ထွက်ခွာခြင်း
Vol. 8 Ch. 99
နောက်ဆုံး၌ ဟန်လိသည် ရွာထဲသို့ တလှမ်းချင်း ဝင်လာခဲ့ပေပြီ။
သူ ရွာဝင်ပေါက်ကို ဖြတ်လျှောက်လာနေရင်း တေးတူရိယာအသံများထံမှ မြူးထူးသော တေးဂီတသံကို ကြားရသည်။ ထူးဆန်းစွာပင် ရွာဝင်လမ်း၌ လူတစ်ဦးတလေကိုမျှ မတွေ့ရပေ။
ဟန်လိ၏ စိတ်ထဲ၌ လှုပ်ခတ်သွား၏။ သည်လမ်း၊ ပျော်ရွှင်သော အသံများသည် သူ့ ငယ်စဉ်ကလေးဘဝမှ မှတ်ဉာဏ်များဖြစ်ကာ အခုအခါ၌ သည်လိုအရာများဖြင့် သူသည် သူစိမ်းဆန်သွားခဲ့ပေပြီ။ အခု ရွာထဲ၌ တယောက်ယောက်၏ မင်္ဂလာပွဲ ရှိနေတာ ထင်ရှားသည်။ ရွာထဲရှိ လူကုန်က သည်ပွဲ၌ ပါဝင်ကာ ပျော်မြူးကြလိမ့်မည်။
ဟန်လိက စိတ်အားပြန်တင်းကာ သူ့စိတ်ဝိညာဉ်အာရုံကို တဖြည်းဖြည်းချင်း ဖြန့်ကျက်သည်။ ထိုသို့ ပြုလုပ်သည့်အခါ သူ မျှော်လင့်ထားသလိုပင် ရွာလယ်၌ လူငယ်၊လူကြီးများ အတူတူ စုဝေးနေသည်ကို တွေ့ရသည်။ သို့သော် သူတို့ စုဝေးနေသော နေရာက ဟန်လိအတွက် ရင်းနှီးလွန်းသလို ခံစားမိစေ၏။ ထိုအိမ်မှာ သူ၊ဟန်လိ ငယ်စဉ်ကလေးဘဝက နေထိုင်ခဲ့သောအိမ် ဖြစ်နေသည် မဟုတ်လား။
ဟန်လိသည် အံ့အားသင့်မိသွား၏။
“ဖြစ်နိုင်တာက…” ဟန်လိသည် နောက်ဆုံး၌ ရေးတေးတေး ခန့်မှန်းမိလိုက်သည်။
သူက အရှိန်တင်ကာ အိမ်များစွာကို ဖြတ်ကျော်၊ လမ်းချိုးများကို ကျော်လာပြီးနောက် သူ့ရှေ့ရှိ မြင်ကွင်းကို လှမ်းမြင်ရလေ၏။
ရွာသားရာချီက ခြံဝန်းတစ်ခုထဲ၌ သိုက်သိုက်ဝန်းဝန်း ရှိနေကြ၏။
ထိုခြံအတွင်း၌ အနီးအနားရှိ အိမ်များထက် ပိုကောင်းမွန်သော အုပ်ကြွပ်မိုးအိမ်များ ရှိနေ၏။ ထိုအိမ်ဝင်ပေါက်တစ်ခုစီတွင် ဂုဏ်ပြုစကားများ ရေးထားသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ ထို့အပြင် တေးဂီတသံများလည်း ခြံဝန်းရှေ့၌ ဆူဆူညံညံ တီးခတ်၊တီးမှုတ်နေ၏။
တချို့ရွာသားများက မတ်တပ်ရပ်လျက်၊ တချို့ကတော့ မြေကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်လျက် ရှိကြ၏။ သုံးလေးယောက်အုပ်စုစီ ရှိနေပြီး သူတို့က တီးတီးတိုးတိုးစကားများ ပြောဆိုနေသည်။ တချို့ကမူ ခြံဝန်းကို မနာလိုအားကျဟန်ဖြင့် ကြည့်နေသည်။ ထို့အပြင် လူငယ်တစ်ယောက်၏ ဦးဆောင်မှုဖြင့် ပျော်ပျော်မြူးမြူး ဆော့ကစားနေသော ကလေးငယ်များလည်း ရှိသည်။
ထိုသို့ ရင်းနှီးသော မြင်ကွင်းကို မြင်ရသည့်အခါ ဟန်လိ၏ စိတ်သည် အချိန်တခုထိ အာရုံထွေပြားနေမိသည်။ ထိုအချိန်အပိုင်းအခြားလေး၌ ဟန်လိသည် ဟိုးလွန်ခဲ့သော တချိန်က သူ့ကလေးဘဝသို့ ပြန်ရောက်သွားသည့်အလား၊ သူနှင့် တခြားကလေးများက ဆူဆူညံညံ ဆော့ကစားနေသည့်အလား ထင်ရသည်။
“ဟန်မိသားစုရဲ့ စတုတ္ထုသမီးက တကယ် ကံကောင်းတာပဲ။ ကျုပ်ကြားတာကတော့ သူ့ယောက်ျားက မြို့က အရာရှိတဲ့။ ပညာလည်း တတ်တယ်လို့ ဆိုတယ်…”
“ဟုတ်လား။ သူမက သူ့ရဲ့ တရားဝင်ဇနီး ဖြစ်တော့မှာပေါ့။ သူမက အရာရှိဇနီးဆိုတဲ့ ဂုဏ်ကို ရတော့မှာပေါ့…”
“ငါ ကြားတာကတော့ ဟန်မိသားစုက ခန်းဝင်ပစ္စည်းအများကြီး ပို့ပေးခဲ့တယ်တဲ့…။ ငွေစင်တွေဆိုလည်း ဒါဇင်ချီတယ်တဲ့…”
“သူတို့က တကယ် ချမ်းသာကြတာပဲ…”
…………
ရွာရှိ အမျိုးသမီးများ၏ ဆူဆူညံညံ အတင်းစကားများကြောင့် ဟန်လိသည် မိန်းမောမိနေရာကနေ အာရုံပြန်လည်လာ၏။
“ဟန်မိသားစုရဲ့ စတုတ္ထသမီးလား။ ဒါဆို ငါ့ညီမပေါ့။ ဒီနေ့က တကယ်ကြီး ငါ့ညီမရဲ့ မင်္ဂလာဆောင်နေ့ ဖြစ်နေတာလား…” ဟန်လိ၏ စိတ်ထဲ၌ ဝိုးတဝါးစိတ်ခံစားချက်များ အဆက်မပြတ် ဖြစ်ပေါ်နေ၏။
ဟန်လိသည် ရှေ့ဆက်မသွားတော့ဘဲ ခြေလှမ်းအတော်အတန် လှမ်းသော နေရာရှိ သစ်ပင်ကြီးတစ်ပင်၌ သူ့ကိုယ်သူ ဖုံးကွယ်ကာ ခြံဝန်းတံခါးကို ဒီအတိုင်း စိုက်ကြည့်နေသည်။
ရုတ်တရက် အကွာအဝေးတစ်ခုမှ တစုံတစ်ယောက်သည် လှမ်းအော်လာသည်။ “မင်္ဂလာလှည်းတော် ရောက်လာပြီ။ သတိုးသားက သတိုးသမီးကို ကြိုဆိုလက်ခံပါတယ်…”
ထိုစကားများကို ကြားသည့်အခါ ရွာသားများသည် ဂနာမငြိမ်၊ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။ သူတို့၏ အသံများက ဆူညံထွက်လာ၏။
“သတိုးသမီး ရောက်လာပြီပဲ…”
“သတိုးသမီး ရောက်လာပြီတဲ့။ မြန်မြန် လာကြည့်ကြဟေ့…”
ဟန်လိသည် ခြံဝန်းကို ဆက်၍ စောင့်ကြည့်နေ၏။ သူ၏ စိတ်ဝိညာဉ်သည် လှုပ်ခါမိသည်။
ချပ်။ ခြံဝန်းတံခါးပွင့်လာသည်။ အမျိုးသား၊အမျိုးသမီး ဒါဇင်ကျော်သည် ထွက်လာ၏။ သူတို့ကြား၌ အနီရောင်မင်္ဂလာဝတ်စုံဖြင့် အမျိုးသမီးငယ်တစ်ယောက်သည် ထင်ပေါ်နေသည်။
ထိုအမျိုးသမီး၏ မေးစေ့မှာ ချွန်ပြီး သူမ၏ပုံပန်းသွင်ပြင်သည် ကျက်သရေရှိသည့်ဘက်ကို သွားသည်။ သူမက ဆယ့်ခြောက်၊ဆယ့်ခွန်အရွယ်လောက် ရှိမည်။ အခုအခိုက်၌ သူမ၏ မျက်နှာပေါ်တွင် ရှက်ဟန် ပေါ်နေသည်။
ဟန်လိသည် မျက်လုံးပြူးကာ ထိုအမျိုးသမီး၏ပုံပန်းသွင်ပြင်ကို အာရုံစိုက်ကာ ကြည့်မိ၏။ သူက သူ့မှတ်ဉာဏ်ထဲမှ ညီမဖြစ်သူ၏ ပုံရိပ်နှင့် အခုသတိုးသမီး၏ တူညီသော အသွင်ပုံစံကို ရှာတွေ့ဖို့ ကြိုးစားနေသည်။
ယေဘုယျပုံပန်းအသွင်နှင့်၊ သူမ၏မျက်လုံးထောင့်ကလွဲ၍ ဟန်လိသည် အတိတ်က သူ တရင်းတနှီးသိသော ညီမဖြစ်သူ၏ ပုံရိပ်နှင့် မစပ်အပ်မိတော့ပေ။
“ဟူး…မိန်းကလေးတစ်ယောက်က ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်ထိ ရှစ်ကြိမ် ပြောင်းလဲတယ်တဲ့ ။ဒီစကားတွေက အမှန် ဖြစ်နေပါ့လား…” ဟန်လိက ခါးသီးစွာ ပြုံးမိ၏။ ထို့နောက် သူ့အကြည့်က သူမဘေးရှိ လူအုပ်ထံ ကျရောက်သွားသည်။
“ဒီဝတုတ်က တတိယဦးလေးပဲ။ သူ့ကိုတော့ ငါ တချက် ကြည့်ရုံနဲ့ ပြောနိုင်တယ်။ သူဟာ အရင်တုန်းကလို ဝမြဲပဲ…”
“ဘေးမှာ ရပ်နေတဲ့ လူကောင်ကြီးကြီးသူက ငါ့အစ်ကိုကြီးဆုံး ဟန်ထိုက်ပဲ။ သူ့ဘေးက အမျိုးသမီးကတော့ သူ့ဇနီး ဖြစ်လောက်မယ်…”
ဟန်လိသည် သူ သိသော အမည်များကို တစ်ခုပြီးတစ်ခု ခပ်တိုးတိုး ရေရွတ်မိနေ၏။ ဤသည်က သူ့ကို အနည်းငယ် စိတ်သက်သာရာ ရမိစေသည်။
သူ့အကြည့်က မီးခိုးရောင်ဆံပင်များဖြင့် အသက်ကြီးကြီး စုံတွဲပေါ် ကျရောက်သွားသည့်အခါတွင်မူ သူ့နှုတ်မှာ ဆွံ့အသွားမိသည်။
သူသည် သစ်ပင်နောက်၌ မလှုပ်မယှက် ရပ်နေမိ၏။ သူ့အမူအရာမှာ စိတ်ရှုပ်ထွေးဟန် ခံစားချက် ပေါ်လာသည်။
သူ၏ စိတ်ခံစားချက်များထဲ၌ ပျော်ရွှင်မှု၊ ရှိုးတိုးရှန့်တန့်ဖြစ်မှု၊ စိတ်ရှုပ်ထွေးမှုတို့ ပါဝင်နေသည်။
သူ့မိဘများသည် ဟန်လိ မျှော်လင့်ထားသည်ထက် အိုမင်းနေလေပြီ။ သူ ငယ်စဉ် တောင်ပေါ်သို့ ထင်းတက်ခွေတုန်းက သူ့အမေ၏ ဆံပင်သည် အနက်ရောင် ဖြစ်နေသေးသည်ကို မှတ်မိ၏။ သို့သော် ခုခါတွင်မူ သူမ၏တခေါင်းလုံးမှာ ဖြူနေလေပြီ။ ထို့အပြင် မူလတုန်းက သူ့အဖေ၏ မားမတ်သောခါးမှာလည်း အခု ကုန်းနေလေပြီ။
ဟန်လိသည် ဆွံအကာ နှုတ်ဆိတ်နေမိ၏။ သူ့စိတ်၌ ခံစားချက်မျိုးစုံ ဖြစ်ပေါ်ကာ ခေါင်းထဲ၌ မူးဝေလာသည်။
သူသည် ခေါင်းပြန်ကြည်သွားသည့်အချိန်၌ သူ့ညီမလေးသည် မင်္ဂလာဝေါယဉ်ပေါ်ရှိ အနီရောင်ပိုးသားထိုင်ခုံပေါ်၌ ထိုင်နေလျက် အကွာအဝေးတစ်ခုသို့ ခေါ်ဆောင်ခံရသည်။ သူမနှင့်နီးနီးကပ်ကပ် ဘေးကနေ ကျောင်းတော်သားတစ်ယောက်က မြင်းစီး၍ လိုက်ပါလာသည်။
ဟန်လိသည် ထိုမင်္ဂလာဝေါယဉ် ပိုပိုဝေးသွားသည်ကို ကြည့်နေမိသည်။ သူ့အကြည့်က လူအုပ်ထဲရှိ သူ့မိဘနှစ်ပါးထံသို့ ရောက်သွားပြန်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်၏။
သူသည် သူ့မိဘနှစ်ပါး၏ ပုံရိပ်ကို စိတ်နှလုံးထဲ၌ အသေအချာ မှတ်မိစေပြီးနောက် တဖက်သို့ လှည့်သည်။ သူ့မျက်နှာထက်တွင် ပြတ်သေားသောဟန် ပေါ်လာပြီး သူသည် ရွာဝင်ပေါက်သို့ လျှောက်လာတော့သည်။
ဟန်လိက သူသာ ခြံဝန်းထဲ ဝင်မိသည်နှင့် သူ့လက်ကျန်ဘဝသည် ဒီရွာတွင် ကုန်ဆုံးရလိမ့်မည်ကို သိသည်။
သူက ထာဝရနွေဦးပညာရပ်၌ ဉာဏ်အလင်းပွင့်ခြင်းနှင့် အင်မောတယ်ကျင့်ကြံခြင်း တည်ရှိမှုနှင့် ပတ်သတ်၍ သိရှိခဲ့ပြီးနောက် သာမန်သေမျိုးများနှင့် လုံးဝ မတူညီသောလမ်းတစ်ခုကို လျှောက်လှမ်းပြီးပြီဟု ကောင်းကောင်းသိထားပေသည်။
ထိုလမ်းကို ဆက်လျှောက်ရာ၌ ကံဆိုးမှု၊သို့မဟုတ် ပျော်ရွှင်မှု ရှိချင်လည်း ရှိမည်၊ ချမ်းသာကြွယ်ဝမှု သို့မဟုတ် ခက်ခဲကြမ်းတမ်းမှု ရှိချင်လည်း ရှိမည်။ သို့သော် ဟန်လိသည် သူ့ရွေးချယ်ခဲ့သောလမ်းကို လုံးဝ နောင်တရလိမ့်မည် မဟုတ်ပါ။