← Chapters

ညပိုင်း မော့အိမ်တော်ထဲ ဝင်ရောက်လာခြင်း

Vol. 8 Ch. 108

ညပိုင်း မော့အိမ်တော်ထဲ ဝင်ရောက်လာခြင်း

Vol. 8 Ch. 108

မိုအိမ်တော်အနောက်ဘက်ခြမ်းမှာ ဥယျာဉ်တစ်ခု ရှိနေ၏။ ထိုဥယျာဉ်တွင် ပန်းပင်များ၊ ဆေးပင်များစွာ စိုက်ပျိုးထားသည်။ ပန်းပင်ပန်းမန်တို့၏ မွှေးရနံ့ကြောင့် ညအချိန် ဖြစ်လင့်ကစား သည်ဥယျာဉ်မှာ သက်ဝင်နေချေ၏။ ဟန်လိက အားပါတရ လေရှိုက်သွင်းမိ၏။

“အယ်…” ဟန်လိသည် အနည်းငယ် အံ့အားသင့်သွားသည်။ ပန်းနံ့များက မွှေးပျံ့သင်းပျံ့ကာ ကြိုင်လှိုင်နေသော်လည်း သူ့အနေဖြင့် ဒီရနံ့များကြားကနေ သူနှင့် ရင်းနှီးသော ဆေးနံ့ကို ခွဲခြား သိလိုက်သည်။

“တယောက်ယောက်က ဒီမှာ ဆေးပင်တွေ စိုက်ပျိုးထားတာပဲ…” ဟန်လိက ခပ်ရေးရေး ပြုံး၏။ သည်ဆေးပင် ရနံ့ကို ရသည့်အခါ သူသည် အနှီဆေးပင်များကို စိုက်ပျိုးခဲ့သူအား သိချင်မိသွားသည်။ မော့အိမ်တော်၌ သမားတော်မော့၏ ဆေးပညာရပ်ကို အမွေဆက်ခံထားသည့် တစ်ယောက်ယောက် ရှိနိုင်လောက်၏။

ဟန်လိသည် အချိန်ဆွဲမနေဝံ့ပေ။ သူက လမ်းသွယ်လေးအတိုင်း ဆက်လာကာ မီးများလင်းထင်းနေသော ဧရိယာထံ ပုန်းလျှိုးကွယ်လျှိုး လျှောက်လာ၏။

လမ်းတလျှောက်တွင် ဟန်လိသည် ကင်းပုန်းအချို့ကို တွေ့၏။ သူ၏ အာရုံခံစားမှုက မြင့်မားခြင်းကြောင့်သာ မဟုတ်ပါက သူသည် မော့အိမ်တော်၏ တင်းကြပ်သောလုံခြုံရေးကို ထောက်လှမ်းမိနိုင်လိမ့်မည် မဟုတ်ပါ။

သူသည် ထိုကင်းပုန်းများကို တွေ့ရှိသည် ဖြစ်၍ ထိုသူတို့ကို အလွယ်တကူ ကျော်သွားနိုင်ခဲ့သည်။

ဟန်လိက နှစ်ထပ်အဆောက်အဦငယ်တစ်ခုရှေ့တွင် ခြေလှမ်းရပ်သွားသည်။

သူက ထိုနေရာကို ရွေးချယ်ခဲ့ခြင်းမှာ လုံခြုံရေးပိုတင်းတင်းကြပ်ကြပ် ရှိနေခြင်းကြောင့် ဖြစ်၏။ ယင်းနေရာတွင် လူနှစ်ဆယ်၊သုံးဆယ်လောက် စောင့်ကြပ်လို့နေသည်။

အထူးသဖြင့် နှစ်ထပ်အဆောက်အဦက မီးထိန်လင်းနေ၏။ သူက ထိုအဆောက်အဦထဲ၌ သူ၏ လာရင်းရည်ရွယ်ချက်အတွက် သင့်တော်သော မော့အိမ်တော်၏ အရေးပါသည့် တစ်ယောက်ယောက် အိပ်ပျော်နေတာ ဖြစ်နိုင်လောက်မည်ဟု ထင်သည်။

ညအမှောင်ကို အသုံးချကာ ဟန်လိက လျှပ်စီးတန်းအလား လှုပ်ရှားသည်။ သူ၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ ထိုအဆောက်အဦ၏ အောက်ခြေနား ရောက်သွားသည်။ ခြေအားကို သုံးကာ ဟန်လိသည် အဆောက်အဦ၏ ဒုတိယထပ်သို့ အလွယ်တကူ ခုန်တက်လိုက်၏။ သည်ဖြစ်စဉ်တစ်ခုလုံးမှာ စက္ကန့်ပိုင်းသာ ကြာသည်။ ပတ်ဝန်းကျင်ရှိ အစောင့်များအားလုံးမှာ ဟန်လိ သည်အဆောက်အဦ၏ အပေါ်သို့ ရောက်နေပြီကို လုံးဝ သတိမပြုမိကြပေ။

ဟန်လိက သူ့ခန္ဓာကိုယ်ကို နံရပ်နှင့် ကပ်ထားပြီး သူ မလှုပ်ရှားခင် အဆောက်အဦအတွင်းမှ လှုပ်ရှားမှုအသံဗလံကို အားစိုက်၍ နားစွင့်သည်။ ဟန်လိသည် အမျိုးသမီးတစ်ယောက်တည်း၏ စကားသံကိုသာ ကြားရသော်လည်း ဒီအဆောက်အဦထဲ၌ တစ်ယောက်ထက် ပိုရှိနေသည်ကို သိ၏။

“ချန်ပိုင်မြို့ရဲ့ ဂိုဏ်းခွဲက ငွေစင်ခုနစ်ထောင့်သုံးရာ ပို့ပေးခဲ့ပါတယ်…”

“လျှိုကူးမြို့ ဂိုဏ်းခွဲက ငွေစင် ငါးထောင့်ရှစ်ရာ…”

“လန်ယွဲ့မြို့ဂိုဏ်းခွဲက ငွေစင် တစ်သောင်းငါးရာ…”

“ဝူလင်းမြို့က…”

………………

“ဒါက ကျမတို့အဖွဲ့ရဲ့ ဂိုဏ်းခွဲအမျိုးမျိုးကနေ ရရှိခဲ့တဲ့ ပြီးခဲ့တဲ့လက အကျိုးအမြတ်တွေပါ။ ခြုံကြည့်ရင်တော့ ပြီးခဲ့တဲ့နှစ်ရဲ့ ဒီလမှာ ရခဲ့တဲ့ အကျိုးအမြတ်ထက် နှစ်ဆယ့်ငါးရာခိုင်နှုန်း လျှော့နည်းနေပါတယ်…”

အမျိုးသမီးတစ်ယောက်၏ နာပျော်ဖွယ်ကောင်းသော အသံသည် ဟန်လိ၏နားထဲ တိုးဝင်လာသည်။ ယင်းအသံ၌ တက်ကြွမှုလည်း ပြည့်နေ၏။ သူက ယင်းအသံကို ကြားသည့်အခါ မည်သည့်အမျိုးသမီးငယ်က ၎င်းအသံ၏ ပိုင်ရှင်ဖြစ်မည်နည်းဟု ခန့်မှန်းကြည့်သည်။ သူမ ပြောခဲ့သော နောက်ဆုံးစကားများအရ သူမသည် မပျော်မရွှင် ဖြစ်နေပုံ ပေါ်သည်။

“အမေ…ဒီဂိုဏ်းခွဲတာဝန်ခံတွေက တဖြည်းဖြည်း ပိုရဲတင်းသထက် ရဲတင်းလာကြတယ်။ သူတို့ပေးတဲ့ ငွေကြေးက တလထက်တလ ပိုပိုနည်းလာနေတယ်…” ထိုအမျိုးသမီးငယ် ဒေါသတကြီး ပြောလာ၏။

“အမေ…သိပါတယ်…” နောက်ထပ် ဆွဲဆောင်မှုရှိသော အသံတစ်သံ ခပ်တိုးတိုး ထွက်ပေါ်လာပြန်သည်။

“သူမက မော့ဂိုဏ်းရဲ့ အမျိုးသမီးငယ်သုံးယောက်ထဲက တစ်ယောက် ဖြစ်နိုင်မလား…” ဟန်လိသည် သူ၏ ကံကောင်းမှုအပေါ် အံ့အားသင့်မိသွား၏။ အခန်းထဲရှိ နောက်ထပ်အမျိုးသမီးတစ်ယောက်မှာ သမားတော်မော့၏ ဇနီး ဖြစ်လောက်၏။

“အမေက အမြဲတမ်း သိပါတယ် ပြောပြီး ဒီကိစ္စကို ဖြေရှင်းဖို့ကျ ဘာကြောင့် အကြံမထုတ်တာလဲ…။ ဒီလိုသာ ဆက်ဖြစ်နေရင် ကျမတို့ ဂိုဏ်းခွဲအားလုံးဟာ ကျမတို့ကို မျက်လုံးထဲ မထည့်တော့တဲ့ တနေ့ ရောက်လာလိမ့်မယ်…” အမျိုးသမီးငယ်က အထွန့်တက်သည်။

“အမေ့မှာ ခုချက်ခြင်း ဘာအကြံကောင်းမှ မရှိသေးဘူး။ သမီးလည်း သိပါတယ်။ ဂိုဏ်းခွဲအားလုံးကို အမေငါးက ထိန်းချုပ်တာလေ။ မော့ဂိုဏ်းရဲ့ တခြားသူတွေက ကြားဝင်လို့ မရဘူး…” ထိုအမျိုးသမီးကြီးက အကူအညီမဲ့စွာ ပြန်ဖြေသည်။

ထို့နောက် သူတို့နှစ်ယောက်၏ အသံသည် ရပ်သွားကာ ငြိမ်သက်တိတ်ဆိတ်သွားသည်။

နောက်ခဏအကြာတွင် မိန်းကလေးငယ်၏ အသံက အလိုမကျဟန်ဖြင့် ထွက်ပေါ်လာသည်။ “အမေ…အမေငါးကိုပဲ ဒီဂိုဏ်းခွဲတွေကို ဆက်ပြီး ထိန်းချုပ်ခွင့် ပြုသင့်ရဲ့လား။ အမေက ရေလွှမ်းနဂါးအဖွဲ့အစည်းရဲ့ တာဝန်ရှိသူ ဖြစ်မှတော့ ဒီအာဏာကို အမေပဲ ရသင့်တာမလား…”

“သမီး ပြောတာ မှန်ပါတယ်။ သမီးအဖေ ထွက်သွားတဲ့ နှစ်တုန်းက သူဟာ ဂိုဏ်းခွဲအားလုံးရဲ့ အခွင့်အာဏာကို အမေငါးဆီ လွှဲပေးခဲ့တယ်။ အမေအနေနဲ့ ကြားဝင်ရမယ့် အကြောင်းရင်း တကယ်ပဲ ရှိမနေဘူး။ ဒါ့အပြင် အမေငါးက ငါတို့ကို လစဉ်ငွေကြေးအမြောက်အများ ပေးနေတဲ့အတွက်ကြောင့် ဒီကိစ္စကို ပုံကြီးချဲ့ ဝင်ပါလို့ မရဘူး…”

“ဒါပေမဲ့ သမီးတို့ ရေလွှမ်းနဂါးအဖွဲ့ရဲ့ အင်အားက အမှန်ပဲ အတော်လေး လျော့နည်းနေပြီလေ။ သမီးတို့သာ အင်အားကို ခိုင်မာတိုးတက်အောင် မလုပ်ဘူးဆိုရင် ဘယ်လိုလုပ် အမြင့်ပြန်ရောက်နိုင်တော့မှာလဲ။ အဖေဟာ တကယ်ပဲ ဖြောင့်ဖြောင့်တန်းတန်း မတွေးခဲ့ဘူး။ သူက အဖွဲ့အစည်းရဲ့ အာဏာကို အမေ့ကို ပေးခဲ့ပြီးပြီးပဲ။ ဒါပေမဲ့ ဘာလို့များ ဂိုဏ်းခွဲတွေရဲ့ အာဏာကိုကျ အမေငါးကို ပေးခဲ့ရတာလဲ…”

သူမ၏လေသံ စကားလုံးတို့တွင် သူမအဖေဖြစ်သူကို မကျေမချမ်း ဖြစ်နေခြင်းတို့ ပါဝင်နေသည်။

“အဓိပ္ပာယ် မရှိတာတွေ မပြောတော့နဲ့။ နင့်အဖေက ဒီလိုလုပ်ခဲ့တာ နောက်ကွယ်မှာ ပိုလေးနက်တဲ့ အဓိပ္ပာယ် ရှိလို့ပဲ။ ဒါကို နင် ဝေဖန်စရာ မလိုဘူး…”

ထိုအမျိုးသမီးကြီးက သမီးဖြစ်သူကို မာန်မဲလိုက်၏။

“သမီးနားလည်ပါပြီ။ သမီး အမှားပါ။ ဟုတ်တယ်မလား။ ကြည့်ရတာ အမေက ခုထိ အဖေ့ကို နက်နက်ရှိုင်းရှိုင်း ချစ်နေတုန်းကို..” ထိုအမျိုးသမီးငယ်က အမေဖြစ်သူကို ရွဲ့ပြောလာ၏။ သူမက သူမအမေကို လှောင်နေခြင်းပင်။

“ဒီကောင်မလေးကတော့…” ထိုအမျိုးသမီးက သမီးဖြစ်သူကို လွန်စွာ ချစ်ပေ၏။ သူမအနေဖြင့် သူမသမီးစကားကို မည်သို့မျှ ပြန်မဆိုနိုင်ဘဲ ခါးသက်သက်သာ ရယ်မောမိတော့သည်။

ဟန်လိသည် အခန်းထဲရှိ အမျိုးသမီးကြီးမှာ သူ ရှာနေသော အမျိုးသမီးယန်ဖြစ်မှန်း သေချာသိသွား၏။ ထို့အပြင် နောက်ထပ်အမျိုးသမီးငယ်ကမူ အမျိုးသမီးယန်နှင့်သမားတော်မော့တို့၏ သမီးဖြစ်သူ မော့ချိုက်ဟွန် ဖြစ်ပေလိမ့်မည်။ ဟန်လိသည် သူ ရှာနေသောသူတွေနှင့်မှ ခုလောက် မြန်မြန်ဆန်ဆန် စိုက်စိုက်မြိုက်မြိုက် လာတွေ့သည့်အတွက် ကံကောင်းနေပြီဟု ထင်မိသည်။

ဟန်လိက သူ့ကို ဆန့်ထုတ်ကာ ဝတ်ရုံထဲမှ သမားတော်မော့ ချန်ထားခဲ့သော ပစ္စည်းများနှင့် သေတမ်းစာကို ထုတ်ယူကာ ထိုသားအမိနှစ်ယောက်ရှေ့တွင် ကိုယ်ထင်ပြဖို့ ပြင်ဆင်သည်။

“အမေ…ဟိုအယောင်ဆောင်ကောင်(ဝူကျန်းမင်)က အတော်လေးကို စိတ်ကသိကအောက် ဖြစ်စရာပဲ။ ဒီနေ့ သူက သမီးကို ဥယျာဉ်ထဲမှ လာရှာပြီး အရှက်မရှိ မျက်နှာသာ လာပေးနေတယ်။ သူက သူ တော်တဲ့ကောင်းတဲ့အကြောင်း လာပြောပြနေတာ။ သူက သိုင်းပညာမှာရော၊ စာပေမှာရော အရည်အချင်းရှိတဲ့သူပေါ့လေ။ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်လဲ…” ထိုမိန်းကလေးသည် ဗျစ်တောက်ဗျစ်တောက် ပြောနေသည်ကို ကြားသည့်အခါ အခန်းထဲဝင်ရောက်ရန် ဟန်ပြင်နေသော ဟန်လိသည် သူ့ခြေလှမ်းကို ပြန်ရုတ်လိုက်၏။

“သမီး…အဲ့ဝူဆိုတဲ့ တစ်ယောက်ကို သတိထားတာ ပိုကောင်းလိမ့်မယ်။ တကယ်တော့ သူက သမီးအစ်မရဲ့ အမည်ခံ သတိုးသားလောင်းမလား။ သူ သံသယဝင်သွားစေမယ့် ကိစ္စဆို ဘာကိုမှ မလုပ်မိစေနဲ့…”

“အဟွတ်…သမီးလို မိန်းမလှလေးကို ဝိုင်းနေတဲ့သူတွေမှ အများကြီး။ ဒါပေမဲ့ အမေက သမီးကို ဒီလူနဲ့ သွားရောခိုင်းနေတာလား။ ဒါ သမီးအတွက် ခက်တယ်နော်။ သမီးစိတ်နဲ့သမီးသာဆို သူ့ကို ဓားနဲ့ ပြေးပိုင်းပစ်မိမှာ ကြာနေပြီ…”

ထိုအမျိုးသမီးငယ်က ခွန်းတုန့်ပြန်သည်။

“ဒီကိစ္စက အမေတို့ ထိန်းချုပ်မှုမှာ မရှိဘူး။ အမေတို့က ဝူဆိုတဲ့ကောင်လေးဟာ အယောင်ဆောင်ထားမှန်း သိတယ်။ ပြီးတော့ သူ့နောက်ခံကိုလည်း အသေအချာ စုံစမ်းရအုံးမယ်။ အမေတို့မှာ ရွေးချယ်စရာ မရှိဘူး။ ဒါ့ကြောင့်လည်း သမီးအမဖြစ်သူရဲ့ ဂုဏ်သက္ခာကို ရင်းပြီး အချိန်တချို့ ပိုရအောင် သူနဲ့ သွားပတ်သတ်ခိုင်းထားရတာ။ တကယ်တော့ အမေတို့ ရန်သူဟာ အားကောင်းလွန်းတယ်။ သူတို့ကသာ အမေတို့ကို ကလိမ်ဉာဏ်နဲ့ လုပ်မရတော့ဘူးဆိုတာ သတိထားမိသွားရင် အင်အားသုံးလာလိမ့်မယ်။ အဲ့တာဆိုရင် အမေတို့အတွက် အရှုံးနဲ့ ရင်ဆိုင်သွားရနိုင်တယ်…”

အမျိုးသမီးယန်၏ လေသံ၌ ခြေကုန်လက်ပမ်းကျမှုတို့ ပြည့်နေ၏။ သူမသည် ကိုယ်ရောစိတ်ရော ပင်ပန်းလွန်းနေတာ သူမ၏ လေသံမှာ ပေါ်နေသည်။

All Chapters