← Chapters

အလည်အပတ်

Vol. 8 Ch. 109

အလည်အပတ်

Vol. 8 Ch. 109

“ဒီဝူဆိုတဲ့ကောင်က တကယ် ရွံစရာကောင်းတယ်။ လုပ်ကြံထားတဲ့ စာတစ်စောင်နဲ့ အဖေရဲ့ နာမည်ကို အသုံးပြုပြီး သူက အမကြီးကို လက်ထပ်ဖို့တဲ့။ တကယ်ကို စက်ဆုပ်စရာပဲ…”

မော့ချိုက်ဟွန်က မုန်းမုန်းတီးတီး ပြော၏။ သူမသည် ဝူကျန်းမင်ကို အရိုးထဲကကို မုန်းတီးနေသူပင်။

“ကံကောင်းစွာနဲ့ သူက သူမီးအမကြီး ဖြစ်သူကို လက်ထပ်မယ်လို့ ပြောခဲ့လို့ပေါ့။ သူကသာ သမီး ဒါမှမဟုတ် ဖန်ဝူတို့ကို လက်ထပ်ဖို့ တောင်းဆိုလာခဲ့ရင် အမေလည်း ဘာလုပ်ရမှန်း သိမှာ မဟုတ်တော့ဘူး။ နင်တို့နှစ်ယောက်ပုံစံနဲ့ဆို ဒီလူ့ကို အယောင်ဆောင်ပြီး ဒုက္ခခံ ပတ်သတ်ဖို့ သည်းခံနိုင်မှာ မဟုတ်လောက်ဘူး။ အခုတော့ ခံစားရတဲ့သူ ယုကျူးလေးပေါ့လေ။ သမီးအဖေ ပြန်ရောက်လာတဲ့အခါကျရင် အမေ့ကို အပြစ်တင်မလား မသိတော့ပါဘူးလေ…”

အမျိုးသမီးယန်က သမီးဖြစ်သူကို ခပ်တိုးတိုးဆိုကာ သက်ပြင်းချသည်။

“အမေကလည်း အဖေက ဘယ်လိုလုပ် အမေ့ကို အပြစ်တင်ပါ့မလဲ။ အကြီးဆုံးအမကပဲ ဒီဝူဆိုတဲ့ကောင်နဲ့ အရင်ဆုံး စပြီး အရောတဝင် လုပ်ခဲ့တာမလား…”

မော့ချိုက်ဟွန်က အမေဖြစ်သူ၊အမျိုးသမီးယန်ကို ဖြေသိမ့်ပေးသည်။

“အရူးမလေး။ ယုကျူးက ဒီလိုသဘောမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ရေလွှမ်းနဂါးအဖွဲ့နဲ့ မော့အိမ်တော်အတွက် သူ ဒီလိုလုပ်ခဲ့တာ။ ဒါပေမဲ့လည်း အမေအနေနဲ့ အများဆုံး လုပ်နိုင်တာက နင့်ရဲ့ အစ်မကြီးကို အဲ့အယောင်ဆောင်ဝူနဲ့ ပတ်သတ်ခိုင်းရုံပဲ။ သူမကို သူနဲ့ တကယ် လက်ထပ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး။ ငါတို့က လက်ထပ်ပွဲကို အချိန်မဆွဲနိုင်တော့ရင်တော့ အကြမ်းနည်းသုံးပြီး အဲ့ဝူဆိုတဲ့ကောင်လေးကို ဖမ်းဆီးရလိမ့်မယ်…”

အမျိုးသမီးယန်၏ လေသံက အေးစက်လာ၏။ အထူးသဖြင့် နောက်ဆုံးစကားလုံးများတွင်ပင်။

အမျိုးသမီးယန်က ထိုစကားလုံးများကို ပြောဆိုပြီးနောက် အခန်းသည် ပုံမှန်အတိုင်း ပြန်တည်ငြိမ်သွား၏။

“ဒါနဲ့ အဖေက ဘယ်တော့ ပြန်ရောက်လာမှာလဲ…” တအောင့်အကြာတွင် မော့ချိုက်ဟွန်က ခပ်တိုးတိုး မေးလာ၏။

“သမီးအ‌ဖေ ထွက်သွားတုန်းကတော့ သူက နောက်အကျဆုံး ငါးနှစ်ခြောက်နှစ်လောက်ကြာမယ်။ စောရင်တော့ နှစ်နှစ်သုံးနှစ်လောက်ပဲ ကြာမယ်လို့ ပြောခဲ့တာပဲ…”

အမျိုးသမီးယန်က ဝမ်းနည်းသွားဟန်ဖြင့် ပြန်ဖြေ၏။

“ဒါပေမဲ့ ခု ဆယ်နှစ်တောင် ရှိတော့မှာ မလား။ သမီးကတော့ အဖေရဲ့ ရုပ်သွင်ကိုတောင် ကောင်းကောင်း မမှတ်မိတော့ပါဘူး…” မော့ချိုက်ဟွန်က ဖြည်းဖြည်းချင်း ပြန်ပြောသည်။

“စိတ်ထင့်မနေပါနဲ့။ သမီးအဖေက သူ့မျိုးဆက်မှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူ့ရဲ့ ပုန်းကွယ်နိုင်တဲ့ စွမ်းရည်နဲ့ဆို ဘာပြဿနာမှ မရှိနိုင်ပါဘူး။ သူဟာ အရေးကြီးကိစ္စ တခုခုကြောင့် အချိန်ဖင့်နေတာ ဖြစ်မှာ သေချာပါတယ်။ သူ မော့အိမ်တော်ကို မကြာခင် ပြန်ရောက်လာမှာပါ…”

အမျိုးသမီးယန်သည် သူမ၏သမီးဖြစ်သူကို ထိုသို့ ပြောပြခြင်း ဖြစ်သော်လည်း သူမကိုယ်လည်းသူမ နှစ်သိမ့်ဖို့ ကြိုးစားနေခြင်းပင်။

“ဟုတ်…။ ဒါနဲ့အမေ ဒုတိယအစ်မ ဖန်ဝူက သမီးအတွက် ရုပ်လှနုပျိုဆေး လက်ဆောင်ပေးထားတယ်။ အမေ…အမေရော ဒီဆေး သောက်ကြည့်ပါလား။ သမီးကြားတာတော့ ဒီဆေးရဲ့ သက်ရောက်မှုက သိပ်ကောင်းတယ်တဲ့…”

အခန်းထဲရှိ လေးလံဖိစီးမှုကို ဖြေဖျောက်ဖို့ မော့ချိုက်ဟွန်သည် သည်အကြောင်းများကို ထပ်မပြောတော့ဘဲ တခြားကိစ္စတစ်ခုကို အစပြု ပြောဆိုလိုက်သည်။

“ဒီကောင်မလေးကတော့…”

အမေနှင့်သမီးဖြစ်သူ၏ သာမန်ကာလျှံကာ စကားများကို လိုက်နားထောင်နေပြီးနောက် ဟန်လိသည် သူ့အတွက် တခြားအသုံးဝင်သော သတင်းစကားများကို ထပ်မံ မကြားရတော့ပေ။

ဟန်လိသည် အမျိုးသမီးယန်နှင့်သမားတော်မော့တို့ကြား ပတ်သတ်မှုက ရင်းနှီးကျွမ်းဝင်မှန်း သူမ၏ စကားများကနေ သိလိုက်သည်။ ဟန်လိသည် သူမကို ယုံ၍ရတာ ဖြစ်နိုင်လောက်၏။ မည်သို့ပင်ဖြစ်စေ ဟန်လိသည် အဖိုးတန်ယန်ကျောက်စိမ်းပြားကို သူ့လက်ဝယ် ရောက်အောင် အရင်ဆုံး လုပ်ထားရပေမည်။

ထိုသို့တွေးကာ ဟန်လိက သမားတော်မော့ ချန်ထားခဲ့သော သူ့အသုံးအဆောင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် နဂါးလက်စွပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက အခန်းပြတင်းနား ခြေသံလုံလုံဖြင့် လှမ်းလာပြီး ယင်းလက်စွပ်ကို အခန်းထဲသို့ လှမ်းပစ်လိုက်သည်။

“တောက်…တောက်…” အခန်းကြမ်းပြင်ပေါ် လက်စွပ်ပြုတ်ကျသွားသံကို အတိုင်းသား ကြားရ၏။

တအောင့်အကြာတွင် အခန်းထဲမှ အမျိုးသမီးယန်၏ အသံ ထွက်ပေါ်လာသည်။ သူမ၏အသံမှာ မော်ကြွားခြင်းမရှိသလို နှိမ့်ချခြင်းလည်း ရှိမနေပေ။ ပုံမှန်တည်ငြိမ်မှုသာ ရှိနေသည်။

“ကျမရဲ့ နိမ့်ကျတဲ့အိမ်ကို ရောက်လာတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်က ဘယ်သူများလဲ။ ဒီအမျိုးသမီးယန်က သင့်ကို မကြိုဆိုမိတဲ့အတွက် ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ်…”

ဟန်လိသည် ခပ်ရေးရေး ပြုံးလိုက်ကာ စကားပြန်ရန် ဟန်ပြင်သည်။ ထိုစဉ် သူက မော့ချိုက်ဟွန်၏ အလန့်တကြားဖြစ်သွားသောအသံကို ကြားလိုက်ရသည်။

“ထူးဆန်းတယ်။ ဒီလက်စွပ်က ဘယ်လိုများ ရောက်လာရတာလဲ။ ဒါကို တရင်းတနှီး သိသလိုပဲ။ ဒီလက်စွပ်က အမေဝတ်ထားတဲ့ လက်စွပ်နဲ့ တပုံစံတည်းလို ဖြစ်နေတယ်…”

“အမေ…လာကြည့်အုံး…” မော့ချိုက်ရန်က ဟန်လိ လှမ်းပစ်ခဲ့သော လက်စွပ်ကို ကောက်ယူကာ သူ့အမေဖြစ်သူကို ပြောပြောဆိုဆိုဖြင့် လှမ်းပေးလိုက်သည်။

“နဂါးလက်စွပ်…” အမျိုးသမီးယန်က အလန့်တကြားအသံဖြင့် ပြောမိသွားသည်။

ဟန်လိသည် တဖက်လူက သည်လက်စွပ်နှင့် ပတ်သတ်၍ သိရှိသွားသည်ကို ကြားသည့်အခါ သူက အခန်းတံခါးကို နှစ်ကြိမ်နှစ်ခါ ခပ်ဖွဖွ ခေါက်၏။ ထို့နောက် သူသည် အသံကြည်ကြည်ဖြင့် ပြောလိုက်သည်။ “ဆရာမော့ရဲ့ တပည့်ဟန်လိက ဆရာ့ဇနီးကို လေးစားမှု ပြသဖို့ ရောက်လာခဲ့တာပါ…”

ဟန်လိ၏စကားသံ အခန်းထဲ၌ ကြားရပြီးနောက် အခန်းတွင်း၌ လုံးဝ ငြိမ်သက်တိတ်ဆိတ်သွားသည်။ ဟန်လိ၏ စကားလုံးများကို အမေနှင့်သမီးဖြစ်သူတို့မှာ ကောင်းကောင်း ကြားလိုက်ရ၏။ သူတို့သည် ခဏ တုန်လှုပ်နေမိသည်။

တအောင့်အကြာတွင် အမျိုးသမီးယန်၏ ဟန်လိကို အခန်းထဲ ဖိတ်ခေါ်သောအသံကို ကြားရသည်။

“ဝင်လာခဲ့ပါ…”

ဟန်လိသည် အခန်းတံခါးကို ဖြည်းဖြည်းတွန်းဖွင့်ကာ အထဲသို့ လှမ်းဝင်လာသည်။

အခန်းထဲ ရောက်လာသည့်အခါ ဟန်လိသည် အသက်သုံးဆယ်ဝန်းကျင် မိန်းမလှတစ်ယောက်ကို မြင်သည်။ သူမ၏နောက်တွင် ဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်သာ ရှိအုံးမည်း မိန်းကလေးငယ်တစ်ယောက်လည်း ရှိနေသည်။ ထိုမိန်းကလေးငယ်နှင့် အမျိုးသမီးတို့မှာ ရုပ်ချင်းဆင်ကြ၏။ တချက်ကြည့်ရုံဖြင့် သူတို့က သွေးသားတော်စပ်မှန်း သိနိုင်သည်။

ထိုအခိုက်တွင် အမျိုးသမီးယန်က ဟန်လိ အခန်းထဲ ပစ်ပေးခဲ့သော နဂါးလက်စွပ်ကို သေချာကိုင်ကြည့်နေ၏။ ဟန်လိရောက်လာမှုက သူမ၏ အမူအရာကို ပြောင်းလဲမသွားစေပေ။

မော့ချိုက်ဟွန်က သူမ၏ မျက်ဝန်းနက်နက်တို့ဖြင့် ဟန်လိကို စပ်စုသောစိတ်ဖြင့် ကြည့်နေ၏။ သူမ၏ ပါးစပ်ထောင့်မှာ တွန့်ကွေးနေပြီး ပြုံးတုံ့မပြုံးတုံ့ ဖြစ်နေ၏။ ဟန်လိကို ခေါင်းအစခြေအဆုံး ကြည့်ပြီးနောက် သူမသည် ထူးခြားသောရနံ့တစ်ခုကို ထုတ်လွှတ်သည်။

သူတို့က ဟန်လိကို အကဲဖြတ်ပြီးနောက် ဟန်လိက ရှေ့သို့ လှမ်းကာ အမျိုးသမီးယန်ကို လောကဝတ်စကား ဆိုသည်။

“ဆရာ့ရဲ့ လေးယောက်မြောက်ဇနီးကို နှုတ်ဆက်ပါတယ်…”

အမျိုးသမီးယန်သည် အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးကစား၏။ ဟန်လိ၏ အသွင်အပြင်သည် ထူးခြားမနေသော်လည်း သူ၏အပြုအမူက မျှော်လင့်ထားသလို ဟုတ်မနေပေ။

သို့သော် သူမက ဟန်လိ၏ နှုတ်ဆက်စကားကို ချက်ခြင်း မတုန့်ပြန်၊ ထိုအစား သူမ၏ ဘယ်လက်ကို ပင့်မြှောက်ကာ သူမ၏ ကိုယ်ပိုင်နဂါးလက်စွပ်ကို ပြသသည်။

အမျိုးသမီးယန်က ထိုလက်စွပ်နှစ်ခုလုံးကို ညင်သာစွာ ယူဆောင်၏။ သူတို့၏မျက်လုံးရှေ့မှာပင် ယင်းလက်စွပ်နှစ်ကွင်းသည် တခုနှင့်တခု အတူတကွ အံဝင်ခွင်ကျ ဖြစ်သွားကာ အနည်းငယ်မျှပင် အဟ ရှိမနေလေပေ။

“မင်း မှန်ပါတယ်။ ဒီလက်စွပ်က အစစ်ပဲ။ ဒါပေမဲ့ မင်းမှာ ငါ့ခင်ပွန်းရဲ့ လက်ရေးစာ ရှိပါသလား…” အမျိုးသမီးယန်က ညင်သာစွာ မေး၏။ အခုအခါ၌ သူမ၏မျက်နှာထက်တွင် အပြုံးအငွေ့အသက်တချို့ပင် ရှိနေသည်။

ဟန်လိသည် ထိုစကားကို ကြားသည်နှင့် သူ ပြင်ဆင်ထားသော စာကို ထုတ်ယူကာ သူ့လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။ သူက အပိုစကားများ ဆိုမနေတော့ပေ။

အမျိုးသမီးယန်က ဟန်လိ၏ သူမအပေါ် လေးစားသမှုထားသော အမူအရာကို မြင်သည့်အခါ ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုစာကို လက်ခံသည်။ ထို့နောက် သူမက စာကို ဖွင့်ကြည့်ကာ စာပါအကြောင်းများကို သေချာ ဖတ်ကြည့်သည်။

ဟန်လိက သူ့လက်ကို ပြန်ရုတ်ကာ ဘေးတဖက်တွင် တည်ငြိမ်စွာ ရပ်၍ သူ့ဆရာဇနီးဖြစ်သူ၏ အမူအရာကို လေ့လာနေ၏။ သူက သူ့ဆရာ၏ဇနီးသည် သူနှင့်ပတ်သတ်၍ လာလည်သောတပည့်လော၊ အနာဂတ်သမက်လောင်းလော မည်သို့ရှုမြင်မည်နည်းဟု သူမ၏သဘောထား ပြောင်းလဲမှုအပေါ် တွေးနေမိသည်။

All Chapters