား အဆုံးရှုံးခံလိုက်ရုံနှင့် ထိုကဲ့သို့သော ဓမ္မစစ်သင်္ဘော အစင်းရေတစ်ရာနီးပါး တန်ဖိုးရှိသည့် မိကျောင်းဓမ္မစစ်သင်္ဘောကြီးကို ပြန်လည် ရရှိလိုက်သည် မဟုတ်ပါလော။ ထိုကဲ့သို့ တွက်ချက်လိုက်မည်ဆိုပါက သူ့အတွက် တန်ပေသည်။

" ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီး။ အဲ... နောက်ခါ အကူအညီလိုရင်လည်း ဆက်သွယ်လိုက်နော်။ ကျွန်တော် ချက်ချင်း အပြေးရောက်လာခဲ့မယ် "

" ငါ မင်းဆီက အကူအညီတောင်းဖို့ ပိုက်ဆံတတ်နိုင်မှာ မဟုတ်ဘူး။ နှုတ်ဆက်ပါတယ် " ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့နှုတ်ဆက်လိုက်ပြီးနောက် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းကာ နောက်သို့လှည့်သွားပြီး သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီး၏ အပြုအမူများကို ဂရု စိုက်နေခြင်း မရှိပေ။ ထို့ကြောင့် သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများကို လက်ပြနှုတ်ဆက်လိုက်ပြီးနောက် အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် ငေးကြည့်နေကြသည့် အဆင့်တစ်စစ်တပ်ထဲမှ ကျင့်ကြံသူများအား စစ်သင်္ဘောကြီးများထဲသို့ ခေါ်သွားလိုက်ပြီး ထွက်ခွာသွားတော့သည်။

ထိုတိုက်ပွဲကြီးမှာ ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ပိုင်နက်ထဲမှ ထွက်ပြေးလွတ်မြောက်လာကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာ အချုပ်အနှောင် နယ်မြေထဲမှ ထွက်ခွာလာကြပြီးနောက် သူတို့၏ ဂိုဏ်းချုပ်ကြီးဆီမှ အမိန့်များကို လက်ခံရရှိလိုက်၏။ သူတို့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်အနီးသို့ သွားရောက်စုဝေးကြရမည် ဖြစ်သည်။ တော်ဝင်မင်းသားသုံးယောက်၏ ဦးဆောင်မှုအောက်တွင် ရှိနေသော နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တော်ဝင်မိသားစုမှာလည်း ထိုနေရာတွင် စုဝေးနေကြသည်။ သို့ဖြစ်ရာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း တစ်ခုလုံးမှာ နှစ်ဖွဲ့ကွဲသွားပြီဟု ဆိုနိုင်ပေသည်။

တစ်ဖွဲ့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းဖြစ်ပြီး အခြားတစ်ဖွဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့၏ မဟာမိတ်အဖွဲ့ ဖြစ်ပေသည်။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ အတူတကွ စုဝေးနေကြသည့်တိုင်အောင် အများကြီးပေးဆပ်ခဲ့ရ၏။ သူတို့၏ ဘယ်လက်ရုံး အကြီးအကဲကြီးမှာ ဒဏ်ရာအပြင်းအထန် ရထားသလို ညာလက်ရုံး အကြီးအကဲကြီးမှာလည်း အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်လာသည့်တိုင်အောင် ဒဏ်ရာရထားဆဲပင်။ သို့သော် သူတို့မှာ ကျူးကျော်သူများထဲမှ ပထမဆုံးအသုတ်သာ ဖြစ်နေသေးသောကြောင့် သူတို့၏ တပ်ဖွဲ့တစ်ခုလုံးကို ထည့်တွက်လိုက်မည်ဆိုပါက အသာစီးရနေဆဲပင်။

မဟာမိတ်အဖွဲ့မှာမူ အင်အားပြန်လည်စုစည်းခဲ့ပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်း၏ အကြီးစား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်များကို ဦးစားပေး တည်ဆောက်ခဲ့၏။ သို့မှသာ ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ တစ်နေရာတည်းတွင် ရှိမနေသည့်တိုင်အောင် တပ်ဖွဲ့များကို ချက်ချင်း ပေါင်းစည်းကာ ပူးပေါင်းတိုက်ခိုက်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။

ထိုကဲ့သို့ နှစ်ဘက်စလုံးမှ တပ်ဖွဲ့များ အင်အားပြန်လည်စုစည်းနေကြစဉ် ဝမ်ပေါင်လဲ့မှာ သူ၏စစ်တပ်နှင့် အဆင့်တစ် စစ်တပ်ထဲမှ ကျင့်ကြံသူများ အားလုံးကို နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းဆီသို့ ပြန်လည်ခေါ်ဆောင်လာ၏။ သူ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းထဲ၌ လုပ်ခဲ့သည့် လုပ်ရပ်များနှင့် ပတ်သတ်၍ သတင်းများ ပြန့်နေပြီဖြစ်ပါသော်လည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ ထိုသတင်းများကို မသိချင်ယောင် ဆောင်ပေးခဲ့သလို မေးခွန်းများလည်း မေးမြန်းနေခဲ့ခြင်းမရှိပေ။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အတွက် ကြိုဆိုပွဲအခမ်းအနားကြီးတစ်ခုပင် ကျင်းပပေးလိုက်သေးသည်။

All Chapters