ဒွိဟများ
Vol. 63 Ch. 870
တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့အား ဂြိုဟ်တုတစ်လုံး လက်ဆောင်ပေးခဲ့သေးသည်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့နှင့် ဆွေးနွေးလိုက်ပြီးနောက် သူ့အား နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ မဟာအကြီးအကဲကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်၏။ ထိုရာထူးမှာ သူ၏ ဂိုဏ်းခေါင်းဆောင် ရာထူးနှင့် မတိမ်းမယိမ်း အဆင့်တွင် ရှိပေသည်။
ထိုကဲ့သို့သော ချီးမြှင့်မြှောက်စားမှုများကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကျေနပ်သွားရ၏။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ဂြိုဟ်တုပေါ်၌ အင်အားပြန်လည်စုစည်းရန် ဆုံးဖြတ်လိုက်သည်။ စစ်ပွဲကြီးမှာ ယခုမှ စတင်သွားခြင်းဖြစ်ကြောင်း သူက နားလည်ထားသည် မဟုတ်ပါလော။
ဂိုဏ်းတစ်ဂိုဏ်းလုံး ထိုကဲ့သို့ အင်အားပြန်လည်စုစည်းနေကြစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ သူ၏ ဂူဗိမာန်ထဲရှိ လျှို့ဝှက်အခန်းအား အလုံပိတ်လိုက်၏။ ထို့အပြင် သူသည် ဧကရာဇ် ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်ကိုပင် ထုတ်ယူလိုက်သေးသည်။ သူသည် အချုပ်အနှောင်များအား အားဖြည့်လိုက်ပြီးနောက် မည်သည့် မတော်တဆမှုမှ ပေါ်ပေါက်လာနိုင်ခြင်းမရှိကြောင်း သေချာသွားသောအခါမှ သူ သူ၏ ဓမ္မစစ်သင်္ဘောကြီးထဲ၌ ပိတ်လှောင်ထားခဲ့သည့် အမျိုးသမီအား လွှတ်ပေးလိုက်တော့သည်။
" သူက ဘယ်သူလဲကွ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ထို အမျိုးသမီအား အကဲခတ်ကြည့်ရှုလိုက်၏။ သူမသည် အပြင်ဘက်သို့ ပြန်လည်လွတ်မြောက်လာသည့်တိုင်အောင် စိုးရိမ်တကြီး ဖြစ်နေဆဲဖြစ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။ ထို့အပြင် သူမ၏ အပြုအမူများကို ကြည့်လျှင် သူမသည် အသက်ဆက်မရှင်ချင်တော့သည့်ပုံ ပေါက်နေ၏။
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသော အမျိုးသမီးအား စိုက်ကြည့်ရင်း သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ထုတ်လွှတ်ကာ ထိုအမျိုးသမီးအား လွှမ်းခြုံသွားစေလိုက်ပြီးနောက် သူမအား အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်တော့သည်။ သို့သော် ခဏအကြာတွင် သူသည် မျက်မှောင်ကြုတ်သွားရ၏။ သူသည် စစ်မြေပြင်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းက သူမအား အပေါ်ယံလောက်သာ ကြည့်ရှုစစ်ဆေးခဲ့သဖြင့် မည်သည့်အရာကိုမှ သတိမထားမိခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်.. ယခုတွင်လည်း သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ ကြည့်ရှုစစ်ဆေးခဲ့သည့်တိုင်အောင် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သို့ဖြစ်ရာ ဤခန္ဓာကိုယ်မှာ ထို အမျိုးသမီး၏ ခန္ဓာကိုယ်အစစ် ဖြစ်နေသည့်ပုံပင်။
ထို အမျိုးသမီး၏ ရုပ်ရည်မှာ ကြည့်ပျော်ရှုပျော် ရှိပေသည်။ သူမ၏ ပုံပန်းသွင်ပြင်အရ သူမသည် အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိသည့်ပုံပင်။ သူမ၏ အသားအရေမှာ အဖြူရောင်ဖြစ်ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ နွဲ့နွဲ့နောင်းနောင်းနှင့် ကြော့ရှင်းမှုအပြည့် ရှိနေ၏။ သူမသည် သက်တံ့ရောင် အဝယ်အစားများကို ဆင်မြန်းထားသဖြင့် ၎င်းတို့မှာ သူမ၏ အလှအပများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိရုံသာမက သူမအား ပို၍ ငယ်ရွယ်သည့်ပုံပေါက်အောင် ကူညီပေးနေ၏။ သို့သော် အမြုတေအဆင့်နှင့် အထက်တွင် ရှိနေသည့် ကျင့်ကြံသူများအား ရုပ်ရည်အပေါ် မူတည်၍ သူတို့၏ အသက်ကို အတိအကျ ခန့်မှန်း၍ မရနိုင်ကြောင်း ဝမ်ပေါင်လဲ့က သိထားပြီးဖြစ်သည်။
သူတို့မှာ ဆန္ဒရှိပါက ကျင့်ကြံခြင်းစွမ်းအားများဖြင့် သူတို့ကိုယ်သူတို့ ငယ်ရွယ်သည့်ပုံပေါက်အောင် လုပ်ရန် မန္တန်များကို အလွယ်တကူ အသုံးပြုနိုင်ပေသည်။ သို့ဖြစ်ရာ နတ်ဘုရားအာရုံဖြင့် ကြည့်ရှုစစ်ဆေးမှသာလျှင် အသက်အရွယ် အတိအကျကို ခန့်မှန်းနိုင်မည် ဖြစ်သည်။
ဥပမာပြရလျှင် ထို အမျိုးသမီးမှာ သူမ၏ ခန္ဓာကိုယ်အစစ်ထဲတွင် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံများအရ သူမသည် အိုမင်းနေခြင်း မရှိသေးပေ။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း တမူထူးခြားနေ၏။ သူမသည် နှောင်းပိုင်း ယွမ်ယင်အဆင့်သို့ ရောက်နေသည် မဟုတ်ပါလော။
ထိုအချက်မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ရေးကြီးခွင်ကျယ် မဟုတ်ပါသော်လည်း ပြည်ထောင်စုကြီးထဲတွင်မူ သူမ၏ အသက်အရွယ်နှင့် ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမ၏ နောက်ကြောင်းရာဇဝင်အား အတိအကျ ဖော်ထုတ်နိုင်ခြင်းမရှိသဖြင့် သံသယဝင်သွားရ၏။ ထို့နောက် သူသည် ရေခဲတမျှ အေးစက်နေသည့် မျက်ဝန်းများဖြင့် မေးလိုက်တော့သည်။
" နင့်ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြောပြ "
သူ၏ စကားသံကြီးမှာ အေးစက်နေသည့် လေပြည်လေညင်းတစ်ခုကဲ့သို့ လျှို့ဝှက်အခန်းထဲရှိ အပူချိန်အား သိသိသာသာ လျော့ကျသွားစေ၏။ ထို့ကြောင့် ထို အမျိုးသမီး၏ ခန္ဓာကိုယ်မှာ အနည်းငယ်ခန့် တုန်ရီသွားရသည်။ သူမသည် အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်နေလိုက်ပြီးနောက် ခေါင်းငုံ့ကာ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်တော့သည်။
" ကျွန်မက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှာရှိတဲ့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ ရှေးဟောင်းဓားတောင်ထိပ်ပေါ်က ဂိုဏ်းသူ ချန်ရွှယ်မေ့ပါ "
ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီး၏ အဖြေကိုကြားလိုက်ရသောအခါ ပို၍ပင် မျက်မှောင်ကြုတ်သွားရပြီး သူ၏ မျက်ဝန်းများမှာလည်း ပို၍ပင် အေးစက်သွားရတော့သည်။ အမှန်အတိုင်းဆိုရလျှင် သူသည် စိတ်မရှည်တော့ပေ။ သူသည် သူ ခန့်မှန်းထားခဲ့သည့်အတိုင်း သူ၏ မိတ်ဆွေများထဲမှ တစ်ယောက် ဤအမျိုးသမီး၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသဖြင့် သူ၏ နတ်ဘုရားစိတ်ဆန္ဒ သူမ၏လက်ထဲသို့ ရောက်နေရခြင်းဖြစ်မည်ကို စိုးရိမ်နေသည်။ သူသည် သူမ၏ ဝိညာဉ်အား ရှာဖွေလိုပါသော်လည်း သူ့ဘက်မှ ဆုံးဖြတ်ချက်တစ်ခုသာ မှားယွင်းသွားမည်ဆိုပါက သူမ၏ ခန္ဓာကိုယ် ပြန်လည်ပြုပြင်၍မရလောက်အောင် ထိခိုက်ပျက်စီးသွားနိုင်သည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ သူ၏ရှေ့တွင် ရှိနေသည့် အမျိုးသမီးအား ထပ်၍ အကဲခတ်လိုက်ပြန်သည်။ သူမသည် စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ရန် အကောင်းဆုံးကြိုးစားနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူမ၏ နှလုံးသားထဲရှိ စိုးရိမ်စိတ်များနှင့် သူမ၏ မျက်ဝန်းများထဲရှိ အသက်ဆက်မရှင်လိုတော့သည့် ခံစားချက်များကို မြင်နေရဆဲပင်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီးမှာ အသက်သေရန် ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်း နားလည်သွား၏။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုအမျိုးသမီးအား အကဲခတ်နေစဉ်မှာပင် သူ၏ သိုလှောင်အိတ်ထဲမှ အသံလွှင့် ကျောက်စိမ်းပေလွှာမှာ တုန်ရီသွား၏။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ သူ၏ညာဘက်လက်ဖြင့် ထို ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး ၎င်းအား ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်သည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် ဆတ်ခနဲ ခေါင်းပြန်မော့လာပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ ထို အမျိုးသမီးအား လက်ညှိုးထိုးလိုက်တော့သည်။
" နင် သေချင်နေတာလား "
သူ ထိုသို့ လက်ညှိုးထိုးလိုက်သည်နှင့် ထို အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် တောင့်တင်းသွားပြီး သူမသည်လည်း ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ သူမသည် တစ်ကိုယ်လုံး လှုပ်ရှားနိုင်စွမ်းမရှိတော့သလို မည်သည့်အရာကိုမှလည်း စဉ်းစားတွေးတောနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူမသည် မလှုပ်မယှက် ရပ်နေရင်း မျက်ရည်များ ကျလာရတော့သည်။ သူမသည် သူမ၏ မျက်လုံးများကို မှိတ်ပစ်ချင်ပါသော်လည်း ထိုကဲ့သို့ လုပ်နိုင်စွမ်းပင် မရှိတော့ချေ။
ဝမ်ပေါင်လဲ့မှာမူ နှာမှုတ်လိုက်ပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ ထို အမျိုးသမီး၏ နဖူးထဲမှ အလင်းရောင်စက်လုံးတစ်လုံး ချက်ချင်းဆိုသလိုပင် ပျံထွက်လာသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားစိတ်ဆန္ဒဖြစ်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြန်ရောက်လာပြီးနောက် သူ၏ရှေ့၌ မျောလွင့်နေ၏။
သူသည် သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာအား ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်စဉ်တုန်းက သူ၏ နတ်ဘုရားစိတ်ဆန္ဒ တုန်ရီသွားသည်ကို အာရုံခံမိလိုက်ခြင်း ဖြစ်၏။ သူမကိုယ်သူမ ချန်ရွှယ်မေ့ဟု ဆိုခဲ့သည့် အမျိုးသမီးမှာ သူ အာရုံများနေစဉ် ထို နတ်ဘုရားစိတ်ဆန္ဒအား ထုတ်သုံးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမသည် သူ့အားသတ်ရန် ကြိုးစားခဲ့ခြင်းမဟုတ်ဘဲ သူမကိုယ်သူမ သေကြောင်းကြံရန်သာ ကြိုးစားခဲ့ခြင်းဖြစ်၏။
" သူက တော်တော်လေးကို စိတ်ဓာတ်ပြင်းပြတာပဲဟ " ဝမ်ပေါင်လဲ့မှာ ထိုအမျိုးသမီးအား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် ခေါင်းငုံ့ကာ အသံလွှင့်ကျောက်စိမ်းပေလွှာအား လှမ်းကြည့်လိုက်၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ခြင်း ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ဆွေးနွေးစရာကိစ္စ ရှိသောကြောင့် သူ့အား ခန်းမကြီးဆီသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာလည်း အကြောင်းကြားစာတစ်စောင် ပြန်လည်ပေးပို့လိုက်ပြီးနောက် သူ့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသည့် ချန်ရွှယ်မေ့အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပသွားသည်။ သူမ၏ စိတ်ဓာတ်ပြင်းပြမှုများကြောင့် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်မှာ သူ၏ အတွေးထဲ၌ အလိုလို ပေါ်ပေါက်လာရခြင်းဖြစ်၏။
ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်နေရင်း သူ၏လက်ကို ဝှေ့ယမ်းကာ ထို အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အချုပ်အနှောင်များကို ဖယ်ရှားပေးလိုက်၏။ ထို အချုပ်အနှောင်များ မရှိတော့သောအခါ ထို အမျိုးသမီးမှာ သူမ၏ စွမ်းအားများအားလုံးကို ချက်ချင်း ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် သူမသည် နာကျင်နေသည့် အမူအရာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည်။
" လူကြီးမင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ငဲ့ပြီး ကျေးဇူးပြုပြီးတော့ ကျွန်မကို အနိုင်မကျင့်ပါနဲ့။ လူကြီးမင်း ကျွန်မကို သတ်သတ် မသတ်သတ် ကျွန်မ ဂရုစိုက်နေမှာမဟုတ်ပါဘူး။ လူကြီးမင်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအကြောင်းကို သိချင်ရင်လည်း ကျွန်မ အမှန်အတိုင်းပြောပြပါမယ်။ လူကြီးမင်း ကျွန်မရဲ့ ရုပ်အလောင်းကို အကောင်းပတိအတိုင်း ချန်ထားပေးဖို့နဲ့ ကျွန်မကို ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးဖို့ပဲ ကျွန်မ တောင်းဆိုချင်ပါတယ် "
သူမ၏ စကားများကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ သံသယစိတ်များမှာ ပို၍ပင် အားကောင်းလာရတော့သည်။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားပြီး လုံနန်ကျစ်၏ ပုံပန်းသွင်ပြင်မှာလည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ သူသည် သူ၏ ပုံပန်းသွင်ပြင် အစစ်အမှန်ကို ထုတ်ပြလိုက်ပြီးနောက် ချန်ရွှယ်မေ့အား စိုက်ကြည့်ကာ မေးလိုက်တော့သည်။
" တော်လောက်ပြီ။ ဘာမှဆက်ပြီးတော့ ဖုံးကွယ်မနေနဲ့တော့။ နင့်ရဲ့ ခန္ဓာကိုယ်ပေါ်က နတ်ဘုရားစိတ်ဆန္ဒက ငါပေးထားတဲ့ နတ်ဘုရားစိတ်ဆန္ဒပဲ။ နင် ဘယ်သူလဲ မှန်မှန်ပြော " ဝမ်ပေါင်လဲ့မှာ ကြံရာမရဖြစ်နေသည့်ပုံ ပေါက်နေ၏။ တစ်ချိန်ထဲမှာပင် သူသည် ထိုအမျိုးသမီး၏ တုံ့ပြန်မှုကို သိရှိလိုသောကြောင့် အာရုံအပြည့်စိုက်ထား၏။
သူသည် သူ၏အမည်ကို ထုတ်ပြောခဲ့ခြင်းမရှိသလို သူ၏ စိတ်ထဲ၌ ခန့်မှန်းမိထားသည့် အမည်ကိုလည်း ထုတ်ပြောခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သံသယဝင်နေဆဲ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့်လည်း သူသည် သူမ၏ရှေ့တွင် သူ၏ ပုံပန်းသွင်ပြင် အစစ်အမှန်ကို ထုတ်ပြလိုက်ခြင်း ဖြစ်၏။ သို့မှသာ သူသည် သူမ၏ တုံ့ပြန်မှုအပေါ် မူတည်၍ ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်သည်။
သို့သော် ချန်ရွှယ်မေ့မှာ ဝမ်ပေါင်လဲ့၏ ပုံပန်းသွင်ပြင် အစစ်အမှန်အား မြင်လိုက်ရပြီးနောက် တစ်ခဏမျှ ဆွံ့အသွားပါသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရ၏။
သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆက်ပြောလိုက်ပြန်သည်။
" ငါ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းကိုရော မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းကိုရော စိတ်မဝင်စားဘူး။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းထဲက နင့်ရဲ့ နောက်ကြောင်းရာဇဝင်ကိုလည်း မသိချင်ဘူး။ ငါသိချင်တာ နင့်ရဲ့ နောက်ကြောင်းရာဇဝင် အစစ်ကိုပဲ "
" လူကြီးမင်းရဲ့ စကားကို ကျွန်မ နားမလည်ဘူး... ကျွန်မမှာ တခြား နောက်ကြောင်းရာဇဝင်ရယ်လို့ ရှိမှမရှိဘဲ။ လူကြီးမင်း ကျွန်မကို အခြားတစ်ယောက်ယောက်နဲ့ အထင်လွဲနေတာပဲ ဖြစ်မှာပါ " ချန်ရွှယ်မေ့မှာ ပို၍ပင် ဇဝေဇဝါဖြစ်လာရသည့်ပုံ ပေါက်သွား၏။ ထို့နောက် သူမသည်လည်း ဝမ်ပေါင်လဲ့၏ ပုံပန်းသွင်ပြင် အစစ်အမှန်အား ကြည့်ရင်း အနည်းငယ်ခန့် သံသယဝင်လာရသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာမူ စိတ်မရှည်တော့ပေ။ ထို့ကြောင့် သူသည် မတ်တတ်ထလာပြီး ရေခဲတမျှ အေးစက်နေသည့် မျက်ဝန်းများဖြင့် ချန်ရွှယ်မေ့အား စိုက်ကြည့်ကာ ဆိုလိုက်တော့သည်။
" နင် ပြန်မှတ်မိသွားအောင် ငါ ကူညီပေးမယ်။
ပြည်ထောင်စုကြီး "
သူ ထိုသို့ ဆိုလိုက်သည့်တိုင်အောင် ချန်ရွှယ်မေ့မှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။ ထို့နောက် သူမသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်မေးလိုက်၏။
" လူကြီးမင်း။ ပြည်ထောင်စုကြီးဆိုတာ... ဂိုဏ်းတစ်ခုလား "
" နင် တကယ်ပဲ ငါ့ကို မမှတ်မိဘူးလား။ ပြည်ထောင်စုကြီးက ဘာလဲဆိုတာကိုရော တကယ်ပဲ မသိဘူးလား " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး လေသံအောအောကြီးဖြင့် ဆိုလိုက်၏။
" ကျွန်မ တကယ်မသိတာပါ " ချန်ရွှယ်မေ့သည်လည်း ရှုံ့မဲ့မဲ့နှင့် ပြုံးကာ ခေါင်းယမ်း၍ ပြန်ဖြေလိုက်၏။ သူမ၏ ရင်ခုန်နှုန်းများနှင့် အပြုအမူများမှာလည်း သာမန်အတိုင်း ရှိနေဆဲဖြစ်သောကြောင့် သူမသည် အမှန်တကယ်ပင် မည်သည့်အရာကိုမှ မသိထားသည့်ပုံပင်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။
" ကြည့်ရတာ ငါ အထင်လွဲသွားတာနဲ့ တူပါတယ်။ ငါ အရင်တုန်းက ဝမ်ပေါင်လဲ့လို့ ခေါ်တဲ့ တခြားလူမှုအဖွဲ့အစည်း တစ်ခုက ကျင့်ကြံသူတစ်ယောက်ကို ဖမ်းမိခဲ့တာ။ နင် သူ့ကိုလည်း မသိလောက်ပါဘူး။ ငါ အဲဒီ ဖက်တီးကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ သူ့ရဲ့ဝိညာဉ်ကို ရှာဖွေခဲ့တာမလို့ စိတ်ဝင်စားစရာ အချက်အလက်တွေ အများကြီးကို ရထားတာလေ။ ပြီးတော့ ငါက သူ့ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း ဝါးမျိုခဲ့တာမလို့ နင့်ဆီမှာ အဲဒီဝိညာဉ်ရဲ့ အငွေ့အသက်တွေ ရှိနေတာကို အာရုံခံမိခဲ့တာ။ နင် သူ့ကို မသိဘူးဆိုမှတော့ ကြည့်ရတာ သူက အမည်မသိ ပညာရပ်တစ်ခုခုကို အသုံးပြုပြီး ငါ့ဆီကနေ တစ်ခုခု လျှို့ဝှက်ထားတာပဲဖြစ်ရမယ်။ အခု ငါ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပြီးတော့ သူ့ကို ဇီဝိန်ချုပ်ပေးလိုက်တော့မယ် "
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် အေးတိအေးစက် လေသံကြီးဖြင့် ရယ်မောကာ လျှို့ဝှက်အခန်းထဲမှ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။