တုန်လှုပ်ဖွယ် သတင်း
Vol. 8 Ch. 105
“ကျားယွမ်မြို့ရဲ့ အကြီးဆုံးဂိုဏ်းသုံးဂိုဏ်းက ညီအစ်ကိုအဖွဲ့၊ ရေလွှမ်းနဂါးအဖွဲ့နဲ့ အာဏာရှင်ဂိုဏ်းတို့ပဲ ဖြစ်ကြတယ်။ အလယ်အလတ်ဂိုဏ်းတွေကတော့ သံမဏိလှံအဖွဲ့၊ အဇူရာဝတ်ရုံဂိုဏ်း၊ နွေဦးမိုးတိမ်အဖွဲ့၊ ရွှေဓားဂိုဏ်း၊ မဟူရာလှေဂိုဏ်း၊ စိန်ဂိုဏ်း၊ သွေးသောက်အဖွဲ့၊ နေဝင်ကျောင်းတော်နဲ့ တခြားဂိုဏ်းတွေဆိုပြီး ရှိကြပါတယ်…”
စွန်းအာကုံးသည် ထိုဂိုဏ်းအမည်များကို အသက်မရှုဘဲ ဆက်တိုက် ပြောချသည်။ သူက ဆက်၍ ပြောလာပြန်သည်။ “ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ အသန်မာဆုံးကတော့ ကောင်းကင်ဂိုဏ်းပဲ။ ရွှေဓားဂိုဏ်းနဲ့အဇူရာဝတ်ရုံဂိုဏ်းတို့ကလည်း ဒီဂိုဏ်းနဲ့ မဟာမိတ်ပြုထားတယ်။ သူတို့က အစည်ကားဆုံးဖြစ်တဲ့ မြို့အရှေ့ပိုင်းကို စိုးမိုးထားပါတယ်…”
“သူ့ထက် အားနည်းတဲ့ ညီအစ်ကိုဂိုဏ်းကတော့ သံမဏိလှံအဖွဲ့၊ မဟူရာလှေဂိုဏ်း၊ သွေးသောက်အဖွဲ့တို့နဲ့ မိတ်ဖွဲ့ထားပြီး မြို့မြောက်ပိုင်းကို စိုးမိုးပါတယ်။ အားအနည်းဆုံးဖြစ်တဲ့ ရေလွှမ်းနဂါးဂိုဏ်းကတော့ နွေဦးမိုးတိမ်အဖွဲ့၊ စိန်ဂိုဏ်းနဲ့ နေဝင်ကျောင်းတော်တို့နဲ့အတူ မြို့တောင်ပိုင်းကို စိုးမိုးပါတယ်။ မြို့အနောက်ပိုင်းကတော့ ဗရမ်းဗတာ နိုင်ပြီး ဂိုဏ်းငယ်လေးတွေ အမြောက်အများ ရှိကြတယ်။ ဒီဂိုဏ်းငယ်လေးတွေက အာဏာပြိုင်ဆိုင်မှု ရှိကြပေမယ့် ပိုကြီးတဲ့အင်အားစုတစ်ခုက မြို့အနောက်ဘက်ကို အင်အားချဲ့ချင်ရင် ဒီဂိုဏ်းငယ်တွေက စုပေါင်းပြီး ပြင်ပရန်ကို ရင်ဆိုင်ကြတယ်။
ဒါ့ကြောင့် ကျားယွမ်မြို့တခုလုံးမှာ လေးဘက်လေးလံ အင်အားတွေ ကြီးစိုးထားပြီး ပွတ်တိုက်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်…”
စွန်းအာကုံး၏ ပါးစပ်ထံမှ စကားလုံးများသည် မကုန်ဆုံးတော့သည့်အလား ထွက်ကျလာ၏။ စဉ်းစားနေဖို့ပင် မလိုဘဲ သူက မြို့အတွင်းရှိ အင်အားစုအားလုံး၏ အခြေအနေများကို ရှင်းပြနိုင်ပေသည်။
ဟန်လိသည် ထိုရှင်းပြချက်ကို ကြားရပြီးနောက် တကိုယ်တည်း ရေရွတ်စဉ်းစားဟန်ဖြင့် မေးလိုက်သည်။ “ရေလွှမ်းနဂါးဂိုဏ်းက လန်စီရင်စုရဲ့ အရှင်သခင်သုံးယောက်ထဲမှာ ပါဝင်တယ်လို့ လူတွေ ပြောတာ ငါ ကြားဖူးတယ်။ ကျားယွမ်မြို့က သူတို့ရဲ့ ဌာနချုပ် ဆိုက်ရာမြို့ ဖြစ်တယ်လို့ ဆိုတယ်။ ဒါဆို ဒီအဖွဲ့က ဒီမြို့ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ ဘယ်လိုလုပ် အားအနည်းဆုံး ဖြစ်သွားရတာလဲ…”
“သခင်လေး ပြောတာက အတိတ်တုန်းက သမိုင်းကြောင်းပါ။ လွန်ခဲ့တဲ့နှစ်များစွာက ရေလွှမ်းနဂါးဂိုဏ်းဟာ တကယ်ပဲ ကြမ်းခဲ့ပါတယ်။ အဲ့ဂိုဏ်းရဲ့ အာဏာစက်က လန်စီရင်စုတစ်ခုလုံးမှာပါ အပေါ်စီးက ရှိခဲ့တာ။ သူတို့ရဲ့ ဌာနချုပ်ကို ကျားယွမ်မြို့မှာ အထိုင်ချခဲ့ပြီး မြို့တခုလုံးကို စိုးမိုးထားနိုင်ခဲ့တယ်။ သူတို့ရဲ့ ဩဇာအောက်မှာ တခြားဂိုဏ်းတွေဆို အရိပ်တောင် မပြဝံ့ကြဘူး…”
“ဒါပေမဲ့ ဘာကြောင့်မှန်း မသိရဘဲ ရေလွှမ်းနဂါးအဖွဲ့ဟာ နေ့ချင်းညချင်း အာဏာ ယုတ်လျော့သွားခဲ့တယ်။ သူတို့ရဲ့ တချို့နယ်မြေတွေကို လက်လွှတ်လိုက်ရုံသာမက ကျားယွမ်မြို့ထဲမှာ အထိုင်ချထားတဲ့ ဌာနချုပ်အာဏာစက်ပါ လျော့ပါးသွားခဲ့တယ်။ ဒါ့ကြောင့် တခြားဂိုဏ်းတွေက ဒီအခွင့်အရေးကို အမိအရ ယူပြီး ပုန်းအောင်နေရာကနေ ပေါ်လာခဲ့ကြတယ်။ သွေးသံရဲရဲ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် အခြေအနေကတော့ ကျနော် အစောလေးက ပြောခဲ့သလို ဖြစ်ကုန်တာပါ...”
စွန်းအာကုံးသည် အင်မတန်ယဉ်ကျေးသော လေသံဖြင့် ရှင်းပြသည်။
“ ရေလွှမ်းနဂါးဂိုဏ်းက ဘာကြောင့် ရုတ်တရက်ကြီး အားနည်းသွားရတဲ့အကြောင်းကိုကော မင်း သိလား…” ဟန်လိသည် မျက်မှောင်ကြုတ်ကာ စွန်းအာကုံအား ဖြည်းဖြည်းချင်း မေးလိုက်သည်။
“ဒါက…အမှန်တိုင်း ပြောရရင် ဒီနိမ့်ကျတဲ့သူရဲ့ အဆင့်အတန်းက သိပ်မမြင့်ပါဘူး။ ဒါ့ကြောင့် ဒီကိစ္စရဲ့ အကြောင်းရင်းကိုတော့ ကျနော် တကယ် မသိပါဘူး။ ကျနော် သိတဲ့ တချို့အရာတွေကလည်း တခြားသူတွေ ပြောပြတာ ကြားဖူးလို့ပါ။ ရေလွှမ်းနဂါးအဖွဲ့က ဂိုဏ်းတွင်း ပြဿနာ တက်ခဲ့တဲ့ ပုံပါပဲ။ တခြားအင်အားစုကြီးတွေကလည်း နောက်ကွယ်ကနေ ဖိနှိပ်ခဲ့ပုံ ရပါတယ်…”
စွန်းအာကုံးသည် လုံလောက်သော အချက်အလက်ကို ဟန်လိအား မပြောပြနိုင်၍ အနည်းငယ် ရှက်ရွှံ့မိသည်။
“အို…ဒါက ဒီလိုပေါ့…” ဟန်လိက မဆိုသလောက် ပြုံး၏။ သူသည် အရင်တုန်းက ဖြစ်ပျက်ခဲ့သော အခြေအနေကို ခန့်မှန်းမိသွားသည့်အလား။
“ခုလက်ရှိ ရေလွှမ်းနဂါးဂိုဏ်းရဲ့ ခေါင်းဆောင်က ဘယ်သူများလဲ။ ဒီလောက်ကတော့ ဘယ်သူဘယ်ဝါမှန်း မင်း သိသင့်တယ်…” ဟန်လိက မေးလိုက်၏။
“ကျနော် သိပါတယ်…သခင်လေး။ ခုလက်ရှိ ရေလွှမ်းဂိုဏ်းရဲ့ ခေါင်းဆောင်က အမျိုးသမီးယန်ပါ။ သူမက ပြီးခဲ့တဲ့ ရေလွှမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မောကျူးရန်ရဲ့ ဇနီးဟောင်းပါ။ ပြီးတော့ သူမက မုဆိုးမတစ်ယောက်ပါ…” စွန်းအာကုံးက ချက်ခြင်း ပြန်ဖြေသည်။
“မုဆိုးမ ဟုတ်လား…” ဟန်လိက အံ့အားတသင့် ဖြစ်သွားဟန်ဖြင့် ထပ်မေး၏။
“ဟုတ်ပါတယ်။ ဒီရေလွှမ်းနဂါးအဖွဲ့အစည်းကို မူလတည်ထောင်သူဟာ သခင်မော့ဆိုတဲ့သူဟာ သေဆုံးသွားခဲ့ပါပြီ။ ဒါ့ကြောင့် သူ့ဇနီးဟာ မုဆိုးမ ဖြစ်သွားခဲ့တာပါ…” စွန်းအာကုံးသည် ချီတုံချတုံ ဖြစ်လာ၏။ သူက သူ ပြောခဲ့သည့်အရာက မှားများသွားလားဟု မရေမရာ ဖြစ်မိသည်။
“အဲ့အဖွဲ့အစည်းရဲ့ သခင်မော့ကျူးရန်ဟာ သေသွားပြီလို့ ဘယ်သူက ပြောတာလဲ…”
“ကျားယွမ်မြို့က လူတိုင်းအဲ့အကြောင်း သိကြပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က တစ္ဆေလက်မော့ကျူးရန်ရဲ့ နောက်ဆုံးတပည့်က သူဟာ သူ့ဆရာမော့ရဲ့ သေတမ်းစာကို ရခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဒါ့ကြောင့် သူက သူ့ဆရာဖြစ်သူ သခင်မော့ဟာ မော့ခြံဝန်းထဲမှာ သေဆုံးသွားခဲ့ပြီလို့ ကြေညာခဲ့ပါတယ်…”
“နောက်ဆုံးတပည့်လား။ သူ့နာမည်က ဘယ်သူလဲ…” ဟန်လိက မျက်ခုံးပင့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“သူက ဝူကျားမင်ပါ။ အသက်နှစ်ဆယ်လောက်ပဲ ရှိသေးပြီး ရုပ်ချောတဲ့သူတစ်ယောက်ပဲ။ ပြောကြတာက သူဟာ မော့ကျူးရန်ရဲ့ ပညာရပ်တွေကို အမွေဆက်ခံခဲ့ပြီး သိုင်းပညာလည်း မြင့်ပါတယ်…” စွန်းအာကုံးက ဟန်လိကို ဂရုတစိုက် ပြန်ဖြေသည်။ သည်အခိုက်၌ စွန်အာကုံးသည် ဟန်လိမှာ ရေလွှမ်းနဂါးအဖွဲ့အစည်းနှင့် ပတ်သတ်သောသူ တစ်ယောက်ဟု သဘောပေါက်မိသည်။ ကြည့်ရသည်မှာ သည်လူငယ်သခင်လေးက သခင်လေးဝူကို စိတ်ဝင်တစား ရှိနေပုံ ပေါ်၏။
“ဒါ့အပြင်…” စွန်းအာကုံးက တခုခုကို ပြောချင်ဟန် ရှိ၏။ သို့သော် သူက မပြောဝံ့ ဖြစ်နေသည်။
“မင်း တခုခု ပြောချင်ရင် ပွင့်ပွင့်လင်းလင်း ပြောပါ…။ ဘာမှ ထိန်ချန်မထားနဲ့။ ဒီသတင်းက မှန်ခဲ့ရင်တော့ မင်းအနေနဲ့ ဆုလဒ်ကောင်းကောင်း ချီးမြှင့်ခံရမယ်..”
“လူတွေ ပြောတာကို ကျနော် ကြားမိတာကတော့ အဲ့သခင်လေးဝူဟာ သခင်မော့ရဲ့ သမီး၊ မော့ယုကျူးကို သဘောကျနေတာတဲ့။ သူတို့က လက်ထပ်ကျလိမ့်မယ်လို့လည်း ကြားမိပါသေးတယ်…” စွန်းအာကုံးက လွတ်လွတ်လပ်လပ် ပြောလိုက်၏။
“လက်ထပ်တာလား…” ဟန်လိက ရယ်မောပြောဆိုကာ ရုတ်တရက် ထရပ်သည်။
သူက အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ထို့နောက်တွင် သူသည် မျက်နှာကြက်ကို မော့ကြည့်ကာ လမ်းလျှောက်နေခြင်းကို ရပ်သည်။ သူသည် တခုခုကို တွေးနေပုံ ရ၏။
“သေချာနားထောင်။ မင်းတာဝန်က အတော်လေး ရိုးရှင်းတယ်။ ဒီနေ့စကပြီး မင်းဟာ ငါ့အတွက် မိုခြံဝန်းနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်ကို လျှို့ဝှက်စုဆောင်းပေးရမယ်။ လူငယ်သခင်လေးဝူနဲ့ ပတ်သတ်တဲ့အကြောင်း အသေးစိတ်သိရလေ ပိုကောင်းလေပဲ…”
“ဒီငွေတွေ ယူသွားလိုက်။ ကိစ္စ အောင်မြင်ရင် နောက်ထပ် ဆုချီးမြှင့်ခံရမယ်။ သွားလုပ်တော့…” ဟန်လိက စွန်းအာကုံးထံ ငွေအိတ်တအိတ်ကို သာမကာလျှံကာ လှမ်းပစ်ပေးသည်။
“ကျုပ် သခင်လေးရဲ့ အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်။ ကြီးမြတ်တဲ့ သခင်လေး စိတ်ချနေပါ။ ကျုပ် ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်။ ဒီနိမ့်ကျတဲ့သူက သခင်လေးကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူး။ ခုပဲ ကျနော် ထွက်သွားပါ့မယ်..”
စွန်းအာကုံးသည် သူ့လက်ထဲ၌ ငွေအိတ်ကို စကိုင်ကြည့်ပြီး ပျော်မြူးဟန်ဖြင့် ထွက်သွားတော့သည်။ သူ မထွက်သွားခင် အခန်းတံခါးကို ယဉ်ယဉ်ကျေးကျေး သေချာ ပြန်ပိတ်ပေးခဲ့သေး၏။
“ဒီသခင်လေးက တကယ်ပဲ ရက်ရောပါ့လား။ သူ လုပ်ချင်တာက သတင်းအချက်အလက် စုဆောင်းစေချင်ရုံပဲ။ ကြည့်ရတာ ငါ သူ့နောက်လိုက် လုပ်ဖို့ ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နိုင်တယ်…” စွန်းအာကုံးက စိတ်လှုပ်တရှား တွေးမိသည်။ သူက နှလုံးပုပ်ဆေးလုံးအကြောင်းကိုပင် ခေါင်းထဲကနေ မောင်းထုတ်ပစ်လိုက်၏။
စွန်းအာကုံး၏ ရွှင်မြူးသောမျက်နှာပေးဖြင့် ထွက်သွားသည်ကို တွေ့မြင်ပြီးနောက် ဟန်လိသည် ကြိတ်၍ သက်ပြင်းချမိသည်။ သူက ရုတ်တရက် နှမြောသလို ခံစားမိသည်။ သူ ဒီကို ရောက်တာ နှစ်ရက်မျှသာ ရှိသေးသော်လည်း ငွေစများစွာ ပေးခဲ့ပြီး ဖြစ်နေသည်. ထိုသည်က သူ့ကို ငွေဖြုန်းသူဟု ခံစားမိစေသည်။
“ကိစ္စတော့ မရှိပါဘူးလေ။ ဒီငွေတွေဟာ သမားတော်မော့ရဲ့ ပိုင်ဆိုင်မှုလို့ ဆိုနိုင်တယ်…”
ဟန်လိက ထိုသို့ ရသေ့စိတ်ဖြေ တွေးလိုက်တော့၏။
“ဒါပေမဲ့လည်း သခင်လေးဝူဆိုတဲ့သူက အမှန်တကယ် လူတော် တစ်ယောက် ဖြစ်လိမ့်မယ်။ သူက မိုအိမ်တော်မှာ သူ့ကိုယ်ပိုင်ပုံရိပ်ကို နံပါတ်တစ်ဖြစ်ဖို့ ကြိုးစားနေတာ နေမယ်။ သူ့သတ္တိကတော့ လေးစားစရာပဲ…” ဟန်လိသည် နှာခေါင်းပွတ်ကာ အေးစက်စက် ပြုံးလိုက်၏။
“ကြည့်ရတာ ငါ မိုအိမ်တော်ကို မဖြစ်မနေ အလည်သွားရတော့မယ့် ပုံပဲ။ မဟုတ်ရင် ဒီတန်ဖိုးရှိတဲ့ ယန်ကျောက်စိမ်းပြားက တခြားသူ လက်ထဲ ရောက်သွားနိုင်တယ်…”
ဟန်လိသည် ထိုသို့တွေးမိ၏။