← Chapters

မိန်းမလှ

Vol. 8 Ch. 111

မိန်းမလှ

Vol. 8 Ch. 111

ဟန်လိသည် သူ့စိတ်ကို တည်ငြိမ်မှု ရစေရန် ထာဝရနွေဦးပညာရပ်ကို လျှို့ဝှက် အသုံးပြုသည်။ ထို့နောက် သူက ခေါင်းမော့လိုက်၏။ သူ့အကြည့်သည် စွဲညှို့နိုင်သော အမျိုးသမီးကို ဖြတ်ခနဲ ကျော်ကာ နောက်ဆုံးဖြစ်သော အမျိုးသမီးထံ ကျရောက်သွားသည်။

သူမက အသက်နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခွန်လောက် ရှိပေမည်။ သူမသည်လည်း စွဲဆောင်မှု ရှိသော အလှ ပိုင်ဆိုင်ထားသော်လည်း သူမ၏ မျက်နှာမှာ ရေခဲတမျှအေးစက်စက် နိုင်လှသည်။ ထို့အပြင် သူမသည် ဒီအခန်းထဲ ရောက်လာသည့်အချိန်မှစ၍ ဟန်လိကိုသာ အေးတိအေးစက် စိုက်ကြည့်နေသည်။

အမျိုးသမီးယန်က သည်လူများ ဝင်လာသည်ကို မြင်သည့်အခါ သူမ၏ ထိုင်ခုံမှ ထကာ နှုတ်ဆက်သည်။

“ညီမနှစ်၊ညီမသုံးတို့ကို နှုတ်ဆက်ပါတယ်။ ညီမငါးလည်း ရောက်လာတာကို…”

“အစ်မလေး…နင်က ယဉ်ကျေးလွန်းနေပြီ။ ငါတို့က တမိသားစုတည်းကလေ။ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး…” စွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးငယ်က ရယ်မောကာ ထိုသို့ ဆိုသည်။ ထိုရယ်သံ၌ စွဲငင်နိုင်မှု အပြည့်ပါဝင်သည်။ ဟန်လိမှာ ထိုအသံကြောင့် စိတ်ထဲ တမျိုးတမည်ကြီး ဖြစ်သွားရပြန်သည်။ သူသည် ပြောစရာစကား မဲ့နေ၏။

“ညီမလေး…မရဲတင်းနဲ့လေ။ ကဲကဲ ထိုင်ကြပါ…” အမျိုးသမီးယန်က အနည်းငယ် ပြုံး၍ ရှေ့ဆုံးမှ အမျိုးသမီးထံ ထိုင်ခုံ လှမ်းပေးသည်။

ညီမငါးဟုခေါ်သော တစ်ယောက်မှာ ကျော့ရှင်းလှပသော အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမက အမျိုးသမီးယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

ထိုအမျိုးသမီးများ ဝင်လာပြီးနောက် မော့ချိုက်ဟွန်က အခန်းတံခါးကို ပိတ်ကာ သူမအမေနောက်သို့ လှမ်းသွားသည်။ သူမ၏ တောက်ပသောမျက်ဝန်းဖြင့် အခန်းထဲ ဝေ့ဝိုက်ကြည့်ရှုနေသည်။ သူမ၏ အတွေးကိုမူ အတိအကျ မသိရပေ။

“ဒီလူငယ်လေးက အရှင်ခင်ပွန်းရဲ့ သတင်းကို လာပြောတဲ့သူလား…” အသက်သုံးဆယ်ဝန်းကျင် ရှိမည့် အမျိုးသမီးက ဟန်လိကို ကြည့်ကာ လှမ်းမေးသည်။

“ဟုတ်တယ်။ သူ လာပို့တဲ့ စာအရ သူဟာ အရှင်ခင်ပွန်းရဲ့ ဆက်ခံသူတစ်ယောက်ပဲ…”

အမျိုးသမီးယန်က ပြန်ဖြေသည်။ တအောင့်အကြာ၌ သူမသည် ဟန်လိကို တလေးတစား ပြောသည်။ “ဒါက နင့်ရဲ့ ဆရာကတော်နှစ်ပဲ။ နင် သူ့ကိုလည်း လေးစားသမှု ထားမယ် မဟုတ်လား…”

“ကျုပ်က ဆရာကတော်နှစ်ကို နှုတ်ဆက်ပါတယ်…” ဟန်လိသည် ရှေ့သို့ တိုးကာ ထိုအမျိုးသမီးအား ယဉ်ကျေးသမှုဖြင့် နှုတ်ဆက်သည်။

“ထပါ…။ နင်က အရှင်ခင်ပွန်းရဲ့ ချစ်တပည့် ဖြစ်မှတော့ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး…” ထိုအမျိုးသမီးက ပြုံး၍ ပြောသည်။

“သူတို့ကတော့ နင့်ရဲ့ ဆရာကတော်သုံးနဲ့ ဆရာကတော်ငါးတို့ပဲ…” အမျိုးသမီးယန်က စွဲဆောင်မှုရှိသော အမျိုးသမီးငယ်နှင့် ကျော့ရှင်းသော အမျိုးသမီးတို့ကိုပါ ဟန်လိနှင့် မိတ်ဆက်ပေးသည်။

“ဆရာကတော်သုံးနဲ့ ဆရာကတော်ငါးတို့ကို နှုတ်ဆက်ပါတယ်…” ဟန်လိသည် ဆရာကတော်သုံးသည် သူ့ထက် အသက်အနည်းငယ်ကိုကြီးသည်ကိုသာ မြင်၏။ သူသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လေးစားသမှုဖြင့် နှုတ်ဆက်သည်။

ဟန်လိသည် အမျိုးသမီးယန်ကို သံသယဖြစ်ဟန်ဖြင့် လှမ်းကြည့်သည်။ သူမက ပြုံး၍ နွေးထွေးသောလေသံဖြင့် ဆိုလာသည်။ “နင့်ရဲ့ ဆရာကတော်သုံးက အသက်ကြီးရင့်တာကို ပညာရပ်တစ်ခုနဲ့ ရပ်ထားတာ။ သူမက အသက်နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးတယ်ဆိုပေမယ့် တကယ်တော့ သူဟာ နင့်ဆရာကတော်နှစ်နဲ့ သက်တူရွယ်တူလောက်ပဲ…”

ဟန်လိက ထိုသည်ကို ကြားသည့်နောက် သူသည် ခေါင်းညိတ်၏။ သူသည် ထိုအမျိုးသမီးငယ်အပေါ် သူ့ခန့်မှန်းမှုမှာ နီးစပ်သဖြင့် ကျေနပ်သွားသည်။ ထိုစွဲဆောင်မှုရှိသော အမျိုးသမီးငယ်သည် လျှို့ဝှက်ပညာရပ်တစ်ခုကို လေ့ကျင့်ထားမည်မှာ သေချာလောက်သည်။ မဟုတ်ပါက သူမသည် ရုပ်ဆင်းအသွင်သပ်သပ်လောက်ဖြင့် သူ့စိတ်အာရုံကို မထိန်းချုပ်နိုင် ဖြစ်သွားအောင် မည်သို့ လုပ်နိုင်ပါ့မည်နည်း။

“ဒုတိယညီမ…ဒါက အရှင်ခင်ပွန်းရဲ့ လက်ရေးစာပဲ။ ကျေးဇူးပြုပြီး ဒါကို ဖတ်ကြည့်လိုက်ပါအုံး…” အမျိုးသမီးယန်သည် ဒုတိယဇနီးလီထံ စာကို ကမ်းပေးသည်။ သူမက ၎င်းစာကို ဖတ်ပြီးနောက် နောက်ထပ် ဇနီးနှစ်ယောက်ကို လက်ဆင့်ကမ်းပေးလိုက်သည်။

ကျော့ရှင်းသောအမျိုးသမီးဖြစ်သည့် နောက်ဆုံးဇနီးက သည်စာကို ဖတ်ပြီးသည့်နောက် သမားတော်မော့၏ ဒီဇနီးအားလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားကြသည်။

စွဲဆောင်မှုရှိကာ ကလက်တက်တက် နည်းနည်းနိုင်သော အမျိုးသမီးလျှို၏ မျက်နှာထက်၌ပင် လေးနက်သော အမူအရာ ပေါ်နေသည်။

ဟန်လိသည် သမားတော်မော့၏ ဇနီးများ၏ ဟန်ပန်အမူအရာကို မြင်သည့်အခါ မလွယ်ကူမှုကို ခံစားမိပေ၏။ သူသည် ထိုစာ၌ ပါသော မည်သည့်အချက်အလက်က သည်ဇနီးများကို အလေးအနက် ဖြစ်စေသည်ကိုမူ မသိနေပေ။

သို့သော် ဟန်လိ၏ အမူအရာက တည်ငြိမ်စွာ ရှိနေပြီး လုံးဝ မပြောင်းလဲသွားပေ။

“ဟန်လိ…နင့်ဆရာရဲ့ စာဟာ ငါတို့ကို အတော်လေး အံ့အားတသင့်ဖြစ်စေပြီး တုန်လှုပ်စေခဲ့တယ်။ ဒါ့ကြောင့် ငါတို့ ဒီကိစ္စကို ဆွေးနွေးဖို့ လိုတယ်။ နင်က ဒီကို အဝေးကြီးကနေ လာခဲ့ရတာ။ဒါ့ကြောင့် ပင်ပန်းနေမှာပဲ။ ဒီလိုလုပ် နင် ဒီည မော့အိမ်တော်မှာပဲ အိပ်လိုက်တော့။ မနက်ဖြန်ကျရင် ငါတို့ နင့်ကို မေးခွန်းမေးဖို့ ခေါ်လိုက်မယ်..”

အမျိုးသမီးယန်သည် ရေလွှမ်းနဂါးအဖွဲ့၏ အာဏာကို ချုပ်ကိုင်ထားတာ နှစ်ပေါက်နေပြီ ဖြစ်၍ သူမ၏ လှုပ်ရှားမှုများထဲတွင် ထည်ဝါမှုအရှိန်တစ်ခု ပါနေသည်။ သူမက ဦးဆုံး စကားဆိုလာကာ ဟန်လိကို ညွှန်ကြား၏။

“ဒီဂျူနီယာက ဆရာကတော်တွေရဲ့ အမိန့်အတိုင်း လိုက်နာပါမယ်…” ဟန်လိသည် လုံးဝ နာခံသောဟန်ပန်ဖြင့် ပြန်ဖြေသည်။

တခြားဇနီးများမှာ အမျိုးသမီးယန်၏ စကားကို ဝင်မထောက်ကြပေ။ သူတို့ကလည်း အမျိုးသမီးယန်၏ စကားကို သဘောတူကြပုံ ပေါ်သည်။

“ဟွန့်အာ…သမီးအဖေရဲ့ တပည့်ဟန်ကို ခေါ်သွားပြီး သူ ကောင်းကောင်းအနားယူဖို့ အခန်းပြင်ပေးလိုက်…” အမျိုးသမီးယန်က မော့ချိုက်ဟွန်ကို အမိန့်ပေးလိုက်သည်။

“ဟုတ်…စီနီယာတပည့်ဟန်လိ…ကျမ နောက်လိုက်ခဲ့ပါ…” မော့ချိုက်ဟွန်က မျက်လုံး ပေကလပ်ကလပ် လုပ်ကာ သူမ၏ နှာခေါင်းကို လက်ဖြင့် အနည်းငယ် ပွတ်၏။ သူမသည် စိတ်မပါသည့်ပုံ ပြ၏။ သို့သော် သူမသည် ချက်ခြင်းပင် ထိုဟန်ပန်ကို ပြောင်းလဲကာ အပြုံးဖြင့် သဘောတူလိုက်သည်။

“သမီး နင့်စီနီယာတပည့်ဟန်လိကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ မဟုတ်ရင် ဂိုဏ်းစည်းကမ်းအတိုင်း အပြစ်ပေးခံရမယ်…” အမျိုးသမီးယန်သည် သူ့သမီးအကြောင်း သူသိ၍ နှုတ်ဖြင့် တင်ကြို၍ သတိပေးလိုက်တာ ဖြစ်သည်။

“ဟုတ်ကဲ့ပါ…သမီး နားလည်ပါတယ်…” ထိုမိန်းကလေးငယ်သည် မည်သို့မျှ မတတ်နိုင်ဘဲ သဘောတူလိုက်ရတော့သည်။

ဟန်လိမှာ ဆွံအနေမိ၏။ အမျိုးသမီးယန်သာ ထိုသို့ မမှာကြားခဲ့ပါက သည်မိန်းကလေးက သူ့ကို လှည့်ကွက်တချို့ဖြင့် ကစားလေမည်လား။

ဟန်လိက မော့ချိုက်ဟွန်ကို လှမ်းကြည့်၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် ထိုမိန်းကလေးကို ချစ်ခင်နှစ်သက်ဖွယ်ကောင်းသူဟု ဆက်မမြင်မိတော့ပေ။

သူမအမေ၏ စကားအတိုင်း မော့ချိုက်ဟွန်သည် အခန်းတံခါးဝထံ လျှောက်သွားသည်။ ဟန်လိက နောက်ကနေ တည်ငြိမ်သောဟန်ပန်ဖြင့် လိုက်ပါလာသည်။

ဟန်လိ အခန်းထဲမှ ထွက်သွားပြီး အချိန်တခုထိ စောင့်နေပြီးနောက် အမျိုးသမီးယန်သည် အခန်းထဲရှိ တိတ်ဆိတ်မှုကို လေးနက်သောလေသံဖြင့် ဖြိုခွဲကာ စကားဆိုလာသည်။

“ညီမငါး…နင် ဘေးပတ်ဝန်းကျင်ကို တချက်လောက် သွားကြည့်ပေးပါလား။ ဟိုကောင်လေး တကယ်ပဲ ထွက်သွားလား၊ ဒါမှမဟုတ် ပြန်လာပြီး တနေရာရာမှာ ပုန်းနေမလားဆိုတာ သိရအောင်လို့…”

ကျော့ရှင်းသောအမျိုးသမီးဝမ်က ခေါင်းညိတ်ကာ စကားမဆိုဘဲ အခန်းထဲမှ ထွက်ကာ အမှောင်ထုထဲ ပျောက်ကွယ်သွားသည်။

“အစ်မလေး..နင် ဒီကောင်လေးကို အထင်ကြီးလွန်းနေပြီ။ သူက ဘယ်လိုလုပ် အဲ့လောက် တော်ပါ့မလဲ…” ဇနီးသုံး၏ လှပရွှန်းလဲ့သော မျက်လုံးထဲ၌ အလင်းတချက် ဖြတ်ပြေးသွားသည်။

“ညီမသုံး…နင် တခုကို တကယ်ပဲ မေ့နေတာပဲ။ ငါတို့ အရှင်ခင်ပွန်းရဲ့ တပည့်ဟာ တကယ်ပဲ သာမန် မဟုတ်နိုင်ဘူး..”

“ငါတို့မော့အိမ်တော်မှာ အစောင့်တွေ ထူထပ်စွာ ရှိတယ်။ ဒီ့ထက်ပိုပြောရရင် ဒီအဆောက်အဦဟာ ငါ အဖွဲ့အစည်းရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့နေရာ။ ဒီနဲ့ မနီးမနားမှာ ကင်းပုံးသုံးလေးဆယ်လောက် အသင့်အနေအထား စောင့်ကြပ်နေကြတာ။ ဒါပေမဲ့ ငါတို့ရဲ့ ဒီလိုခံစစ်၊အစောင့်အကြပ်တွေ အများကြီးနဲ့တောင် သူဟာ ဒီနေရာထိ ခြေသံလုံလုံနဲ့ ရောက်လာနိုင်စွမ်း ရှိနေတယ်။ ဒါက သာမန်ကျွမ်းကျင်သူတစ်ယောက် လုပ်နိုင်တဲ့ အရာလို့ နင် ထင်လား…” အမျိုးသမီးယန်သည် ခပ်မြန်မြန် ပြောလိုက်၏။

All Chapters