ကျားယွမ်မြို့
Vol. 8 Ch. 100
ယွဲ့ဒေသ၏ စီရင်စုဆယ့်သုံးခု၌ ရှစ်ခုမြောက်အကြီးဆုံးဖြစ်သော လန်စီရင်စု။ ၎င်းသည် အရွယ်အစား သေးငယ်သော်လည်း အတော်လေးချမ်းသာကြွယ်ဝကာ ရှင်းစီရင်စုနောက် ဒုတိယလိုက်ပေသည်။ ၎င်းသည် ယွဲ့ဒေသ၏ တောင်ပိုင်းဒေသတွင် တည်ရှိ၏။ မြေဆီဩဇာကြွယ်သော ကုန်းမြေများ၊ မြောက်များစွာသော မြစ်ချောင်းအင်းအိုင်များ၊ တူးမြောင်းများက သည်ဒေသတွင် ရှိ၏။ ရာသီဥတုလည်း သာယာကောင်းမွန်၍ ဒီစီရင်စု၌ ဆန်ရေစပါး စိုက်ပျိုးလို့ ကောင်းသည်။ သို့အတွက် ယင်းစီရင်စုသည် ကောက်ပဲသီးနှံ့ အထွက်ဆုံး ဖြစ်လာခဲ့သည်။
လန်စီရင်စု၏ ဗဟိုချက်၌ ကျားယွမ်မြို့ တည်ရှိသည်။ ထိုမြို့သည် လန်စီရင်စု၏ မြို့တော် မဟုတ်သော်လည်း လန်စီရင်စု၏ အကြီးဆုံးမြို့ဖြစ်သည်မှာ မေးခွန်းထုတ်စရာ မလိုပေ။ စီရင်စု၏ တောင်နှင့်မြောက်ကို သွယ်တန်းပေးထားသော ကြီးမားသည့်လုတူးမြောင်းက သည်မြို့၏ ဗဟိုကနေ သွယ်တန်းဖြတ်သည်။
ထို့အပြင် မြို့အတွင်း၌ ကုန်းလမ်း၊ရေလမ်းများလည်း အနှံ့ပင်။ သို့ဖြစ်၍ မြို့၏ သယ်ယူပို့ဆောင်ရေးသည် ဖွံ့ဖြိုးကာ ရေလမ်းခရီးသည် အခရာ ဖြစ်သလို ကူးသန်းရောင်းဝယ်ဖို့ လမ်းသင့်လှသည်။ နှစ်စဉ်နှစ်တိုင်း ကုန်သည်များ၊ ခရီးသွားများက ဖြတ်သန်းသွားလာကာ သည်မြို့၌ ကုန်စည်ရောင်းဝယ် ဖောက်ကားကြသည်။ သို့ဖြစ်၍ သည်မြို့သည် စီရင်စု၌ အကြီးဆုံးမြို့ဖြစ်လာခဲ့တာက မထူးခြားတော့ပေ။
ကျားယွမ်မြို့၌ လူပေါင်းစုံ ရှိကြ၏။ လှေသမားများကလည်း နေရာအနှံ့၊ မြင်းလှည်းသမားများ၊ အလုပ်ကြမ်းသမားများမှာလည်း ပေါများလှသည်။ သည်မြို့၏ ဆိပ်ကမ်းကို မှီ၍ နေထိုင်ရှင်သန်ကြသော လူပေါင်းထောင်သောင်းချီ၌ စွန်းအာကုံလည်း တစ်ယောက်အပါအဝင်ပင်။
(စွန်းအာကုံး ဆိုသော သူ၏ အမည်၌ စွန်းသည် မျိုးရိုးအမည် ဖြစ်ကာ၊ အာကုံး ဟူသော စကားလုံးကမူ ခွေးဟု ရည်ညွှန်းသည်)
သူ၏အမည်အတိုင်း စွန်းအာကုံးသည် မျက်ခုံးရှည်ရှည်နှင့် မရိုးဖြောင့်သော မျက်လုံး ပိုင်ဆိုင်ထား၏။ သို့သော်လည်း သူ၏ ဖော်လံဖားစွမ်းရည်နှင့် လူ့အရိပ်အကဲကို ဖတ်တတ်သော စွမ်းရည်တို့ကြောင့် သူသည် ဂိုဏ်းသေးလေးတစ်ခု၌ နေရာတစ်ခု ရထားပေသည်။ ဆိပ်ကမ်း၏ အလုပ်ကြမ်းသမားထောင်ချီကို အုပ်ချုပ်ကာ ကုန်သည်ခရီးသွားများ၏ ကုန်ပစ္စည်းများ၊ အထုတ်အပိုင်းများကို သယ်ယူပေးခြင်းဖြင့် သူက အသက်မွေးဝမ်းကြောင်း ပြုသည်။
ထို့ကြောင့်လည်း သည်နံနက်ခင်း အစောပိုင်း၌ စွန်းအာကုံး၏ငယ်သားများက သူ့ကို ဘိုးဘိုးအာဟု တလေးတစား နှုတ်ဆက်နေသံကို ကြားရသည်။
“ဘိုးဘိုးအာ ရောက်လာပြီပဲ…”
(မှတ်ချက်…ဘိုးဘိုးဟူသော ဝိသေသနမှာ အသက်အရွယ်ကြီးလွန်း၍ မဟုတ်၊ မြင့်မားသော အဆင့်အတန်းရှိသူဟု မြှောက်ပင့်၍ သုံးနှုန်းတာ ဖြစ်၏)
ထိုနှုတ်ဆက်စကားများကို ကြားသည့်အခါ စွန်းအာကုံးသည် မကျေနပ်မိဘဲ မနေနိုင်ပေ။ သူ့ကို ဘိုးဘိုးဟု ရည်ညွှန်းခေါ်ဆိုခြင်းအားဖြင့် သူက အဆင့်အတန်းတစ်ခုခု ပိုင်ဆိုင်ထားသည်ကို ဖော်ပြရာ ရောက်သည်မဟုတ်လား။ သူက သူ့ငယ်သားများ၏ နှုတ်ဆက်စကားများကို နှာခေါင်းရှုံ့ကာ ပြန်တုန့်ပြန်လာ၏။ “ဘယ်သူက ဘိုးဘိုးအာလဲ။ ဘိုးဘိုးအာကုံးလို့ ဖြစ်သင့်တာမလား…”
“ဟုတ်တာပေါ့၊ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ ခွေးတစ်ကောင်က လူကို တုပနေတာ တစ်ခုပဲ…”
“ဟားဟား…”
စွန်းအားကုံး၏ နားထဲသို့ လှောင်ပြောင်သံများ တိုးဝင်လာ၏။ စွန်းအာကုံးသည် ထိုစကားများကို ကြားရသည့်နောက် သူ့မျက်နှာမှာ ရုတ်တရက် ရှုံ့တွသွား၏။ သူ့စိတ်အခြေအနေမှာလည်း ချက်ခြင်း နေ၍ မကောင်းတော့ပေ။
သူက ဖြည်းဖြည်းချင်း ခေါင်းလှည့်ကာ ဆိပ်ကမ်း၏တဖက်မှ လူဆယ်ယောက်ကျော်ကို လှမ်းကြည့်သည်။ သူ့အကြည့်က ဗလတောင့်တောင့်၊ အသားမည်းမည်းလူတစ်ယောက်ပေါ်ကျရောက်သွားသည့်အခါ သူ့မျက်လုံးထဲတွင် မုန်းတီးမှု ဖြတ်ပြေးသွားသည်။
ထိုသူများကြားထဲ၌ သည်ကျားယွမ်မြို့တမြို့လုံးတွင် စွန်းအာကုံး အမုန်းတီးဆုံးသူ တစ်ယောက် ပါနေ၏။ ထိုသူမှာ အသားမည်းမည်းနှင့်သူပင်။ တစုံတစ်ယောက်က စွန်းအာကုံးမိသားစုတစ်ခုလုံး၏ ချမ်းသာကြွယ်ဝမှုကို ပေးပါက ထိုဗလတောင့်တောင့်၊အသားမည်းလူကို လောကကနေ ပျောက်ကွယ်အောင် လုပ်ပေးမည်ဟု ပြောလာခဲ့ပါက စွန်းအာကုံးအနေဖြင့် သဘောတူချင်မှ တူလိမ့်မည်။ သို့သော် သူ၏ စည်းစိမ်တဝက်ကို ပေးပါက ထိုသူ့ကို လောကမှ ပျောက်ကွယ်အောင် လုပ်ပေးမည်ဟု ပြောလာခဲ့လျှင်တော့ စွန်းအာကုံးသည် ချက်ခြင်း သဘောတူပေလိမ့်မည်။
ထိုအသားမည်းမည်းသူ၏ အမည်ကို အချိန်အတော်ကြာသည့်အထိ မည်သူမျှ မသိခဲ့ကြပေ။ ဆိပ်ကမ်းမှ သူများက သူ့ကို ဘိုး”ဘိုးနက်” သို့မဟုတ် သူ၏ အမည်ပြောင် ဝက်ဝံနက်ဟုသာ ခေါ်ကြသည်။ သူသည်လည်း သံလက်သီးအုပ်စု၏ ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်ကာ စတုတ္ထဂိုဏ်း၏ ခေါင်းဆောင်ငယ်ဖြစ်သော စွန်းအာကုံးနှင့် အဆင့်ချင်းတူသူပင်။ ထို့ကြောင့်လည်း သည်ဆိပ်ကမ်းမှ သူ့ဘက်ကိုယ့်ဘက်က လူများသည် တဘက်နှင့်တဘက် ထေ့လှောင်နေကြခြင်း ဖြစ်၏။
တောင်တစ်တောင်၌ ကျားနှစ်ကောင် အတူရှိ၍ မရသည် မဟုတ်လား။ ယင်းကြောင့် သည်ဂိုဏ်းငယ်နှစ်ခုက မကြာဆိုသလို နှစ်ဘက်ကြား၌ တင်းမာကြ၏။ ထိုဂိုဏ်းနှစ်ဂိုဏ်းက တဘက်နှင့်တဘက် တွေ့တိုင်း အထင်အမြင်သေးဟန်ဖြင့် လှောင်ပြောင်တတ်ကြသည်။ သည်ဂိုဏ်းနှစ်ဂိုဏ်းက မတည့်ကြပေ။
ငယ်သားများပင် ထိုသို့ဖြစ်နေသည့်အခါ ဂိုဏ်းခေါင်းဆောင်များ ဖြစ်သော စွန်းအာကုံးနှင့်ဝက်ဝံနက်တို့မှာ တစ်ယောက်နှင့်တစ်ယောက် အတော့်ကို မနှစ်မြို့ကြ ဖြစ်သည်မှာ မထူးဆန်းတော့ပေ။ သို့သော်လည်း ဂိုဏ်းငယ်နှစ်ခု၏ ခေါင်းဆောင်ငယ်များ ဖြစ်ကြ၍ သူတို့နှစ်ယောက်လုံးသည် သံလက်သီးအုပ်စုနှင့် စတုတ္ထုဂိုဏ်းတို့မှာ မဟာမိတ်ဂိုဏ်းများ ဖြစ်မှန်း သိကြ၏။ သူတို့က ပိုအင်အားတောင့်သော ဂိုဏ်းတစ်ခုဖြစ်သည့် အဆိပ်နဂါးဂိုဏ်းနှင့် ယှဉ်ဖို့အတွက် မဟာမိတ်ပြုထားရတာ ဖြစ်၏။
ထို့ကြောင့် သည်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မောင်းထုတ်ကာ ဆိပ်ကမ်းကို မောင်ပိုင်စီးထားချင်သော်လည်း သူတို့က အကန့်အသတ် ထားထားရသည်။ သို့သော်လည်း သူတို့၏ မကျေမနပ်ချက်များကို ငယ်သားများ၏ နှုတ်ဖြင့် အပြန်အလှန် ရန်စောင်စေခြင်းအားဖြင့် ပုံချထား၏။ သို့ဖြစ်၍ တဖက်နှင့်တဖက် ဆဲရေးလှောင်ပြောင်ကြသည့်မြင်ကွင်းမှာ ဒီဆိပ်ကမ်း၌ မနက်တိုင်း တွေ့မြင်နေကြ ဖြစ်လာသည်။
သို့ဖြစ်၍ စွန်းအာကုံး၏ ငယ်သားများလည်းက ခွန်းတုန့်ပြန်ဖို့ စောင့်မနေ။ သူတို့ထဲမှ တစ်ယောက်က မေးလိုက်၏။
“ဘယ်တိရိစ္ဆာန်က ဉာဏ်အထိုင်းဆုံးလဲဆိုတာ မင်းတို့ သိကြလား…”
“ဝက်ဝံတွေပါ…”
“ဘယ်လို ဝက်ဝံတွေလဲ…”
“ဝက်ဝံနက်တွေက ဉာဏ်အထိုင်းဆုံးဆိုတာ သံသယ ဖြစ်စရာကို မလိုတာ…”
“ဟားဟား…”
ဝက်ဝံနက်က သူ့ငယ်သားများသည် တဖက်ဂိုဏ်း၏ ခေါင်းဆောင်ကို လှောင်ပြောင်သံများကို ကြားရသည့်အခါ ကျေနပ်မိသွား၏။ သို့သော် ဟိုဘက်အုပ်စုမှ ငယ်သားများက အတိုင်အဖောက်ညီညီ လှောင်ပြောင်ပြောလာသော စကားများကို ကြားရသည့်အခါတွင်သူ့မျက်နှာမှာ ပိုမည်းသွား၏။ စွန်းအာကုံးက ပြုံးလိုက်၏။ သူက ကျေနပ်သွားကာ သူ့ငယ်သားများ၏ ပုခုံးကို ပုတ်၍ အားပေးအားမြှောက် လုပ်သည်။
သက်ဆိုင်ရာဂိုဏ်းအဖွဲ့များ၏ ခေါင်းဆောင်များအနေဖြင့် စွန်းအာကုံးနှင့်ဝက်ဝံနက်တို့သည် တယောက်ကိုတစ်ယောက် အေးစက်စက် လှမ်းကြည့်သည်။ သူတို့သည် အဆင့်အတန်းတစ်ခု ရှိသည် ဖြစ်၍ အပြန်အလှန် စကားဖြင့် ဆဲဆိုနေသော ငယ်သားများကြားတွင်တော့ ဝင်မပါကြပေ။
နှစ်ဖက်လုံးက ပါးစပ်ဖြင့် ရန်တွေ့ရလွန်းသည့်အတွက် အာစေးခြောက်လာကာ ချောင်းဟန့်၍ တံတွေးများ တပျစ်ပျစ်ထွေးသည့်အထိပင်။ ထိုစဉ် စွန်းအာကုံး၏ လက်အောက်မှ တစ်ယောက်က ထအော်လိုက်၏။ “လှေတစင်း ကပ်လာနေတယ်…”
ထိုအခါ ဝက်ဝံနက်ဘက်မှ ဆဲဆိုနေသော လူတစ်ရာနီးပါးသည် အံ့အားတသင့် ဖြစ်သွားကာ ဆူညံပူညံသံများကို ရပ်ပစ်ကာ သူတို့၏ အကြည့်သည် ချက်ခြင်း မြစ်ကမ်းဘေးသို့ ရောက်သွားသည်။ တကယ်တော့ အရောင်တောက်တောက် ငွေပြားများက ပါးစပ်နှင့် ရန်ဖြစ်ဆဲဆို တွတ်ထိုးနေခြင်းထက် ပို၍ စွဲဆောင်မှု ရှိသည် မဟုတ်လား။
သို့သော် ဝက်ဝံနက်၏ အုပ်စုက မြစ်ကမ်းထံ လှမ်းကြည့်သည့်အခါ သူတို့အားလုံး စိတ်ပျက်သွားကြသည်။ အကြောင်းမှာ လှေငယ်လေးတစ်စင်းသာ ဆိုက်ကပ်လာသောကြောင့်ပင်။ သို့ဖြစ်၍ အများဆုံးမှ စီးပွားရေးကြီးကြီးမားမား မဟုတ်သော ကုန်သည် သုံးလေးငါးယောက်သာ ပါလိမ့်ပေမည်။
ဤသည်မှာ အံ့အားသင့်စရာတော့ မရှိပေ။ သည်ဆိပ်ကမ်းက သေးငယ်ပြီး လူသူ သိပ်မသုံးပေ။ ထို့အပြင် မြို့နှင့်လည်း ဝေးသေး၏။ ထိုအခြေအနေများကြောင့် လှေကြီးများ ဆိုက်ကပ်ခဲပေသည်။ သို့သော်လည်း ကူးသန်းရောင်းဝယ်သည့် ရာသီချိန်ဖြစ်၍ တခြားဆိပ်ကမ်းများ၌ လှေကြီးများ ကပ်ဖို့ နေရာလပ် မရှိသည့်အခါ ကုန်သည်းများသည် ရွေးချယ်စရာမရှိဘဲ ဒီဆိပ်ကမ်းကို လာကပ်ကြတာလည်း ရှိ၏။
လှေငယ်တစင်းက ဆိပ်ကမ်းတွင် ရပ်သွားပြီးနောက် လူနှစ်ယောက် ကုန်းပတ်ပေါ်ကနေ ဆင်းလာကြ၏။ တစ်ယောက်က အသက်ဆယ့်ခုနစ်၊ဆယ့်ရှစ်လောက် ရှိအုံးမည့် လူငယ်တစ်ယောက်ပင်။ တခြားတစ်ယောက်ကမူ သာမန်လူထက် အနည်းဆုံး ခေါင်းနှစ်လုံးစာလောက် ပိုမြင့်သော လူကြီးတစ်ယောက် ဖြစ်၏။
လူငယ်ဖြစ်သူက မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ပုခုံးထက်တွင် အဝါရောင်ငှက်လေးတစ်ကောင် ရှိနေသည်။ သူက ကုန်းပေါ်သို့ ခြေချပြီးသည်နှင့် ဘေးပတ်လည်သို့ ကြည့်လိုက်၏။ သူ့ပုံစံက မြို့ကို ခုမှ ရောက်ဖူးသော ရွာမှ တတ်လာသည့် တောသားတစ်ယောက်လို ဖြစ်နေသည်။ သူနှင့်အတူ ပါလာသော လူကောင်ကြီးကြီးတစ်ယောက်ကတော့ အစိမ်းရောင်ဝတ်စုံကို တခေါင်းလုံး ခြုံလွှမ်းသည့်အထိ ဝတ်ဆင်ထား၏။ သို့ဖြစ်၍ သူ့ပုံစံ ထူးခြားနေသည်။ ထိုလူကြီးက လူငယ့်နောက်မှ ကပ်လိုက်လာသည်။ သူ့ပုံစံအရ လူငယ်၏ အစေခံတစ်ယောက်ယောက် ဖြစ်မည့်ပုံပင်။
လူငယ်နှင့် ထိုသူတို့သည် ဟန်လိနှင့် ဝိညာဉ်သေတို့ပင်။ သူတို့သည် သမားတော်မော့၏မွေးရပ်မြေဖြစ်သည့် အခုနေရာသို့ ရောက်လာဖို့ လပေါင်းများစွာ ကုန်းတတန်၊ရေတတန် ခရီးနှင်လာခဲ့ရသည်။