← Chapters

ချမ်းသာမှုကြောင့် ဖြစ်လာရသော ဒုက္ခ

Vol. 8 Ch. 101

ချမ်းသာမှုကြောင့် ဖြစ်လာရသော ဒုက္ခ

Vol. 8 Ch. 101

ဟန်လိသည် သူ့မွေးရပ်မြေကနေ အရှေ့တောင်ဘက် အရပ်သို့ ခရီးနှင်လာခဲ့ပြီး လန်စီရင်စုထံ တန်းတန်းမတ်မတ် ဦးတည်လာခဲ့တာ ဖြစ်သည်။

လမ်းတလျှောက်တွင် သူသည် တခြားခရီးသွားများနှင့် တွေ့ခဲ့သေးသည်။ သို့သော် သူတို့သည် လူသူရှုပ်သော မြို့လမ်းများကို ရောက်သည့်အခါ ဟန်လိသည် ထိုခရီးသွားဖော်များကို ထားခဲ့ကာ တောလမ်းကနေသာ ခရီးမြန်အောင် ဆက်နှင်လာခဲ့သည်။ သူသည် သူ့ခရီးစဉ် လမ်းတဝက်ထိ အန္တရာယ်များများစားစား မကြုံခဲ့ရပေ။ တကယ်တော့ သူ တွေ့ကြုံခဲ့သော အနည်းငယ် အန္တရာယ်ရှိသည့် ဖြစ်ရပ်မှာ တောနက်ထဲ၌ သူ နေနေစဉ် ဆာလောင်နေသော ဝံပုလွေအုပ်နှင့် တွေ့ခဲ့ခြင်းသာ ရှိသည်။ ထိုဝံပုလွေများက ဟန်လိကို အမဲလိုက်သူများ ဖြစ်သော်လည်း ၎င်းတို့သည်သာ ဟန်လိ၏ ညစာ ဖြစ်သွားခဲ့ရသည်။

သူက တခြားစီရင်စုနှစ်ခုကို ဖြတ်ကျော်ခရီးနှင်လာခဲ့ပြီးမှ နောက်ဆုံးတွင် လန်စီရင်စုထံ ရောက်လာခဲ့တာ ဖြစ်သည်။ လန်စီရင်စုထဲ စဝင်လာခဲ့သော အချိန်၌ သူသည် တူးမြောင်းများစွာ ရှိနေသည့်အပေါ် အံ့အားတသင့် ဖြစ်မိသည်။ တကယ်တော့ သူ လာခဲ့သော နေရာအများစုမှာ တောင်တန်များ၊တောအုပ်များ၊ လွင်ပြင်များသာ အရှိများခဲ့ပေသည်။ ရေကန်ကြီးကြီး၊ တူးမြောင်းကြီးကြီးမဆိုနှင့် ရေကန်ငယ်လေးများပင် များများစားစား မရှိခဲ့ပေ။ ထိုဒေသများရှိ လူများသည် သောက်သုံးရေအတွက် ရေတွင်းများ သို့မဟုတ် စမ်းချောင်းငယ်များထံမှ ရရှိကြတာ များသည်။

သို့ဖြစ်၍ ဟန်လိသည် လှေများနှင့်တူးမြောင်းများကြား ရွက်လွှင့်သော ရေယဉ်များကို အတော်လေး စိတ်ဝင်စားမိနေသည်။ သူ၏ သိချင်စိတ်နှင့် စူးစမ်းလိုစိတ်ကြောင့် သူက ငွေကြေးအချို့ သုံးကာ လှေငယ်တစင်းငှား၍ ရွက်လွှင့်သည့် အတွေ့အကြုံရရန် သွားလာနေခဲ့သည်။

ဆယ်ရက်လောက် ရွက်လွှင့်သွားလာပြီးနောက် ဟန်လိသည် သမားတော်မော့၏ သေတမ်းစာတွင် ဖော်ပြထားခဲ့သော ကျားယွမ်မြို့သို့ ရောက်လာခဲ့ပြီး မြေပုံအမှတ်အသားမရှိသော ဆိပ်ကမ်းတစ်ခုနား ရွက်လွှင့် ရောက်လာခဲ့တာပင်။

ထိုဆိပ်ကမ်းကို ပထမဆုံး မြင်ရုံဖြင့် အိုဟောင်းစုတ်ပြတ်နေသည်ဟု သူ ပြောနိုင်သည်။

ယင်းဆိပ်ကမ်းတခုလုံးကို သစ်သားချောင်းများ ရိုးရိုးရှင်းရှင်း ဆောက်လုပ်ထားတာ ဖြစ်၏။ ဆိပ်ကမ်းနေရာကျဉ်းမြောင်းရုံသာမက ခြင်းစုတ်၊ပလုံးစုတ်များလည်း ပြန့်ကြဲကာ ညစ်ပတ်နေ၏။ ဆိပ်ကမ်း၏ ဝါးဆိပ်ခံတံတား တဖက်စီ၌ အဝတ်ဗလာ၊ဘောင်းဘီတိုနှင့်သူများ ရပ်နေကြ၏။ ထိုသူများက သူနှင့် ဝိညာဉ်သေတို့ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။

ထိုမျှသာမက တချို့ဆို စိတ်အားထက်သန်သော အကြည့်များဖြင့်ပါ လှမ်းကြည့်နေတာ တွေ့ရသည်။ ဟန်လိသည် ခဏတာ အံ့အားသင့်သွားသည်။ သို့သော် သူက ချက်ခြင်းပင် ခပ်ရေးရေး ပြုံးလိုက်မိသည်။

လှေငယ်ကမ်းမကပ်ခင် လှေသမားက ဟန်လိကို အကောင်းဖြင့် သတိပေးခဲ့သေးသည်။ ကျားယွမ်မြို့ထဲ၌ ဆိပ်ခံတံတားများတွင် မပြောလည်း သိရသော စည်းမျဉ်းတစ်ခု ရှိ၏။ ထိုစည်းမျဉ်းမှာ ခရီးသည်က သူ ယူဆောင်လာသော ဝန်စည်စလွယ် မည်မျှ ဖြစ်နေပါစေ ဆိုက်ကပ်သော ဆိပ်ကမ်းမှ အထမ်းသမားကို ငှားယမ်းရ၏။ ထိုသို့မဟုတ်ပါက ခရီးသည်သည် ဆိပ်ကမ်းရှိ ဂိုဏ်းများ၏ မနှစ်သက်ခြင်းကို ခံရကာ အရိုက်ပါ ခံရနိုင်သည် ဟူ၍ပင်။

ဟန်လိသည် ဒီနေရာသို့ ပထမဆုံး ရောက်လာတာ ဖြစ်၍ သူက သည်ထုံတမ်းစဉ်လာများကို ကလန်ကဆန် လုပ်ချင်စိတ် ရှိမနေပေ။ ထို့ကြောင့် သူက ရိုးရိုးသားသား မေးလိုက်၏။ “ကျုပ် အထမ်းသမား ငှားချင်တယ်။ တစ်ယောက်ယောက်များ ရနိုင်မလား…”

စွန်းအာကုံးက သူ့အကြည့်ကို ပြန်ရုတ်လိုက်၏။ သူ့အမြင်အရ သူသည် ခုမှ လှေပေါ်မှ ဆင်းလာသော လူငယ်သည် ချမ်းသာသောမိသားစုတစ်စုမှ သခင်လေးတစ်ယောက် ဖြစ်မည်ဟု ပြောနိုင်သည်။ ထိုမျှသာမက ယင်းလူငယ်နောက်မှ ပါလာသော လူကောင်ကြီးကြီးတစ်ယောက်သည် သူ့သက်တော်စောင့် ဖြစ်ပုံရသည်။ ထိုသို့သော ပုံစံမျိုးကို မကြာဆိုသလို မြင်ရတတ်ပေသည်။ နှစ်စဉ် ချမ်းသာသော ဂိုဏ်းများမှ သခင်လေးများသည် ကျားယွမ်မြို့သို့ သက်တော်စောင့်အဖော်တစ်ယောက်ယောက်နှင့် လာလည်ပတ်တတ်ကြသည်။ ထိုလူငယ်သခင်လေးများသည် သူတို့၏ အမြင်များကို ချဲ့ထွင်ဖို့ ငွေကြေးများ အသုံးပြုလေ့ ရှိ၏။ ထို့နောက်တွင် သူတို့သည် ကိုယ်ရည်သွေးကြပေလိမ့်မည်။ ထို့ကြောင့် ထိုလူငယ်သခင်လေးများနှင့် ပတ်သတ်၍ သိပ်အပင်ပန်းခံစရာ မလိုချေ။

သူက ထိုသို့ အတွေ့အကြုံမရှိသော လူငယ်သခင်လေးများကို မြှောက်ပင့်ပြောဆိုလိုက်သည်နှင့် ဒီတောသားငနုံများက သူတို့ ငွေကြေးကို အကြိုက် သုံးစွဲ ပစ်လိမ့်မည်။ ယင်းကြောင့် သူတို့သည် ဒီနေရာရှိ ဆိုင်များ၊ဂိုဏ်းများအတွက် စီးပွားရေး ကောင်းစေသော ရင်းမြစ်များ ဖြစ်လေ၏။

သို့ပေမည့် အခုတစ်ခေါက်သည် စတုတ္ထဂိုဏ်း၏ အလှည့်မဟုတ်ပေ။ ဝက်ဝံနက်နှင့် အရင်သဘောတူထားချက်အရ ဂိုဏ်းနှစ်ခုသည် ခရီးသွားများ ရောက်လာပါက ထိုသူတို့ထံမှ ငွေညှစ်ရန် အလှည့်ကျ လုပ်ဆောင်ရမည် ဟူ၍ပင်။ ဂိုဏ်းနှစ်ခုကြား ထိုကိစ္စကြောင့် ရန်မဖြစ်ရဟု သဘောတူထားခဲ့သည်။ ရသည့် ငွေကြေးကမူ သူတို့၏ ကံပေါ် မူတည်လိမ့်မည်။ မနေ့တုန်းက သူတို့သည် ယနေ့မှာ ဝက်ဝံနက်၏ ဂိုဏ်းအလှည့်ဟု ကြိုတင် သဘောတူထားခဲ့ပြီး ဖြစ်သည်။

ထိုသည်ကို တွေးကာ စွန်းအာကုံးက တဖက်သို့ လှမ်းကြည့်၏။ ဝက်ဝံနက်၏ လူများက ခပ်တိုးတိုး ဆွေးနွေးနေသည်ကို သူ လှမ်းမြင်သည်။ တအောင့်အကြာတွင် လူတစ်ယောက်က ဟန်လိထံ စိတ်လှုပ်တရှား ပြေးလာသည်။

“ခင်ဗျားတစ်ယောက်တည်း ကျုပ် ဝန်စည်တွေကို သယ်ဖို့ မဖြစ်နိုင်ဘူး။ နောက်တစ်ယောက်လောက် လှမ်းခေါ်လိုက်အုံး…” ဟန်လိက ဝိညာဉ်သေ၏ ကျောပေါ်၌ သယ်ဆောင်ထားသော ခရီးဆောင်အိတ်ကြီးကို ကြည့်ကာ သူ့ထံ ပြေးဝင်လာသောလူကို အမိန့်ပေးလိုက်ပြီး ခေါင်းယမ်းသည်။

“သခင်လေး…ကျုပ်က ဒီလောက်အိတ်လေးကိုတော့ လက်တဖက်တည်းနဲ့တင် သယ်နိုင်ပါတယ်။ တခြားသူတွေကို ခေါ်ဖို့ မလိုပါဘူး…” ကြွက်သားအပြိုင်းပြိုင်းထနေသော ထိုသူက သူ့ဝေစုကို တခြားအထမ်းသများကို ခွဲမပေးချင်ပုံ ရသည်။ ထိုအိတ်ထဲ၌ ကျောက်တုံးအပြည့် ထည့်ထားခြင်း မဟုတ်ပါက သူ့အနေဖြင့် မသယ်နိုင်စရာ အကြောင်းမရှိဟုလည်း ယုံကြည်ထား၏။

သူက ထိုသို့ ဆိုပြီးနောက် အိတ်ကို သယ်ပေးဖို့ အလို့ငှာ ဝိညာဉ်သေရှေ့ လျှောက်လာသည်။

ဟန်လိက သက်ပြင်းချ၏။ သည်အိတ်ထဲ၌ ငွေစင်နှစ်ထောင်ခန့်နှင့် တခြားပစ္စည်းများလည်း ရှိနေပေသည်။ ထိုအိတ်သည် သာမန်သူများအတွက် တစ်ယောက်တည်း သယ်ဖို့ မဖြစ်နိုင်လောက်ပေ။

သို့သော် ကြွက်သားအပြိုင်းပြိုင်းဖြင့်လူက စိတ်အားထက်သက်နေသည်ကို မြင်၍ ဟန်လိက ဝိညာဉ်သေကို အိတ်အား ထိုသူ့ကို ပေးလိုက်ရန် အချက်ပြသည်။

သူ မျှော်လင့်ထားသလိုပင် ထိုအိတ်က သည်လူ့လက်ထဲ ရောက်သွားသည်နှင့် ထိုသူ၏ ခန္ဓာကိုယ်သည် ယိုင်ထွက်သွားသည်။ သူက အားပိုစိုက်၏။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက် အသက်ထွတ်မတတ် မောပန်းသွားသည်။ ရှက်ရွှံ့စွာဖြင့် သူက အိတ်ကို ပြန်ချကာ နောက်တစ်ယောက်ကို အကူအညီပေးဖို့ လှမ်းခေါ်ရတော့သည်။

ထိုသူနှစ်ယောက်က သူ့အိတ်ကို ကောင်းကောင်းသယ်နိုင်သည်ကို မြင်သည့်အခါမှ ဟန်လိသည် စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။ သူသည် ဒီဆိပ်ကမ်းကနေ အမြန်ထွက်လာခဲ့ကာ မြို့ထံ ဦးတည်သည့်လမ်းအတိုင်း လျှောက်လာ၏။

ဟန်လိသည် လောကအကြောင်း ဗဟုသုတ ကင်းမဲ့သူတစ်ယောက် မဟုတ်ပေ။ ကျန်းဟူ၌ သူသည် အတွေ့အကြုံ မရှိသော်လည်း သူသည် အစောပိုင်းတုန်းက သူ့ကို ကြည့်နေသော အုပ်စု၏ မျက်လုံးထဲရှိ လောဘကို အာရုံခံမိသည်သာ။ သို့သော် ထိုသူများ မသိသည်မှာ သူတို့သည် သူတို့ မကိုင်တွယ်နိုင်သောအရာအပေါ် လောဘ ထားခြင်းက ကိုယ့်ဒုက္ခကိုယ် ဖိတ်ခေါ်နေတာ ဟူ၍ပင်။

ဝေးသထက်ဝေးသွားသော ထိုလူငယ်၏ နောက်ကျောကို တွေ့မြင်ပြီး စွန်းအာကုံးက သူ၏ လောဘတငမ်းငမ်း တတ်နေသော အကြည့်အား ပြန်ရုတ်သိမ်း၏။ သူက စိတ်ထဲရှိ သူ့ ပျော်ရွှင်မှုကို ဖိနှိပ်ကာ ဆိပ်ကမ်း တဖက်တွင် ရှိနေသော ဝက်ဝံနက်ထံ လှမ်းကြည့်သည်။ သူတို့နှစ်ယောက်လုံးသည် အစောလေးက လူငယ်၏ အိတ်ထဲ၌ ချမ်းသာကြွယ်ဝမှုများ ရှိနေမည်ကို သိကြ၏။

မျှော်လင့်ထားသလိုပင် ဝက်ဝံနက်မှာလည်း ပျော်မြူးနေသည်သာ။ သူက အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် အနီးအနားရှိ အမှိုက်ပုံနား လျှောက်လာနေသော စွန်းအာကုံးကို လှမ်းကြည့်သည်။ ချမ်းသာကြွယ်ဝမှု ရှေ့၌ ဝက်ဝံနက်သည် စွန်းအာကုံး၏ အဖေကို သတ်ကာ သူ့ဇနီးကို ခိုးယူခဲ့လျှင်ပင် သူသည် သူ၏ မကျေနပ်မှုရန်ငြှိုးများကို ဘေးဖယ်ပြီး အတူတကွ လုပ်ဆောင်လိမ့်မည်သာ။ တကယ်တော့ ငှက်များသည် ပျံသန်းရင်းသေကြသလို လူသားများမှာလည်း ချမ်းသာကြွယ်ဝမှုအတွက် သေကြသည် ဟူသော ဆိုရိုးစကား ရှိသည် မဟုတ်လား။

(မှတ်ချက်…ထိုဆိုရိုးစကား၏ အဓိပ္ပာယ်မှာ ယောက်ျားတစ်ယောက်သည် ချမ်းသာဖို့အတွက် ဘာမဆို လုပ်မည် ဟူ၍ပင်)

“ငါးဆယ်…ငါးဆယ်…” စွန်းအာကုံးက လေသံခပ်တိုးတိုးဖြင့် ပြော၏။

“သုံးဆယ်…ခုနစ်ဆယ်…။ ဒါ အစတည်းက ငါတို့ သဘောတူထားတဲ့အတိုင်းပဲ…”

ဝက်ဝံနက်က ပြန်ငြင်းသည်။

“လေးဆယ်…ခြောက်ဆယ်။ ငါ ဒီထက်တော့ မလျှော့နိုင်တော့ဘူး။ မင်း ရှင်းပြချက်က ငါ လက်ခံဖို့အတွက် မလုံလောက်ဘူး…” စွန်းအာကုံးက ထိုသို့ ဆိုလာပြန်သည်။

“ဒါက…” ဝက်ဝံနက်သည် ချီတုံချတုံ ဖြစ်နေသည်။ သူက သူ့ကိုယ်ပိုဝေစုကို ပိုများများ လိုချင်တာ သဘာဝပင်။

“ဟက်…မင်း လိုချင်တာ စဉ်းစားနေတာနဲ့တင် အချိန်ကုန်နေပြီ။ ဒါပေမဲ့ တခြားဂိုဏ်းတွေကပါ ဒီသားကောင်ကို သဘောကျသွားမှာ ငါ စိုးမိတယ်…”

စွန်းအာကုံးက အေးစက်စက် ပြောလာသည်။

“ဟုတ်ပါပြီ။ ကျုပ်တို့ ခင်ဗျား ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ကဲ ကျုပ်တို့ လက်ဝါးချင်း ရိုက်ရအောင်…” ဝက်ဝံနက်သည် စွန်းအာကုံး၏ စကားများကြောင့် ကသိကအောက် ဖြစ်သွားတာ သိသာသည်။ သို့သော်လည်း သူက စွန်းအာကုံး၏ ကမ်းလှမ်းချက်ကို အမြန် သဘောတူလိုက်သည်။

ဖြောင်း…ဖြောင်း…ဖြောင်း…။ ဝက်ဝံနက်နှင့်စွမ်းအာကုံးတို့သည် လက်ဝါးချင်း သုံးကြိမ်ရိုက်ကာ ယာယီမဟာမိတ် ဖွဲ့လိုက်ကြသည်။

“ကောင်းပြီ။ ကျုပ်တို့ သူ လူသူထူထပ်တဲ့ နေရာတွေမှာ ပျောက်မသွားခင် မြန်မြန်ဖမ်းမှ ဖြစ်မယ်...” စွန်းအာကုံးက အလျင်စလို ပြောလာ၏။

“ဟားဟား…စိတ်မပူပါနဲ့ ။ ကျုပ် သူ ငှားခဲ့တဲ့ အထမ်းသမားတွေကို လူသူကင်းမဲ့တဲ့နေရာ ခေါ်သွားဖို့ ပြောထားခဲ့ပြီးပြီ။ ကျုပ်တို့ သူတို့ထက် အဲ့နေရာကို အရင်ရောက်အောင်သာ အခု မြန်မြန် သွားကြတာပေါ့…” သူ့ကိုယ်သူ အတော်လေး ဟုတ်လှသည်ဟူသော ဟန်ပန်ဖြင့် ဝက်ဝံနက်သည် ရယ်မောလိုက်သည်။

“ကောင်းလိုက်တဲ့ အစီအစဉ်ပဲ…ငါ့အစ်ကိုရေ…” စွန်းအာကုံး၏ အမူအရာသည် ကျေနပ်ပျော်ရွှင်သွားပုံ ရသည်။ သို့သော် စိတ်ထဲ၌မူ ဒီဝက်ဝံနက်နှင့် ပတ်သတ်ရာတွင် ပို၍ သတိထားဖို့ လိုပြီဟု သူ့ကိုယ်သူ သတိပေးလိုက်သည်။

All Chapters