← Chapters

ရောက်ရုံရှိသေး သတ်ရပြန်ပြီ

Vol. 8 Ch. 102

ရောက်ရုံရှိသေး သတ်ရပြန်ပြီ

Vol. 8 Ch. 102

ဆိပ်ကမ်းကနေ အဝေးသို့ လျှောက်လာနေရင်း ဟန်လိက သူ့ရှေ့မှ အထမ်းသမားနှစ်ယောက်ကို အနီးအနားရှိ တည်ခိုးခန်းတစ်ခုသို့ ခေါ်သွားပေးဖို့ ပြောလိုက်၏။ သူက အရင်ဆုံး ကောင်းကောင်း အနားယူပြီးမှ တခြားလုပ်စရာရှိသည့် ကိစ္စများ လုပ်ဖို့ စီစဉ်ထားသည်။

ထိုနှစ်ယောက်က ဟန်လိကို မြို့ထဲသို့ ဦးဆောင်ခေါ်လာခဲ့၏။ လမ်းတောက်လျှောက်တွင် သူတို့က ထောင့်ချိုးခုနစ်ခါ ချိုးပြီး ဦးတည်ရာ ရှစ်ကြိမ် ပြောင်းကြသည်။ သူတို့က အတော်အတန် လျှောက်လာခဲ့ပြီးနောက်တွင်လည်း ဟန်လိသည် တည်ခိုးခန်းတစ်ခု၏ အရိပ်အယောင်ကိုပင် မမြင်ရသေးဘဲ ရှိသည်။

ဟန်လိက အထမ်းသမားနှစ်ယောက်နောက်သို့ ဆက်၍ လိုက်လာသည့်အခါ သူက လမ်းချိုးများစွာကို ဖြတ်ကျော်လာသည်ကို တွေ့မြင်၏။ သူတို့၏ ဝန်းကျင်မှာ ပိုပို၍ လူသူကင်းမဲ့ပြီး ပိုခေါင်လာသည်ကို မြင်သည့်အခါ ဟန်လိက မျက်မှောင်ကြုတ်သွားသည်။

သူသည် မြို့ကြီးပြကြီးများသို့ မရောက်ဖူးသော်လည်း သည်လိုနေရာ၌ တည်းခိုခန်းတစ်ခု ရှိဖို့မှာ မဖြစ်နိုင်သည်ကိုတော့ သိသည်။ ထိုသို့ ခေါင်သော နေရာသို့ မည်သည့်ဧည့်သည်က လာပါ့မည်နည်း။

ဟန်လိက ခါးသက်သက် ပြုံးမိသည်။ သူက ထိုအထမ်းသမားနှစ်ယောက်ကို ခုချက်ခြင်း နှိပ်စက်ကာ မည်သည့်အကြံအစည်များ ရှိကြောင်း ပြောခိုင်းရင် ကောင်းမလားဟု ခံစားမိသည်။

ဟန်လိ ထိုသို့ တွေးနေရုံ ရှိသေး ဗလတောင့်တောင့်လူဆယ်ယောက်က သူတို့နှင့် ရှေ့မလှမ်းမကမ်းတွင် ရုတ်တရက် ပေါ်လာ၏။ ထိုသူများကို သူ သိသလို ဖြစ်နေသည်။ အမှန်တော့ ဟန်လိသည် ထိုသူတို့ကို ဆိပ်ကမ်းမှာတုန်းက မြင်ခဲ့ဖူးပေ၏။

ထိုသူများသည် ဓားမြှောင်များ ကိုင်ဆောင်ထားကြသည်။ သူတို့က ဟန်လိနှင့် ဝိညာဉ်သေတို့ကို ရန်လိုရက်စက်လိုသော အကြည့်ဖြင့် ကြည့်နေ၏။ ထို့အပြင် ဟန်လိ၏ အိတ်ကို သယ်လာပေးကြသော အထမ်းသမားနှစ်ယောက်မှာလည်း ထိုလူအုပ်ထဲသို့ ရုတ်တရက်ပြေးဝင်သွားကြပြီးနောက် ခေါင်းလှည့်ကာ ဟန်လိကို လှောင်ပြုံး ပြုံးပြသည်။

ဟန်လိက သက်ပြင်းချမိ၏။ သူသည် ထိုသူတို့၏ အကြံအစည်ကို သဘောပေါက်သွားပေပြီ။ သမားတော်မော့၏ မွေးရပ်မြေသို့ ခြေချရုံ ရှိသေး ငွေကြေးအတွက် သူ့ကို လာဓားပြတိုက်မည့်သူများနှင့် ကြုံရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။

“ကောင်လေး…ငါတို့ရဲ့ ရက်စက်တတ်တဲ့ စိတ်ကို အပြစ်မတင်နဲ့။ မင်း အပြစ်တင်ချင်ရင် မင်း ဒီလောက်ငွေတွေ အများကြီး ယူလာခဲ့တဲ့အတွက် မင်းရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်သင့်တယ်…” သူ့နောက်မှ မသတိစရာ ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

ဟန်လိက နောက်လှည့်ကြည့်လိုက်သည်။ သူက သူ့နောက်၌ လူခုနစ်ယောက်၊ရှစ်ယောက် ပေါ်လာသည်ကို တွေ့လိုက်သည်။ ထိုသူတို့ကို လူနှစ်ယောက်က ဦးဆောင်လာခြင်းပင်။ ယင်းဦးဆောင်သူနှစ်ယောက်ထဲမှ တစ်ယောက်သည် အသားမည်းမည်းဗလတောင့်တောင့် ဖြစ်ပြီး ကျန်တစ်ယောက်ကမူ ကလိန်ကကျစ်မျက်လုံးတို့ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူတို့သည် ဝက်ဝံနက်နှင့် စွမ်းအာကုံးတို့ပင်။

သူတို့နှစ်ယောက်အဖို့ ခုလို ပူးပေါင်း၍ ဓားပြတိုက်၊ လူသတ်တာ ပထမဆုံး မဟုတ်ကြပါ။ သူတို့က ရှင်းရှင်းလင်းလင်းနှင့် သဲလွန်စမကျန်အောင် လုပ်နိုင်ပါက မင်းမှူထမ်းများသည် သတိပြုမိမည် မဟုတ်သည်ကို ကောင်းကောင်း သိထားကြသည်။ တကယ်တော့ တစုံတစ်ယောက်က လူစိမ်းတစ်ယောက် ပျောက်သွားသည်ကို သတင်းပို့ တိုင်ကြားခဲ့လျှင်ပင် နှစ်စဉ်နှစ်တိုင်း ထိုသို့ ပျောက်ဆုံးသွားကြတာ အများကြီး မဟုတ်လား။ သို့ဖြစ်၍ ပျောက်ဆုံးသွားသော လူတိုင်းကို လိုက်ရှာဖို့ မင်းမှူထမ်းများသည် များစွာ အားစိုက်ထုတ်ဖို့မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝက်ဝံနက်က သူ့စကားဆုံးသည်နှင့် သူ့လူများကို ဝင်သွားဖို့ ချက်ခြင်း အချက်ပြလိုက်၏။ ထိုသူများသည် သေစေနိုင်သော လက်နက်များကို ဝင့်၍ ဟန်လိနှင့် ဝိညာဉ်သေတို့ကို အလျင်အမြန် ဝိုင်းလာသည်။

ထိုလူအုပ်၏ သွေးဆာနေသောဟန်ပန်၊ ရက်စက်သော အမူအရာတို့ကို မြင်သည့်အခါ ဟန်လိ၏မျက်လုံးထဲ၌ လူသတ်ချင်စိတ် ဖြတ်ခနဲ ဖြတ်ပြေးသွားသည်။ သူက ထိုသူများသည် ခုလိုမျိုး ပြစ်မှုကို တကြိမ်မက ကျူးလွန်ခဲ့ပြီးသည်ကို သိ၏။ သို့မဟုတ်ပါက သူတို့ထံတွင် ခုလောက်အားကောင်းသော သွေးဆာနေသည့် အသွေ့အသက် ရှိလိမ့်မည် မဟုတ်ပေ။

“သူတို့အားလုံးကို သတ်ပစ်။ ဘာမှ သက်ညှာမနေနဲ့…” ဟန်လိက ဝိညာဉ်သေကို အေးစက်စက် အမိန့်ပေးလိုက်သည်။

ဟန်လိ၏ စကားကို ကြားသည့်အခါ ဝိညာဉ်သေသည် အကြိမ်အနည်းငယ် မာန်သွင်းအော်ဟစ်၏။ သူ၏ အော်သံတိုင်းတွင် စိတ်လှုပ်တရှား ဖြစ်နေဟန် ပါဝင်သည်။ ၎င်းက ရုတ်တရက် ဓားလှံများ ဝင့်ကာ ပြေးဝင်လာသော လူအုပ်ထဲ တရကြမ်း တိုးဝင်သွားသည်။

ဟူး…။ ထိုဝိညာဉ်သေ၏ လက်သီးချက်က လျှပ်စီးအလား မြန်ဆန်ကာ ဗလတောင့်တောင့်လူတစ်ယောက်၏ ဦးခေါင်းကို သွားရောက်ထိမှန်၏။ ထိုသူမှာ သဲအိတ်အလား လွင့်စင်ထွက်သွား၏။ သူ့သွေးနှင့် ဦးနှောက်အစိတ်အပိုင်းများသည် မြေပြင်အနှံ့ ပြန့်ကြဲသွား၏။ သူ့ခေါင်းတခြမ်းသာ မူလအတိုင်း ကျန်ခဲ့သည်။

ထိုအခါ ဓားမြှောင်ကိုင်ထားသော တစ်ယောက်နှင့် သံတုတ်ကောက် ကိုင်ထားသော တစ်ယောက်တို့သည် ဝိညာဉ်သေ၏ နောက်ကျောကို တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားသည်။

ဝိညာဉ်သေက ခေါင်းလှည့်၍ပင် မကြည့်ပေ။ ထိုအစား ၎င်းက ၎င်း၏လက်ကို လည်တိုင်နောက်သို့ နောက်ပြန်ဝေ့ယမ်းသည်။ ဖက်…ဖက်…။ သူ့နောက်ကျောသို့ ပျံဝဲလာသော ထိုလက်နက်နှစ်ခုမှာ လေထဲ လွင့်ထွက်သွားပြီး ထိုသူနှစ်ယောက်၏ လက်များကမူ ဝိညာဉ်သေ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ သူတို့၏လက်မနှင့်လက်ညှိုးများကြားကနေ သွေးများ ပန်းဖြာသွားသည်။

ဝိညာဉ်သေက ခြေတချောင်းတည်းဖြင့် ရပ်ကာ နောက်တချောင်းဖြင့် လေအဟုတ်ကဲ့သို့ အလျင်နှင့် နောက်ပြန်ကန်ထုတ်ပစ်သည်။ ထိုနှစ်ယောက်၏ ဝမ်းဗိုက်မှာ ဝိညာဉ်သေ၏ ကန်ချက်မိသွားပြီး အဝေးသို့ လွင့်ထွက်သွားတော့သည်။ ထို့နောက် သူတို့သည် မြေပြင်ထက်၌ မလှုပ်မယှက် ရှိနေတော့၏။

တခြားသူများက ထိုအဖြစ်သနစ်ကို မြင်သည့်အခါ လေအေးတချက် ရှိုက်သွင်းမိသွား၏။ ဟန်လိတို့ကို ဝိုင်းထားသော လူများ၏ မျက်နှာထက်တွင် အကြောက်တရား ဖြစ်ပေါ်ကုန်သည်။ သူတို့က တိုက်ခိုက်ဖို့ တွန့်ဆုတ်လာ၏။

သူတို့က ရပ်လိုက်ကြသော်လည်း ဝိညာဉ်သေကမူ သူ့လက်ကို ဆန့်ထုတ်ကာ သူ့ဘေးတွင် ရှိနေသော လူနှစ်ယောက်၏ ဦးခေါင်းကို ရိုက်ချပစ်သည်။ ဟန်လိ၏ အမိန့်မရဘဲ ၎င်းသည် ရပ်တန့်လိမ့်မည် မဟုတ်ပေ။

စွန်းအာကုံးနှင့် ဝက်ဝံနက်တို့သည် အတော့်ကို အမူအရာ ပျက်ယွင်းနေပေပြီ။ ထိုဧရာမလူ့ဘီလူးကြီးမှာ သူတို့ ထင်ထားသကဲ့သို့ သာမန်သက်တော်စောင့် တစ်ယောက် မဟုတ်ဘဲ အမှန်တကယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေသည် မဟုတ်လား။

“အဲ့လူကို သတ်။ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ သူတိုင်းကို ငွေစင်နှစ်ဆယ် ဆုချီးမြှင့်မယ်…”

ထိုစကားကို ကြားသည့်အခါ ဝက်ဝံနက်နှင့်စွန်းအာကုံးတို့ဘေးရှိ လူများ၏ မျက်နှာထက်တွင် ပျော်ရွှင်ဟန် ဖြစ်ပေါ်လာသည်။ ထိုသူများက သိုင်းအနည်းငယ် တတ်ထားကြသူများ ဖြစ်သည်။ သူတို့က ဝိညာဉ်သေသည် အနည်းငယ် စွမ်းရည်ရှိကာ သူတို့ထက် အားအရာ၌သာ သာသည်ဟု ယုံကြည်ထား၏။ ထို့ကြောင့် သူတို့သည် လုံးဝ မကြောက်ပေ။ ငွေကြေးအများအပြား ရမည်ဟူသော ဆုလဒ်ကို လောဘတက်ကာ သူတို့သည် ဝိညာဉ်သေထံ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်လာသည်။

ဝက်ဝံနက်က စွန်းအာကုံး၏ စကားများကို ကြားရပြီးနောက် သူ့မျက်နှာမှာ ရှုံ့တွသွားသည်။ သို့သော် မကြာမီ သူ့မျက်နှာက ပြန်တည်ငြိမ်လာ၏။ စကားတခွန်းမှ မဆိုဘဲ သူ့အကြည့်က ဟန်လိထံသို့ ရောက်သွားသည်။ ခုလက်ရှိ၌ ဝက်ဝံနက်သည် သူ့ကိုယ်သူ အဆက်မပြတ် အပြစ်တင်နေမိ၏။

သူနှင့်စွန်းအာကုံးတို့သည် မတူကြပေ။ သူက ခုလက်ရှိ အဆင့်သို့ တက်လှမ်းနိုင်စွမ်း ရှိခဲ့သည်မှာ အစစ်အမှန်တိုက်ပွဲများ၌ သူ၏ ခွန်အားအပေါ် မှီခိုနိုင်ခဲ့သောကြောင့်ပင်။ ထို့အပြင် သူက တိုက်ခိုက်ရေးအမြင်လည်း ကောင်းမွန်၍ တတိယအဆင့် သိုင်းပညာရှင်များ၏ သတ်မှတ်ချက်အတွင်း ဝင်နိုင်ခဲ့သည်။

သို့ဖြစ်၍ သူက ဝိညာဉ်သေ၏ တိုက်ခိုက်မှုကို မြင်သည့်အခါ သူ့စိတ်နှလုံးမှာ ခုန်ပေါက်သွားခဲ့သည်။ သူက ဝိညာဉ်သေ၏ စွမ်းရည်သည် နက်နဲသည်ကို သိသည်။ သူက သူ့ငယ်သားများကို ထားခဲ့ကာ ထွက်ပြေးချင်စိတ် ပေါက်နေသည်။ သို့သော် သူ မလုပ်ဝံ့ပေ။ အကြောင်းမှာ ထိုဧရာမလူကြီးက အင်ပြည့်အားပြည့် အသုံးမပြုရသေးတာ ရှင်းလင်းနေသည် မဟုတ်လား။ ထိုသူကသာ သူ ထွက်ပြေးဖို့ ကြိုးစားသည်ကို မြင်သွားခဲ့ပါက သူ့အနေဖြင့် ပိုမြန်မြန် သေသွားရမည်ကို ကြောက်လန့်နေခြင်းပင်။

အသက်ရှင်ဖို့အတွက် ဝိညာဉ်သေထက် အဆင့်အတန်း များစွာ ပိုမြင့်သော ထိုလူငယ်သခင်လေးဆိုသူကို တိုက်ခိုက်မှ ဖြစ်တော့မည့်ပုံ ရသည်။ ထိုသူ့ကို သူ့သခင်လေး၏ အသက်ဖြင့် ဓားစာခံလုပ် ချိန်းခြောက်မှသာ သူ့အတွက် သေခြင်းတရားကနေ လွတ်မြောက်နိုင်လောက်မည်ဟု ဝက်ဝံနက်က ထင်သည်။

All Chapters