ထိန်းချုပ်ခြင်း
Vol. 8 Ch. 103
ဟန်လိ၏ ခုအနေအထားမှာ တိုက်ခိုက်နေသော လူအုပ်ကို မျက်နှာမူ၍ ဝက်ဝံနက်ကို ကျောပေးထားသည်။ ဝက်ဝံနက်သည် တတ်နိုင်သမျှ ခြေသံလုံလုံနှင့် အနားကပ်လာသော်လည်း ဟန်လိက သတိမပြုမိဘဲ မည်သို့ နေပါ့မည်နည်။
ဝက်ဝံနက်က ဟန်လိနှင့် သူ့ကြား ခြေလှမ်းအနည်းငယ် အကွာသို့ ရောက်လာသည့်အခါတွင် ရုတ်ချည်းအရှိန်မြင့်ကာ ဟန်လိကို ဝင်အုပ်လေ၏။ ဟန်လိက ခန္ဓာကိုယ်ကို မဆိုသလောက် လှုပ်ရှားကာ ဘေးတဖက်သို့ ရှောင်၍ ဝက်ဝံနက်ကို ပြုံးပြလိုက်သည်။
ဝက်ဝံနက်သည် ကြောင်သွားသည်။ သို့သော် သူက သူ၏ အဟုန်ကို မရပ်၊ ဟန်လိထံ သူ့လက်ဖြင့် လှမ်း၍ ကြမ်းကြမ်းတမ်းတမ်း ဖမ်းချုပ်ရန် ပြင်သည်။ ဟန်လိသည် တိုက်ပွဲအတွေ့အကြုံ မရှိသူတစ်ယောက်ဟု ယူဆထားကာ သူ၏ ခုလို ဆက်တိုက် တိုက်ခိုက်မှုကြောင့် မလှုပ်မရှားနိုင်ဘဲ ဖြစ်သွားလိမ့်မည်ဟု ထင်ထား၏။
ထိုဝက်ဝံနက်၏ ကြမ်းတမ်းသောလက်က သူ့ထံ ဆန့်တန်းလာသည်ကို မြင်သည့်အခါ ဟန်လိ၏ အမူအရာမှာ ရှုံ့တွသွားသည်။ တချိန်တည်းမှာ သူ့ခန္ဓာကိုယ်သည် ဝက်ဝံနက်၏ မျက်လုံးရှေ့မှာပင် ဖြတ်ခနဲ ပျောက်ကွယ်သွားသည်။
ထိုအခါ ဝက်ဝံနက်၏ မာန်သွင်းအော်ဟစ်သံက သူ့လည်ချောင်းထဲ၌ပင် တစ်ဆို့သွားပြီး သူက အလျင်မြန် ခြေပြန်ရုတ်ကာ ထွက်ပြေးရန် ကြံစည်တော့၏။ ထိုစဉ် တောက်ပသော ဓားထိပ်ဖျားက သူ့လည်တိုင်နှင့် ထိမိသွားသကဲ့သို့ သူ ခံစားမိလိုက်ရသည်။ ဝက်ဝံနက်က သူ့လက်နှစ်ဖက်ဖြင့် သွေးများ စိမ့်ထွက်လာသော လည်ပင်းကို အလျင်အမြန် ဆုပ်ကိုင်ကာ စကားပြောရန် ကြိုးစားသည်။ သို့သော် သူ တခွန်းမှ မဟနိုင်ခင်မှာပင် သူ့သက်မဲ့ခန္ဓာကိုယ်က မြေပေါ်သို့ ပြိုလဲကျသွားတော့သည်။
စွန်းအာကုံး၏ မျက်နှာမှာ ဝါဖန့်ဖန့်ပင် ဖြစ်နေပေပြီ။ သူက လူငယ်သည် တစ္ဆေတစ်ကောင်အလား ရွှေ့လျား၍ ဝက်ဝံနက်၏ နောက်တွင် ပေါ်လာကာ သူ့ခါးမှ ဓားကို ဆက်ခနဲ ထုတ်ကာ ဝက်ဝံနက်၏ လည်တိုင်ကို လွယ်လင့်တကူ ခုတ်ပိုင်းလိုက်သည်ကို သူ မျက်မြင်တွေ့လိုက်ရသည် မဟုတ်လား။ ထို့နောက်တွင် သည်လူငယ်က အဝတ်ဖြူစတစ်စကို ထုတ်ကာ သူ့ဓားမှ သွေးကို သုတ်လိုက်သည်။
ထိုလူငယ်က ခေါင်းမော့ကာ စွန်အာကုံးထံ လှမ်းကြည့်ပြီး ပြုံးပြ၏။
စွန်အာကုံးသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် သူ့အကြည့်ကို ချက်ခြင်း ပြန်ရုတ်သည်။ သူ၏ ကာလရှည်ရန်သူတော် ဖြစ်သူ ဝက်ဝံနက်မှာ ခုလေးတင် သေသွားခဲ့ရပြီ။ သို့သော် သူသည် ပျော်ရွှင်ဟန်၊စိတ်လှုပ်တရှားဖြစ်ဟန် တစက်မျှ မဖြစ်မိပေ။ ထိုအစား သူက ထိတ်လန့်တကြားသာ ဖြစ်မိနေ၏။
ခုချိန်၌ သူသည် လုံးဝ အသိဝင်မိနေပေပြီ။ သူက သူတို့ သားကောင်ဟု သတ်မှတ်ထားသော လူငယ်မှာ သူ့အသက်ကို ယူမည့် ငရဲမှလာသော ဘုရင်ယန်(ငရဲမင်း) ဖြစ်နေသည်ကို သေချာ သိလိုက်ပြီ ဖြစ်သည်။
စွန်းအာကုံးသည် သူ့ငယ်သားများက ဟန်လိ၏ သက်တော်စောင့်ကို အနိုင်ယူနိုင်စွမ်း ရှိဖို့သာ မျှော်လင့်နိုင်တော့သည်။ ထိုမှသာ သူ့အနေဖြင့် ထိုလူငယ်နှင့် ညှိနှိုင်းကာ သူ၏ ဘာမဟုတ်သော အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုနိုင်မည့် မျှော်လင့်ချက်အနည်းငယ် ရှိပေလိမ့်မည်။
သို့သော် စွန်းအာကုံးသည် လူငယ်၏ သက်တော်စောင့်ရှိနေသော နေရာရှိ အခြေအနေကို မြင်သည့်အခါ သူသည် ကြက်သေသေမိသွားသည်။
ထိုသက်တော်စောင့် လူသန်ကြီးနှင့် တိုက်ပွဲဖြစ်နေသော နေရာ၌ ဗလတောင့်တောင့်လူအယောက်နှစ်ဆယ်ကျော်သည် ကြွက်သားတမျှင်ပင် မလှုပ်နိုင်တော့ဘဲ မြေပေါ်သို့ လဲကာ သွေးများ စိမ့်ထွက်နေကြသည်။ ယင်းလူသန်ကြီးက စွန်းအာကုံးရှိရာသို့ လှမ်းကြည့်လာသည်။
ထိုအခါ သူ၏ ဝါဖန့်ဖန့် ဖြစ်နေသော မျက်နှာမှာ လုံးဝ ဖြူဖပ်ဖြူရော ဖြစ်သွားတော့သည်။
ဟန်လိသည် စွန်းအာကုံး၏ မျက်နှာပေါ်ရှိ အမူအရာပြောင်းလဲမှုများကို ကြည့်နေ၏။ ထိုသူ၏ လှုပ်ရှားပုံများအရ ထိုသူသည် သိုင်းပညာရပ်များကို မသိသူ ဖြစ်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။ စွန်းအာကုံး၏ မျက်နှာထက်၌ အကြောက်တရားသာ ပြည့်နှက်နေသည်ကို ကြည့်ကာ ဟန်လိသည် စွန်းအာကုံး၏ ကိုယ်ရည်ကိုယ်သွေးကို အထင်သေးသွားသည်။
“ဝိညာဉ်သေ…သူ့ကို သတ်လိုက်တော့…” ဟန်လိက အမိန့်ပေးလိုက်သည်။
“မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ကျုပ် အညံ့ခံပါတယ်။ ကျုပ် သခင်လေးအတွက် ကျုပ်ရဲ့ ကံကောင်းမှုအားလုံးကို ပေးဖို့ ဆန္ဒရှိပါတယ်။ ကျုပ် ကျွန်တစ်ယောက်လို ခစားပေးချင်ပါတယ်။ ကျားယွမ်မို့ပတ်ပတ်လည်မှာ ရှိတဲ့ သတင်းအားလုံးကိုလည်း ကျုပ် သိပါတယ်။ ကျုပ်အနေနဲ့ သခင်လေးအတွက် အခိုင်းခံခွေးကောင်းတစ်ကောင် ဖြစ်ပေးနိုင်ပါတယ်…”
စွန်းအာကုံးသည် သူ့ထံ တလှမ်ချင်း လှမ်းလာသော ဝိညာဉ်သေကို ကြည့်သည်။ သူသည် ကြောက်လွန်းသဖြင့် မြေပေါ်ဒူးထောက်ကာ တောင်းပန်ခယတော့သည်။
“အယ်…” ဟန်လိသည် မူလတုန်းက စွန်းအာကုံး၏ စကားများကို လစ်လျူရှုထား၏။ သို့သော် သူက စွန်းအာကုံးသည် ကျားယွမ်မြို့အကြောင်း ကောင်းကောင်းသိသည်ဟူသော စကားကို ကြားသည့်အခါ သူ စိတ်လှုပ်တရှားဖြစ်ကာ စိတ်ထဲ၌ ကျေနပ်သွားသည်။
“အခု မင်းလက်ကို ပြန်ဆုတ်လိုက်တော့…” သူက စွန်းအာကုံး၏ လည်ပင်းကို ဖမ်းညှစ်တော့မည့် ဝိညာဉ်သေကို အမိန့်ပေးလိုက်သည်။
“ကျားယွမ်မြို့နဲ့ ပတ်သတ်ပြီး မင်း ကောင်းကောင်း သိထားလား…” ဟန်လိက ပြုံး၍ မေး၏။ သူက အလွန်ကြင်နာတတ်ဟန်ပင် ပေါက်နေသေးသည်။
အစောပိုင်းလေးကမှ ဟန်လိ၏ ရက်စက်သောအပိုင်းကို တွေ့မြင်ခဲ့ရပြီး ဖြစ်၍ စွန်းအာကုံးသည် တုံ့ဆိုင်းဆိုင်း မည်သို့ ပြန်ဖြေဝံ့ပါ့မည်နည်း။ သူက ချက်ခြင်းပင် အသံတုန်တုန်ရင်ရင်ဖြင့် အော်ပြောလိုက်သည်။ “သိပ်သိပါတယ်။ တအားသိပါတယ်။ ကျနော်က ဒီမြို့မှာ ကြီးပြင်းခဲ့တာပါ။ ဒါ့ကြောင့် ဒီမှာ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သိထားပါတယ် ခင်ဗျ…”
အခု သူ့အသက်ကို ကယ်တင်နိုင်မည့် ကောက်ရိုးတမျှင်ကို ဖမ်းဆုပ်မိသည့်အလား အလျင်စလို ဆိုလာတော့သည်။ သို့မှသာ ဟန်လိ စိတ်ကျေနပ်ပြီး သူ့ကို အသုံးတည့်သေးသောသူ အဖြစ် ခံစားမိနိုင်လိမ့်မည်။
စွန်းအာကုံး၏ အဖြေကို ကြားသည့်အခါ ဟန်လိသည် သူ့နှာခေါင်းကို လက်ဖြင့်ပွတ်၍ စဉ်းစားနေသည်။ ထို့နောက် သူ့ဝတ်ရုံထဲမှ ပုလင်းတစ်ခုကို ထုတ်ယူသည်။
ထိုပုလင်းထဲ၌ လိုင်ချီးသီးအရွယ် အဖြူရောင်ဆေးလုံးတလုံး ပါရှိသည်။ ဟန်လိက ၎င်းကို စွန်းအာကုံးထံ လှမ်းပေးသည်။
စွန်းအာကုံးက ဆေးလုံးကို တုန်ယင်နေသောလက်ဖြင့် လှမ်းယူ၏။ သူက လက်ထဲရှိ ဆေးလုံးကို ကြည့်နေပြီးနောက် ဟန်လိထံ မရဲတရဲ လှမ်းကြည့်သည်။ ဟန်လိက သူ့ကို အေးစက်စက် ကြည့်နေသည်အား တွေ့၏။ ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် သူသည် ဆေးလုံးကို မြိုချလိုက်ရ၏။ သူ့အတွက် ရွေးချယ်စရာ မရှိချေ။
“ကောင်းပြီ။ အခုတော့ ငါ မင်းကို ယုံပေးလိုက်မယ်…” ကျေနပ်သွားဟန်ဖြင့် ဟန်လိက ခေါင်းညိတ်၏။
“ဒီဆေးလုံးရဲ့ နာမည်က နှလုံးပုပ်ဆေးလုံးပဲ။ ဒါကို ငါ ကိုယ်တိုင် ဖော်စပ်ထားတာ။ လတိုင်း မင်းအနေနဲ့ ဖြေဆေး သောက်ဖို့ လိုမယ်။ မဟုတ်ရင် မင်းရဲ့ အတွင်းအင်္ဂါတွေ ပုပ်သိုးဆွေးမြေ့ပြီး သေရလိမ့်မယ်။ မင်းက ဉာဏ်ကောင်းမယ်လို့ ငါ ထင်တယ်။ ဒါ့ကြောင့် မင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ ငါ့ရှိမှာ အမှုထမ်းပါ…”
ဟန်လိက အေးတိအေးစက်ဖြင့် ချိန်းခြောက်ကာ ပြောဆိုလိုက်၏။
စွန်းအာကုံးသည် သူ့စိတ်ထဲ၌ ကြိုပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သို့သော် သူက သူ ခုလေးတင် မြိုချခဲ့သော ဆေးလုံး၏ သက်ရောက်မှုကို ကြားသည့်အခါ စိတ်ထဲမချိ ဖြစ်သွားမိရသည်သာ။
“စိတ်အေးအေး ထားပါ။ မင်း ကျားယွမ်မြို့မှာ ငါ လိုအပ်တဲ့အရာတွေကို ကောင်းကောင်း ကူညီပေးနိုင်သ၍ ဒီအဆိပ်ကို ဖြေပေးပြီး မင်းရဲ့ လွတ်လပ်မှုကိုပါ ပြန်ပေးမယ်။ မင်းရဲ့ သိုင်းပညာစွမ်းရည်လောက်နဲ့တော့ ငါ့အနေနဲ့ ကိစ္စတိုင်းမှာ မင်းကို အသုံးပြုလို့ အဆင်ပြေလောက်မှာ မဟုတ်ဘူး…”
ဟန်လိသည် တခါတည်း ဆုပေး၊ဒဏ်ပေးစနစ်ကို ပြောလာ၏။ စွန်းအာကုံးသည် သူ ပေးအပ်သော တာဝန်များကို ကောင်းကောင်း ထမ်းဆောင်နိုင်ပါက သူ့အတွက် လွတ်လပ်မှုပြန်ရဖို့ အခွင့်အရေး ရှိနိုင်သည်ဟူသော မျှော်လင့်ချက်အချို့ ရှိနိုင်လိမ့်မည်။
“အမှန်ပါပဲ။ သခင်လေး…” စွန်းအာကုံးသည် ထိုအကြောင်းများကို ကြားသော်လည်း သူ့အမူအရာက အနည်းငယ် တုန်ယင်နေဆဲပင်။
“ကဲ မင်း ဒီငွေစတွေကို ယူပြီးတော့ ဒီနေရာကို သန့်ရှင်းရေး လုပ်လိုက်။ ဒီကိစ္စ ပျံ့နှံ့သွားမှာ ငါ မလိုလားဘူး။ မင်း သဘောပေါက်တယ်မလား…”
ဟန်လိသည် အမိန့်ပေးစကားဆိုပြီး ငွေအိတ်တအိတ်ကို စွန်းအာကုံးထံ လှမ်းပစ်ပေးလိုက်သည်။
ထိုငွေအိတ်ကို ဖမ်းယူပြီးနောက် စွန်းအာကုံးက သူ့လက်ထဲ၌ ၎င်းကို ချိန်ဆကြည့်သည်။ ယင်းအိတ်က လေးလံကာ အထဲ၌ ငွေစင်နှစ်ရာလောက် ရှိနေလောက်မည်။
သူ့မျက်နှာထက်၌ ပျော်ရွှင်ဟန် ပေါ်လာ၏။ သူက သူသာ ခုကဲ့သို့ အစွမ်းထက်ပြီး ချမ်းသာသော သူတစ်ယောက်အတွက် အလုပ်လုပ်ပေးခဲရလျှင် သူ့အတွက် ဆိုးဝါးသော အရာ မဟုတ်နိုင်တော့ဟု သဘောပေါက်မိသွားသည်။
“သခင်လေး…ကျေးဇူးပြုပြီး ဒီနေရာကို ကျုပ်နဲ့ ထားခဲ့ပါ။ ကျုပ် ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်။ သခင်လေးအတွက် ဘာပြဿနာမှ မများစေရပါဘူး…”
စွန်းအာကုံးက သူ့ရင်ဘက်ကိုယ်သူ ပုတ်၍ ဂုဏ်ယူစွာ ပြောလာ၏။
“ကောင်းပြီ။ ကျုပ် အရင်ဆုံး တည်းခိုခန်းတစ်ခု သွားရှာအုံးမယ်။ မနက်ဖြန် မနက် မင်း ကျုပ်ကို လာရှာပါ။ မင်းကိုယ်မင်း ကျားယွမ်မြို့က ဒေသခံဂိုဏ်းငယ်တစ်ခုရဲ့ ခေါင်းဆောင်လို့ ဆိုမှတော့ မငးအနေနဲ့ ငါ နေတဲ့ တည်းခိုခန်းကို ရှာနိုင်စွမ်း ရှိသင့်တယ်…”
ဟန်လိက ထပ်မံ၍ အမိန့်ပေးလိုက်သည်။ သူ့လေသံတွင် တစိုးတစိမျှ ယဉ်ကျေးသံ မပါနေပေ။
“ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ။ မနက်ဖြန်မနက်…ကျုပ် အဲ့ကို အရောက်လာခဲ့ပြီး သခင်လေးရဲ့ အမိန့်ကို စောင့်နေပါ့မယ်…” ထိုစကားကြောသည့်အခါ စွန်းအာကုံးသည် သူ့ကိုယ်သူ ဟန်လိ၏ နောက်လိုက်ခွေးတစ်ကောင် ဖြစ်ချင်သည့် စိတ်အားထက်သန်ဟန်ဖြင့် ပြောလိုက်သည်။
ဟန်လိက ပြုံး၏။ သူက ဝိညာဉ်သေကို သူ့အိတ်အား သွားကောက်ခိုင်းပြီး သည်နေရာကနေ ထွက်လာတော့သည်။ အကွာအဝေးတစ်ခုထိ လျှောက်လာပြီးနောက် ဟန်လိက နောက်လှည့်ကာ တချက် လှမ်းကြည့်သည်။ စွန်းအာကုံးသည် တူညီသော နေရာတွင်ပင် နာခံစွာ ရပ်နေသေးသည်ကို သူ လှမ်းမြင်၏။ သည်စွန်းအာကုံးက သူ့မျက်လုံးထဲ၌ ဟန်လိအပေါ် လေးစားမှု၊ ကြောက်ရွှံ့မှု၊ သစ္စာရှိမှုတို့ကို ပြသနေစေသည်။
“စိတ်ဝင်စားစရာပဲ…” ဟန်လိက ထိုသူသည် အတော်လေး စိတ်ဝင်စားဖို့ ကောင်းသူ၊ ဉာဏ်ကောင်းသူတစ်ယောက်ဟု ရုတ်တရက် ခံစားမိသည်။ သူသည် ထိုသူ့ကို ကျဉ်းတည်းကျပ်တည်း အခြေအနေတစ်ခု၌ ကောင်းကောင်း အသုံးပြုနိုင်လောက်မည်။