← Chapters

အပြာရောင်ဝတ်စုံနှင့်လူ

Vol. 8 Ch. 106

အပြာရောင်ဝတ်စုံနှင့်လူ

Vol. 8 Ch. 106

ကျားယွမ်မြို့တောင်ဘက်ပိုင်းရှိ လူစည်သော တောင်ကုန်းလမ်းတွင် ဧကအတော်ကျယ်သော နေအိမ်ခြံဝန်းတစ်ခု ရှိနေသည်။ ထိုနေအိမ်၏ ခြံဝန်းဝင်ပေါက် ဂိတ်တံခါးဝတွင် မော့အိမ်တော် ဟူသော စာလုံးနှစ်လုံး ရေးထွင်းထားသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ ထိုဆိုင်းဘုတ်အောက်၌ ဗလတောင့်တောင့်လူများသည် ဝင်ပေါက်၏ တဖက်တချပ်စီတွင် မားမားမတ်မတ် ရပ်နေကြသည်။ ထိုသူများက ခေါင်းမော့ရင်ကော့ကာ အသင့်အနေထားဖြင့် ရှိနေ၏။ တချက်ကြည့်ရုံဖြင့် သည်လူများသည် ကောင်းကောင်း လေ့ကျင့်ခြင်း ခံထားရသူများ ဖြစ်မှန်း သိသာသည်။

မော့အိမ်တော်နှင့် လမ်းတဖက် မျက်နှာချင်းဆိုင်တွင် နံ့သာစားသောက်ဆိုင် ရှိ၏။ ထိုစားသောက်ဆိုင်မှာ အထပ်သုံးထပ် ရှိပြီး ကျားယွမ်တမြို့လုံးတွင် ကျော်ကြားသောဆိုင်ဆိုလည်း ဟုတ်သည်။ ထို့အပြင် ၎င်း၏ အမှတ်သင်္ကေတ ဖြစ်သော ရနံ့တစ်ရာအရက်မှာလည်း လူကြိုက်များကာ ဖြတ်သွားဖြတ်လာ ခရီးသွားများစွာကို ဆွဲဆောင်ထားသည်။

ခုက နေ့လယ်ခင်း ထမင်းစားချိန် ဖြစ်၏။ သို့ဖြစ်၍ သည်စားသောက်ဆိုင်တွင် လူများ ပြည့်ကြပ်နေသည်။ အပေါ်ထပ်၊အောက်ထပ် သုံးထပ်လုံး စားပွဲများဖြင့် ပြည့်နေသည်။

လမ်းပေါ်ကနေ ဖြတ်သွားသောသူများပင် ထိုစားသောက်ဆိုင်မှ ဟင်းရနံ့အမွှေးအကြိုင်များကို အနံ့ရကာ ဗိုက်ပိုဆာသွားနိုင်လောက်၏။ သည်ဆိုင်က အနံ့ဖြင့်ပင် ဖမ်းစားနိုင်နေသည်။

ယင်းစားသောက်ဆိုင်၏ ဒုတိယထပ်တွင် လူငယ်တစ်ယောက်သည် ပြတင်းပေါက်ဘေးရှိ စားပွဲ၌ ထိုင်ကာ လမ်းမပေါ် ကြည့်နေ၏။ သူ့စားပွဲပေါ်တွင် အရသာရှိသော ဟင်းပွဲအနည်းငယ်နှင့်အတူ နာမည်ကျော် ရနံ့တစ်ရာ အရက်ပုလင်းတပုလင်းလည်း ရှိ၏။ ထိုလူငယ်၏ နောက်တွင် လူထွားကြီးတစ်ယောက် ရပ်နေသည်။ ထိုလူငယ်မှာ သတင်းအချက်အလက် ထောက်လှမ်းနေသော ဟန်လိကလွဲ၍ အခြားသူ မဟုတ်ပေ။

ဟန်လိသည် ပြတင်းပေါက်ကနေ အောက်ဘက်ရှိ တစုံတခုကို ကြည့်နေ၏။ သူက လှည့်၍ အရက်ပြည့်ထည့်ထားသာ ခွက်ငယ်ကို လှမ်းယူကာ နှုတ်ခမ်းနား တေ့လိုက်၏။ သို့သော် စားပွဲပေါ်ရှိ သူမှာထားသော အစားအသောက်များကိုမူ မတို့မထိရသေးပေ။

ဟန်လိက အနီးအနားရှိ မော့အိမ်တော်ထံ တချက်လှမ်းကြည့်ပြီးနောက် သူ့အောက်မှ လမ်းမထက်သို့ အကြည့်ရောက်သွား၏။ သူ၏မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူက ခေါင်းမော့ကာ အရက်ခွက်ကို မေ့သောက်ပြီး အပြင်ဘက်သို့ ဆက်၍ ကြည့်နေ၏။

ဟန်လိသည် သမားတော်မော့၏ သမီးရင်းနှစ်ယောက်နှင့် သူ့မွေးစားသမီးတို့အကြောင်းကို မေးမြန်းခဲ့ပြီး ဖြစ်၏။ သူတို့က ခုဆို အရွယ်ရောက်နေပြီ ဖြစ်ကာ ဖူးပွင့်စပန်းများနှယ် လှပကျော့ရှင်းနေလေပြီ။ သူတို့ကို ကျားယွမ်မြို့၏ အလှပဂေးသုံးယောက်ဟု သိကြ၏။ သို့ဖြစ်၍ သူတို့ကို မော့အိမ်တော်၏ ဂုဏ်ယူရသူများဟု မကြာဆိုသလို ညွှန်းဆိုကြသည်။

သူတို့၏ အလှနှင့် ဂုဏ်သတင်းကြောင့် လူငယ်သခင်လေးများစွာက စိတ်ဝင်စားကြ၏။

ထိုသုံးယောက်ထဲတွင် အလှဆုံးကတော့ မော့ယုကျူးပင်။ သုံးယောက်ထဲ၌ သူမကို လိုက်ပိုးပန်းကြသူလည်း အများဆုံး ဖြစ်၏။ သို့ဖြစ်၍ သူမ လက်ထပ်မည့် သတင်း ထွက်ပေါ်လာသည့်အခါ သူမကို ပိုင်ဆိုင်ဖို့ ကြိုးစားနေသော ယောက်ျားသားအများစုသည် အသည်းကွဲကာ မခံမရပ်နိုင် ဖြစ်ကုန်သည်။ တချို့ သိုင်းပညာရှင်အချို့ဆို လူငယ်သခင်လေးဝူကိုပင် တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်တိုက်ခိုက်ကြ၏။ သို့သော် ဝူကျန်းမင်ကသာ အဆုံးသပ်၌ သူ၏ အချစ်ပြိုင်ဘက် ဆယ့်ခြောက်ယောက်ကို တဆက်တည်း အနိုင်ယူခဲ့ပေ၏။ ထိုအဖြစ်က သူ့ကို အလှပဂေးလေး မော့ယုနှင့် ပို၍ နီးကပ်သွားစေသည်။

ဟန်လိက ထိုကိစ္စမှာ ရယ်စရာ ကောင်းသည်ဟု တွေးမိ၏။ တခြားသူများက ထိုသခင်လေးဝူ၏ အတွင်းသတင်းကို မသိကြပေ။ သို့သော် ဟန်လိကမူ အခြေအနေတခုလုံးကို သတိထား စူးစမ်းပြီး ဖြစ်သည်။

ဝူကျန်းမင်က သမားတော်မော့၏ ရန်သူ့ကျောင်းကနေ စေလွှတ်ခံရသူ ဖြစ်ဖို့ သေချာ၏။ သမားတော်မော့ ကာလကြာရှည် ပျောက်ဆုံးသွားခြင်းက သူ့ရန်သူများကို သံသယစိတ် ကြီးထွားစေခဲ့ပုံ ရသည်။ သို့ဖြစ်၍ ထိုသခင်လေးဝူမှာ အခြေအနေကို ထောက်လှမ်းဖို့ မော့အိမ်တော်ဆီ ရောက်လာခဲ့တာ ဖြစ်နိုင်သည်။ သို့သော် ဟန်လိက သူ့အနေဖြင့် မော့အိမ်တော်၏ ယုံကြည်မှုကို ရနိုင်၊မရနိုင်ကို မသိဘဲ ရှိ၏။ သမားတော်မော့ ချန်ထားခဲ့သော စာတစ်စောင်လောက်က သမားတော်မော့၏ ဇနီးများထံမှ ယုံကြည်လက်ခံမှုကို အလွယ်တကူ ရဖို့ မဖြစ်နိုင်လောက်ချေ။

ဟန်လိက စားပွဲပေါ် လက်ချောင်းဖြင့် တဆက်ဆက် တောက်ကာ ဒီကိစ္စအား သုံးသပ်ကြည့်နေ၏။

“သခင်လေး…ကျေးဇူးပြုပြီး ထိုင်ပါအုံး။ သခင်လေး မှာထားတဲ့ စားပွဲတွေ တခါတည်း ရောက်လာတော့မှာပါ…” အပေါ်ထပ် အင်္ကျီတိုဝတ်ထားသော စားပွဲထိုးလေးက အသက်ဆယ့်ခုနစ်၊ဆယ့်ရှစ်နှစ်လောက်သာ ရှိလောက်မည့် အပြာရောင်ဝတ်စုံနှင့်လူကို လမ်းပြကာ ဒုတိယထပ်သို့ ခေါ်လာ၏။ ထို့အပြင် စားပွဲထိုလေးက သူ့ကို ဟန်လိအနားရှိ လွတ်နေသော စားပွဲပေါ်၌ ထိုင်စေသည်။ ထို့နောက် သူသည် တခြားဧည့်သည်များကို ဂရုစိုက်ဖို့ ပထမထပ်သို့ ပြန်ဆင်းသွားသည်။

အပြာရောင်ဝတ်စုံနှင့်ထိုသူမှာ ရုပ်ရည်ချောမောပေသည်။ ထူထဲသောမျက်ခုံး၊ ဝိုင်းစက်သော မျက်လုံးတို့ကို ပိုင်ဆိုင်ထားကာ သူရဲကောင်းဆန်သော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည်။

သူ ထိုင်ချလိုက်ပြီးနောက် ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်ရာ ဟန်လိနှင့် အကြည့်ချင်း ဆုံသည်။

ဟန်လိက ထိုသူ၏ အကြည့်ကြောင့် ဖော်ပြ၍မရသော ခံစားချက်တစ်ခုကို ရလိုက်၏။ ထိုသူ့အကြည့်က သူ၏ ဖြစ်တည်မှုကို စုပ်ယူခံလိုက်ရသည့်နှယ်။ တဒင်္ဂတုန်လှုပ်သွားပြီးနောက် ဟန်လိက သူ့အကြည့်ကို ချက်ခြင်း ပြန်ရုတ်၏။ သူ့အသားအရေပင် မဆိုသလောက် ပြောင်းလဲသွားသည်။

အပြာရောင်ဝတ်စုံနှင့်လူငယ်မှာလည်း အတော်လေး အံ့အားသင့်သွားပုံ ရ၏။ သို့ပေမည့် ဟန်လိ့ကို အေးစက်စက်တချက် ကြည့်ပြီးနောက် သူက ချက်ခြင်း ခေါင်းလွှဲကာ ဟန်လိကို ထပ်မံ၍ အာရုံမစိုက်တော့ပေ။

ဟန်လိ၏ အသားအရေမှာ ဖြူရောသလို ဖြစ်ကုန်သည်။ ပြီးခဲ့သော စက္ကန့်ပိုင်းလေးက သူ တွေ့ကြုံခဲ့ရသော အကြည့်က သူ့အား လွှမ်းမိုးနိုင်ပြီး ကြီးစွာ တုန်လှုပ်စေခဲ့ပေသည်။

ထိုသို့သော အကြည့်မျိုးကို ဟန်လိအနေဖြင့် ပထမဆုံးတွေ့ကြုံဖူးတာ ဖြစ်၏။

အပြာရောင်ဝတ်စုံနှင့်သူက သူ့စားပွဲပေါ် ဟင်းပွဲများ ပြည့်လာသည့်အထိ စောင့်နေပြီးနောက် စတင် စားသောက်တော့၏။ သူက အားပါးတရ စားသောက်ရုံသာမက သည်နေရာ၌ တခြားသူများအတွက်ပါ မကျန်လေအောင် စားသောက်မည့်အလား ထင်ရသည်။

ထိုအခိုက်၌ ဟန်လိကမူ ဂနာမငြိမ်ဖြစ်ကာ ပူပန်နေပေပြီ။

သူသည် ခုလက်ရှိ၌ ကောင်းကင်မျက်လုံးပညာရပ်ကို သုံး၍ ထိုသူ့ကို မစူးစမ်းကြည့်သော်လည်း ထိုသူ့ထံမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်စွမ်းအင်က များပြားသည်ဟု ခံစားမိသည်။ သို့ဖြစ်၍ ဟန်လိမှာ လန့်နေခြင်းပင်။ သူက ထိုသူ၏ ကျင့်ကြံခြင်းအဆင့်နှင့်စွမ်းအားမှာ သူ့ထက် များစွာ နက်နဲမည်ကို ကောင်းကောင်း သဘောပေါက်သည်။

အတိတ်တုန်းက သူသည် ကျင့်ကြံသူများဖြစ်သော ယွီကျစ်ထုံနှင့် ဘုန်းကြီးလူပုတို့ကို ကြည့်ခဲ့ချိန်က သူ့အနေဖြင့် ထိုသူတို့ထံမှ မှော်စွမ်းအားမှာ မပြောပလောက်ဟု တွေ့မြင်ခဲ့ရ၏။ ထိုသို့သော ကျင့်ကြံသူများလောက်ကို သူ့အနေဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်သည်။ ထို့အပြင် ဟန်လိသည် ကျင့်ကြံသူများနှင့် ပတ်သတ်၍ ကောင်းကောင်း ခုထိ ကောင်းကောင်း မသိသေးပေ။ သူ့စိတ်ထဲ၌ ကျင့်ကြံသူများသည် ဆန်းကြယ်သော တည်ရှိမှုများဟု ထင်ထားသည်။ သူသည် သူ့ထက် ပိုအစွမ်းထက်သော တခြားကျင့်ကြံသူတစ်ယောက်နှင့် တွေ့ပါက မည်သို့ တုန့်ပြန်ရမည်ကို အမှန်တကယ် မသိနေပေ။

သို့ဖြစ်၍ ဟန်လိ၏ စိတ်ထဲ၌ အဆိုးဆုံးအခြေအနေတစ်ခုကို မတွေးမိဘဲ မနေနိုင် ဖြစ်မိသည်။

ဟန်လိ၏ အတွေးများက ဆောက်တည်ရာမရ၊ ကြောက်လန့်တကြား ဖြစ်နေစဉ်အတွင်း အပြာရောင်ဝတ်စုံနှင့်သူက စားသောက်တာ ပြီးသွားလေပြီ။ သူက ပါးစပ်ကို လက်သုတ်ပဝါဖြင့် သုတ်ပြီးနောက် စားပွဲပေါ်တွင် ငွေတုံးတတုံး တင်ပေးကာ လေပြေကဲ့သို့ ပြန်ထွက်သွားသည်။ အစကနေ အဆုံးထိ သူတို့ ပထမဆုံးအကြည့်ချင်း ဆုံပြီးသည့်နောက် သူက ဟန်လိကို နောက်ထပ် လုံးဝ မကြည့်တော့ပေ။ ထိုသူက ဟန်လိနှင့် ပတ်သတ်၍ မေ့သွားသည့်အလား။

ဟန်လိသည် ထိုသူ စားသောက်ဆိုင်ထဲကနေ လုံးလုံးထွက်သွားတော့မှ စိတ်ဒုန်းဒုန်းချကာ သူ့ထိုင်ခုံပေါ်၌ မှီချနိုင်တော့၏။ ထိုအပြာရောင်ဝတ်စုံဖြင့်လူ စားသောက်ခဲ့တာ အချိန်သိပ်မကြာသော်လည်း ဟန်လိကမူ တရက်လောက် ကုန်ဆုံးသွားသကဲ့သို့ ခံစားမိ၏။ သူ့စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့သော စိတ်ဖိစီးမှုမှာ ကြီးမားလွန်းခဲ့သည်။ သူသည် သေရေးရှင်ရေးတိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရသကဲ့သို့ ခံစားခဲ့ရသည်။

သည်အခိုက်၌ ယင်းအပြာရောင်ဝတ်စုံနှင့်လူငယ်သည် လမ်းထောင့်တွင် ပေါ်လာသည်။ အသက်သုံးဆယ်ဝန်းကျင်ရှိမည့် လူတစ်ယောက်က သူ့ကို စောင့်နေသည်။ ထိုသူက အဝါရောင်အပေါ်ထပ်အင်္ကျီကို ဝတ်ထားသည်။

“စတုတ္ထညီလေး…မင်း ဘာကြောင့် နောက်ကျရပြန်တာလဲ။ ငါတို့ အစ်ကိုကြီးနဲ့ တခြားသူတွေကို သွားတွေ့ဖို့ ရှိသေးတယ်…” စောင့်နေသောသူက မကျေမချမ်းလေသံဖြင့် ပြောလာ၏။

“ဟားဟား…ဒုတိယအစ်ကိုကလည်း ဒေါသမထွက်ပါနဲ့။ ကျုပ် သေမျိုးအစားအသောက်တွေ မစားရတာ နှစ်ချီနေပြီလေ။ ဒါ့ကြောင့် အရသာလေးဘာလေး သွားမြည်းခဲ့တာပါ…” အပြာရောင်ဝတ်စုံနှင့်လူငယ်က ပြုံး၍ ထိုသို့ ဆိုသည်။

“မင်း အစားငမ်းတဲ့ကောင်။ မင်းကို ငါ ပြောခဲ့တာ ဘယ်နှစ်ခါ ရှိပြီလဲ။ ငါတို့လို အင်မောတယ်ကျင့်ကြံသူတွေဟာ နှလုံးသားလိုအင်ဆန္ဒတွေနဲ့ အစားကြူးတာကို ထိန်းသိမ်း ဖယ်ရှားဖို့ လိုတယ်။ ဒါပေမဲ့ မင်း ဘယ်တော့မှ နားမထောင်ဘူး။ မင်း ဒီလို စိတ်အလိုလိုက်ရင် အနည်းဆုံးတော့ မင်းရဲ့ သဘာဝကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်ကွ…”

အဝါရောင်အပေါ်ထပ်အင်္ကျီနှင့်သူက အပြာရောင်ဝတ်စုံနှင့်လူငယ်ကို ကြည့်ကာ မာန်မဲကာ လက်ချာပေးတော့သည်။

“ဟားဟား…ကျနော် သိပါတယ်။ ကျနော် သိပါတယ်။ အစ်ကို ကျနော့်ကို ထပ်ပြောဖို့ မလိုပါဘူး။ အို…ဒါနဲ့ စားသောက်ဆိုင်ထဲမှာ ကျနော် တခြားကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့သေးတယ်…” အပြာရောင်ဝတ်စုံနှင့်လူငယ်က စကားလမ်းလွှဲကာ စားသောက်ဆိုင်ထဲ၌ ဟန်လိနှင့်‌ တွေ့ခဲ့ကြောင်းကို ပြောပြလိုက်သည်။

“အို…တကယ်လား။ သူ့ရဲ့ မှော်စွမ်းအားကရော နက်နဲလား၊ အပေါ်ယံပဲလား…” ထိုအကြောင်းက အဝါရောင်အပေါ်ထပ်အင်္ကျီနှင့်လူ၏ အာရုံကို ဖမ်းစားသွားဖို့ သေချာပေါက် လုံလောက်သွားသည်။

“သူ့စွမ်းအာက မနက်ရှိုင်းပါဘူး။ ကြည့်ရတာ သူက သတ္တမ၊အဋ္ဌမအဆင့်လောက် ရှိတဲ့ပုံပဲ။ သူက အင်မောတယ်အထက်ဘုံစည်းဝေးပွဲကို ပါဝင်နိုင်တဲ့ အရည်အချင်း ရှိရုံလောက်ပဲ..”

“ဒါ တကယ် အဓိပ္ပာယ် မရှိတာပဲ။ ဒီလောက် စွမ်းအားလေးနဲ့ သူက လန်စီရင်စုမှာ အခွင့်အရေး လာရှာရဲတယ်လား။ သူက မမျှော်လင့်ဘဲ အောင်မြင်မှု ရပြီး မဟာအင်မောတယ်အထက်ဘုံစည်းဝေးပွဲမှာ နောက်ဆုံးအနိုင်ရသူ ဖြစ်လာနိုင်တယ်လို့ တကယ်ပဲ ယုံကြည်နေတာလား…”

အပြာရောင်ဝတ်စုံနှင့်လူငယ်က အထင်အမြင်သေး စကားများကို ပြောလာ၏။

“သူက ငယ်သေးလား၊ ဒါမှမဟုတ် အသက်ကြီးပြီလား…”

“သူက အသက်ဆယ့်ခုနစ်၊ဆယ့်ရှစ်လောက်ပဲ ရှိအုံးမယ်…”

“အင်း အဲ့တာဆို သူက ဒီနေရာကို အတွေ့အကြုံရဖို့၊ အမြင်ကျယ်ဖို့အတွက် သူ့အကြီးအကဲတွေနောက် လိုက်လာခဲ့တာပဲ ဖြစ်ရမယ်။ အခုတစ်ကြိမ်မဟုတ်ဘဲ နောင်ဆယ်နှစ်မှာ ကျင်းပမယ့် အင်မောတယ်အထက်ဘုံစည်းဝေးပွဲမှာ ဒီအရည်အချင်းနဲ့ဆို သူ ပါဝင်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်…” အဝါရောင်အပေါ်ထပ်အင်္ကျီနှင့်သူက ပြုံး၍ ပြောလိုက်သည်။

“ဒုတိယအစ်ကိုက ဒီလိုပြောမှတော့ သူ့အရည်အချင်းက နိမ့်ကျတယ်လို့ ဆိုလိုတာ မလား။ သူသာ နောင်ဆယ်နှစ် ဒီကို ပြန်လာရင် ကျုပ်ရဲ့ အခုအဆင့်လောက်ပဲ ရောက်နိုင်လိမ့်မယ်…” အပြာရောင်ဝတ်စုံနှင့်လူငယ်က ဂုဏ်ဝင့်စွာ ပြောလာ၏။

“တော်စမ်းပါ။ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ပြောမနေနဲ့။ မင်းရဲ့ ကျင့်ကြံခြင်းက ခုမှ အဆင့်တစ်ဆယ် ရောက်ရုံပဲ ရှိသေးတယ်။ နှစ်စဉ်နှစ်တိုင်း အင်မောတယ်အထက်ဘုံအစည်းဝေးကနေ ဒီအဆင့် ကျင့်ကြံသူတွေ အများကြီး ပေါ်ထွက်နေတာ။ မင်းသာ ဆယ့်တစ်ဆင့်မြောက်၊ ဆယ့်နှစ်ဆင့်မြောက် ရောက်တဲ့အထိ ကျင့်ကြံပြီးရင်တော့ မင်းအရည်အချင်းဟာ တကယ်ကောင်းမွန်တာ ငါ လက်ခံလိုက်မယ်..” အဝါရောင်အပေါ်ထပ်အင်္ကျီနှင့်သူက ရယ်မောကာ ထိုသို့ ပြောလိုက်သည်။

“အဟုတ်ပဲ။ ကျုပ်သာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို အသုံးပြုဖို့ မရှိရင် အဆင့်တစ်ဆယ်ထက် ပိုမြင့်အောင် ကျင့်ကြံနိုင်အုံးမှာ။ ဒါပေမဲ့ ခုတော့ အင်မောတယ်အထက်ဘုံစည်းဝေးပွဲမှာ ကျုပ် ပါဝင်ရအုံးမှာမလား။ ကျုပ် ဆရာ့ကိုလည်း ရှာတွေ့မှာ မဟုတ်လောက်ပါဘူး…”

အပြောရောင်ဝတ်စုံနှင့်လူငယ်က ဗြစ်တောက်ဗြစ်တောက်ပြောလိုက်၏။ ထို့နောက် သူသည် အပေါ်ထပ်အင်္ကျီအဝါနှင့်သူနောက်သို့ လိုက်ကာ ဒီဧရိယာကနေ ထွက်သွားတော့သည်။

All Chapters