ရွှေရောင် လက်ဖွဲ့အဆောင်
Vol. 1 Ch. 2
“မင်းကြားပြီပြီလား။ ကောင်းရှုနဲ့ လီဖူချန်းတို့ရဲ့ စေ့စပ်ပွဲပျက်သွားပြီတဲ့”
“သနားစရာ ကောင်းလိုက်တာကွာ။ ပထမဆုံး သူ့ရဲ့ပါရမီတွေ ပျောက်သွားတယ်။ အခုတော့ သူ့ရဲ့ သတို့သမီးလောင်း ကလည်း မရှိတော့ဘူး။ ဒါ သူ့အတွက် ကံတရားက အကြီးအကျယ် ထိုးနှက် တိုက်ခိုက်လိုက်တာပဲ”
“အဟမ့်”
“သူကဒီကိစ္စကို သူတစ်ယောက်တည်း ရှင်းသင့်တယ်။ အခုတော့ လီကလန်ပါ သိက္ခာကျရပြီလေ"
“ရှူး”
“လီဖူချန်း လာနေပြီ ဆက်မပြောနဲ့တော့"
လမ်းမတစ်လျှောက် မှာတော့ လူအားလုံးဟာ တီးတိုးတီးတိုးနဲ့ ပြောနေကြတယ်။
လီဖူချန်းကတော့ ဘာမှမသိ ဘာမှ မခံစားရတဲ့ပုံနဲ့ လူအုပ်ကြီးကို ဖြတ်ကျော် သွားလိုက်သည်။
စေ့စပ်ထားတာကို ဖျက်သိမ်းကြောင်း သူ ကြားလိုက်ရတုန်းက သူက အရမ်းကြီး တုန်လှုပ် ခံစားလိုက်ရခြင်း မရှိဘူး။
ကောင်းရှုက သူမရဲ့ ပါရမီ အလားအလာတွေကို ထုတ်ပြ နေကတည်းသူမနဲ့ သူ့ရဲ့ကြားက အခြေအနေတွေက တဖြည်းဖြည်းချင်း ပြောင်းလဲ လာတယ်လေ။ သူမကို ကြည့်လိုက်ရင် နူးညံ့သိမ်မွေ့ပြီး အပြောအဆို ယဉ်ကျေးတယ် ထင်ရပေမဲ့ သူ မရဲ့ စိတ်ကြီးဝင်နေမှုကိုတော့ ဖုံးမိထားဖို့က ခက်ခဲတယ်။ သူမကိုယ်သူမ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ထင်နေတာလေ။ အသုံးမကျတဲ့ သူတစ်ယောက် သူ ဖြစ်သွားကတည်းက သူမက သူ့ကို မတူမတန်သလို ဆက်ဆံနေခဲ့တာ။
အခုလို စေ့စပ်ပွဲ ဖျက်သိမ်းလိုက်တော့ လီဖူချန်းစိတ်ထဲမှာ သူမကို တော်တော်လေး ချဉ်သွားတယ်။
သူလက်မခံနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ကောင်းကလန်ရဲ့ မြစ်ကို ဖြတ်ကူးပြီးမှ တံတားကို မီးရှို့တဲ့ လုပ်ရပ်ပဲ။
(မြန်မာလိုဆို ဘုရားပြီး ငြမ်းဖျက်ပေါ့) ကောင်းကလန် ယုံဝူးမြို့ကို စရောက်ခဲ့တုန်းက တခြားသော ကလန်တွေက သူတို့ကို ဖိနှိပ်ကြတယ်။ တကယ်လို့ လီကလန်ကသာ ကောင်းကလန်ကို အနောက်ကနေ မားမားမတ်မတ် မထောက် ခံပေးခဲ့ဘူးဆိုရင် ကောင်းကလန်ဆိုတာ ရှိလာခဲ့မှာတောင် မဟုတ်ဘူး။
ကောင်းကလန်ကို ထောက်ခံပေးခဲ့တဲ့ အတွက် အဓိက ကလန်ကြီး လေးခုထဲက ယန်ကလန်နဲ့တောင် ရန်ငြိုး ဖွဲ့ခဲ့ရသေးတယ်။
“ဒါက သူများပြောတဲ့ လူ့သဘောသဘာဝ ဆိုတာလား"
လီဖူချန်းက သူ့ဟာသူ တွေးလိုက်မိတယ်။
***
မကြာခင်မှာပဲ လီဖူချန်းဟာ လီကလန် ပိုင်နက် အနောက်က တောင်ပေါ်ကို ရောက်လာခဲ့တယ်။
သူက အမြင့်တွေကို ကြိုက်နှစ်သက်တဲ့ လူ တစ်ယောက် ဖြစ်တယ်။ တောင်ထိပ်ပေါ်ကနေ ကြည့်လိုက်ရင် အရာအားလုံးက သူ့အောက်မှာ ရှိနေသကဲ့သို့ ခံစားရသည်လေ။
ဒီနေ့ ရာသီဥတုက တော်တော်လေး ထူးဆန်းနေတာ ဖြစ်တယ်။ လေတွေက တိမ်တွေကို လှိုင်းဂယက်လေးတွေ ထအောင် တိုက်ခတ် ပေးနေတယ်။ ပြီးတော့ တစ်ခါတစ်ရံမှာ တိမ်တွေဆီက ရွှေရောင် အလင်းတန်းတွေ သူ့ဆီကို ကျရောက် လာသလိုတောင် ခံစားမိနေတယ်။
“တကယ်လို့သာ တစ်နေ့မှာ ငါတိမ်တွေကို လက်သီးနဲ့ ထိအောင် ထိုးနိုင်မယ်ဆိုရင် ငါသေသွားရင်တောင် နောင်တ ရနေမိမှာမဟုတ်ဘူး"
လီဖူချန်းက လက်သီးချက် တစ်ချက်ကို ထုတ်လိုက်ပြီး တိမ်တွေကို ချိန်ရွယ်ကာ ထိုးလိုက်တယ်။ သူ့စိတ်ကူးထဲမှာတော့ သူ့လက်သီးချက်က ရွှေရောင်အလင်းတွေ ထွက်နေတဲ့ တိမ်တွေကို ကျော်ပြီး ကြယ်တွေဆီ ကိုတောင် ရောက်သွားတယ်။
“ဟားဟား ဟားဟား"
လီဖူချန်းက အခုမှ စိတ်လက်ပေါ့ပါး သွားဟန်ဖြင့် ရယ်မောလိုက်ပြီး
တောင်ပေါ်က ဆင်းဖို့ ပြင်လိုက်တယ်။ ရုတ်တရက် သူ့ခြေလှမ်းတွေက ရပ်သွားပြီး မူးမေ့ လဲကျသွားတယ်။
သူ နောက်ဆုံး မြင်လိုက်တာကတော့ ရွှေရောင်အလင်းတွေ ထွက်နေတဲ့ တိမ်တိုက်က ရွှေရောင် အလင်းတန်းတစ်ခုကို သူ့ဆီကိုဦးတည်ပြီး ပစ်လိုက်တာပဲ။ အဲအလင်းတန်းက လေဟာနယ်ကို ဖြတ်ပြီး သူ့ဆီကို အလင်းရဲ့ အမြန်နှုန်းနဲ့ ပြေးလာနေတယ်။ အဲအချိန်မှာ သူခံစားလိုက် ရတာကတော့ အချိန်တွေက ရပ်တန့် သွားသလိုပဲ။ ကောင်းကင်နဲ့ မြေကြီးအကြားက အရာအားလုံးကလည်း တိတ်ဆိတ်သွားတယ်။
လီဖူချန်းက ထွက်ပြေးချင် နေပြီဖြစ်သည်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က တုံ့ပြန်မှု မရှိတော့ဘူး။
ရွှေရောင် အလင်းတန်းက မျက်စိကို ကန်းသွားစေလောက်အောင် လင်းလက်နေတယ်။ ဒါကြောင့် သူက မျက်စိကို မှိတ်ထား လိုက်ရတယ်။ ထို့နောက်မှာတော့ အရမ်းပူပြင်းတဲ့ အရာတစ်ခုက မျက်ခုံး နှစ်ခုကြားကနေ သူ့ခန္ဓာကိုယ်ထဲ စီးဝင် သွားသလို ခံစားလိုက်ရပြီး လုံးဝ လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတော့တယ်။
လီဖူချန်းက အိပ်မက်တစ်ခုကို မက်နေတယ်။ အိပ်မက်ထဲမှာတော့ သူက မြေပြင်တစ်ခုလုံးကို ပိုင်စိုးထားပြီး သူ့ကို ယှဉ်နိုင်မယ့်သူ တစ်ယောက်မှ မရှိတဲ့ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်နေတယ်။ သူ့ရဲ့ ဓားတစ်ချက်က ကောင်းကင်ဘုံကိုတောင် တုန်လှုပ် သွားစေပြီးတော့ သူ့လက်သီးတစ်ချက်က မဟာပထဝီ မြေကြီးကို ဖောက်ထွင်းပြီး ငရဲပြည်ကိုတောင် ပျက်စီးသွားစေတယ်။
“ဘယ်လောက်တောင် နိမိတ်ကောင်းလိုက်တဲ့ အိပ်မက်လဲကွာ"
လီဖူချန်း နိုးလာတဲ့အခါမှာတော့ ကောင်းကင်က မှောင်တောင် မမှောင်သေးဘူး။
“ဘာတွေ ဖြစ်သွားတာလဲဟ"
နဖူးကိုကိုင်ရင်း အဖြေကို လီဖူချန်းတစ်ယောက် လုံးဝရှာလို့ မတွေ့ဖြစ်နေတယ်။ ဒါပေမဲ့ သူတစ်ခုကို သတိပြုမိလိုက်တယ်။ သူ့ရဲ့စိတ်ဝိညာဉ်က သူ့ရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲ ရောက်နေတာကိုပေါ့။
“ဘုန်း"
သူ့ရဲ့စွမ်းအင် ဗဟိုချက်မက တုန်ခါသွားပြီး သူ့အသိစိတ်ထဲမှာ တစ်ခါမှ မဖြစ်ဖူးတာတွေ ဖြစ်နေတယ်။
သူ့အသိစိတ်ထဲမှာ မြူခိုးတွေနေရာအနှံ့ ဖြစ်နေပြီး အဲမြူခိုးတွေထဲမှာ ရွှေရောင် အဆောင်လက်ဖွဲ့လေး တစ်ခု ဖြစ်တည်နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်က ထိုအရာလေးကြောင့် ပိုပြီး တည်ငြိမ်လာတာကိုလည်း ခံစားလိုက်ရတယ်။ မီးခိုးရောင်မြူတွေက မကြာခင်မှာပဲ ငွေ့ရည်ဖွဲ့ပြီး မီးခိုးရောင် အလင်းလုံးကြီးထဲကို ဝင်သွားကြတယ်။
"ငါ့ရဲ့ အသိစိတ်ထဲက မီးခိုးရောင် မြူတွေက ငါ့ရဲ့ စိတ်ဝိညာဉ်ပဲ။ ဒါဆို ဒီ ရွှေရောင် အဆောင် လက်ဖွဲ့ကြီးက ဘာတုံး လီဖူချန်းက သံသယတွေနဲ့ ဝေခွဲမရဖြစ်နေတယ်။ ထိုအချိန်မှာပဲ မြင်ကွင်းက တစ်ချက်ပြောင်းသွားပြီး သူ့ကို ရွှေရောင် အဆောင်လက်ဖွဲ့ဆီသို ဆွဲခေါ်သွားတာကို ခံလိုက်ရတယ်။
အဲသည် အဆောင်လက်ဖွဲ့ကြီးက ဝတ်လို့ရတဲ့ပုံကော ဆွဲဖြုတ်လို့ရမယ့်ပုံကော မပေါ်ဘူး။ ကြည့်ရတာ ကမ္ဘာဦး စတည်ချိန် ကတည်းက ရှိနေပြီး နောက်လည်း ထာဝရ ရှိနေတော့မည့်ပုံပင်။ အချိန်တွေ ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ဘူး။
သူ့ရဲ့ စိတ်စွမ်းအင်တွေက အချက်ပေးနေကြပြီ။ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က သူ့ရဲ့ အသိစိတ်ထဲက နေရာလွတ်ထဲကနေ တွန်းထုတ်ခြင်း ခံလိုက်ရတယ်။
“အား ငါနောက်ကျနေပြီ။ အမြန်ပြန်မှ ဖြစ်တော့မယ်”
သူ့ကိုယ်သူ ဘာဖြစ်လို့ ဖြစ်မှန်းကို ဝေခွဲမရပဲ အိမ်ကို အမြန် ပြန်လာခဲ့တော့တယ်။
***
လေ့ကျင့်ရေးကွင်းကို ဖြတ်ကျော် လာတဲ့အချိန်မှာတော့ လီဖူချန်းက လီယွန်ဟီကို လှမ်းမြင် လိုက်တယ်။ သူက လီကလန် တပည့် တစ်ယောက်နှင့် လက်ရည် စမ်းနေတယ်။
လီယွန်ဟီက လက်ဝါး တစ်ချက်တည်းနဲ့ သူ့ပြိုင်ဘက်ကို လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်တယ်။ ပြီးတော့ သူက လီဖူချန်းဘက်ကို လှည့်ပြီး ပြုံးပြလိုက်တယ်။
“လီဖူချန်း လက်ရည် စမ်းဖို့ စိတ်ဝင်စားလား။ ငါက လူသားနယ်ပယ် အဆင့် ငါးကို ရောက်တာ မကြာသေးဘူး ဆိုတော့ လေ့ကျင့်ဘက် တစ်ယောက် လိုနေတယ်။ မင်းကို ကြည့်ရတာလည်း အထိုးခံနိုင်သေးမယ့်ပုံပါပဲ"
"ငါဒီနေ့ လုပ်စရာ ရှိသေးတယ်။ နောက်နေ့မှ တိုက်ကြတာပေါ့” ပြောပြီးတာနဲ့ လီဖူချန်းက အဝေးကို လှည့်ထွက် သွားတယ်။
“ဒီစောက်ရူး ကတော့ကွာ" လီယွန်ဟီ မျက်နှာက မည်းနက်သွားတယ်။ ဒီတစ်ကြိမ်က ပထမဦးဆုံး လီဖူချန်းက သူ့ကို ဂရမစိုက်ပဲ ထွက်သွားတာပဲ။
“ထားလိုက်ပါလေ။ အမှိုက်ကောင်ကတော့ အမြဲတမ်း အမှိုက်ဖြစ်နေမှာပဲ။ ကြည့်ရတာ တစ်နှစ်ပတ်လုံး လေ့ကျင့်တာတောင် သူ့အဆင့်က ဘာမှ မတိုးတက်လာလို့ စိတ်ပျက်ပြီး သူ့သတ္တိတွေ ပျောက်သွားပုံရတယ်။ ငါနဲ့ တိုက်ဖို့တောင် သတ္တိ မရှိတော့ပါလား" လီယွန်ဟီက လီဖူချန်းကြားအောင် လှောင်လိုက်တယ်။
***
ညစာ စားပြီးတဲ့နောက်မှာတော့ လီဖူချန်းက သူ့အိပ်ခန်းကို အလျင်အမြန်ပဲ ပြန်လာခဲ့တယ်။
သူ့ရဲ့စိတ်ဝိညာဉ်က အသိစိတ်ထဲကို ဝင်သွားတဲ့ အချိန်မှာတော့ ပျံ့နှံ့နေတဲ့ မီးခိုးရောင်မြူတွေက အလုံးကြီးတစ်လုံး ဖြစ်နေတာကို တွေ့လိုက်ရတယ်။
“မီးခိုးရောင်မြူတွေက အလုံးကြီး ဖြစ်သွားတာက ငါ့ကို ကောင်းကျိုး ဖြစ်စေမှာလား” လို့ လီဖူချန်းက ရေရွတ်လိုက်တယ်။
လီဖူချန်းက သူ့အသိစိတ်ထဲက ထွက်လိုက်ပြီး ကျင့်ကြံဖို့ စတင်ပြင်ဆင် လိုက်သည်။
ဆယ့်ငါးမိနစ် ကျော်သွားတယ်။ အဆင်ပြေတယ်။ နာရီဝက်ကို ကျော်သွားတယ်။ အဆင်ပြေနေတုန်းပဲ။
လီဖူချန်းက သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူ အရမ်းပဲပျော်နေသလို အရမ်းလည်း အံ့သြနေတယ်။
အရင် အချိန်တွေတုန်းက သူက ကျင့်ကြံဖို့ အတွက် အချိန်အနည်းငယ်ပဲ အာရုံ စိုက်နိုင်တာ ဖြစ်တယ်။
ဒါပေမဲ့ ဒီနေ့ညမှာတော့ နာရီဝက် တိုင်တိုင် လေ့ကျင့်တာတောင်မှ ခေါင်းမကိုက်ခဲ့ဘူး။ ကြည့်ရတာ ငါ့အသိစိတ်ထဲက မီးခိုးရောင် မြူတွေကြောင့်များလား။ အခု အဲဒါတွေက အလုံးကြီး တစ်လုံးအဖြစ် ပြောင်းသွားတာကြောင့် ငါ့လေ့ကျင့်ရင် အခက်အခဲ မတွေ့တော့တာလား။
လီဖူချန်းက သူ့ဟာသူ အမျိုးမျိုး ကောက်ချက် ချနေမိတယ်။ ဒီညကတော့ သူ့အတွက် မေ့မရတဲ့ ညတစ်ည ဖြစ်လာခဲ့ပြီ။
စစချင်းမှာက လီဖူချန်းက ရွှေရောင် လက်ဖွဲ့အဆောင်ဟာ သူ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ ရှိနေပြီး ကွဲထွက် နိုင်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ ဒါပေမဲ့ ရက်အနည်းငယ် အကြာမှာတော့ သူ့အတွေးတွေ မှားနေတယ် ဆိုတာ သိလိုက်ရတယ်။
အခုတော့ သူ့စိတ်ဝိညာဉ်ဟာ အလင်းရောင် အလုံးကြီး တစ်ခုဖြစ်နေပြီး အစိမ်းဖျော့ဖျော့ အရောင်တောင် ပြောင်းနေခဲ့ပြီ။ သူ့ရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲ လာတာနဲ့အမျှ သူ့ခေါင်းထဲမှာ ရှိနေတဲ့ အတားအဆီးတွေ ကလည်း တစ်စထက်တစ်စ လျော့နည်းသွားတာကို သူသတိပြုမိတယ်။ သူ့ရဲ့ အာရုံ ခံစားနိုင်စွမ်းတွေက မြင့်လာသလို သူ့ရဲ့ နားလည် သဘောပေါက် နိုင်စွမ်းတွေ ကလည်း ပိုပိုကောင်းလာတယ်။
***
ညအချိန် …
လီဖူချန်းက သူ့ရဲ့ ကျောက်စိမ်းနီ ပညာရပ်ကို လေ့ကျင့်နေတယ်။ သူ့ရဲ့ လက်ဝါးတွေက ကောင်းကင်ကို ဦးတည်နေပြီး ကောင်းကင်နဲ့ မြေကြီးဆီက သဘာဝ စွမ်းအင်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန် စုပ်ယူနေတယ်။ နာရီဝက်လောက် အကြာမှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ သွေးကြောအသစ် သုံးခုပေါ်လာပြီး လွတ်လပ်စွာ စီးဆင်းနေတယ်။ ဒီသွေးကြော သုံးခုမှာ ကျောက်စိမ်းနီ ပညာရပ်ရဲ့ စွမ်းအင်တွေ ပါဝင်နေတယ်။
“ကျောက်စိမ်းနီ ပညာရပ်က စတုတ္ထ အဆင့်ကိုတောင် ရောက်သွားပြီဟ” လီဖူချန်းက လန့်သွားတယ်။
ဒီပညာရပ်ကို တစ်နှစ်လောက် မလေ့ကျင့်နိုင်ပဲ အခု ပြန်လေ့ကျင့်လိုက်တာ သုံးရက်တည်းနဲ့ နောက်တစ်ဆင့် တက်သွားတယ်။ လီဖူချန်းက ပျော်ရွှင်မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားလိုက်ရတယ်။
သူ့ရဲ့ စိတ်ဝိညာဉ်က ပြောင်းလဲသွားရုံတင် မကဘူး သူ့ရဲ့ လေ့ကျင့်နှုန်းတွေပါ မြန်လာတာလေ။
အရင်တုန်းက သူ့လေ့ကျင့်နှုန်းတွေက မြန်တယ်လို့ ပြောလို့ရပေမဲ့ အခုနဲ့ စာရင်တော့ … လုံးဝ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်တော့သလိုပဲ။
***
လီဖူချန်းက ညအခါမှာ ကျောက်စိမ်းနီ ပညာရပ်ကို လေ့ကျင့်ပြီး နေ့မှာဆိုရင်တော့ တိုက်ခိုက်ရေး သိုင်းပညာကို လေ့ကျင့်တယ်။
“ဖြောက်"
ခြံဝင်းထဲမှာတော့ လီဖူချန်းက လက်ဝါးရိုက်ချက် တစ်ခုကို လေ့ကျင့်ရေး သစ်သားရုပ်ပေါ်ကို ရိုက်ချ လိုက်တယ်။ သူ့ရဲ့ ရိုက်အားက ပြင်းလွန်းလို့ သစ်သားရုပ်ရဲ့အပေါ်ပိုင်းက ကျိုးပြတ်သွားတယ်။
တကယ်လို့ သစ်သားရုပ်နေရာမှာ လူဆိုရင်တော့ ထိုလူ မလွယ်လောက်ဘူး။ ကျောက်ခွဲလက်ဝါး ပြီးပြည့်စုံခြင်း အဆင့်တဲ့လား။ လီယွန်ဟိုင်တောင် ဒီအဆင့်ကို မရောက်ခဲ့ဘူးလေ။
ကျောက်ခွဲလက်ဝါးက အဝါရောင် အမျိုးအစားထဲက အဆင့်နိမ့်လက်ဝါးသိုင်း တစ်ခုဖြစ်တယ်။
လက်ဝါးသိုင်းကို လေ့ကျင့် ပြီးချိန်မှာတော့ လီဖူချန်းက သူ့ဓားကို ယူလိုက်ပြီး လီကလန် အနောက်က တောင်ပေါ်မှာ ဓားသိုင်း သွားကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။
တောင်ထိပ်ပေါ်မှာတော့ လေတွေက ပြင်းထန်စွာ တိုက်ခတ်နေပြီး သစ်ပင်တွေကတော့ လေဒဏ်ကို ကြံ့ကြံ့ခံနေကြတယ်။
ဓားကိုကိုင်ပြီး သိုင်းကွက်ခင်းထားတဲ့ လီဖူချန်းရဲ့ ပုံစံဟာ အရမ်း ပြည့်စုံလွန်းနေတယ်။ သူ့ရဲ့ အမူအရာက ရေခဲသမျှ အေးစက်နေပြီး သူမျက်လုံးတွေက မီးခဲတွေလို ရဲရဲတောက်နေတယ်။ စိတ်ခံစားမှုကို တစ်စွန်းတစ်စမျှ မပြဘဲ ဓားကွက်အတိုင်းသာ လိုက်လံ လှုပ်ရှားနေတယ်။
“စွိ”
ဓားက သစ်ပင်ကြီး တစ်ပင်ကို ထိုးစိုက်နေပြီး သူ့လက်ကောက်ဝတ် တစ်ချက် အလှုပ်မှာ သစ်ပင်ကြီးရဲ့ အပေါ်ပိုင်းက လေထဲကို မြှောက်တက် သွားတယ်။ အပေါ်ပိုင်းက ပြန်မကျလာခင်မှာပဲ လီဖူချန်းက လိုက်ခုန်တက်သွားပြီး ထပ်မံ ခုတ်ပိုင်းလိုက်တယ်။
“ရွှမ်း ရွှမ်း ရွှမ်း"
လေထဲမှာပဲရှိသေးတဲ့ သစ်ပင် အပေါ်ပိုင်းကြီးဟာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့တယ်။
အဝါ ရောင်အမျိုးအစား အဆင့် နိမ့်ဓားသိုင်း ကျားစွယ်ဓားသိုင်း ပြီးပြည့်စုံခြင်း အဆင့်။ ငါးရက်အတွင်းမှာပဲ ကျောက်ခွဲလက်ဝါးနဲ့ ကျားစွယ် ဓားသိုင်းတို့ဟာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ခဲ့ကျတယ်။
လီဖူချန်းရဲ့ သိမြင် နားလည်နိုင်စွမ်းတွေက လုံးဝ မှန်းမရတဲ့ အဆင့်ပဲ။ ဘယ်သိုင်းပညာရပ်ရဲ့ လျှို့ဝှက်ချက်မဆို သူ့မျက်လုံးကို ဖုံးကွယ်ထားလို့ မရတော့ဘူး။ အချိန်တိုလေး အတွင်းမှာပဲ သူက အဲဒီသိုင်းတွေကို ပြီးပြည့်စုံခြင်း အဆင့် ရောက်အောင် လေ့ကျင့်နိုင်ပြီလေ။
ဓားပညာရပ် ဆိုတာ အရာအားလုံးရဲ့ အခြေခံပဲ။ ဒါက မိုးပြာရောင် ဂိုဏ်းကို ဝင်ချင်တဲ့ သူတိုင်းအတွက် အဓိကသော့ချက်ပဲ။ ကြည့်ရတာ ငါက လက်ဝါးသိုင်းထက် ဓားသိုင်းဘက်မှာ ပိုပြီး ပါရမီပါပုံရတယ်။
ငါ တို့ လီကလန်က ယုံဝူးမြို့ပေါ်က အဓိက ကလန်ကြီးလေးခုထဲမှာ အားအနည်းဆုံးပဲ။
အခုဆိုရင် ကောင်းကလန် ကလည်း ငါတို့နဲ့ မဟာမိတ် ဖွဲ့ထားတာကို ဖျက်လိုက်ပြီ ဆိုတော့ ယန်ကလန်ကလည်း ငါတို့ကို မျက်စိဒေါက်ထောက် ကြည့်နေလောက်ပြီ။ မြို့စားမင်းကလည်း ကောင်းကလန်၊ ယန်ကလန်တို့နဲ့ ပိုဆက်ဆံရေး ကောင်းတယ်။ တကယ်လို့ ငါသာ မိုးပြာရောက်ဂိုဏ်းကို ဝင်နိုင်မယ်ဆိုရင် အဲဒါကငါတို့ လီကလန်ကို သြဇာပြန်တက်အောင် အကူအညီ ပေးနိုင်လိမ့်မယ်။
သက်ပြင်း ရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး လီဖူချန်းက ဆုံးဖြတ် ချက်ချလိုက်တယ်။ ငါ မိုးပြာရောင် ဂိုဏ်းကို သေချာပေါက်ဝင်ခွင့် ရစေရမယ်။ ငါ့ရဲ့ လီကလန်ကို ဘယ်သူမှ အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်စေရဘူး။
အရင်တုန်းကတော့ မိုးပြာရောင် ဂိုဏ်းဆိုတာ သူ့အတွက် ဘာမှ အရေးပါတဲ့ အရာမဟုတ်ခဲ့ဘူး။
ဒါပေမဲ့ အခုကတော့ သူ့ရဲ့ ရည်မှန်းချက် ဖြစ်လာခဲ့ပြီ။ ဒီကမ္ဘာကို အဓိကကြိုးကိုင် ခြယ်လှယ်နေသူတွေ ကတော့ ကြီးကျယ် မြင့်မြတ်သော ဂိုဏ်းကြီးတွေ ဖြစ်ကြတယ်။ လီကလန် အခြေချရာ ယုံဝူးမြို့ကတော့ မိုးပြာရောင်ဂိုဏ်း သြဇာ သက်ရောက်တဲ့ မြို့တွေ အများကြီးထဲက တစ်မြို့ ဖြစ်တယ်။
မိုးပြာရောင်ဂိုဏ်း ဓားပညာကို အထူးအလေးပေးတဲ့ ဂိုဏ်းဖြစ်တယ်။ ခုနစ်ဆယ် ရာခိုင်နှုန်းသော ဂိုဏ်းသားတွေက ဓားသိုင်းကိုပဲ အထူးပြု သင်ကြားကြတယ်။ မိုးပြာရောင် ဂိုဏ်းသား ဖြစ်ပြီဆိုတာနဲ့ သူ့ရဲ့ ဂုဏ်သတင်းဟာ ကျော်ကြားလို့ လာမှာပဲဖြစ်တယ်။
လွန်ခဲ့တဲ့ နှစ်တွေမှာတော့ လီကလန်က လူတွေဟာ အမြဲပယ်ချခြင်း ခံခဲ့ရတယ်။ ဒါကြောင့် နောက်ပိုင်း ဆယ်နှစ်မှာ လီကလန်က ဘယ်သူမှ မိုးပြာရောင် ဂိုဏ်းသား မဖြစ်ခဲ့ကြဘူး။ တခြားကလန်က လူတွေကတော့ နှစ်တိုင်း တစ်ယောက်စ နှစ်ယောက်စ အရွေးခံကြရတယ်။
ဒါကြောင့်ပဲ လီကလန်က သြဇာကျဆင်း လာရတာဖြစ်သည်။
***