← Chapters

ညှို့ဓာတ်

Vol. 8 Ch. 110

ညှို့ဓာတ်

Vol. 8 Ch. 110

ဟန်လိသည် စာပါအကြောင်းအရာများကို အကြိမ်ကြိမ် ဖတ်ရှုထားပြီး ဖြစ်၏။ သည်စာမှာ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပေ။ ဟန်လိက သမားတော်မော့၏ နောက်ဆုံးတပည့်ဖြစ်ကြောင်း အမျိုးသမီးယန်က သူ့ကို အပြည့်အဝ ယုံ၍ရကြောင်း ပေးပို့သော စာမျှသာ ဖြစ်၏။ ထို့အပြင် သူသည် ခုလက်ရှိ မော့အိမ်တော်ရှိ မည်သည့်ပြဿနာကိုမဆို ဖြေရှင်းရာတွင် ပါဝင်ပေးမည် ဟူ၍ပင်။

ဟန်လိသည် မော့အိမ်တော်၏ ဘေးကင်းလုံခြုံမှုကို လုပ်ဆောင်ပေးနေသ၍ အမျိုးသမီးယန်သည် သမားတော်မော့၏ သမီးသုံးယောက်ထဲမှ တစ်ယောက်ကို ဟန်လိ၏ သတိုးသမီးအဖြစ် ရွေးချယ်ပေးရမည်။ ထိုစာ၌ လက်ဖွဲ့ခန်းဝင်အဖြစ် အဖိုးတန်ယန်ကျောက်စိမ်းပြားလည်း ပါဝင်ရမည်ဟု ရှင်းရှင်းလင်းလင်း ညွှန်ကြား ရေးသားထားသည်။ ထို့အပြင် သမားတော်မော့သည် ခုလက်ရှိ၌ အရေးတကြီး ကိစ္စ ရှိနေ၍ ပြန်လာနိုင်အုံးမည် မဟုတ်ကြောင်း၊ သူ့ဇနီးများနှင့် ပြန်ပေါင်းစုံနိုင်အုံးမည် မဟုတ်ကြောင်းလည်း ပါသည်။ သို့ဖြစ်၍ အမျိုးသမီးယန်နှင့် သမားတော်မော့၏ တခြားဇနီးများသည် သူနှင့်ပတ်သတ်ပြီး ပူပန်နေစရာမလိုဟု ဆိုထားသည်။

ဟန်လိသည် သည်စာထဲ၌ သူနှင့်ပတ်သတ်ပြီး မကောင်းသောသဘောဖြင့် ညွှန်းဆိုထားတာကို လုံးဝ ရှာမတွေ့သော်လည်း အနှီစာထဲ၌ သမားတော်မော့၏ လှည့်ကွက်တချို့ ပါနေမှာကို သူ သေချာသိသည်။ ဟန်လိသည် သည်လက်ရေးစာက သည်လောက်ရိုးရှင်းဖို့ မဖြစ်နိုင်တာကို သိ၏။

သို့သော်လည်း သူသည် ထိုစာ၏ ဖုံးကွယ်ထားသော သတင်းစကားကို ဖော်ထုတ်ဖို့ နည်းလမ်း မရှိသည် ဖြစ်၍ သူ့အနေဖြင့် သည်စာကို မော့အိမ်တော်သို့ ဖြစ်နိုင်သမျှ အမြန်ပို့ပေးချင်စိတ်သာ ရှိနေခြင်းပင်။ သူက သတ္တိရှိရှိဖြင့် အမျိုးသမီးယန်ကို သည်စာ လာပေးသော်ငြားလည်း သူမ၏ လှုပ်ရှားမှုတိုင်းကို အသေအချာ စောင့်ကြည့်နေသည်။ ဟန်လိသည် ထိုလေးယောက်မြောက်ဇနီးက သည်စာထဲမှ တစုံတခုကို ရှာတွေ့ကာ စိတ်မာန်ဆိုးပြီး သူမ၏ ယောက်ျားဖြစ်သူ သေဆုံးမှုအတွက် လက်စားချေဖို့ သူ့ကို ဖမ်းဆီးရန် အစောင့်များအား အမိန့်လှမ်းမပေးဖို့ မျှော်လင့်ထားသည်။

ကံကောင်းစွာဖြင့် ဟန်လိသည် စိုးရိမ်နေသောအရာမှာ ဖြစ်မလာခဲ့ပေ။ အမျိုးသမီးယန်က စာကို ဖတ်ပြီးနောက် သူမက မျက်မှောင်ကြုတ်နေ၏။ သူမ၏မျက်နှာထက်၌ ပူပန်မှု အထင်းသား ပေါ်နေသည်။ သူမသည် ခက်ခဲသော ဆုံးဖြတ်ချက်အချို့ကို ပြုလုပ်နေရပုံ ပေါ်သည်။

“ဟွန်အာ…သမီးရဲ့ အမေနှစ်နဲ့အမေသုံးတို့ကို သွားခေါ်ခဲ့။ အမေလေးကိုပါ သွားခေါ်လာခဲ့။ သူတို့ကို အရှင်ခင်ပွန်းရဲ့ သတင်း ပြောစရာ ရှိတယ်လို့ ပြောခဲ့လိုက်ပါ...”

အမျိုးသမီးယန်က တဖက်သို့ လှည့်ပြီး မော့ချိုက်ဟွန်ကို အလေးအနက်လေသံဖြင့် ညွှန်ကြားသည်။

“နားလည်ပါပြီအမေ…သမီး သွားလိုက်ပါ့မယ်…” မော့ချိုက်ဟွန်သည် ဒီကိစ္စမှာ အရေးကြီးမှန်း သိ၏။ ထို့ကြောင့် သူမသည် နာနာခံခံ ထွက်သွား၏။ သို့သော် သူမ အခန်းထဲမှ ထွက်မသွားခင် နှုတ်ခမ်းတွန့်ကွေးကာ ဟန်လိ့ကို ပြုံးပြခဲ့သေးသည်။ ကြည့်ရသည်မှာ သူမက ဒီငနဲကောင်ကို စိတ်ဝင်စားနေသည့်အလား။

“မင်းနာမည်က ဟန်လိလား…” အမျိုးသမီးယန်က ခေါင်းမော့ကာ မေး၏။ သူမ၏ ကျက်သရေရှိ၊ ကျော့ရှင်းသော ဟန်ပန်မှာ ပေါ်လွင်နေသည်။

“ဟုတ်ပါတယ်ဗျ…” ဟန်လိက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသည်။

“ငါ့ ယောက်ျားက မင်းကို တပည့်အဖြစ် ဘယ်လိုဘယ်ပုံ လက်ခံခဲ့လဲ မင်း ငါ့ကို ပြောပြနိုင်မလား…” အမျိုးသမီးယန်က အပြုံးဖြင့် မေးလိုက်သည်။

“ရတာပေါ့…” ဟန်လိသည် ချီတုံချတုံဟန် ဖြစ်နေသေး၏။ သို့သော် တအောင့်အကြာ၌ သူသည် သမားတော်မော့က သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည့် အဖြစ်အပျက်များကို ဖုံးကွယ်ထားဖို့ မလိုဟု ခံစားမိသည်။ ထိုသို့တွေးကာ သူသည် အမျိုးသမီးယန်ကို ဖြစ်ပျက်ခဲ့သမျှအား အကျဉ်းချုပ် ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

“လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက…ဆရာမော့ဟာ သူ့ဒဏ်ရာဟောင်းတွေကို မကုသ ရသေးတာကြောင့် သူက ကျင်းစီရီစု၊ ကောင်းကင်သက်တန့်တောင်မှာ ရှိတဲ့ ချီးရွှမ်ဂိုဏ်းထဲမှာ ဇာတ်မြုပ်နေနေခဲ့တယ်။ အဲ့ဂိုဏ်းကို ကျုပ် ရောက်လာတဲ့နောက် သူနဲ့ ကျုပ် တွေ့ခဲ့တာပါပဲ…”

ဟန်လိသည် သူ သမားတော်မော့နှင့် တွေ့ကြုံခဲ့ရသည်အဖြစ်အပျက်များကို ပြောပြနေသည်။ သူ ပြောနေသော အကြောင်းအရာများ၌ ခုနစ်ခုတွင် သုံးခုက အမှားများသာ။ သို့ပေမည့် သည်ဇာတ်လမ်းက အမျိုးသမီးယန်၏ စိတ်အာရုံနှင့်စိတ်ဝင်စားမှုကို ဖမ်းစားသွားပေသည်။

“ဒါက…ကျုပ် သူ့ရဲ့ တပည့် ဘယ်လိုဖြစ်လာလဲ ဆိုတာပါပဲ။ လွန်ခဲ့တဲ့သုံးလဝန်းကျင်က ဆရာမော့ဟာ အရေးတကြီး ကိစ္စ လုပ်စရာ ရှိတယ်တဲ့။ သူ့ မိသားစု ပြန်လည်ဖို့တောင် အချိန်ပို ရလောက်မှာ မဟုတ်ဘူးလို့ ပြောလာခဲ့တယ်။ ဒါပေမဲ့ သူက မော့အိမ်တော်ကနေ သူ ထွက်လာခဲ့တာ ကြာပြီ ဖြစ်တဲ့အတွက် သူ့ရန်သူတွေက သူ့ဇနီးတွေကို ပြဿနာ ရှာမှာ သူ ပူပန်နေခဲ့တယ်။ ဒါ့ကြောင့် ကျုပ်ကို သက်တန့်တောင်ကနေ အရင်ဆုံး ထွက်လာခိုင်းခဲ့ပြီး သူ့ရဲ့ ဇနီးတွေကို ရှာဖို့ မော့အိမ်တော်ကို သွားခိုင်းခဲ့တယ်။ ပြီးတော့ သူ့ဇနီးတွေရဲ့ အမိန့်ကိုလည်း စောင့်နေဖို့ ပြောကြားခဲ့တယ်…”

“ဘယ်လို အရေးကြီးတဲ့ ကိစ္စမလို့ ငါ့အရှင်ခင်ပွန်းဟာ အရင် အိမ်ပြန်လာလို့ မရရတာလဲ…” အမျိုးသမီးယန်သည် ဟန်လိ သမားတော်မော့၏ တပည့်ဖြစ်လာပုံ ဇာတ်ကြောင်းကို ကြားပြီးနောက် သူမသည် သက်ပြင်းချကာ ပူပန်တကြီးဖြင့် ထိုမေးခွန်းကို မေးလိုက်ခြင်းပင်။

“ဘယ်လိုလုပ် သူက အိမ်ပြန်လာလို့ ရပါတော့မလဲ။ သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်တည်းက သေသွားခဲ့ပြီ။ သူ့အလောင်းကိုတောင် ကျုပ်က အပင်တစ်ပင် အောက်မှာ မြှုပ်ပေးခဲ့ရသေးတယ်။ ခုဆို အရိုးပဲ ကျန်လောက်တော့မယ်…”

ဟန်လိသည် သည်မေးခွန်းကို ကြားသည့်အခါ စိတ်ထဲကနေ ကြိတ်၍ လှောင်ပြောနေ၏။ သို့သော် အပြင်ပိုင်းတွင်မူ သူက အလျင်အမြန် ပြန်ဖြေကြားသည်။ “ဘာကိစ္စလဲဆိုတော့…သမားတော်မော့က ကျုပ်ကို မပြောပြခဲ့ပါဘူး။ ဒါပေမဲ့ ဒါက အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တာ သေချာတယ်…”

“ဟူး…မင်းရဲ့ ဆရာက ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပြီး ငါတို့ကိုပါ မပြောဖို့ အမိန့်ပေးထားခဲ့တာလား…” အမျိုးသမီးယန်က စွဲဆောင်မှုရှိစွာ ပြုံး၍ မေးလာသည်။ သို့ပေမည့် သူမ၏ လေသံ၌ တခုခုကို မကျေမနပ် ဖြစ်နေပုံ ရသည်။

“အဲ့လို သဘောမဟုတ်ပါဘူး…” ဟန်လိက အမြန် ပြန်ဖြေသည်။ သူက စိတ်ထဲကနေ ကြိတ်၍ ခါးသီးစွာ ပြုံးမိ၏။ သည်အမျိုးသမီးယန်က အမှန်တကယ်ပင် အယုံမလွယ်သူ ဖြစ်နေ၏။

ထို့နောက် လေးပင်လေးလံသော ဟန်ပန်ဖြင့် အမျိုးသမီးယန်သည် နောက်ထပ် မေးခွန်းတချို့ ထပ်မေးသည်။

ထိုအခိုက်၌ အခန်းအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက်တွင် ထိုခြေသံများ၏ ပိုင်ရှင်များ အခန်းထဲ ဝင်မလာခင်မှာပင် ချစ်ခင်စွဲမက်ဖွယ်ကောင်းသော အသံတစ်သံကို အရင် ကြားလိုက်ရသည်။

“အစ်မလေး…။ အရှင်ခင်ပွန်းရဲ့ သတင်း ပြောစရာရှိတယ်လို့ ကျမ ကြားတယ်။ အမှန်ပဲလား…။ ဒီမကောင်းတဲ့ကောင်က ကျမတို့ကို လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက ထားသွားခဲ့တာ။ သူက ကျမတို့ ညီအမတွေကို မုဆိုးမ ဖြစ်စေချင်နေတာများလား…”

ဟန်လိက ထိုချိုအိမ်နေသော အသံကြောင့် အာရုံပျက်သွားသည်။ သို့သော် ထိုအသံ၏ ပြောစကားကို ကြားရပြီးနောက် သူ မင်သက်မိသွား၏။

“ဒီအဒေါ်ကြီးက အတော်လေး ရဲတင်းတာပဲ…” ဟန်လိသည် အံ့အားတသင့် တွေးလိုက်မိသည်။

“ညီမသုံး…၊ နင့်စကားကို သေချာ အလေးထားအုံး။ အခန်းထဲမှာ တခြားတစ်ယောက်ပါ ရှိနေတယ်…” နောက်ထပ် အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

“ကျမ သိပါတယ်။ ဒါပေမဲ့ ကျမကတော့ ဒီသတင်းကို ယူလာပေးတဲ့သူဟာ အရှင်ခင်ပွန်းရဲ့ အနီးကပ် တပည့်တစ်ယောက်တဲ့။ ဒီလို မဖြစ်နိုင်ဘူးနော်။ ဟုတ်တယ်မလား…အမငါး…”

စွဲဆောင်မှုရှိသော အသံ ထွက်ပေါ်လာပြန်သည်။ ထိုအသံတွင် ပျော်ရွှင်မှုအနည်းငယ်ပင် ရောစွက်နေပုံပင်။

“ မဖြစ်နိုင်ဘူးဟုတ်လား။ အစ်မလေးက ငါတို့ကို လာဖို့ ခေါ်လိုက်မှတော့ သူဟာ အနည်းဆုံးတော့ တို့ခင်ပွန်းရဲ့ တပည့်ဖြစ်ဖို့ ခုနစ်ဆယ်၊ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိနိုင်တယ်…” အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာပြန်၏။

“အမှန်ပဲ။ အစ်မလေးရဲ့ ဆုံးဖြတ်နိုင်စွမ်းဟာ တကယ် လေးစားဖို့ ကောင်းတယ်…” ချိုအိစွဲဆောင်မှု ပြည့်နေသော အသံသည် တခစ်ခစ် ရယ်သံနှင့်အတူ ထွက်ပေါ်လာသည်။

ဟန်လိသည် ထိုစကားများကို ကြားသည့်နောက် အမျိုးသမီးယန်ကို တချက် လှမ်းခိုးကြည့်သည်။ သူမသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ဖိကိုင်ကာ အကူအညီမဲ့သော ဟန်ပန်နှင့် ရှိနေသည်။ ကြည့်ရသည်မှာ ထိုချိုအိသော အသံပိုင်ရှင်က သူမကို မကြာခဏ ခေါင်းကိုက်စေပုံ ရသည်။

နောက်ဆုံး၌ အခန်းတံခါး ပွင့်လာပြီး လှပသောအမျိုးသမီးများ တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။ မော့ချိုက်ဟွန်က နောက်ဆုံးမှ လိုက်ဝင်လာသည်။

ရှေ့ဆုံးမှ အမျိုးသမီးက အသက်သုံးဆယ်တစ်၊သုံးဆယ်နှစ်လောက် ရှိမည်။ သူမက အရပ်မြင့်ကာ လှပပြီး နူးညံ့သောအသွင် ရှိသည်။ သူမထံမှ ပညာတတ်ဟန် အငွေ့အသက်ကို ပေးစွမ်းနေသေး၏။ သူမသည် ငယ်ရွယ်စဉ်တည်းက အရည်အချင်း ရှိခဲ့သူ ဖြစ်ရပေမည်။

ဟန်လိက ခေါင်းညိတ်ကာ ထိုအမျိုးသမီးဘေးရှိ နောက်တစ်ယောက်ထံ အကြည့်ရောက်သွားသည်။ သူမက အသက်နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေးလောက်သာ ရှိလောက်မည်။

ဟန်လိသည် ထိုအမျိုးသမီး၏ ပုံပန်းအသွင်ကို မြင်သည့်အခါ သူ့ဦးနှောက် ဗလောင်ဆူသွားသလို ခံစားမိလိုက်သည်။ သည်အခိုက်၌ သူသည် နတ်သမီးတပါးကို တွေ့မြင်လိုက်ရသလားဟု ထင်မိ၏။ သူက သူမ၏ အလှထဲ၌ နစ်မြောသွားကာ ရုန်းထွက်နိုင်စွမ်း မရှိလေတော့သလား။ ထိုအမျိုးသမီး၏ နူးညံ့ညင်သာသော အလှတရားမှာ မထင်မှတ်စွာဖြင့် မော့ယုကျူးထက်ပင် သာလွန်နေသေးသည်။ ထို့အပြင် ယင်းအမျိုးသမီး၏ နှိုင်းယှဉ်၍ မရသော ကျက်သရေရှိမှုမှာ မော့ယုကျူး မပိုင်ဆိုင်နိုင်သော တစုံတရာပင်။ သူမ၏ ညှို့ငင်နိုင်စွမ်းမှာလည်း လက်ဖျားခါလောက်သည်။

ခုလက်ရှိ၌ ဟန်လိသည် မူးဝေနေမိသည်။ ဟန်လိသည်ပင် မည်သည့်အတွက်ကြောင့်မှန်း မသိဘဲ သူ့ဒန်တျန်မှ ချီအမျှင်တန်းတစ်ခုမှာ ရုတ်တရက် လွတ်ထွက်ကာ သူ၏ သွေးကြောများအတိုင်း စီးဆင်းကာ သူ့ဦးခေါင်းဗဟိုချက်သို့ ရောက်ရှိသွားသည်။ ၎င်းက တပတ်ပြည့်အောင် လည်ပတ်ပြီးနောက် ဟန်လိသည် ရုတ်တရက် ခေါင်းပြန်ကြည်လင်သွားသည်။

ဟန်လိသည် သူ့စိတ်အခြေအနေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက် မင်သက်သွားကာ သူသည် ထိုအမျိုးသမီးကို ထပ်မံ၍ မကြည့်ဝံ့တော့ပေ။ သူက သူမ၏ အကြည့်ကို တမင် ရှောင်နေမိ၏။

“ဒီအမျိုးသမီးရဲ့ အလှက တိုင်းပြည်တစ်ခုကိုတောင် မှောက်ခုံ ဖြစ်သွားအောင် လုပ်နိုင်တယ်။ သူမရဲ့ အကြည့်တချက်နဲ့တင် သူမဟာ ယောက်ျားသားတစ်ယောက်ရဲ့ စိတ်ကို ခုန်ပေါက်အောက် လုပ်ပစ်နိုင်တာပဲ…။ သူမက သူမရဲ့ ရုပ်သွင်ဟာ ဒီလိုနတ်ဆိုးဆန်တဲ့ စွမ်းအား ပိုင်ဆိုင်ထားတာ ကိုယ်တိုင်ရော သိရဲ့လား။ ဒါမှမဟုတ် သူမက ဒီလို ညှို့ငင်နိုင်တဲ့ ပညာရပ်အချို့ကို တမင် လေ့ကျင့်ထားတာများလား…”

ဟန်လိသည် တုန်တုန်လှုပ်လှုပ်ဖြင့်ပင် စဉ်းစားသုံးသပ်ကြည့်နေသည်။ ထိုအမျိုးသမီးငယ်က ဟန်လိသည် သူမကို လှမ်းကြည့်သည်ကို မြင်သည်။ သို့သော် ချက်ခြင်း အကြည့်ပြန်ခွာကာ စိတ်တည်ငြိမ်မှု အမြန် ပြန်ရသွားသည်ကို တွေ့သည့်အခါ သူမသည် အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်သွား၏။

All Chapters